Extra 4
အသက်သုံးနှစ်ကျော်ကလေးအများစုက စကားပြောလျှင် မပီသခြင်း ထစ်ခြင်းများရှိတတ်ကြ၏။ စကားပြောထွက်ဖို့လည်း အချိန်အနည်းငယ်ယူရတတ်သည်။
သို့သော် ရှုဟောင်က ထိုသို့သိပ်မဖြစ်ဘဲပြောထွက်လာတာ အံ့ဩစရာတော့ကောင်း၏။
ခဏလောက်တော့ အားလုံးက ရှုဟောင်စကားတတ်တာကိုပဲ အံ့ဩရမလား ချောင်ဟွေ့နှင့်ရှုရီယန်တို့ အနေအထိုင်ရင်နှီးကြပုံကိုပဲ အံ့ဩရမလား ရွေးရခက်သွား၏။
မင်းသားသာ အခုပေါ်မလာရင်တော့ သူ့သားက သူတို့မိသားစုလျှို့ဝှက်ချက်တွေအားလုံးကို ဖွင့်ချတော့မည့်ပုံပေါ်သည်။
တုန်းချန်ကလည်း ရှုဟောင်စကားဆက်မပြောနိုင်အောင်ကြိုးစားနေရ၏။
သူသာအချိန်မီမပိတ်နိုင်လျှင် ကလေးက မပြောသင့်တာတွေ ပြောတော့မည်ပင်။
ဒီ variety showက live လွှင့်နေခြင်းဖြစ်သည်။ live recording ထဲမှ လိုချင်သောအပိုင်းလေးတစ်ပိုင်းကိုဖြတ်ပြီး ယူထားလို့ရ၏။ ထိုအပိုင်းပျံ့သွားလျှင်လိုက်တားလို့ရတော့မည်မဟုတ်ပေ။
သူက မနီးမဝေးတွင် ဖုန်းပြောနေသောရှုရီယန်ကို လှမ်းခေါ်လိုက်၏။
“ရီယန်ရေ မင်းသားကို လာခေါ်ပါဦး”
ရှုရီယန်က ချောင်ဟွေ့နှင့် video call ပြောနေရာမှဖုန်းချလိုက်ပြီး အနားသို့လျှောက်လာလိုက်သည်။ ရှုဟောင်ကတော့ အပြစ်ကင်းစွာဖြင့် နှုတ်ခမ်းများစူနေ၏။စပျစ်သီးကဲ့သို့၀ိုင်းစက်နေသည့်အနက်ရောင်မျက်လုံးလေးများကလည်း အပြစ်ကင်းလွန်းလှသည်။
ရှုရီယန်က ရှုဟောင်ကို လှမ်းပွေ့ချီလိုက်ပြီး ” ဘာဖြစ်လို့လဲ” ဟုမေးလိုက်၏။
တုန်းချန်က မျက်နှာကို အနည်းငယ်ပြုံးဖြဲဖြဲလုပ်လိုက်ပြီး
” အမ်းးးး ဘာမှကြီးကြီးမားမားတော့ မဟုတ်ပါဘူး။”
[ဘာမှကြီးကြီးမားမားကိစ္စတော့မဟုတ်ပါဘူး။ နမ်းရုံလေးတင်ပါ။ 】
[ငါတို့နားလည်တယ်။ နားလည်တယ်! ]
ရှုရီယန်က မျက်ခုံးများပင့်လိုက်ပြီး ရှုဟောင်ကိုကြည့်ကာမေးလိုက်၏။
” သား ဘာလုပ်လိုက်တာလဲ။”
ရှုဟောင်၏ မျက်လုံးများပြူးကျယ်သွားပြီး အပြစ်ကင်းစွာဖြင့်
” သားဘာလုပ်လို့လဲ။”
ရှုရီယန်က ခပ်ဟဟရယ်လိုက်ကာ သူ့သား၏ နူးညံ့သောပါးပြင်ကိုနမ်းလိုက်ပြီး ချီပွေ့ကာ သူတို့နေရမည့်အိမ်ကို သွားရွေးတော့သည်။
