Extra 15
တချို့တွေကပျော်နေကြပြီး တချို့ကတော့ မပျော်ကြပါ။
ချောင်ဟွေ့တို့မိသားစုက ပျော်ရွှင်နေကြပြီး တစ်အိမ်လုံးတွင် ရယ်သံများလွှမ်းနေတော့၏။
တုန်းမိသားစုကတော့ သူတို့ ရှုမိသားစုကိုအပြစ်လုပ်မိသွားတာကြောင့် ခဏတော့ စိတ်အဆင်မပြေဖြစ်နေကြသည်။
ဒါရိုက်တာလုပ်သူကတော့ ခေါင်းပြောင်ပေတော့မည်။အစက သရုပ်ဆောင်အဖွဲ့လေးဖွဲ့ရှိ၏။ အခု တစ်ဖွဲ့လျော့သွားချေပြီ။အခုလည်း ကျန်တဲ့အဖွဲ့နှစ်ဖွဲ့ကြား အချင်းများကြပြန်၏။
ကောင်းရော ကောင်းကြသေးရဲ့လား။
ကံကောင်းတာက ဒီ variety show က ပြီးတော့မည်ပင်။
variety show ပြီးခါနီးမှ အမေများကိုခေါ်လိုက်ခြင်းဖြစ်၏။ နောက်နှစ်ရက်ကြာလျှင် ဒီ variety show လည်း အောင်မြင်စွာပြီးဆုံးတော့မည်။
ပြဿနာများသောနေ့ကတော့ ပြီးသွားခဲ့လေပြီ။ အခုတော့ ညဘက်ရောက်လာပြီ ဖြစ်၏။
ဒီနေ့က” ငါ့အဖေက စူပါမန်း” သရုပ်ဆောင်များ ဒီရွာလေးမှာနေရသော နောက်ဆုံးည ဖြစ်၏။
မနက်ဖြန်ကတော့ ဒီ variety show အပြီးသတ်သောနေ့ပင်။
Variety show နောက်ဆုံးည၏ရည်ရွယ်ချက်မှာ သရုပ်ဆောင်များအားလုံးကို ပြီးခဲ့သောရက်များကိုအမှတ်ရစေရန်နှင့် အနာဂတ်ကိုတွေးတောနိုင်စေရန်ဖြစ်၏။
သို့သော် နဂိုကစီစဉ်ထားသောအစီအစဉ်ကို အကောင်အထည်ဖော်ရန်မဖြစ်နိုင်တော့ပါ။ သရုပ်ဆောင်အဖွဲ့တစ်ဖွဲ့က မနေ့ညကထွက်သွားပြီဖြစ်သည့်အပြင် ဒီနေ့လည်း ပြဿနာထပ်ဖြစ်ကြ၏။ ထို့ကြောင့် ဒါရိုက်တာအဖွဲ့က ပေးရမည့်တာဝန်ကို ပြောင်းလဲစဉ်းစားရတော့သည်။
ထို့ကြောင့် ဒီညအတွက် လုပ်စရာတစ်ခုသာကျန်တော့၏။ ” role play ” လုပ်ရန်ဖြစ်သည်။
ဒါရိုက်တာက အတတ်နိုင်ဆုံး သူ့စိတ်များကို တည်ငြိမ်အောင်ထားလိုက်၏။ထို့နောက် အသံကို အေးအေးဆေးဆေးဖြစ်အောင်ထိန်း၍ လော်စပီကာဖြင့်အော်ပြောလိုက်သည်။
” Role play လုပ်ရမှာ ဒီကလူတွေအားလုံးအတွက် မခက်လောက်ပါဘူး။”
ကျန်းခဲ့က ပြုံး၍ထောက်ခံလိုက်သည်။
” မခက်ပါဘူး။”
ဒါရိုက်တာကလည်း သူ့မျှော်လင့်ချက်ကို ထုတ်ပြောလိုက်၏။
” အဲ့ဒါဆို ခင်ဗျားတို့ရဲ့တက်ကြွစွာပါဝင်ဆောင်ရွက်မှုတွေကို မျှော်လင့်ပါတယ်ဗျာ။”
Role play က မဲနှိုက်ပြီးရွေးရန်စီစဉ်ထားခြင်းဖြစ်၏။
