Extra 13
ယွမ်ရိတို့မိသားစု ညတွင်းချင်းထွက်ခွာသွားကြောင်း နောက်တစ်နေ့နံနက်တွင် ချောင်ဟွေ့သိလိုက်ရသည်။
Live ပရိသတ်အနည်းငယ်သာ ယွမ်ရိတို့ပျောက်နေတာကို သတိထားမိကြသည်။ ထို့နောက် ဒါရိုက်တာက ယွမ်ရိတို့မိသားစု ကိစ္စတစ်ခုကြောင့် စောစောထွက်သွားကြကြောင်းကြေညာပြီးသည့်နောက် ပရိသတ်များက ယွမ်ရိအကြောင်း မဟကြတော့ပေ။
ထိုအဖေလေးယောက်တွင် ယွမ်ရိက နာမည်မရှိဆုံးဖြစ်၏။ သူထွက်သွားတော့ ပရိသတ်များထဲမှ အသံနည်းနည်းသာထွက်လာသည်။ သို့သော် နာရီအနည်းငယ် အတွင်းမှာပင် ထိုအသံများလည်း ပျောက်ကွယ်သွားတော့၏။
ကလေးများ၏အမေများပါရောက်လာကြသဖြင့် ဒီနေ့လုပ်ရမည့်တာဝန်များက မိသားစုလိုက်လုပ်ရမည့်တာဝန်များဖြစ်သွားသည်။
ဒါရိုက်တာက တာဝန်သုံးခု ချပေးလိုက်၏။ မိသားစုသုံးဦးက အသီးသီးရွေးချယ်ကြရသည်။
ထိုတာဝန်များကတော့ ” ဒန်းတစ်ခုဆင်ခြင်း” ၊ “ငါးဖမ်းခြင်း” နှင့် “ကြာရိုးများ” ချိုးခြင်းတို့ဖြစ်၏။
မျှမျှတတရှိစေရန် ထုံးစံအတိုင်း ဗိုလ်ကျားသေနတ် ဆွဲကြ၏။အနိုင်ရသူက ကိုယ်ကြိုက်ရာ ရွေးနိုင်မည်ပင်။
ရှုရီယန်တို့မိသားစုက ဒန်းဆင်ရန်ရွေးချယ်၏။ကျန်းခဲ့တို့မိသားစုကတော့ ကြာရိုးချိုးမည်ဖြစ်ပြီး တုန်ချန်းတို့မိသားစုက ငါးဖမ်းရကြမည်။
ထို့နောက် သူတို့အားလုံး တာဝန်အသီးသီးကို စတင်လုပ်ဆောင်ကြတော့၏။
ကြာရိုးချိုးတာဖြစ်စေ ငါးဖမ်းတာဖြစ်စေ လုပ်ငန်းနှင့်သင့်တော်သောအဝတ်အစားများ ဖိနပ်များကို ပြောင်းလဲဝတ်ဆင်ရပေမည်။
ထိုသို့စဉ်းစားကြည့်ပါက ဒန်းဆင်ရတာက အဆင်ပြေဆုံးဖြစ်နေ၏။
ဒန်းဆင်ရသည့်အလုပ်တွင်တော့ ချောင်ဟွေ့က လုံးဝအသုံးမဝင်ပါ။
အစပိုင်းတွင် သူ(မ) ဝင်ကူကြည့်သေး၏။ သို့သော် သူ(မ)ဝင်ကူသည်က ရှုရီယန်၏ အလုပ်ကို ကူညီရာမရောက်ဘဲ နှောင့်နှေးစေသည်။
ရှုရီယန်က သူ့မျက်နှာပေါ်မှချွေးများကို လက်ဖမိုးဖြင့်သုတ်လိုက်ပြီး သူ(မ)ကို လှမ်းပြောလိုက်၏။
” သားအမိနှစ်ယောက် ဘေးမှာသွားထိုင်ပြီး အေးဆေးကြည့်နေပါလား။”
