Extra 14
ချောင်ဟွေ့ အမှန်တကယ်ပင် ကြောင်သွား၏။ သူ(မ)အသက်က ဒီနှစ်ဆို ၂၇ နှစ်ရှိနေလေပြီ။
ပြီးတော့ ဒါက လူကြီးတစ်ယောက် ပြောရမဲ့စကားလား။ရှုရီယန်ကိုယ်တိုင်ကလည်း အသက် ၃၀ ကျော်နေပြီဖြစ်၏။သူက အခု ၆ နှစ်အရွယ်ကလေးလေးကို စိတ်ဆိုးချင်နေသည်။သဘောထားသေးသိမ်ရာ မကျဘူးလား။
ဒီအရွယ်ကလေးတွေက တက်ကြွစွာဆော့ကစားတတ်ကြသည့်အရွယ်ဖြစ်သည်။ ပြီးတော့ ဘာမှထိခိုက်သွားတာလည်းမဟုတ်ပါ။
ရှုရီယန်က သူ့မိန်းမရဲ့အထင်ကို ဂရုမစိုက်။ သူ့မျက်နှာပေါ်တွင် နှင်းလွှာတစ်ခုကပ်ထားသည့်အလား အေးစက်စွာပြောလိုက်၏။
” ငါ့မိန်းမခြေထောက် ခေါက်သွားပြီ။ သူ(မ)ကို တောင်းပန်လိုက်။”
တုန်းတုန်းက သူ(မ)အမေနောက်ကို ဝင်ပုန်းသွား၏။ သူ(မ)လက်များက သူ(မ)မိခင်၏အင်္ကျီစများကိုဆုပ်ထားရင်း အလွန်ကြောက်လန့်နေသည်။
ဘာတွေဖြစ်နေလဲ သူ(မ)နားမလည်ပါ။
ဒန်းပေါ်က ချောင်ဟွေ့၏ခြေထောက်ကို ဆွဲခဲ့မိရုံလေးပင် မဟုတ်ပါလား။
ချောင်ဟွေ့လည်း ဘာမှမဖြစ်သွားပါ။
သူ(မ)က ဒန်းပေါ်အမြန်တက်စီးချင်ရုံသာဖြစ်သည်။အခုတော့ သူ(မ)က အပြစ်ကြီးတစ်ခုလုပ်မိခဲ့သလိုဖြစ်နေ၏။
တုန်းကျန်၏မျက်နှာကလည်း ဖြူလျော်သွားသည်။ ဒီ variety show မှာပါဝင်နေတုန်း အခုလို ရှုပ်ရှုပ်ထွေးထွေးအခြေအနေမျိုးကြုံလာလိမ့်မည်ဟု သူမထင်ထားခဲ့ပါ။
တစ်ဖက်ကလူက တစ်ချိန်က နာမည်ကြီးရှုရီယန်ဖြစ်သည်။အခုလည်း နာမည်မကျသေးပါ။ သူ့ဒေါသတစ်ခုတည်းအတွက် ရှုရီယန်နှင့် ရန်မဖြစ်လိုပါ။
သူ့သမီးလေးက နည်းနည်းဆိုးတယ်ဆိုလျှင်တောင် သူ(မ)မှာ ချောင်ဟွေ့ကို ထိခိုက်စေလိုစိတ်မရှိပါ။ မတော်တဆ ဖြစ်သွားခြင်းသာဖြစ်၏။ သို့သော် ရှုရီယန်က စိတ်ဆိုးသွားပြီး ကလေးကိုပြန်တောင်းပန်ခိုင်းနေသည်။ ထို့ကြောင့် ဖခင်တစ်ယောက်အနေနှင့် သူဝင်ပါရတော့မည်ပင်။
” ကလေးက ငယ်လွန်းတော့ မသိနားမလည်ပါဘူးဗျာ။ အဲ့ဒါကြောင့် အရမ်းစိတ်မဆိုး…..”