ရွေးစရာဇာတ်ရုပ်များက အများကြီးပါဝင်သည်။ ” ချစ်သူ” ” green tea (မာယာများသူ)” ” လွှမ်းမိုးတတ်တဲ့ဥက္ကဋ္ဌ” “Tsundere (အပြင်ပန်းကကြည့်လျှင် အေးစက်တတ်သူ)” ” ချစ်စရာနတ်မင်း” …. စသည်ဖြင့် စုံလင်လှ၏။
ကိုယ် ဘယ်ဇာတ်ရုပ်လုပ်ရမလဲဆိုတာကလည်း ကံပေါ်တွင်သာမူတည်သည်။
[ပရိုဂရမ်အဖွဲ့ရဲ့အစီအစဉ်က ကောင်းလိုက်တာ။】
[အစ်ကို role ကောင်းကောင်းရပါစေလို့မျှော်လင့်တယ်။]
[အပေါ်ကတစ်ယောက်က အစ်ကို့ကို ဘယ်လိုဇာတ်ရုပ်လုပ်စေချင်လို့လဲ။】
[ငါ့ရဲ့ မီတာ ၈၀၀ ရှည်တဲ့ဓားကြီးနဲ့ အစ်ကို့အတွက် ပန်းသီးခွဲပေးမယ်။ 】
[role play မှာ ယောင်္ကျားလေး မိန်းကလေးဇာတ်ရုပ်တွေလဲပြီးလုပ်ကြတာလည်း ပျော်ဖို့ကောင်းတယ်။】
[လွှမ်းမိုးတတ်တဲ့ဥက္ကဋ္ဌဆိုတာ ဘာအဓိပ္ပာယ်လဲ။ 】
[လွှမ်းမိုးတတ်တဲ့ဥက္ကဋ္ဌဆိုတာ သူများကိုနာကျင်အောင်လုပ်ရမှ သာယာတတ်ပြီး အဲ့ဒီလိုပုံစံနဲ့ တစ်ဖက်လူရဲ့နှလုံးသားထဲကို တိုး၀င်သွားတဲ့ဇာတ်ရုပ်တစ်မျိုးလား။ 】
[ဟားဟားဟား။ ငါသာအဲ့ဇာတ်ရုပ်ကိုရကြည့် ငါပါးစပ်ကနေ ဒီစကားက တန်းပြီးထွက်လာမှာ “ငါ နင့်နှလုံးသားထဲကို တိုး၀င်လာတော့မှာ။” 】
[အဲ့ဒီလိုတွေးကြည့်ရင်တော့ စိတ်ဝင်စားစရာကောင်းသလိုပဲ။】
[အဲ့ဒီဇာတ်ရုပ်မလုပ်ရရင် အစ်ကို့အတွက် green tea ဇာတ်ရုပ်က အကောင်းဆုံးပဲ။]
သူတို့၏နောက်ဆုံးတာဝန်က ဒီလိုကစားပွဲဖြစ်လိမ့်မည်ဟု သရုပ်ဆောင်တချို့က မမျှော်လင့်ထားကြပါ။
ဒါရိုက်တာက သရုပ်ဆောင်များ၏မျက်နှာများကို တစ်ချက်အကဲခတ်လိုက်ရင်း အဓိပ္ပာယ်ပါစွာပြောလိုက်၏။
” ခင်ဗျားတို့တွေ အံ့ဩသွားကြလား ဒါမှမဟုတ် စိတ်ညစ်သွားကြလား။”
ချောင်ဟွေ့ သူ(မ)နှုတ်ခမ်းများကိုဖိကိုက်ကာ ခပ်ရေးရေးလေးပြုံးလိုက်၏။
ရိုးရိူသားသားပြောရလျှင်တော့ သူ(မ) ဒါမျိုးမျှော်လင့်ထားပြီးသားပင်။
သို့သော် မစ္စရှုသာ “ချစ်သူ” ဇာတ်ရုပ်ကိုရွေးမိလျှင် ဘယ်လိုနေမလဲ သူ(မ)မတွေးတတ်ပါ။
ရှုဟောင်က သူ့အမေကို ကပ်မေးလိုက်၏။
” မာမီ “ချစ်သူ” နဲ့ ” green tea” ဆိုတာ ဘာကြီးလဲ။”
မစ္စရှုသာ “ချစ်သူ ” ဇာတ်ရုပ်ကျလျှင် ဘယ်လိုနေမလဲလို့ သူ(မ)တွေးနေတုန်းမှာပင် သူ့သားက မေးလာသည်။
သူ(မ) ခဏစဉ်းစားလိုက်၏။ ဒီမေးခွန်းက ဖြေရသိပ်မလွယ်ပါ။