ချောင်ဟွေ့က ရှုရီယန်ကိုကူညီချင်ပါသည်။ သို့သော် သူ(မ)လက်များက မရပါ။ ကူညီရာမရောက်ဘူးဆိုလျှင်လည်း သူ(မ)အနေနှင့် ဘာမှလုပ်စရာမရှိတော့။
ထို့ကြောင့် သူတို့သားအမိနှစ်ဦး အေးအေးဆေးဆေး လိမ္မော်ရည်တစ်ခွက်စီနှင့် မြက်ခင်းပြင်ပေါ်တွင်ထိုင်ရင်း ရှုရီယန်အလုပ်လုပ်နေသည်ကို မေးထောက်၍ ကြည့်နေလိုက်တော့သည်။
အမေနှင့်သား၏မျက်လုံးများက အတူတူပင်။နှစ်ယောက်စလုံး ရွှန်းလဲ့နေကြ၏။သူတို့၏ချစ်ခြင်းမေတ္တာများက မျက်လုံးများမှ လျှံထွက်နေသယောင်။
[ဒီမြင်ကွင်းလေးက နွေးထွေးလိုက်တာ။ 】
[အဖေက အလုပ်များနေတယ်။ အမေနဲ့သားက အားရချစ်ခင်တဲ့မျက်လုံးတွေနဲ့ ကြည့်နေတယ်။ ဟားဟားဟား။ 】
[သူတို့မိသားစုဘဝလေးက အရမ်းသာယာတာပဲ။ ငါမနာလိုတော့ဘူး။ 】
[တကယ်တော့ ငါလည်းမနာလိုဘူး။ ဟားဟားဟား။ ]
ရှုရီယန်၏လက်သမားပညာစွမ်းကလည်း အလွန်ကောင်းပါ၏။နာရီဝက်ကျော်ကျော်အတွင်းပင် ဒန်းတစ်ခု ဆင်ပြီးသွားလေပြီ။
ရှုရီယန်က ပြုံးပြီး သူ့မိန်းမနှင့်ကလေးကို ပြောလိုက်၏။
” ဘယ်သူလာစီးချင်ကြလဲ။”
” စီးမယ်။”
” စီးမယ်။”
သားအမိနှစ်ယောက်စလုံး ပြိုင်တူပြောလိုက်ပြီး သူတို့ဖိနပ်များကိုချွတ်ကာ ဒန်းပေါ်တက်စီးလိုက်ကြ၏။
ရှုရီယန်ကလည်း သူတို့ကို အနောက်မှတွန်းပေးသည်။
လေညင်းများက ဖြည်းညင်းစွာတိုက်ခတ်လာ၏။ချောင်ဟွေ့၏ ရှည်လျားသောဆံကေသာများက ပျော်ရွင်စွာရယ်မောနေကြသော သူတို့သားအမိနှစ်ယောက်၏ရယ်သံနှင့်အတူ လေထဲတွင် ပျံ့လွင့်နေတော့သည်။
နာရီဝက်ခန့်ကြိုးစားခဲ့ရတာ အလွန်တန်ပါ၏။
ထိုအချိန်တွင် ကျန်းခဲ့နှင့်တုန်းကျန်တို့မိသားစုများလည်း အလုပ်တာဝန်ပြီး၍ အတွေ့အကြုံအသစ်အဆန်းများရရှိပြီး ပြန်လာကြသည်။ ကျန်းခဲ့နှင့်တုန်းကျန်က သူတို့ခူးလာသည့်ကြာရိုးများ၊ ငါးများထည့်ထားသောစည်များကို ရှုရီယန်ကိုပြပြီး ကြွားလိုက်၏။
ထိုစည်များထဲတွင် ကြာရိုးများလည်းအပြည့် ငါးများလည်းအပြည့်ပင်။ညနေစာအတွက် ဟင်းစားရပြီဖြစ်၏။ပိုတောင်ပိုနေသေးသည်။