ထိုအချိန်တွင် သူ့မိန်းမကပါ စကားဝင်ဖြတ်ပြောလိုက်၏။
” ဟုတ်ပါတယ်ရှင်။ ဘာလို့ ကလေးကို လူကြီးတစ်ယောက်လို သဘောထားနေရတာလဲ။”
ရှုရီယန်က တစ်ဖက်ကပြောပြသော မခိုင်လုံသည့် ကျေနပ်ဖွယ်မကောင်းသည့် အကြောင်းပြချက်ကို စိတ်မရှည်သလိုအကြည့်ဖြင့် ပြန်တုံ့ပြန်လိုက်၏။ထိုအချိန်တွင် သူ၏လူကြီးလူကောင်းဆန်သောဟန်ပန်ပျက်သွားမည်ကို ဂရုမစိုက်တော့ပါ။ပြတ်သားသောစကားလုံးများနှင့်သာ ပြန်လည်ချေပလိုက်၏။
” မိဘတွေက ဒီကလေးသုံးယောက် နားလည်သိမြင်တတ်အောင် စံပြအနေနဲ့နေထိုင်ပြဖို့လိုတယ်။ ကလေးတွေကို ချစ်နေရုံတစ်ခုတည်းနဲ့မလုံလောက်ဘူး။”
ရှုရီယန်၏သဘောက ကလေးက နားမလည် မသိတတ်လည်း တောင်းပန်သင့်တာကို တောင်းပန်ရမည်ဟူသောသဘောပင်။
တုန်းကျန်က သက်ပြင်းတစ်ချက်ချလိုက်ပြီး တုန်းတုန်းကို သူ့အမေအနောက်မှ ဆွဲထုတ်ကာ ” တုန်းတုန်း အန်တီချောင်ဟွေ့ကို အမြန်တောင်းပန်လိုက်။”
တုန်းတုန်းကတော့ သူ(မ)အမှားလုပ်မိသည် မထင်ပါ။ သို့သော် သူ(မ)အဖေက တောင်းပန်ခိုင်းသောကြောင့် စိတ်မပါဘဲတောင်းပန်လိုက်ရ၏။
” ဆောရီးပါ။” ထို့နောက် တုန်းတုန်းက ချောင်ဟွေ့ကို မုန်းတီးသည့်အကြည့်ဖြင့်ကြည့်လိုက်၏။
ဒီအန်တီကြောင့်သာမဟုတ်ရင် သူ(မ)ကို တောင်းပန်ဖို့ ဖိအားပေးကြမည်မဟုတ်ပါ။
[ဟားဟား။]
[သူတို့မိသားစုက ဘာဖြစ်နေတာလဲ။ မတောင်းပန်ချင်တာနဲ့ပဲ မတောင်းပန်ရတော့ဘူးလား။】
[မျက်နှာပျက်စရာဖြစ်သွားပေမဲ့ ဘေးကကြည့်နေတဲ့လူတစ်ယောက်အနေနဲ့ကတော့ အစ်ကိုလုပ်တာကောင်းတယ်။ကလေးတွေကို သင်ပေးရာရောက်တယ်။】
[ငါလည်း အစ်ကို့အတွက် ဒီကလေးဆိုးလေးကို ဆုံးမပေးချင်တယ်။】
[ရှုရီယန်သာမပြောရင် သူတို့က လုံးဝတောင်းပန်မှာမဟုတ်ဘူး။】
Live room ထဲတွင် ဆွေးနွေးဝေဖန်မှုများ ပြင်းထန်လာ၏။ ထိုအချိန်တွင် ဘယ်အချိန်ကည်းကအနားရောက်နေမှန်းမသိသောရှုဟောင်က တုန်းတုန်းအနားသို့ ကျည်ဆံတစ်ခုလို ပြေးဝင်လာ၏။သူက ခေါင်းငုံ့ထားပြီး သူ့ခေါင်းကို ကျည်ဆံထိပ်ဖူးတစ်ခုလိုအသုံးချကာ တုန်းတုန်းအား ဝင်ဆောင့်လိုက်၏။
Live ကြည့်နေသောပရိသတ်ကလည်း တုန်းတုန်းတို့သားအဖဆီကိုသာ အာရုံရောက်နေ၏။ ရှုရီယန်နှင့်ချောင်ဟွေ့လည်း အတူတူပင်။ထိုကာလလေးအတွင်းတွင် ရှုဟောင်ကို ဘယ်သူမှသတိမထားမိလိုက်ကြပါ။
