Extra 5
တုန်းတုန်းက သူ(မ)၏အဖိုးအဖွားများနှင့် အတူတူကြီးပြင်းလာခဲ့ရသူဖြစ်သည်။ထို့ကြောင့် မိဘတွေ လူမြင်ကွယ်ရာမှာ ဘယ်လိုနေကြလဲဆိုတာ သူ(မ)မမြင်ဖူးပါ။
ထို့ကြောင့် ရှုဟောင်၏စကားကိုကြားတော့ သူ(မ)၏မျက်ခုံးမွေးနုနုလေးများ မြင့်တက်သွားတော့သည်။
” အဲ့ဒါကတော့ အရမ်းကပ်စေးနဲလွန်းပါတယ်။”
မထင်မှတ်ဘဲ အန်ကယ်ရှုက အရမ်းကပ်စေးနဲနေ၏။မမဂျိုဂျိုအတွက်တောင် အိပ်ရာသက်သက် ဝယ်မပေးပေ။
[ဟားဟားဟား။ ငါအရမ်းရယ်နေတယ်။ 】
အသက်အကြီးဆုံးဖြစ်သည့်ရှောင်ဟေးကတော့ အန်ကယ်ရှုကို ထိုသို့မထင်ပါ။
သူ့ဉာဏ်ရည်က ဘာမှားနေလဲဆိုတာကို ထောက်မပြနိုင်တာပဲရှိ၏။သေချာနားမလည်သည့်အတွက် ဆက်လည်းမတွေးချင်တော့ပါ။
ရှုဟောင်က သူ့နှုတ်ခမ်းများကို ဖိကိုက်ထားရင်း
“သားအသက်ကြီးလာရင် ပိုက်ဆံတွေအများကြီးရှာမယ်။သားအဖေက ကပ်စေးနဲပေမဲ့ သားကတော့ ကပ်စေးမနဲဘူး။သားအမေအတွက် အိပ်ရာသက်သက်ဝယ်ပေးမှာ!”
တုန်းတုန်းကလည်း သဘောတူစွာဖြင့် ခေါင်းညိတ်လိုက်၏။
” ကောင်းတယ်! မမလည်း အသက်ကြီးလာရင် ပိုက်ဆံတွေအများကြီးရှာမယ်။”
ထို့နောက် ပိုက်ဆံအများကြီးရပြီး ချမ်းသာလာမည့်ဘဝကို ကလေးပီပီ စိတ်ကူးယဉ်ကြတော့၏။
[ရှုရီယန်: ငါတော်တော်မကောင်းတဲ့ကောင်ပဲ။ 】
[ချောင်ဟွေ့ : သူ့သားကိုယ်တိုင်က သူ့အဖေအကြောင်းတိုင်နေတဲ့ တိုင်တောမှုတစ်ခုရှိနေတာပဲ။ 】
[အပေါ်ကနှစ်ယောက် တော်တော်ရေးတတ်တယ်နော်။】
ကလေးတွေစကားပြောပြီးချိန်တွင် အိမ်များလည်းခွဲပြီးသွားပြီဖြစ်သည်။
ကံမကောင်းဆုံးက ကျန်းခဲ့ဖြစ်သည်။ အညံ့ဆုံးအိမ်ကိုရ၏။ အိမ်က ပျက်နေချေပြီ။ အဘက်ဘက်တွင် အပေါက်များ အဖာများနှင့်။ အခန်းတစ်ခန်းနှင့် အိပ်ရာကလည်း တစ်ခုတည်းပါ၏။ အိမ်သာတက်ချင်လျှင် ဘုံအိမ်သာသွားတက်ရမည်ဖြစ်သည်။
ရှုရီယန်ကတော့ ကံကောင်း၏။ ဒုတိယအကောင်းဆုံးအိမ်ကိုရသည်။
ကျန်သည့်အိမ်ကိုတော့ ယွမ်ရိရ၏။
အိမ်များခွဲကြပြီးနောက် ရှုရီယန်က ကလေးတွေရှိသည့်နေရာသို့လျှောက်လာသည်။ သူက ကိုယ်ကိုကိုင်းညွတ်လိုက်ပြီး ရှုဟောင်ကိုပွေ့ချီကာ
