Extra 6
ရှုရီယန်တို့သားအဖနှင့် ကျန်းခဲ့တို့သားအဖ စားသောက်နေကြစဉ် ဒါရိုက်တာဆီမှသတင်းကြားပြီး တခြားဧည့်သည်နှစ်ယောက်ပါ စားဖို့အလျင်အမြန်ရောက်လာကြ၏။
ယွမ်ရိနှင့်သူ့သားက ရောက်ရောက်ချင်းပင် ဟင်းနံ့များကို အားရပါးရရှူရှိုက်ရင်း တစ်ပြိုင်တည်းပြောလိုက်၏။
” မွှေးလိုက်တာ။”
လူတွေထပ်ရောက်လာတော့ ကျန်းခဲ့ မျက်လုံးပြူးသွား၏။ ကင်မရာတွေသာ အနားမှာမရှိလျှင် သူ့လက်ဖြင့် ဟင်းခွက်များကို ကာထားလိုက်မည်ဖြစ်သည်။
” ခင်ဗျားတို့ ဘာလာလုပ်ကြတာလဲ။”
စားပွဲပေါ်က ဟင်းခွက်လေးခွက်နှင့်စွတ်ပြုတ်တစ်ခွက်က ရှုရီယန်ချက်ထားတာတွေ ဖြစ်သည်။ သူက ထမင်းပဲချက်ရပြီး တခြားဘာမှသိပ်မလုပ်ရပါ။ထို့ကြောင့် ဟင်းတွေက သူတို့သားအဖအတွက်ပင်မလောက်ဟု ရှုရီယန်ကို သူမပြောရဲပါ။
အခု လူတွေထပ်ရောက်လာတော့ သူဒီည ဗိုက်ဝပါ့မလားပင်မသိတော့။
ယွမ်ရိက ကျန်းခဲ့၏ပခုံးကိုပုတ်ရင်း ပြောလိုက်၏။
” ကျွန်တော်တို့လည်း စားစရာမရှိလို့။ အဲ့ဒါနဲ့ ဒီမှာလာစားကြတာ။”
အားလုံး တကယ်ရောက်လာကြတာပဲ။
ကျန်းခဲ့၏သားက ဝင်ပြောလိုက်၏။
” တုန်းတုန်းတို့အိမ်က အဆင့်မြင့်အိမ်မဟုတ်ဘူးလား။ ကိုယ်ပိုင်မီးဖိုချောင်လည်းရှိတယ်လေ။ မီးဖိုချောင်သုံးပစ္စည်းတွေဆို အစုံပဲ။
ကျန်းခဲ့ကလည်း ထောက်ခံလိုက်၏။
” ဟုတ်တယ် ခင်ဗျားတို့မီးဖိုချောင်က အဆင့်မြင့်တယ်လေ။ ကို့ယ့်ဘာသာကိုယ် ချက်စားလို့ရတာပဲ။”
တုန်းကျန်က သက်ပြင်းချလိုက်ပြီး အားပျက်သောလေသံဖြင့်
” ကျွန်တော်တို့နှစ်ယောက်လုံး ဟင်းမချက်တတ်ကြဘူး။”
[အဲ့ဒါဆို ရှုရီယန်တစ်ယောက်ပဲ ဟင်းချက်တတ်တာပေါ့။ 】
[ဟုတ်တာပေါ့။ သူက အစားထိုးမရဖြစ်နေပြီ။ ]
ကျန်းခဲ့က အနည်းငယ်ချောင်းဟန့်လိုက်ပြီး
” သင်ကြပေါ့ဗျာ။ ရက်တွေအများကြီး ကျန်ပါသေးတယ်။”
ထမင်းစားချိန်တိုင်း သူများဆီမှာ သွားစားလို့မရပါ။
ယွမ်ရိကတော့ ကျန်းခဲ့ပြောတာကို ဂရုစိုက်ပုံမရ။ မီးဖိုချောင်ထဲသွားပြီး တူတစ်စုံသွားယူလာကာ ငါးခေါင်းတို့ဖူးဟင်းကို စားဖို့ပြင်တော့၏။ မြည်းကြည့်လိုက်ပြီးချင်းချင်းဆိုသလို ပါးစပ်အဟောင်းသားဖြစ်သွားသည်။
တို့ဖူးက နူးညံ့လှပြီး သူ့ပါးစပ်ထဲမှာပင် ပျော်ဝင်သွား၏။ ဟင်းရည်ကလည်း ပျစ်နှစ်ပြီး အရသာရှိလှသည်။