တုန်းတုန်းလည်း မြေကြီးပေါ်သို့ လဲကျသွားတာ့၏။ ထို့နောက် ရှုဟောင်က ချက်ချင်းပင် အပြစ်ကင်းစင်ဟန်ဖြင့် တောင်းပန်လိုက်သည်။
” ဆောရီးပါ။”
ရှုဟောင် ထိုသို့ပြောပြီးပြီးချင်းမှာပင် တုန်းတုန်း၏ ကမ္ဘာတုန်အောင်ကျယ်လောင်သောငိုသံက တစ်ဆက်တည်းထွက်ပေါ်လာ၏။
” အမေ…. သမီးအရမ်းနာတယ်။”
တုန်းတုန်း၏အမေလည်း ရုတ်တရက်ကြောင်သွားပြီး တုန်းတုန်းကို ဖက်ထားလိုက်သည်။ သူ(မ)သမီး ဒဏ်ရာရသွားလားဆိုတာ သေချာစစ်ဆေးလိုက်၏။ တော်သေးသည်။ တုန်းတုန်းထံတွင် ဘာအနာတရမှ ကြီးကြီးမားမားမဖြစ်သွားပါ။
သူ(မ)က ဘေးတွင်ရပ်နေသောရှုဟောင်ကိုကြည့်ပြီး အသံမာမာဖြင့်
” မင်း ဘယ်လိုလုပ်လိုက်တာလဲ။”
ကလေးကိုဂရုမစိုက်သောမိဘမရှိပါ။ တုန်းကျန်၏ဇနီးသည်လည်း သူ(မ)ကလေးကို ရတနာတစ်ပါးလိုပြုစုစောင့်ရှောက်သူတစ်ယောက်ပင်။
အခု ရှုဟောင်က တုန်းတုန်းကိုနာအောင်လုပ်လိုက်တော့ သူ(မ)လေသံက မပျော့နိုင်တော့ပါ။ ရှုဟောင်ကိုပင် မကြည်သောအကြည့်ဖြင့် ကြည့်လိုက်သေး၏။ကံကောင်းသည်က သူ(မ)ကလေး မည့်သည့်အနာတရမှမဖြစ်သွားပေ။
ရှုဟောင်က ခေါင်းရမ်းလိုက်ရင်း
” သားက မမနဲ့ဆော့နေတာပါ။”
ရှုရီယန်က ရှုဟောင်ကိုဖက်လိုက်ပြီး မျက်နှာတည်နှင့်
” ကျွန်တော့်သားက အရမ်းငယ်ပြီး မသိတတ်သေးဘူးလေ။”
ရှုရီယန်က ခုနက တုန်းကျန်ပြောသောစကားများအတိုင်း ပြန်ပြောလိုက်ခြင်းဖြစ်၏။
တုန်းကျန်၏မိန်းမလည်း ဘာပြန်ပြောရမှန်းမသိဖြစ်သွားသည်။
ရှုရီယန်က ဆက်ပြောလိုက်၏။
” သူက ဒီနှစ်မှ သုံးနှစ်ပဲရှိသေးတာ။ ခင်ဗျားတို့ ကလေးထက်ငယ်ပါတယ်။ ငယ်တယ်ဆိုရင် နားလည်ပေးလို့ရတယ်မလား။”
ရှုရီယန်က သူတို့ခုနကပြောခဲ့သည့်စကားလမ်းကြောင်းအတိုင်း ပြောလိုက်ခြင်းပင်။
တကယ်တော့ အသက်ငယ်ရင် အမှားလုပ်လို့ရတယ်ဟူသောဆင်ခြေကို သူလက်မခံပါ။
သို့သော် အခုတော့ သူတို့ပြောခဲ့သည့်အတိုင်းပြန်ပြောရတာ အရသာတော့ရှိ၏။
တုန်းကျန်တို့မိသားစုက တုန်းတုန်းကငယ်သေးလို့ အမှားလုပ်တာသဘာဝဟုလက်ခံထားသည်မဟုတ်ပါလား။ထို့အတူ ရှုဟောင်ကလည်း ငယ်သေး၏။ မသိတတ်သေးပါ။
အခုတော့ ကျေသွားပြီဖြစ်သည်။