” သွားမယ်သား။ ဒယ်ဒီတို့ အိမ်ကိုသွားကြည့်ရအောင်။”
တကယ်တော့ အိမ်ကိုသွားကြည့်စရာမလိုပါ။ ပရိုဂရမ်အဖွဲ့က လိုအပ်သည်များကို အစကတည်းက ပြင်ဆင်ပေးထားပြီးဖြစ်၏။ ချက်ချင်း တက်နေနိုင်သည်။
ရှုဟောင်က အိပ်ရာပေါ်တွင်အနားယူရင်း ရိုးရှင်းသောပတ်ဝန်းကျင်ကို အသစ်အဆန်းတစ်ခုလိုကြည့်နေ၏။
ရှုရီယန်က သူ့သားကို အကဲခတ်ကြည့်တော့ ငိုမည့်ပုံမပေါ်သဖြင့် စိတ်သက်သာရာရသွားသည်။ ကလေးက ငယ်လွန်း၍ ဒဏ်မခံနိုင်မည်ကိုစိုးရိမ်ခြင်းဖြစ်၏။အခုတော့ အိမ်အသစ်ကိုစိတ်ဝင်စားနေပြီး ငိုမည့်ပုံမပေါ်ပေ။
ကံကောင်းသည်က ရှုဟောင်က အသစ်အဆန်းအပြောင်းအလဲနှင့် လိုက်လျောညီထွေစွာနေတတ်သော ကလေးတစ်ယောက်ဖြစ်သည်။ အသစ်အဆန်းဖြစ်နေသည်မှလွှဲ၍ သူ့မျက်နှာပေါ်တွင် တခြားဘာခံစားချက်မှရှိမနေပါ။
ထိုအချိန်တွင် ကျန်းခဲ့တို့သားအဖက တံခါးဝကို ရောက်လာ၏။
ကျန်းခဲ့က မေးလိုက်သည်။
” ညစာ ဘာစားကြမှာလဲ။”
ထိုအချိန်တွင် ရှုရီယန်က ရေနွေးတည်နေ၏။ နေ့လယ်ကတည်းက ရှုဟောင် ရေမသောက်မသေးပေ။ ထို့ကြောင့် သူ့အတွက် နို့တစ်ခွက်ဖျော်ပေးဖို့လုပ်နေခြင်းဖြစ်သည်။
ထိုသို့အမေးခံလိုက်ရတော့ ရှုရီယန်က ချက်ချင်းပြန်မေးလိုက်၏။
” ပရိုဂရမ်အဖွဲ့က စီစဉ်ပေးမှာမဟုတ်ဘူးလား။”
ကျန်းခဲ့က နှာခေါင်းရှုံ့လိုက်ရင်း
” ပရိုဂရမ်အဖွဲ့က ပြောလိုက်တယ် ကျွန်တော်တို့အဖေလေးယောက်စလုံး ဒီမှာရှိနေတာတောင် စားစရာကို ကိုယ့်ဘာသာကိုယ် မစီစဉ်နိုင်ဘူးလားတဲ့။”
ရှုရီယန်က ဒီနှစ်အသက် ၃၆နှစ်ပြည့်ပြီဖြစ်သည်။သို့သော် အဖေလေးယောက်ထဲတွင်တော့ သူအငယ်ဆုံးပင်။
ကျန်းခဲ့က သူတို့အဖွဲ့တွင် အကြီးဆုံးဖြစ်သလို ကြံ့ခိုင်သောအရှေ့မြောက်ပိုင်းသားတစ်ယောက်လည်းဖြစ်သည်။ စကားပြောမသိမ်မွေ့ဘဲ တဲ့တိုးပြောတတ်သူ လူဖြောင့်စိတ်တိုတစ်ယောက်ဖြစ်သည်။သူ၏ တောင်ပေါ်သားစရိုက်ကိုဖယ်ကြည့်လျှင်တော့ သူက အလွန်ပေါင်းရလွယ်သူတစ်ဦးဖြစ်သည်။
