Extra 12
ရေနွေးကျလာတာမြင်တော့ ရှောင်ညိုက အံ့ဩဝမ်းသာဟန်ဆောင်ပြီး အော်လိုက်၏။
” အိုး ရေနွေးပိုက်ပြင်လိုက်တာက မြန်လိုက်တာ။”
” ရပါတယ် အသေးအဖွဲပါ။”
” အစ်ကိုက အရမ်းတော်တာပဲ။”
ချီးမြှောက်တာကိုမကြိုက်သောယောက်ျားဟူ၍မရှိ။ အနည်းဆုံးတော့ ဒီလိုချီးကျူးမှုမျိုးကို ယွမ်ရိသဘောကျ၏။
ရေနွေးပိုက်ကိစ္စကတော့ အဆင်ပြေသွားလေပြီ။ သူတို့နှစ်ဦးက ရေချိုးခန်းထဲတွင် နှစ်ယောက်တည်းရှိနေကြခြင်းဖြစ်သည်။လူမြင်ကွယ်ရာ နေရာပင်။ရေချိုးခန်းကလည်း အပူချိန်တိုးလာ၏။
ထိုအချိန်အထိတော့ သူဒုက္ခရောက်တော့မည်မှန်း ယွမ်ရိ မသိသေးပါ။
–
ချောင်ဟွေ့တို့အမျိုးသမီးများအားလုံးက ကားတစ်စီးတည်း စီးလာကြခြင်းဖြစ်၏။ သူ(မ)ရောက်ပြီး မကြာခင်မှာပင် ရန်ယိ၏မိန်းမလင်းလူလည်း အိမ်ရောက်လာသည်။
သို့သော် သူ(မ)အိမ်ရောက်တော့ အိပ်ပျော်နေသောသားငယ်ကိုသာတွေ့ပြီး ယောက်ျားဖြစ်သူကို မတွေ့ပေ။ တစ်အိမ်လုံးရှာကြည့်သော်လည်း ယွမ်ရိ၏အရိပ်ယောင်ကိုပင် မတွေ့ရပါ။
ဒီလောက်နောက်ကျနေတာကို သူဘယ်တွေသွားနေလဲမသိဘူး။
လင်းလူက သူ(မ)သားဖြစ်သူကို အိပ်ယာမှနှိုးလိုက်၏။ ချုံးချုံးနိုးလာတော့ လင်းလူကိုတွေ့ပြီး အံ့အားသင့်သွားသည်။
” မာမီ။”
လင်းလူက မေးလိုက်၏။
” သားအဖေရော ဘယ်မှာလဲ။ ဘယ်သွားနေတာလဲ။”
ချုံးချုံးက အိပ်ပျော်နေခြင်းဖြစ်သည်။ သူ့အဖေယွမ်ရိ ဘယ်အချိန် အိမ်ကထွက်သွားမှန်း သူမသိပါ။
သူ(မ)သားကလည်း မသိဘူးတဲ့။
အပြင်မှာ အရမ်းမှောင်နေပြီဖြစ်၏။ယွမ်ရိတစ်ယောက် အရက်မူးပြီး မြစ်ထဲများ ပြုတ်ကျသွားပြီလားဟု လင်းလူ တွေးမိတွေးရာ တွေးလိုက်မိသည်။
ထိုကိစ္စမျိုး ယွမ်ရိထံတွင်မဖြစ်ဖူးသော်လည်း အလားတူကိစ္စမျိုးတွေကို သတင်းမှာ တွေ့နေကျပင်မဟုတ်ပါလား။
ရန်ယိ တစ်နေရာရာမှာ မူးလဲပြီးဒဏ်ရာရနေမလားဟုတွေးမိပြီး လင်းလူဆောက်တည်ရာမရဖြစ်သွား၏။
သူ(မ)က သူ(မ)သား၏လက်ကိုဆွဲလိုက်ရင်း
” သွားကြမယ်။ သားအဖေကို သွားရှာကြမယ်။”
ယွမ်ရိဒုက္ခရောက်နေတော့မည်ဟုထင်တာကြောင့် လင်းလူက ပရိုဂရမ်အဖွဲ့ဝင်များကိုပါအကူအညီတောင်း၍ ယွမ်ရိကို လိုက်ရှာတော့၏။