သူတို့၏ကလေးနှစ်ယောက်ကတော့ ဒန်းတစ်စီးရှိနေတာကို ချက်ချင်းသတိပြုမိသွားကြ၏။
တုန်းတုန်းက တောက်ပသောမျက်လုံးများဖြင့် ဒန်းကိုကြည့်နေပြီးအော်လိုက်သည်။
” သမီးလည်း စီးချင်တယ်။”
ချောင်ဟွေ့ သတိမထားနေသည့်အချိန်တွင် တုန်းတုန်းက ဒန်းရှိရာကိုပြေးလာပြီး ချောင်ဟွေ့အား ဒန်းပေါ်မှဆွဲချလိုက်၏။
ထိုအခါ ချောနေသောမြက်ခင်းပေါ်ကို ခြေထောက်ထိသွားပြီး ဟန်ချက်ပျက်ကာ ချောင်ဟွေ့တစ်ယောက် ချော်လဲတော့မလိုဖြစ်သွား၏။
[? ? ? 】
[! ! ! 】
[ခွေးသူခိုးကင်မရာသမားက ဒီအချိန်ကျမှ နေရာပြောင်းရိုက်ပြနေတယ်။】
[ကလေးကလုပ်တာမို့ အရေးမကြီးဘူးထင်လို့နေမှာပေါ့။ 】
[ဘယ်လိုမျိုးလဲ။ ကလေးဆိုတိုင်း သူလုပ်ချင်ရာ လုပ်လို့ရရောလား။ ပြုတ်ကျသွားရင် ဘယ်လိုလုပ်မလဲ။】
Live room ထဲတွင်တော့ အပြင်းအထန်ဆွေးနွေးနေကြ၏။
ထိုအခြေအနေကိုသတိပြုမိသွားသူနောက်တစ်ဦးက ရှုရီယန်ပင်။ သူက ချက်ချင်းလျှောက်သွားပြီး တည်ငြိမ်သောမျက်နှာဖြင့်မေးလိုက်၏။
” ဘာဖြစ်သွားသေးလဲ ။”
ကလေးကခြောက်နှစ်ခန့်သာ ရှိသေးသည်။
ချောင်ဟွေ့ကလည်း သူ(မ)ကိုယ်တိုင် ဘာမှမဖြစ်သွားတာကြောင့် ရှုရီယန်စိတ်မပူစေရန်
“ဘာမှမဖြစ်ပါဘူး။”
ရှုရီယန်က ညစ်ပေနေသောချောင်ဟွေ့၏ခြေထောက်များကိုကြည့်လိုက်၏။ ထို့နောက် ဘာမှမပြောဘဲ သူ(မ)ကိုချီကာ ဒန်းပေါ်သို့ပြန်တင်ပေးလိုက်သည်။
ထိုအချိန်တွင် တုန်းကျန်လည်းရောက်လာလေပြီ။ သူက သူ့သမီးဆိုးလေး၏ခေါင်းကို ကိုင်လိုက်၏။တုန်းတုန်းကတော့ ဘာလုပ်ရမယ်မှန်းမသိသောမျက်နှာငယ်လေးနှင့်ပင်။
ရှုရီယန်က ချောင်ဟွေ့ခြေထောက်ကို wet tissue နှင့်သုတ်လိုက်ပြီး ဖိနပ်ပြန်စီးပေးလိုက်၏။ ခုနက ချောင်ဟွေ့နှင့်ရှုဟောင်တို့က ဒန်းစီးရအဆင်ပြေစေရန် ဖိနပ်များ ချွတ်ထားကြခြင်းဖြစ်သည်။
ရှုရီယန် စိတ်အဆင်မပြေဖြစ်နေတာကို ချောင်ဟွေ့ခံစားမိ၏။သူပျော်အောင် ချောင်ဟွေ့ချော့ပေးချင်ပါသည်။သို့သော် ဒန်းပေါ်အတက်တွင် သူ(မ)တစ်ချက်ညည်းမိသွား၏။