ဒီလူကြီးက ဟင်းချက်ကျွမ်းကျင်ပုံမရဘူးဆိုတာ သူ့ပုံစံကြည့်လိုက်လျှင် သိသာ၏။
“ကျုပ်နဲ့ကျုပ်သားက ဘယ်နေရာမှာနေနေ ရတယ်။ ညစာကိစ္စကတော့ ကျုပ်တို့ခေါင်းအခဲရဆုံးပဲ။”
ရေနွေးဆူဖို့ ငါးမိနစ်ခန့်လိုသေးသည်။ ရှုရီယန်က သူ့လက်ကိုဆန့်တန်းပြီး ဖိတ်ခေါ်လိုက်၏။
” ကျွန်တော်တို့နဲ့အတူတူလာစားလေ။”
ကျန်းခဲ့က ချက်ချင်းသဘောတူလိုက်သည်။
” အင်း ကောင်းတာပေါ့။”
ခဏနေတော့ ပရိုဂရမ်အဖွဲ့မှဝန်ထမ်းများက ချက်ပြုတ်စရာလတ်လတ်ဆတ်ဆတ်များ လာပေး၏။
ချက်ပြုတ်စရာများကလည်း စုံလင်လှသည်။ ငါး၊ကြက်သား၊တို့ဖူးနှင့် ဟင်းသီးဟင်းရွက်အစုံဖြစ်သည်။
ရှုရီယန်က ဘာချက်ရမလဲ ချက်ချင်းဆုံးဖြတ်လိုက်၏။
” ငါးခေါင်းတို့ဖူး၊ ကိုလာကြက်တောင်ပံ၊ သခွားသီးနဲ့ ဂေါ်ဖီကို စွတ်ပြုတ်ထဲထည့်မယ်။နောက်ထပ်အပိုအနေနဲ့ ငါးကလေးဟင်းချက်မယ်။”
အသားနှစ်မျိုး အရွက်နှစ်မျိုးကိုရော၍ စွတ်ပြုတ်တစ်ခွက် ထပ်ချက်မည်ဖြစ်၏။ ဟင်းငါးမျိုးရပေပြီ။
ကျန်းခဲ့က မတ်တတ်ထရပ်လိုက်ရင်း
“ကျွန်တော် မီးမွှေးပေးမယ်။
တောရွာဘဝက မြို့ပြဘဝနှင့် ကွာခြားလှ၏။ ဂတ်စ်မီးဖို ပေါင်းအိုးတို့ကဲ့သို့ ခေတ်ပေါ် မီးဖိုချောင်သုံးပစ္စည်းများ မရှိပါ။
တုန်းတုန်းတို့သားအဖအိမ်မှာပဲ ထိုခေတ်ပေါ်ပစ္စည်းများရှိ၏။
တခြားသူတွေကတော့ ထင်းမီးမွှေး၍ ချက်ပြုတ်ရမည်ဖြစ်သည်။
သို့သော် ထင်းမီးဖိုမှာချက်သောထမင်းက လျှပ်စစ်ပေါင်းအိုးနှင့်ချက်သောထမင်းထက် မွှေး၏။
ကျန်းခဲ့အတွက်လည်း ဒီလိုမီးမွှေးရတာ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် သူလည်း ခဏခဏ မီးခိုးမွှန်နေရ၏။
သူက သူ့သားကို ချက်ချင်းခေါ်လိုက်သည်။
” ဟေးကျီ အဖေ့ကို လာကူစမ်း။”
သုံးနှစ်ခွဲသာရှိသေးသောရှုဟောင်ကတော့ အိပ်ရာပေါ်တွင်ထိုင်၍ နို့တစ်ပုလင်းနှင့် ငြိမ်းချမ်းစွာနို့သောက်နေ၏။
ရှုရီယန်က ငါးအကြေးခွံများကို အလျင်အမြန်ဖယ်ရှားလိုက်သည်။ ထို့နောက် တခြားထည့်ချက်စရာများကို ပြင်ဆင်၏။