လင်းလူပြောတာကြားတော့ ပရိုဂရမ်အဖွဲ့ဝင်များလည်း စိတ်ပူသွားကြသည်။
ဒီနေ့ည ညစာကို ပရိုဂရမ်အဖွဲ့မှစီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ကလေးများ ဟင်းရွက်ခူးပေးခြင်းကိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများက bayberry ဝိုင်အပျော့စားကိုပါ ထည့်သွင်းဧည့်ခံခဲ့သည်။
ထိုအချိန်တုန်းက ရန်ယိလည်း တစ်ပုလင်းသောက်ခဲ့၏။
သို့သော် ထိုဝိုင်မျိုးက အရက်သောက်နေကျလူများအတွက် မမူးစေနိုင်ပါ။ရန်ယိကလည်း အဲ့ဒီလောက်လွယ်လွယ်နှင့် မမူးတတ်ပါ။
သို့သော် လောကမှာ မဖြစ်နိုင်သောကိစ္စဟူ၍မရှိ။ အကယ်၍ ယွမ်ရိတစ်ယောက် တကယ်မူးပြီး အပေါ့သွားနေတုန်း မြောင်းတစ်ခုထဲပြုတ်ကျသွားသည့်ဖြစ်နိုင်ချေကို ထည့်မစဉ်းစား၍မရပေ။
ထိုသို့တွေးမိကြသောကြောင့် ပရိုဂရမ်အဖွဲ့ဝင် ဝန်ထမ်းများအားလုံး ထွက်ရှာကြတော့၏။ ထိုအခါ သရုပ်ဆောင်များလည်း သတိထားမိသွားကြသည်။
သိပ်မနီးမဝေးမှအသံများကို ချောင်ဟွေ့ သတိပြုမိသွား၏။
” ဘာဖြစ်တာလဲ မသိဘူး။”
ထိုအချိန်တွင် သူတို့ရှေ့မှဖြတ်သွားသောဝန်ထမ်းတစ်ယောက်က ရှင်းပြသည်။
” ဆရာယွမ်ရိတစ်ယောက် မူးပြီး ဘယ်ထွက်သွားလဲမသိဘူး။ သူ တစ်ခုခုဖြစ်နေမလားမသိဘူး။ အားလုံးလည်း စိတ်ပူနေကြတယ်။”
သရုပ်ဆောင်တစ်ယောက် variety show ရိုက်ကူးစဉ် အန္တရာယ်တစ်ခုခု ဖြစ်သွားသည်မှာ ပေါ့သေးသေးကိစ္စတစ်ခုတော့ မဟုတ်ပါ။
အခုတော့ ချောင်ဟွေ့တို့အားလုံး ဝန်ထမ်းများနှင့်ယွမ်ရိမိန်းမတို့ ယွမ်ရိကိုလိုက်ရှာနေကြောင်း သိသွားကြလေပြီ။
သို့သော် ” ကျွန်မတို့ရော သွားကူရှာပေးကြမလား။” ဟု ချောင်ဟွေ့က ရှုရီယန်ကိုမေးလိုက်စဉ်မှာပင် ယွမ်ရိကိုတွေ့သွားကြပြီဖြစ်၏။
သူ မူးနေတာလုံးဝမဟုတ်ပါ။ နောက်ပြီး မတော်တဆတစ်ခုခုဖြစ်သွားတာလည်း မဟုတ်ပါ။
တစ်ခုခုတော့ဖြစ်သွား၏။ သို့သော် လင်းလူတွေးထားတာနှင့် ပြောင်းပြန်ပင်။
သူ(မ)ယောင်္ကျားကို ကပိုကရိုပုံစံနှင့် အခြားမိန်းမတစ်ယောက်၏အိမ်တွင်တွေ့ရလိမ့်မည်ဟု သူ(မ)ဘယ်တုန်းကမှ မထင်ထားခဲ့ပါ။
သူ(မ)ကတော့ သူအံ့ဩသွားအောင် တစ်ညလုံးခရီးနှင်လာခဲ့ရ၏။အခုတော့ သူလုပ်လိုက်ပုံက ….
