Extra 2
ထိုအချိန်တွင်တော့ လူများ၏အာရုံက ချောင်ဟွေ့ဆီကိုမရောက်တော့ဘဲ ချောင်ဟွေ့အကြောင်းလည်း မပြောဖြစ်ကြတော့။
ရှုဟောင်က သူ့လက်ကလေးများဖြင့် ချောင်ဟွေ့ကိုဖက်ထားပြီး ဝမ်းနည်းသောအသံဖြင့်
” မာမီတကယ်မလိုက်ဘူးလား။”
သူ(မ)သားကြီးလာတော့ ချောင်ဟွေ့သိပ်မချီနိုင်တော့ပေ။သူ(မ)က နူးညံ့ကြင်နာသောအပြုံးဖြင့်
” မာမီမလိုက်တော့ဘူး။ ဒီတစ်ခေါက်က သားနဲ့ဒယ်ဒီရဲ့ခရီး။”
ရှုဟောင်စိတ်ပျက်သွား၏။ ထိုအချိန် ရှုရီယန်ရောက်လာပြီး သတိပေးလိုက်သည်။
” စထွက်ရတော့မယ်။ မဟုတ်ရင်နောက်ကျနေလိမ့်မယ်။”
ရှုဟောင်က ချောင်ဟွေ့ကိုအာဘွားပေးလိုက်၏။ ထိုသို့နမ်းပြီး ရှုရီယန်ကို ” ဒါ သားအမေ” ဟူသောအကြည့်ဖြင့်ကြည့်လိုက်သည်။
သားအဖေနှစ်ယောက် ချောင်ဟွေ့ကိုလုကြသောကိစ္စက သူတို့မိသားစုထဲ ဖြစ်နေကြဖြစ်၏။
မွေးကတည်းက ရှုဟောင်က အလွန်တွယ်ကပ်တတ်သည်။ သို့သော် ရှုရီယန်ကို မတွယ်ကပ်ပါ။ သူတွယ်ကပ်သည်က သူ့အမေချောင်ဟွေ့ကိုပင်။
ရှုဟောင် နည်းနည်းကြီးလာတော့ ချောင်ဟွေ့အား သူ့ကို အမြဲနမ်းစေချင်၏။ချီထားစေချင်၏။ ထိုလုပ်ရပ်များက တစ်စုံတစ်ယောက် သူ့ကိုသင်ထားခြင်းမဟုတ်ပါ။ သူ့အလိုလိုတတ်နေခြင်းဖြစ်သည်။
သူ့သားက သူ့မိန်းမကို တစ်နေ့ ၂၄ နာရီလောက်တွယ်ကပ်ချင်နေတော့ ရှုရီယန်လည်း သဘောမကျချင်တော့ပေ။
ထို့ကြောင့် သားအဖနှစ်ယောက် ချောင်ဟွေ့ကို ပိုင်ဆိုင်မှုအငြင်းပွားကြသည်မှာ ရှုဟောင် သုံးလသားကတည်းကဖြစ်သည်။
ထိုအငြင်းပွားမှုက သုံးနှစ်ကျော်ကြာနေလေပြီ။
သို့သော် အသက်ပိုကြီးသော၊ ထမင်းအများကြီးပိုစားထားသော၊ အဖေဖြစ်နေသောရှုရီယန်ကို ရှုဟောင်တစ်ယောက် အမြဲလိုလို မရှုမလှ အရှုံးပေးရတတ်သည်။
အခုလိုမျိုးပေါ့ …
အခုလည်း ရှုဟောင်က တမင်တကာ ရှုရီယန်ရှေ့ ချောင်ဟွေ့ကို နမ်းပြနေခြင်းဖြစ်သည်။ သို့သော် ရှုရီယန်က ချက်ချင်းပင် အရှေ့တိုးလာပြီး ချောင်ဟွေ့နှုတ်ခမ်းကို နမ်းလိုက်၏။
ရှုဟောင်က သေချာကြည့်နေပြီး စိတ်ကောက်သွားသည်။
သူလည်း သူ့အမေကိုနမ်းချင်၏။