ငရုတ်သီး၊ ကြက်သွန်နီ၊ဂျင်း စသည်တို့ကို အကွင်းလိုက်လှီးထားပြီး ထည့်ချက်ဖို့ ဘေးနားပုံထားလိုက်၏။
ထိုကိစ္စများက အလုပ်ရှုပ်သည်ထင်ရသော်လည်း ရှုရီယန်ကတော့ ကျွမ်းကျင်စွာ လုပ်ကိုင်နေ၏။ သူ ဟင်းသီးဟင်းရွက်များ လှီးဖြတ်နေပုံကပင် တစ်မျိုးကြည့်ကောင်းနေသည်။
ကျန်းခဲ့ပင် ကြည့်နေရင်း အာမေဋိတ်သံ ထွက်သွား၏။
Live ကြည့်နေကြသောပရိသတ်များလည်း အံ့အားသင့်သွားကြသည်။
[အချိန်ပြည့်အိမ်ထောင်ရှင်ဘဝဆိုတာရထားတယ်ဆိုတာ တကယ်ပဲပေါ့။ ဒီနှစ်တွေထဲ တကယ်ကြီး အချိန်ပြည့်အိမ်ထောင်ရှင်ဖြစ်နေတာလား။ 】
[မင်းသားက အိမ်မှုကိစ္စ အဲ့ဒီလောက်နိုင်နင်းနေလိမ့်မယ်လို့ မထင်ထားဘူး! ]
ကျန်းခဲ့ မီးမွှေးပြီးသွားပြီဖြစ်ပြီး ရှုရီယန်လည်း ဟင်းငါးမျိုးအတွက် ချက်ပြုတ်စရာများ အသင့်ဖြစ်နေလေပြီ။
သူ များများစားစားမကူနိုင်တာကိုသဘောပေါက်သဖြင့် ကျန်းခဲ့က ဆန်ယူ၍ဆေး၏။
ထမင်းချက်ရတာက ဟင်းချက်ရတာထက် အများကြီးလွယ်ကူသည် မဟုတ်ပါလား။
ထမင်းချက်ပြီးနောက် ရှုရီယန်၏ဟင်းပွဲများလည်း ပြီးသလောက်ရှိပြီ။
ကိုလာ ကြက်တောင်ပံဟင်းသာ ကျန်၏။ ထိုဟင်းက ချက်ရတာ နည်းနည်းရှုပ်သည်။
ကိုလာတွေကတော့ အများကြီးရှိ၏။ ရှောင်ဟေးက ကိုလာသံဗူးတစ်ဗူးကို ဖောက်လိုက်ပြီး တစ်ကျိုက်သောက်လိုက်သည်။
ကျန်းခဲ့တွင်လည်း လောလောဆယ် လုပ်စရာမရှိပါ။ ထို့ကြောင့် ရှုရီယန်၏အနားနေနေ၏။
ကြက်တောင်ပံများကို ကျွမ်းကျင်စွာ အိုးထဲထည့်မွှေကာ လိုအပ်သည်များ ထပ်ထည့်၍ကြော်လှော်နေသောရှုရီယန်ကိုကြည့်ရင်း အရှေ့မြောက်ပိုင်းသားကျန်းခဲ့တစ်ယောက် အံ့ဩနေ၏။ ခုနက ဘာတွေထည့်သွားမှန်းတောင် သူသေချာမမှတ်မိပါ။ သို့သော် ကိုလာထည့်ရမည်ကိုသတိရ၍ ကမ်းပေးလိုက်၏။
” ခင်ဗျားရဲ့ဟင်းချက် skill က တကယ်ကောင်းတာပဲ။”
ရှုရီယန်က ပြုံးလိုက်ပြီး
” ဟင်းချက် skill ကဖြည်းဖြည်းချင်းတက်လာတာဗျ။”
” ခင်ဗျားဟင်းချက်တာက နှေးလည်းမနှေးဘူး။ အရသာကလည်းအရမ်းကောင်းတယ်။ ဘယ်တုန်းကတည်းက လေ့ကျင့်လိုက်တာလဲ။