အခု သူ(မ)သားကို သူ့အဖေ ဖောက်ပြန်တယ်ပဲပြောရမလား…
သူတို့သားအဖက မိဘနှင့်သားသမီးဘဝကိုရိုက်ကူးသော variety show တွင် ပါဝင်နေကြခြင်းဖြစ်၏။
ကလေးရှေ့မှာတောင် ဒီလိုအရှက်မဲ့သောကိစ္စကို သူမို့လို့လုပ်ရက်သည်။
ထိုသို့တွေးမိပြီး သူ(မ)ငိုချလိုက်တော့သည်။
***
ရှုရီယန်က အခြေအနေရုတ်ရုတ်သဲသဲမဖြစ်စေရန် ဝင်ထိန်းလိုက်၏။
လင်းလူက အော်ဟစ်ငိုကြွေးနေသည်။ ဝန်ထမ်းများကလည်း ရပ်ကြည့်နေကြ၏။ သူတို့လည်း ဘာမှဝင်မပြောပေးနိုင်ပါ။
အစကတော့ ယွမ်ရိ အရက်မူးပြီး ဒုက္ခရောက်နေပြီဟု ထင်ထားကြ၏။သို့သော် သူက ဘာမဖြစ်သည့်အပြင် တခြားမိန်းမတစ်ယောက်နှင့်ပင် ပျော်ပါးနေသေး၏။
ဖြစ်ကြောင်းကုန်စင်သိသွားတော့ ချောင်ဟွေ့လည်း ရွံရှာသွားသဖြင့် မျက်မှောင်ကြုတ်လိုက်သည်။
သူ(မ)အမှတ်မမှားပါက ယွမ်ရိက ဒီလောထဲတွင် ဘေးရောက်နေတာကြာပြီဖြစ်၏။ အခု ကံကောင်းပြီး ” ငါ့အဖေက စူပါမန်း” variety show တွင် ပါဝင်ခွင့်ရခဲ့ခြင်း ဖြစ်သည်။ဒီအခွင့်အရေးကို သူ ဒီလိုမျိုးတန်ဖိုးမထားလုပ်လိမ့်မည်ဟု မထင်ထားကြ။
ဒီလိုကိစ္စမျိုးဖြစ်လာသဖြင့် ဒါရိုက်တာက သူ့ကို ချက်ချင်းထုတ်ပစ်ရတော့မည်ပင်။ မဟုတ်ပါက ယွမ်ရိတစ်ယောက်တည်းအတွက်နှင့် ဒီ variety show တစ်ခုလုံး ပျက်စီးသွားပေလိမ့်မည်။
နောက်ဆုံးတော့ ဒါရိုက်တာ၏တိုက်တွန်းမှုများကြောင့် ထိုရုတ်ရုတ်သဲသဲဖြစ်နေသောအခြေအနေကို အဆုံးသတ်နိုင်ခဲ့၏။
ချောင်ဟွေ့ ရှုရီယန်နှင့်အိမ်ပြန်လာပြီးနောက် သူ(မ)တစ်ခုတွေးမိသွားသည်။
ယွမ်ရိလိုမျိုး ရုပ်ရှင်လောကမှာနာမည်မရှိတဲ့လူကိုတောင် အင်တာနက်ဆယ်လီတွေက လာကပ်ကြရင် ရှုရီယန်ဆီကိုကော မလာကြဘူးလား။။
ရုပ်ရှင်လောကတွင် ရှုရီယန်၏ အရှိန်အဝါ၊ အဆက်အသွယ်တို့က ယွမ်ရိနှင့် နှိုင်းယှဉ်စရာပင်မလိုပေ။
သူ(မ) မစ္စတာရှုကိုအလွန်ယုံသော်လည်း သူ(မ)မရှိတုန်း တခြားမိန်းကလေးတစ်ယောက်က ရှုရီယန်ကိုလာကပ်မည့်ကိစ္စကိုတွေးမိတော့ သူ(မ)စိတ်ထဲ သိပ်အဆင်မပြေတော့ပါ။
ချောင်ဟွေ့တစ်ယောက် ဘာစကားမှမပြောဘဲ အိပ်ရာပေါ်တွင်ထိုင်ရင်း သူ(မ)သားလိုမျိုး ရှုရီယန်ကို မျက်လုံးအဝိုင်းသားဖြင့် ကြည့်နေလိုက်၏။