ရှုဟောင်ကတော့ ကလေးပီပီ စပ်စုချင်၏။ ချောင်ဟွေ့က သူ(မ)သား၏သန့်စင်အပြစ်ကင်းသောမျက်လုံးလေးများကိုကြည့်လိုက်ပြီး
” Green tea က သောက်ရင် မမူးဘူးလား။ အဲ့ဒီတော့ green tea နဲ့ ဘယ်ဆော့လို့ ကောင်းပါ့မလဲ။
ရှုရီယန်က ခေါင်းထဲတွင် မေးခွန်းပေါင်းများစွာထပ်ပေါ်လာသောသူ့သားကို ပေါင်ပေါ်ပွေ့တင်လိုက်၏။
ရှုဟောင်ကလည်း ထပ်မေးလာသည်။
” black tea ကျတော့ ဘာလို့မရှိတာလဲ။”
(T/N – black tea က camellia အပင်နဲ့လုပ်ထားတာပါ။ကိုယ်ကြိုက်တဲ့အရသာရအောင် တခြားအပင်တွေနဲ့လည်း ရောစပ်ပြီးသောက်ကြပါတယ်။)
ရှုဟောင်က ငယ်သေးသည်ဆိုသော်လည်း tea များအကြောင်းကို တော်တော်သိထား၏။
” လုံကျင်း tea ၊ white tea တွေကျတော့မရှိဘဲ ဘာလို့ green tea ပဲရှိရတာလဲ။
(T/N – လုံကျင်းရွာတစ်၀ိုက်မှာပေါက်တဲ့အပင်တွေနဲ့လုပ်ထားတာမို့ လုံကျင်း tea လို့ခေါ်တာပါ။ white tea လုပ်တဲ့အပင်ကကျတော့ black tea တို့ green tea တို့နဲ့အတူတူပါပဲ။ ဘာကွာလဲဆိုရင် white tea က အပင်နုလေးတွေနဲ့လုပ်ထားတာပါ။)
[ကလေးတွေရဲ့အကန့်အသတ်မရှိတဲ့စိတ်ကူးပဲ။】
[ဟားဟားဟား အနာဂတ်မှာ ရှိလာမှာပေါ့။ ]
ရှုရီယန်က ယုန်ဖြူတော်ဖီတစ်ခုကို ထုတ်လိုက်၏။ထိုတော်ဖီက ရှုဟောင်၏အတွေး များကို ရပ်တန့်သွားစေသည်။
[ဟားဟားဟား။ ကလေးတွေက စိတ်ပြောင်းရ အရမ်းလွယ်တာပဲ။】
[ရှုဟောင်ရဲ့အတွေးကို တော်ဖီနဲ့ဝယ်လိုက်တာ။】
[ဒီမေးခွန်းတွေက ကလေးတွေအတွက် ခက်ခဲပါတယ်။ 】
[ငါသုံးနှစ်တုန်းကလည်း နားမလည်ခဲ့ဘူး။】
[ရှုဟောင်ကတော့ အတွေးကောင်းနေတုန်း။ ]
ဒါရိုက်တာက မျက်ခုံးပင့်လိုက်ပြီး ပြောလိုက်၏။
” ဒီဇာတ်ရုပ်တွေက ကလေးတွေအတွက် မပါပါဘူး။ ကလေးတွေအတွက်က တခြားဗုံးသက်သက်ထဲမှာပါ။”
တခြားဗုံးထဲတွင် ကလေးများအတွက်သင့်တော်သော ဇာတ်ရုပ်များဖြစ်သည့်
“ပန်းသီး ၊ကျား၊ယုန်၊ပီကာကျူး၊ ဝက်ကလေး၊ ဝက်ဝံ …..တို့ဖြင့် စုံလင်လှ၏။
တုန်းတုန်းက ချက်ချင်းအနားသွားပြီး ဗုံးကိုဆွဲကာ
” သမီးကိုပေး။”
[…]
[မိဘတွေက မသင်ထားကြဘူးလား။ ]
ထိုအချိန်တွင်တော့ သူ့သမီးကို သူအလိုလိုက်ထားတာများနေပြီဖြစ်ကြောင်း တုန်းကျန်နားလည်သွား၏။