ရှုရီယန် ရုပ်ရှင်စရိုက်တုန်းက အင်တာဗျူးတစ်ခုတွင် သူ ဟင်းချက်မကျွမ်းကျင်ကြောင်းဖြေဖူးသည်ကို ကျန်းခဲ့မှတ်မိ၏။
နောက်ခုနှစ်နှစ်လောက်အကြာတွင် ရှုရီယန်၏နာမည်က တစ်ဟုန်ထိုးကြီးထွားလာခဲ့ပြီး သူပင်မနာလိုဖြစ်ခဲ့ရသည်။သူ ဟင်းချက်သင်ဖို့ ဘယ်တုန်းကအချိန်ရသွားလဲမသိ။
ရှုရီယန်ကတော့ သူ့အင်တာဗျူးကို ကျန်းခဲ့ကြည့်ဖူးကြောင်းမသိပေ။
” ကျွန်တော့်မိန်းမ ကိုယ်ဝန်ရနေတဲ့အချိန်ကလေ။”
[မနာလိုဖြစ်ရပြန်တာက ငါပါ! 】
[သူတို့ချစ်ကြတဲ့အကြောင်းတွေက live room ထဲအထိ ပါလာပြန်ပြီ။】
[အဲ့ဒါဆို ရှုရီယန်က ချောင်ဟွေ့ကိုယ်ဝန်ဆောင်နေတုန်း သူကိုယ်တိုင် အားလုံးလုပ်တာပေါ့။】
[အားးးး ယောင်္ကျားတိုင်းသာ မင်းသားကြီးလို စိတ်ထားမျိုးရှိမယ်ဆိုရင် အိမ်အကူလုပ်ငန်းက ပိတ်လိုက်ရတော့မှာ! 】
[ရိုးရိုးသားသားပြောရရင်တော့ အိမ်အကူငှားဖို့ ငွေသုံးပါ။ ယောင်္ကျားတစ်ယောက်က အဲ့ဒီလိုလိုက်လုပ်နေလို့မရဘူးလေ။ ]
ရှုရီယန်ဒီလိုပြန်ဖြေလိမ့်မယ်လို့ ကျန်းခဲ့ထင်ထားပုံမရ။
” ခင်ဗျားမိန်းမ ကိုယ်ဝန်ရှိနေတဲ့အချိန်က သူစားဖို့ ခင်ဗျားကိုယ်တိုင်ချက်တာလား။”
“အင်း။”
ကျန်းခဲ့ ခဏနှုတ်ဆိတ်သွား၏။သူသာဆိုလျှင် ရှုရီယန်လို လုပ်နိုင်လိမ့်မည်မဟုတ်ပါ။
နောက်ဆုံး ကိုလာကြက်တောင်ပံကလည်း ကျက်တော့မည်ဖြစ်၏။
ကျန်းခဲ့က ရွှင်လန်းစွာပြုံးလိုက်ပြီး
” စားရတော့မယ်!”
သူအရမ်းဆာနေလေပြီ။
ခဏနေတော့ ဟင်းလေးမျိုးနှင့် ဟင်းချိုတစ်ခွက်က ထမင်းစားပွဲပေါ်တွင် အသင့်ဖြစ်နေပြီဖြစ်၏။
ငါးခေါင်းတို့ဖူးစွတ်ပြုတ်က နို့ရောင်ကဲ့သို့ ဖြူဖွေးနေသည်။ခပ်ပျစ်ပျစ်နှင့် အရသာလည်း ကောင်းလှ၏။
ငရုတ်သီးရောင်တောက်တောက်နှင့်ငါးကလေးဟင်းကိုလည်း ကြက်သွန်ဖြူများထောင်း၍ အပေါ်မှဖြူးထားသည်။ အရသာပြင်းပြင်းစားတတ်သောပရိသတ်တွေကတော့ သွားရည်ယိုကုန်ကြ၏။
……
[ဘေးမှာ ဂိမ်းထိုင်ဆော့နေတဲ့ရည်းစားကို မရိုက်ဘဲမနေနိုင်တော့ဘူး။】
[ဒီနေ့ကတော့ မနာလိုဖြစ်ရဦးမဲ့နေ့ပါပဲ။】
*****
Aurora Novel Translation Team