တုန်းတုန်းကတော့ ရှိုက်ကြီးတငင်ဖြင့် သည်းထန်စွာငိုကြွေးနေ၏။ သုံးနှစ်ကျော်ကလေးက အားနှင့်ဝင်ဆောင့်လိုက်ခြင်းဖြစ်သည်။ တုန်းတုန်း မကျေနပ်ပါ။
တုန်းကျန်နှင့်သူ့မိန်းမလည်း စိတ်မချမ်းသာပါ။ သို့သော် သူတို့ဘက်က အရေးမသာမှန်းနားလည်သဖြင့် သည်းခံနေလိုက်တော့၏။
ထိုအချိန်တွင် ဒါရိုက်တာက ကပျာကယာဝင်လာပြီး ပြောလိုက်သည်။
” တုန်းတုန်းနဲ့ရှုဟောင်က တစ်ယောက်ကိုတစ်ယောက် တောင်းပန်ပြီးပြီပဲ။အားလုံးက နောက်ကျရင် သူငယ်ချင်းတွေဖြစ်သွားကြမှာပဲဟာကို။ အခုဒီကိစ္စကို ဒီမှာပဲရပ်လိုက်ကြရအောင်။”
အခြေအနေတည်ငြိမ်သွားပြီဖြစ်၏။
ဒါရိုက်တာက ဝင်ပြောလိုက်တော့ အားလုံးလည်း လူစုခွဲလိုက်ကြသည်။
ဒါရိုက်တာတစ်ယောက် အခုမှ သက်ပြင်းချနိုင်တော့၏။
ယွမ်ရိတို့မိသားစုက ညတွင်းချင်းထွက်သွားသည်။အခုလည်း ရှုမိသားစုနှင့်တုန်းမိသားစုက စကားများကြ၏။
ဒီ show ကို ဆက်ရိုက်နိုင်ပါဦးမလား။
ပြန်သည့်လမ်းတွင် ရှုရီယန်က ရှုဟောင်ကို ချီးကျူးလိုက်သည်။
” သားလုပ်လိုက်တာ ကောင်းတယ်။”
ရှုဟောင်က သူ့လက်သေးလေးတစ်ဖက်ဖြင့် ရှုရီယန်၏ဘောင်းဘီကိုကိုင်ထားပြီး သူ့မျက်လုံး၀ိုင်း၀ိုင်းလေးတွေကနေ ချောင်ဟွေ့၏မျက်လုံးများကဲ့သို့ပင် အရောင်တွေထွက်နေ၏။ သူ့အဖေက ပြောဖူးသည်။ အိမ်မှာ မိန်းကလေးဟူ၍ မာမီတစ်ယောက်သာရှိ၏။ ယောက်ျားလေးတစ်ယောက်အနေနှင့် အဖေရောသားရော မာမီ့ကို ကာကွယ်ပေးရမည်ပင်။
ချောင်ဟွေ့၏ခြေထောက်က ခေါက်သွားသဖြင့် ခဏတော့ လမ်းမလျှောက်နိုင်တော့ပေ။ထို့ကြောင့် ရှုရီယန်က သူ(မ)ကိုကျောပိုးရ၏။ သူ(မ)က ရှုရီယန်၏ကျောပေါ်တွင် အေးဆေးစွာမီရင်း ပြုံးရွှင်စွာဖြင့်လိုက်လာခဲ့သည်။
တစ်ဖက်တွင်တော့ ကျန်းခဲ့၏မိန်းမက ချောင်ဟွေ့တို့ဘက်ကို အားကျမနာလိုစွာကြည့်နေ၏။
သူ(မ)မိဘများတွင် သားသမီးသုံးယောက်ထွန်းကား၏။ သူ(မ)က အကြီးဆုံးသမီး ဖြစ်သည်။သူ(မ)ငယ်ငယ်ကတည်းက အမြဲကြားနေရသောစကားတစ်ခုက
” နင်က အကြီးလေ။ မောင်လေးတွေကို အလျှော့ပေးရမှာပေါ့။”
” နင်က အသက်ကြီးပြီလေ။ ဘာလို့ ကလေးတွေနဲ့အပြိုင်ဖြစ်နေရတာလဲ။”
ထိုစကားများကို သူ(မ)အလွန်မုန်းခဲ့သည်။
ဘာဖြစ်လို့လဲဟုသာ မေးပစ်လိုက်ချင်၏။
ဘာလို့ အမြဲ သူ(မ)ကပဲ အလျှော့ပေးရသူဖြစ်နေရတာလဲ။