အိမ်လေးလုံးက ဆင်တူပင်။ထိုသရုပ်ဆောင်လေးဦး လက်ရှိနေနေသောအိမ်နှင့်တော့ မည်သို့မှမယှဉ်သာပါ။ သို့သော် ထိုအိမ်များထဲမှ အိမ်တစ်လုံးကတော့ “ဇိမ်ခံအိမ်”အမျိုးအစားထဲ ထည့်ချင်လျှင်ထည့်လို့ရ၏။ အဘယ့်ကြောင့်ဆိုသော် ထိုအိမ်တွင် အိပ်ခန်းနှစ်ခန်းနှင့် ပရိဘောဂများ ပိုမိုစုံလင်စွာပါဝင်သောကြောင့်ဖြစ်သည်။
ထို့အပြင် မတ်တတ်အဲယားကွန်းများလည်း တပ်ဆင်ပေးထား၏။ ထိုအိမ်ဝင်းထဲတွင် ဆီ၊ဆား၊အချဉ်၊ရှာလကာရည် အစရှိသောပစ္စည်းအစုံပါဝင်သည့် မီးဖိုဆောင်သက်သက်လည်းရှိသည်။
တစ်ခုခုစားချင်တာရှိလျှင် အလွန်လုပ်ကိုင်ရလွယ်ကူ၏။
ချက်ပြုတ်ရန် လိုအပ်သည်များကိုတော့ ပရိုဂရမ်အဖွဲ့က အချိန်မရွေးစီစဉ်ပေးနိုင်သည်။
ထိုအိမ်ကောင်းမျိုးကိုတော့ တစ်ဦးတည်းသောမိန်းကလေးဖြစ်သည့် တုန်းတုန်းသာရမည်ပင်။
ထို့ကြောင့် ဘာမှမယှဉ်ပြိုင်ရန်မလိုဘဲ တုန်းတုန်းတို့သားအဖက ထို ” ဇိမ်ခံအိမ်” ကို အေးအေးဆေးဆေးရယူလိုက်ကြ၏။
ကျန်သောအိမ်သုံးလုံးကတော့ အကုန်လုံးက သိပ်မကောင်းသည်မှာမှန်သော်လည်း ကွာခြားချက်ကြီးများရှိနေသေးသည်။
ဥပမာအားဖြင့် အညံ့ဆုံးအိမ်တွင် သီးသန့်အိမ်သာမပါဝင်ပေ။ အိမ်သာသွားချင်ပါက လမ်းအနည်းငယ်လျှောက်၍ ဘုံအိမ်သာတွင် သွားတက်ရမည်ဖြစ်သည်။
ရေချိးရန်အတွက်လည်း ရေချိုးခန်းမပါ။ အပြင်ထွက်၍ ရေချိုးကန်တွင် ချိုးရမည်ဖြစ်သည်။
ထို့ကြောင့် အဖေသုံးယောက်က ဗိုလ်ကျားသေနတ်ဆွဲ၍ အညံ့ဆုံးအိမ်မရောက်အောင် ကြိုးစားကြရပေမည်။
အဖေသုံးယောက်က အိမ်ကောင်းလုနေကြစဉ် ကလေးလေးယောက်ကတော့ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်၍ စောင့်နေကြ၏။
တုန်းတုန်းက တော်ဖီတစ်ဆုပ်ကို အိတ်ထဲမှထုတ်လိုက်ပြီး ရက်ရောစွာဖြင့် အဖော်များကို ကျွေးလိုက်သည်။
“စားပါဦး။”
ယွမ်ရိ၏သားက အော်လိုက်၏။
“နင့်ဆီမှာ ဘာလို့ကျန်နေသေးတာလဲ ။မုန့်တွေက အကုန်ပေးထားလိုက်ရပြီမဟုတ်လား။”
တုန်းတုန်းက သူ(မ)အင်္ကျီထဲမှအိတ်ကိုပြလိုက်ရင်း
” သူတို့မတွေ့ဘူးလေ။”
ယွမ်ရိ၏သားက ထပ်မေးလိုက်သည်။
” ငါတို့ကိုပါ ကျွေးမှာလား။”
တုန်းတုန်းက ချက်ချင်းခေါင်းညိတ်လိုက်ပြီး
” အင်း… ငါက ကပ်စေးမနဲတတ်ပါဘူး။”