” တုန်းတုန်း မာမီနဲ့ ဒယ်ဒီက သူများတွေကို ဝေမျှပေးရမယ်လို့ မသင်ထားဘူးလား။ သမီးအရင်က သကြားလုံးတွေကို တခြားကလေးတွေကိုကျွေးတယ်လေ။ အခု live ကြည့်နေတဲ့လူတွေအများကြီးရှိတယ်။ သူတို့ရှေ့မှာ သမီးက ကပ်စေးမနဲဘူးဆိုတာ ပြရမယ်လေ။ သမီးက သဘောကောင်းတဲ့ကလေးလေ။”
တုန်းတုန်းက နှုတ်ခမ်းများကိုဖိပြီး စိတ်မကျေနပ်သည့်ဟန်ဖြင့်
” သကြားလုံးတွေက သမီးမစားချင်လို့ သူများကိုကျွေးတာ…”
ထိုအချိန်၌ သူ့သမီး၏ပြဿနာကမသေးကြောင်း တုန်းကျန် နားလည်လိုက်၏။
ဒီ variety show မှာသာမပါဖြစ်ခဲ့လျှင် သူ့သမီး၏ တစ်ကိုယ်ကောင်းဆန်တတ်သော စိတ်ကို တော်တော်ကြာသည်အထိ သူသတိပြုမိမည်မဟုတ်ပေ။အခုတော့ ကံကောင်းပြီး သူသတိထားမိသွား၏။
တုန်းတုန်းက ငယ်သေးသည်။သူ(မ)ငယ်တုန်း မှန်မှန်ကန်ကန်သွန်သင်ပေးနိုင်လျှင် ဒီပြဿနာကို ဖြေရှင်းနိုင်ပေလိမ့်မည်။
တကယ်တော့ တုန်းတုန်းက သဘောထားမဆိုးပါ။
သူနှင့်သူ့မိန်းမကသာ အထိန်းမကွပ်မရှိစွာဖြင့် တုန်းတုန်းကို အခုလိုပျိုးထောင်ပေးခဲ့မိခြင်းဖြစ်သည်။
စောစောသိလိုက်ရလို့တော်သေးသည်။မဟုတ်ပါက အရာအားလုံးနောက်ကျသွားနိုင်၏။
တုန်းတုန်းအတွက် သူ(မ)ဘ၀တစ်လျှောက်လုံး အဖေဖြစ်သူ၏မျက်နှာ အခုလိုဖြစ်နေတာကိုမြင်ရတာ ပထမဆုံးအကြိမ်ပင်။ထို့ကြောင့် သူ(မ)မျက်လုံးတွေရဲတက်လာကာ နောက်ထပ် ဘာစကားမှမပြောတော့ပေ။
တစ်ဖက်တွင်မူ ရှုဟောင်နှင့်ရှောင်ဟေးတို့က ဆွေးနွေးနေကြ၏။
ရှောင်ဟေးက မျက်လုံးတွေကိုလှိမ့်လိုက်ရင်း “ဒါကြီးက ပျင်းစရာကြီး။”
ရှုဟောင်လေးကတော့ မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်နေကာ စကားပြောလိုက်ချိန်တွင် သူ့လေငွေ့ထဲ၌ တော်ဖီနံ့သင်းသင်းလေးရနေ၏။ “ပျင်းဖို့မကောင်းပါဘူး။”
သို့သော် သူတို့ပျင်းသည်ဖြစ်စေ မပျင်းသည်ဖြစ်စေ လုပ်ကိုလုပ်ရပေလိမ့်မည်။
ကလေးတွေက အရင်ရွေးချယ်ရသည်။
ရှောင်ဟေးက စိတ်၀င်စားခြင်းမရှိကာ ရှုဟောင်ကလည်း တော်ဖီစားနေတာကြောင့် တုန်းတုန်းက အရင်ရွေးရသည့်လူဖြစ်သွားသည်။
သူ(မ)က ပီကာကျူးကိုရသွား၏။
ဒါရိုက်တာက မေးလိုက်သည်။ “တုန်းတုန်းလေးက ပီကာကျူးကိုသိလား။”
တုန်းတုန်းကလည်း ခေါင်းညိတ်ပြသည်။ “အွန်း။”
သူ(မ)က အနားတစ်၀ိုက်တွင် ခုန်ဆွခုန်ဆွလုပ်ကာ အသံချိုချိုလေးဖြင့် “ပီကာ၊ပီကာကျူး!”