ရှုဟောင် နှုတ်ခမ်းစူလိုက်ချိန်တွင် ချောင်ဟွေ့က အလျင်အမြန်တားလိုက်သည်။ “တော်ပြီ။”
ရှုဟောင်၏နူးညံ့သောမျက်နှာလေးတွင် စိတ်ကောက်သွားသောအရိပ်အယောင်များပေါ်လာပြီး မေးလိုက်၏။
“သားကဘာလို့ အဖေ့ထက်မသာရတာလဲ။”
ရှုရီယန်က သူ၏တစ္ဆေကောင်လေးကို ချောင်ဟွေ့လက်ထဲမှယူလိုက်ရင်း ပြုံးယောင်သန်းသွားခဲ့သည်။သူက တည်ငြိမ်စွာပြုံးနေရင်းဖြင့်
” ဘာဖြစ်လို့လဲဆိုတော့ မာမီ့ရဲ့စိတ်ထဲ ဒယ်ဒီက သားထက်ပိုအရေးကြီးလို့လေ။”
ရှုဟောင်၏မျက်လုံးများ ၀ိုင်းစက်သွားပြီး မျက်ရည်တွေ၀ဲလာသည်။ သူငိုတော့မည်ပင်။
သူမယုံပါ။
သူကသာ မာမီ့၏ အချစ်ဆုံးကလေးဖြစ်သည်။
ချောင်ဟွေ့က ရှုရီယန်၏လက်မောင်းကိုဆွဲလိမ်လိုက်ပြီး အရှေ့သို့တိုးကာ သူ့သားနဖူးကိုနမ်းလိုက်သည်။
” အိုကေ မာမီအာဘွားပေးပြီးသွားပြီ။ သွားကြရအောင်။”
သူ့အမေနမ်းတာခံလိုက်ရတော့မှ ရှုဟောင် ချက်ချင်းမာန်တက်သွား၏။
ကြည့်ပါလား။ သူကသာ မာမီ့ရဲ့အချစ်ဆုံးသား။
ထို့နောက် ချောင်ဟွေ့က ခြေဖျားထောက်ပြီး ရှုရီယန်ကိုနမ်းလိုက်၏။
” ကားသမားကို နှေးနှေးမောင်းခိုင်းနော်။”
” အိုကေပါ။ သွားပြီနော်။”
ရှုဟောင် : ! .. ငါက မာမီရဲ့ ချစ်စရာလေးရော ဟုတ်သေးရဲ့လား။
သူတို့သားအဖထွက်လာတော့ တံခါးဝတွင်စောင့်နေသောဝန်ထမ်းက အလျင်အမြန်တံခါးလာဖွင့်ပေးသည်။
ပထမဆုံးအကြိမ်အဖြစ် ဓာတ်ပုံများ တဖျပ်ဖျပ်ရိုက်နေတာခံရသော်လည်း ရှုဟောင်က လုံးဝမကြောက်ပါ။
ရှုရီယန်အသေးလေးကိုမြင်ရတော့ ပရိတ်သတ်များကြား ဆူညံသွားကြတော့၏။
[ချစ်စရာကောင်းလိုက်တာဟယ်။]
[သူ့မျက်နှာဖောင်းဖောင်းလေးကို ဆွဲလိမ်ပစ်ချင်တယ်! 】
[ရှုရီယန်ကတော့ မပြောင်းလဲဘူးပဲ။ 】
[မပြောင်းလဲရုံတင်မဟုတ်ဘူး။ အိုလည်းမအိုသွားဘူး။ ရုပ်လည်းမဆိုးသွားဘူး။ 】
[ပိုချောလာတယ်လို့တောင် မထင်ရဘူးလား။】
[ဒီနှစ်တွေထဲ သူ ဖိစီးမှုမရှိဘဲပျော်နေလို့ထင်တယ်။ ပိုပြီးဆွဲဆောင်မှုရှိလာတယ်။ 】
ကားထဲဝင်လိုက်တော့ ရှုရီယန်က သူ့သားကို ပြောလိုက်၏။