ထိုအချိန်တုန်းက သူ(မ)ကလည်း ကလေးတစ်ယောက်ပင်။
ထိုစကားလုံးများကို သူ(မ)ဘဝတွင် အမုန်းဆုံးဖြစ်၏။သို့သော် ထိုစကားကို ဒီမှာထပ်ကြားရလိမ့်မည်ဟု သူ(မ) မမျှော်လင့်ခဲ့ပေ။
အသက်၂၇ နှစ်အရွယ်ချောင်ဟွေ့က ၆ နှစ်အရွယ်တုန်းတုန်းကြောင့် ခြေထောက်ခေါက်သွား၏။ တကယ်တော့ တုန်းတုန်းဆိုးတာဖြစ်သည်။ အစကတော့ သူ(မ)ထင်ထားသည်မှာ ချောင်ဟွေ့ ဒီတိုင်းခံလိုက်ရတော့မည်ဟူ၍။
ချောင်ဟွေ့က မသိတတ်သောမိဘက အလိုလိုက်ထားသောကလေးတစ်ယောက်နှင့် ကြုံသွားခြင်းဖြစ်သည်။
ချောင်ဟွေ့ပြန်ပြောလျှင်လည်း တစ်ဖက်က ကလေးနှင့်ပြိုင်ဖြစ်သည်ဟု ပြောဦးမည်ပင်။
သို့သော် ရှုရီယန်၏ရပ်တည်ချက်ကပြတ်သားလိမ့်မည်ဟု သူ(မ)မထင်ထားခဲ့။ အခြားလူတွေဘယ်လိုထင်လဲ သူဂရုမစိုက်။ live room ထဲတွင် ကြည့်နေကြသော ပရိသတ်များ၏အမြင်ကိုလည်း ဂရုမစိုက်ပေ။ သူက ၆ နှစ်အရွယ် တုန်းတုန်းကို ချောင်ဟွေ့အားတောင်းပန်ဖို့ ဖိအားပေးခဲ့သည်။
နောက်ပြီး ရှုဟောင်ကတောင်မှ ချောင်ဟွေ့အတွက် လက်စားချေပေးခဲ့သည်။
ချောင်ဟွေ့ ဘာမှအားမထုတ်လိုက်ရဘဲ မိသားစုထဲမှယောက်ျားလေးနှစ်ယောက်က ချောင်ဟွေ့ကိုကာကွယ်ပေးသွားကြသည်မှာ မနာလိုစရာကောင်း၏။
ထိုကဲ့သို့မနာလိုအားကျမှုများကို live room ထဲတွင်လည်း တွေ့နေရသည်။
[ချောင်ဟွေ့ကို သူတို့ကြိုက်နေပြီလို့ကြေညာတဲ့အချိန်တုန်းက မနာလိုမဖြစ်ခဲ့ဘူး။ သူတို့မင်္ဂလာဆောင်တဲ့ အချိန်တုန်းကလည်း မနာလိုမဖြစ်ခဲ့ဘူး။ ပြောရရင် အဲ့ဒီတုန်းက သူတို့အကြောင်းကို ခေါင်းထဲသိပ်မရှိခဲ့ဘူး။ ဒါပေမဲ့ အခုတော့ ငါမနာလိုဖြစ်နေပြီ။】
[အစ်ကိုက တကယ် ရပ်တည်ချက်ပြတ်သားတာပဲ။ သူက အခုပိုပြီးယောက်ျားပီသ လာတယ်။】
[ကလေးမဟုတ်ဘဲ အခြားတစ်ယောက်ဆိုရင် သေတောင်သေသွားလောက်တယ်။ ]
[သားရော အဖေရော ချောင်ဟွေ့ကို စောင့်ရှောက်ပေးနေကြတာ။】
[ဟားဟားဟား။ တုန်းတုန်းကိုဝင်တိုက်လိုက်တာ ကြည့်လို့ကောင်းတယ်။】
[တုန်းမိသားစုက ဘာဖြစ်နေတာလဲ။ ကြီးကြီးသေးသေး သူတို့အမှားလေ။ အမြင်မကျယ်ကြဘူး။】
[ရှုရီယန်မှာ တူတွေ မြေးတွေရှိလားဟင်။ ရှုမိသားစုဝင်တွေနဲ့ လက်ထပ်ချင်တယ်လို့ !!】
*****
Aurora Novel Translation Team