[တကယ်တော့ တုန်းတုန်းက အရမ်းချစ်ဖို့ကောင်းတဲ့ကလေးမလေး]
[သူ(မ)ရဲ့စရိုက် အခုလိုဖြစ်လာတာက မိဘတွေမှာ အများကြီးတာ၀န်ရှိတယ်]
[ဟုတ်တယ်။မိဘတွေနဲ့ လုံး၀ကိုသက်ဆိုင်တယ်]
နောက်တစ်ယောက်က ရှုဟောင်ပင်။
သူ့အလှည့်တွင် ကျားကို ရွေးမိသွားသည်။
ရှုဟောင်က လက်နှစ်ဖက်ကို ကျားခြေသည်းတွေပုံစံပြုလုပ်ကာ ပါးစပ်သေးသေးလေးကိုဖွင့်ပြီး
” ဝေါင်း ဝေါင်း ဝေါင်း ~~”
[ဒီမမ သေသွားပြီ အားးးး]
[ဒါက ကျားမှမဟုတ်တာ။ကြောင်သေးသေးလေးကျနေတာပဲ]
Live room ထဲကပရိသတ်တွေကိုအသာထား မိဘဖြစ်သူ ချောင်ဟွေ့ကိုယ်တိုင်တောင်မှ မနေနိုင်ဘဲတွေးမိသွားသည်။
သူ(မ)သားလေးက ဘာလို့ဒီလောက်တောင် ချစ်ဖို့ကောင်းနေရတာလဲ။
ထိုစဥ် ရှုဟောင်က သူ့ခေါင်းသေးသေးလေးကိုမော့ပြီး ” ဝူး ~~”
သူ့ရဲ့ခြေလက်သေးသေးလေးတွေရယ် သေးသွယ်ပြီး နို့နှစ်ရောင်အသားအရေရှိတဲ့ခန္ဓာကိုယ်ရယ်ကြောင့် သူ့ဆီကနေ သားရဲဘုရင်တစ်ပါး၏ လွှမ်းမိုးနိုင်သည့်အရှိန်အဝါ လုံးဝထွက်မနေဘဲ အမည်မဖော်ပြနိုင်လောက်သည့် ချစ်စရာကောင်းမှုနှင့် နူးညံ့မှုတို့ကိုသာ ရနေ၏။
ချောင်ဟွေ့တစ်ယောက် မနေနိုင်တော့ဘဲ သူ(မ)ယောက်ျား၏လက်မောင်းကိုဖက်လိုက်ရင်း ကလေးတစ်ယောက်လိုပြုမူလိုက်မိသည်။ “မစ္စတာရှု ကျွန်မတို့သားလေးကိုကြည့်ပါဦး။”
ရှုရီယန်၏နှုတ်ခမ်းပါးတွေကလည်း အနည်းငယ်ကွေးတက်နေလေသည်။
သူ့သားက ချောင်ဟွေ့ရဲ့ချစ်စရာကောင်းမှုတွေကို အမွေရထားတာပဲ။
ရှုဟောင်က သရုပ်ပြပြီးသွားချိန်တွင် ချောင်ဟွေ့အနားကို ပြေးသွားလိုက်သည်။
“မာမီ သားလုပ်တာတော်တယ်မဟုတ်လား။”
[ဒီကလေးချစ်စရာကောင်းပုံနဲ့ဆို ငါ မကြာခင်သေတော့မှာပဲ။]
နောက်ဆုံးတော့ ရှောင်ဟေး၏အလှည့်ကိုရောက်လာလေပြီ။
မျက်နှာထားတင်းတင်းဖြင့် ဗုံးအနားကိုလျှောက်သွားကာ ကတ်ကို မျက်နှာသေကြီးဖြင့်နှိုက်နေ၏။
စက္ကူဗုံးတွင် လက်၀င်ဆံ့ရုံအပေါက်လေးတစ်ပေါက်သာရှိသောကြောင့် ဘယ်ဇာတ်ရုပ်ကျမလဲဆိုတာ ဘယ်သူမှမသိကြပေ။
ရွေးမိသည့်ကတ်ကိုလည်း အထဲပြန်ထည့်လို့မရ။
ရှောင်ဟေးတစ်ယောက် ချယ်ရီ မာရုကို ကိုရွေးမိသွား၏။
[ဟား ဟား ဟား]
[အဲ့ဒါကြီးက ဘာလုပ်ရတာလဲ။]
ရှောင်ဟေး၏မျက်နှာတစ်ခုလုံး မှောင်မည်းသွားလေပြီ။
“ဒါက ဘာကြီးလဲ။”
ဒါရိုက်တာက အပြုံးလေးဖြင့်မေးလိုက်သည်။
“ဒီ animation ကိုမကြည့်ဖူးဘူးလား။”
“ဟင့်အင်း။”
ဒါရိုက်တာကြီးခမျာ မပြုံးဘဲမနေနိုင်တော့ပေ။
*****
Aurora Novel Translation Team