ပထမဆုံးအလျှော့ပေးလိုက်ရသူကတော့ ရှုရီယန်ပင်။ သူ့ဘက်ကစ၍ ဝန်ခံလိုက်၏။
” နေ့ခင်းက ကိုယ့်ဆီကိုလာပြီး hair dryer လာငှားတဲ့ ဝေဝေဆိုတဲ့ အင်တာနက်ဆယ်လီကောင်မလေးတစ်ယောက်ရှိတယ်။”
ချောင်ဟွေ့က နှုတ်ခမ်းစူလိုက်ပြီး
” ရှင်ငှားလိုက်လား။”
ရှုရီယန်က သူ(မ)၏နှုတ်ခမ်းထောင့်များကိုနမ်းလိုက်ရင်း ပြုံး၍
” မငှားလိုက်ပါဘူး။”
ဒီပစ္စည်းက သူတို့သားအဖသုံးဖို့ ချောင်ဟွေ့ကိုယ်တိုင် သေချာထည့်ပေးလိုက်သော ပစ္စည်းဖြစ်သည်။ဒီလိုမျိုး သူ့ကိုအကဲလာစမ်းသောမိန်းမကို သူ့အနေနှင့် လုံးဝမငှားနိုင်ပါ။
နောက်ပြီးတော့ ဝေဝေလာတဲ့ရည်ရွယ်ချက်ကလည်း hair dryer ငှားရန် လုံးဝမဟုတ်ပါ။
ချောင်ဟွေ့ စိတ်ချသွား၏။သို့သော် တခြားအကြောင်းပြောရန်တော့ အစီအစဉ်မရှိသေးပါ။
” အဲ့ဒီတော့ ဘာထပ်ဖြစ်သွားလဲ။”
ရှုရီယန်က သူ(မ)ကိုဆွဲဖက်လိုက်ပြီး
” နောက်တော့ ….. သူ(မ)ကို မောင်းထုတ်လိုက်တယ်။”
ထိုကိစ္စက ရှင်းပါသည်။ စကား သုံးလေးခွန်းပြောပြီးရှင်းပြလျှင် လုံလောက်၏။ သူ ဝေဝေ့အကြောင်းပြောပြတာ စကားလေးခွန်းထက်မပိုပါ။
ရှုရီယန်မလိမ်တာ ချောင်ဟွေ့သိ၏။ချောင်ဟွေ့လည်း ရှုရီယန်၏ရင်ခွင်ထဲ မျက်နှာအပ်ထားလိုက်ရင်း သူ့ကိုယ်မှ လက်ဆတ်သောပရုတ်နံ့ကို ရှုရှိုက်လိုက်သည်။ ထိုအနံ့ကို သူ(မ)ရှုရှိုက်နေခဲ့သည်မှာ ခြောက်နှစ်ပင်ရှိနေလေပြီ။
ရှုရီယန်က သူ(မ)တွေ့ဖူးသမျှထဲ ခေါင်းအမာတတ်ဆုံး၊အကြင်နာတတ်ဆုံး လူတစ်ယောက်ဖြစ်၏။ သူ့မှာ ငွေလည်းပေါ၏။ ရွေးချယ်စရာ အများကြီးရှိ၏။ သို့သော် သူအကြိုက်ဆုံးအရာများကတော့ မပြောင်းလဲပါ။ ဥပမာ ခေါင်းလျှော်ရည်လိုမျိုးပေါ့။
သူ(မ) ခပ်တိုးတိုးလေးပြောလိုက်၏။
” မစ္စတာရှု… ရှင်က ကျွန်မအပိုင်။”
နွေဦးရာသီတွင်ပေါ်ထွက်လာသောစမ်းချောင်းတစ်ခုကဲ့သို့ ရှုရီယန်က သူ့နှုတ်ခမ်းများ ကွေးတက်သွားသည်အထိပြုံးလိုက်ပြီး
” ကိုယ်သိပါတယ်။”
မစ္စတာရှုကို မစ္စရှုက ပိုင်ဆိုင်၏။ ထို့အတူပင် မစ္စရှုကိုလည်း မစ္စတာရှုကသာ ပိုင်ဆိုင်သည်။
သူတို့ကြားထဲ ဘယ်သူမှဝင်မစွက်ဖက်နိုင်ပါ။
ဘယ်သူမှ လုပ်လို့မရ။
*****
Aurora Novel Translation Team