” ဘာဖြစ်လို့လဲ။”
ချောင်ဟွေ့မျက်နှာက အနည်းငယ်ဖြူလျော်နေသည်။
” ခြေထောက်ခေါက်သွားတာ ထင်တယ်။”
သူ(မ)သတိလွတ်နေချိန်တွင် ခြောက်နှစ်အရွယ်ကလေးမလေး၏ ဒန်းပေါ်ကဆွဲချလိုက်တာခံလိုက်ရသည်။ ထို့ကြောင့် အောက်ကျသွားတော့ ခြေထောက်အနည်းငယ် လိမ်သွားတာဖြစ်လောက်၏။
ရှုရီယန်က အောက်ငုံ့လိုက်ပြီး သူ(မ)ခြေချင်းဝတ်ကိုကြည့်လိုက်၏။ထင်သည့်အတိုင်း ခြေချင်းဝတ်က အနည်းငယ်နီ၍ရောင်နေချေပြီ။
သူက ဘာမှမပြောဘဲ ချောင်ဟွေ့ကိုဖက်ထားလိုက်၏။
တုန်းကျန်လည်း ချောင်ဟွေ့၏ဒဏ်ရာရနေသောခြေထောက်ကိုတွေ့ပြီး နည်းနည်းအားနာသွားသည်။
” အဆင်ပြေရဲ့လား။”
ရှုရီယန်က မေးခွန်းကိုပြန်မဖြေပါ။ သို့သော် အေးစက်မာကျောသောအသံဖြင့်
” တုန်းတုန်းရဲ့မိဘတွေက သေချာမသွန်သင်ထားဘူးထင်တယ်။”
ထိုစကားက ပြောထွက်သွားပြီဖြစ်၏။အားနာစရာတော့ အလွန်ကောင်းသည်။
ပြောသင့်မပြောသင့် မစဉ်းစားဘဲ၊ တစ်ဖက်လူ၏ခံစားချက်ကိုထည့်မတွက်ဘဲ ကိုယ့်စိတ်ထဲရှိတာကို ပြောချလိုက်ခြင်းဖြစ်၏။
ထိုစကားကြားကြားချင်း တုန်းကျန်နှင့်သူမိန်းမတို့ သိသိသာသာ မျက်နှာပျက်သွား ကြ၏။
[အစ်ကိုက တဲ့ပြောတာပဲ။ ငါသဘောကျတယ်! ]
[တကယ်တော့ အစ်ကိုမမှားဘူး။ ကောင်မလေးက ချောင်ဟွေ့ကို ဒန်းပေါ်ကဆွဲချတာလေ။သူ့နေရာမှာ သုံးနှစ်ခွဲပဲရှိသေးတဲ့ရှုဟောင်ဆို ဘယ်လိုလုပ်မလဲ။ရှုဟောင်သာ ဒီလောက်မြင့်တဲ့ဒန်းပေါ်ကပြုတ်ကျရင် အကျိုးဆက်ကိုစဉ်းစားကြည့်လေ။】
[ဟုတ်တယ်။ ကလေးကိုသင်ထားဖို့ အရမ်းအရေးကြီးတယ်။ သုံးနှစ်သားကတည်းက လူကြီးတွေဆီကသင်ယူပါ ဆိုတဲ့စကားပုံက တကယ်မှန်တာပဲ။】
[အစက တုန်းတုန်းကို ဂျီကျတတ်တဲ့ကလေးလို့ပဲထင်ထားတာ။ အခုတော့ တစ်ကိုယ်ကောင်းစိတ်များပြီး ဒုက္ခပေးတတ်တဲ့ကလေးလို့ထင်လာတယ်။ 】
ချောင်ဟွေ့လည်း မျက်နှာပျက်သွား၏။သူ(မ)က ရှုရီယန် အားမနာဘဲပြောလိုက်သည်ကို ဖာထေးပေးလိုက်သည်။
“တုံတုံက အခုမှ ဘယ်နှနှစ်ရှိသေးလို့လဲ။”