” လေဆိပ်ရောက်ဖို့ တစ်နာရီလောက်ကြာဦးမှာ။ အိပ်ချင်ရင်အိပ်နေ။ ပြီးရင်စောစောထရမှာ။”
ရှုဟောင်ကတော့ သူ့အဖေ သူ့အမေကိုပေးလိုက်သောအနမ်းအကြောင်းကို စဉ်းစားနေတုန်းပင်။
ဒယ်ဒီက ဘာလို့ငါ့ထက်သာနေရတာလဲ။
ရှုဟောင်က တစ်ချက်အော်လိုက်ရင်း သူ့လက်ကလေးများ ဆုပ်ထားလိုက်၏။
” သားမအိပ်ချင်ဘူး။”
သူ့သားက ချွဲတတ်သောအမျိုးအစားမဟုတ်။ နဲနဲတော့ ဆိုးချင်၏။ ထို့ကြောင့်ရှုရီယန်က အများကြီးမပြောတော့ဘဲ သူ့မျက်လုံးများကိုမှိတ်ထားပြီး အနားယူလိုက်သည်။
ရှုရီယန်က မျက်လုံးများပိတ်ထားတော့ ရှုဟောင်လည်း နည်းနည်းအိပ်ချင်လာ၏။
သူ မနက်က ငါးနာရီကတည်းကနိုးနေရသည်မဟုတ်ပါလား။
သူ့မျက်လုံးများကိုပွတ်လိုက်ပြီးနောက် မျက်လုံးမဖွင့်ချင်တော့။သူ အိပ်တော့မည်ဖြစ်သည်။
လေဆိပ်ရောက်တော့ ရှုရီယန်က ရှုဟောင်ကို နှိုးလိုက်၏။
ရှုဟောင် နိုးလာတော့ သူ့ဆံပင်များ ပုံပျက်နေပြီဖြစ်သည်။ နိုးနိုးလာခြင်းဖြစ်၍ သူ့မျက်လုံးများက စိုနေပြီး ချစ်စရာကောင်းနေ၏။
ဒယ်ဒီက မာမီ့ကို သူ့ဆီကအမြဲလုနေသော်လည်း အခြားအချိန်များတွင်တော့ သူနှင့်အတော်အဆင်ပြေသည်။
ထိုသို့တွေးပြီး ရှုဟောင်က စိတ်မကောက်တော့ဘဲ သူ့လက်ကလေးများကို ရှုရီယန်ဆီလှမ်းလိုက်ပြီး
” ဒယ်ဒီ သားကိုချီ။”
ရှုရီယန်က ရှုဟောင်ကိုချီပြီး သူ့ခရီးဆောင်အိတ်ကိုဆွဲကာ လေဆိပ်သို့ထွက်လာခဲ့သည်။ ထိုအချိန်တွင် အခြားသရုပ်ဆောင်ခြောက်ယောက်က ရောက်နှင့်နေပြီဖြစ်၏။
ကလေးသရုပ်ဆောင်များထဲတွင် တုန်းတုန်းတစ်ယောက်သာ မိန်းကလေးဖြစ်သည်။
[တုန်းတုန်းက အရမ်းကံကောင်းတာပဲ။ အားလုံးထဲမှာ မိန်းကလေးဆိုလို့ သူတစ်ယောက်ပဲပါတာ။ အားလုံးဝိုင်းချစ်ကြမှာသေချာတယ်။ 】
[ဝိုင်းချစ်ကြမှာ?။ ရှုဟောင်လေးကို မေ့နေတာလား။】
[သူက ယောင်္ကျားလေးပေမဲ့ မိန်းကလေးထက်တောင်ပိုချစ်ဖို့ကောင်းနေမှာ။】
[တည်ကြည်တဲ့ယောင်္ကျားတွေက ဆွဲဆောင်မှုအရှိဆုံးလို့ထင်ထားတာ။ အခုတော့ အမြင်ပြောင်းသွားပြီ။ အစ်ကိုက ဆွဲဆောင်မှုအရှိဆုံးကလေးအဖေပဲ! 】
*****
Aurora Novel Translation Team