ကပ်စေးနဲခြင်းကို အသက်ခြောက်နှစ်ရှိပြီဖြစ်သော တုန်းတုန်းက သေချာနားလည်နေပြီဖြစ်၏။
သူ(မ)က အခြားကောင်လေးများကို မေးလိုက်သည်။
” နင်တို့ရော ကပ်စေးနဲတတ်လား။”
ယွမ်ရိ၏သားက တုန်းတုန်းထက် လပိုင်းသာငယ်၏။
ကျန်းခဲ့၏သားက တုန်းတုန်းထက် နှစ်နှစ်ခန့်ကြီးသည်။ အသက်ရှစ်နှစ်ပြည့်တော့မည်ဖြစ်ပြီး ကလေးတွေထဲ အသက်အကြီးဆုံးပင်။
သူတို့အားလုံးက ခေါင်းများခါလိုက်ကြရင်း
” ငါတို့က ကပ်စေးမနဲပါဘူး။”
ထိုစဥ် သူတို့ကလေးအုပ်စုလေးယောက်ထဲမှ အငယ်ဆုံးကလေးရှုဟောင်က ရယ်၍ပြောလာ၏။
” သားလည်း သားအဖေလို ကပ်စေးမနဲပါဘူး။”
[အိမ်ကအကြောင်းတွေကို တစ်ခုပြီးတစ်ခု ဖော်နေတော့တာပဲ။ 】
[ထပ်ဖော်ပါ။ ချောင်ဟွေ့နဲ့မင်းသားရဲ့ နေ့စဉ်ဘဝအကြောင်းတွေကို ငါတို့ ပိုသိရတာပေါ့။ 】
[ငါကတော့ သူ့သားပြောပြနေပုံလေးက ချစ်စရာအရမ်းကောင်းတယ်ထင်တာပဲ။ ပြောလည်းပြောတတ်တယ်။ ]
တုန်းတုန်းက စပ်စုချင်သွားပြီး မေးလိုက်၏။
” မောင်လေးအဖေက ဘယ်လိုကပ်စေးနဲတာလဲ။”
သူ(မ)၏အမေက သူ(မ)ကို ရက်ရောဖို့ ကပ်စေးမနဲဖို့ သင်ပေးထားသည်။
ကို့ယ်မှာရှိလျှင် တစ်ယောက်တည်း မသုံးမစားဘဲ တခြားသူများနှင့် ဝေမျှသုံးစွဲရမည်ကို အမြဲနှလုံးသွင်းခိုင်းထားသည်။
အသက်အကြီးဆုံးဖြစ်သော ကျန်းခဲ့၏သား ရှောင်ဟေးက သူတို့ထဲ အနားလည်ဆုံးဖြစ်၏။
သူမယုံပါ။
ရှုရီယန်က ဘယ်လိုလူစားမျိုးမို့လို့လဲ ။
ရွှေတံဆိပ်ဆုသုံးကြိမ်ရ တစ်ချိန်တစ်ခါက လျှမ်းလျှမ်းတောက်ကျော်ကြားခဲ့ပြီး ယခုအနားယူနေပြီဖြစ်သော နာမည်ကျော်မင်းသားကြီးက အခုတော့ ရုပ်ရှင်လောက၏ဒဏ္ဍာရီတစ်ခုဖြစ်နေပေပြီ။
ဒီလိုလူစားမျိုးက ကပ်စေးနဲပါ့မလား။
သို့သော် သူလည်းစိတ်ဝင်စားသွားပြီး မေးလိုက်၏။
” ညီလေးအဖေက ဘယ်လိုကပ်စေးနဲတာလဲ။”
ရှုဟောင်က နှုတ်ခမ်းစူလိုက်ပြီး
” သူ! သူက မာမီ့ကို သီးသန့်အိပ်ရာ၀ယ်မပေးဘူး။ညတိုင်း မာမီ့ကို သူ့အိပ်ရာထဲမှာပဲအိပ်ခိုင်းတာ။အရမ်းကပ်စေးနဲတဲ့လူကြီး!”
[ဟားဟားဟား။ ဟုတ်တယ်။ အရမ်းကပ်စေးနဲတယ်။】
[ရှုရီယန်ရေ…ခင်ဗျားမလာရင် ခင်ဗျားသားက ခင်ဗျားကို ရောင်းစားတော့မယ်! 】
*****
Aurora Novel Translation Team