ခြောက်နှစ်အရွယ်ကလေးတစ်ယောက်က နောက်ဆက်တွဲပြဿနာများကိုမတွေးဘဲ လုပ်ချင်ရာလုပ်နိုင်၏။သူ(မ)က ငယ်ပြီး နားမလည် မသိတတ်သေးပါ။နောက်ပြီး တုန်းတုန်းက ရည်ရွယ်ပြီးလုပ်ခြင်းလည်းမဟုတ်ပါ။
ထိုစကားကိုကြားလိုက်ရတော့ ရှုရီယန်၏မျက်နှာက ပိုပြီးတည်သွား၏။
သူ့နှုတ်ခမ်းထောင့်စွန်းနှစ်ဖက်က ကွေးတက်သွား၏။သို့သော် မျက်လုံးများကတော့ မပြောင်းလဲပါ။တကယ်တော့ သူ့အပြုံးက အသက်မပါပေ
” အသက်အကြောင်းပြောရရင် မိန်းမကလည်း သိပ်ကြီးသေးတာမဟုတ်ဘူးလေ။”
[ အသက် ၂၇ နှစ်အရွယ်ချောင်ဟွေ့က သိပ်မကြီးသေးပါဘူး……]
[ငါအခု အသက် ၂၅ နှစ်ကျော်ပြီ။ ၂၇ နှစ်က သိပ်မကြီးသေးဘူးဆိုတော့ ငါက ကလေးလေးပဲရှိသေးတာပဲ။】
[ဟုတ်ပါတယ်။ အသက် ၃၆ နှစ်ရှုရီယန်ရဲ့မျက်လုံးထဲမှာတော့ ၂၇ နှစ်က မကြီးသေးဘူးပေါ့။】
[ဒီအချိန်မှာတော့ ရှုရီယန်က နွားလေးတွေကိုကာကွယ်ပေးနေတဲ့ နွားသိုးကြီးလိုပဲ။ ဟားဟားဟား။ ]
[အဲ့ဒါ ကိုယ့်ထက်အသက် ၉ နှစ်ကြီးတဲ့လူနဲ့နေရတဲ့ခံစားချက်ပဲ။ ကလေးလိုဆက်ဆံခံရတယ်။】
[အရင်ကတော့ ဦးတွေကိုခံစားလို့မရဘူး။ဒါပေမဲ့ သူတို့က ရှုရီယန်လိုမျိုးဆိုရင်တော့ ခံစားလို့ရလောက်တယ်ထင်တာပဲ။ ]
ချောင်ဟွေ့ကတော့ ထိုစကားများကိုကြားပြီး အတိတ်ကို ပြန်ရောက်သွား၏။ သူ(မ) ရှုရီယန်နှင့်လက်ထပ်ခါစတုန်းက ရှုရီယန်က သူ(မ)အား သမီးတစ်ယောက်လို ဆက်ဆံနေသည့်ခံစားချက်ကိုရခဲ့သည်မဟုတ်ပါလား။
သို့သော် ရှုရီယန်က သူ့စရိုက်အမှန်ကိုပြသပြီးနောက်ပိုင်းတွင် ထိုခံစားချက်က မဖြစ်သလောက်ရှားသွားခဲ့သည်။
နောက်ပိုင်း သူက သူ(မ)ကို ဇနီးမယားတစ်ယောက်လိုသာဆက်ဆံ၏။
သို့သော် ထိုစကားကိုကြားရပြီးချိန်တွင်တော့ နဂိုက သမီးတစ်ယောက်လိုဆက်ဆံခံခဲ့ရသောခံစားချက်များ ပြန်ဝင်လာ၏။
အခုချိန် ထိုစကားကိုကြားလိုက်ရတော့ သူ(မ) အခုထက်ထိအချစ်ခံနေရသေးပါလားဟူသောခံစားချက်တို့လည်း ဝင်ရောက်လာလေသည်။
*****
Aurora Novel Translation Team