လက်ရာက သာမန်ဟော်တယ်စာဖိုမှုးတစ်ဦး၏လက်ရာအောက် မနိမ့်ပါ။
ရှုရီယန်၏ဟင်းချက်လက်ရာက အလွန်ကောင်း၏။
ယွမ်ရိစိတ်ထဲ ရုတ်တရက် ဘဝင်မကျဖြစ်သွားသည်။
တစ်ချိန်က အလွန်နာမည်ကြီးခဲ့သောရှုရီယန်ကို သူအခုထိ မယှဉ်ပြိုင်နိုင်သေးသောကြောင့်ပင်။
ရှုရီယန် လူမြင်ကွင်းထဲမရှိတော့တာ လေးနှစ်နီးပါးရှိပြီဖြစ်၏။ အခုလည်း သူက စိတ်ဝင်စားဖွယ်ပုံစံတစ်မျိုးနှင့် ပေါ်လာပြန်ပြီ။ သူကတော့ ရုပ်ရှင်လောက၏ အလယ်အလတ်နှင့် အောက်အဆင့်တို့တွင်ကျင်လည်နေရပြီး နာမည်လည်းသိပ်မကြီးခဲ့ပေ။
ဒီနှစ်ပိုင်းတွေထဲ သူ အလုပ်မရှိတော့သဖြင့် သူ့အိမ်စီးပွားရေးက ထမင်းအိုးကွဲလောက်သည်အထိ ထိခိုက်လာ၏။ ဒီတစ်ခေါက်တော့ ” ငါ့အဖေက စူပါမန်း” reality show တွင် ရှားရှားပါးပါး ပါဝင်ခွင့်ရခဲ့သည်။ ထို့ကြောင့် ဒီ show ကိုအားကိုးပြီး သူ နာမည်ယူချင်၏။
မပါခင်ကတော့ သူ့မှာယုံကြည်မှုအပြည့်ရှိသည်။သူက အကောင်းဆုံးဖခင်တစ်ယောက်မဟုတ်လျှင်တောင် ဖခင်ဆိုးတစ်ယောက်တော့မဟုတ်ပါ။
သို့သော် ဒီမှာ ရှုရီယန်နှင့်တွေ့ရလိမ့်မည်ဟု ဘယ်သူကထင်ခဲ့မှာလဲ။
အရင်က ရှုရီယန်က သရုပ်ဆောင်အလုပ်ကိုသာ အာရုံစိုက်လုပ်ကိုင်ခဲ့သူဖြစ်သည်။
အခု ကလေးနှင့်မိန်းမရှိနေပြီဖြစ်သော အိမ်ထောင်သည်ရှုရီယန်က ပို၍ပင် ပရိသတ်အတွက် ဆွဲဆောင်မှုရှိနေပြန်၏။
သရုပ်ဆောင်ကောင်းတစ်ယောက်ကို တွေ့ရခဲသည်။ခင်ပွန်းကောင်း ဖခင်ကောင်းတစ်ယောက်ကိုတော့ ပို၍ပင် တွေ့ရခဲ၏။
ယွမ်ရိ သူ့ကိုယ်သူဆင်ခြင်မိသည်။သူ ရှုရီယန်၏ရှေ့တွင် ဘယ်လိုမှမထင်ပေါ်နိုင်ပါ။
ဟင်းချက်တာလည်း ရှုရီယန်လောက်မကောင်းပေ။ ရုပ်ရည်သွင်ပြင်ချင်းလည်း မယှဉ်နိုင်ပါ။ သူ့သားပင် ပရိသတ်စိတ်ဝင်စားမှုကိုသိပ်မခံရ။
သူ့တွင် ယှဉ်စရာနည်းလမ်းမရှိတော့။
ယွမ်ရိ ထိုသို့တွေးမိပြီး လက်လျှော့လိုက်၏။စိတ်လျှော့လိုက်၏။
မပြိုင်နိုင်မှတော့ ဒီခရီးစဉ်မှာ သူ့သားနှင့် အလိုက်အထိုက် ပါဝင်ခံစားရုံသာရှိတော့သည်။
သူ့သား ဒီအသက်အရွယ်ရောက်သည်အထိ သူတို့နှစ်ဦးတည်း တူတူခရီးမထွက်ဖူးပါ။
ဒါ သူ့သားအတွက်လည်း ပထမဆုံးအတွေ့အကြုံဖြစ်သည်။
ဒီဟင်းတွေက သူတို့အားလုံးစားလျှင် မလုံလောက်ပါ။
ရှုရီယန်က ရှုဟောင် ခေါင်းငုံ့ပြီး ထမင်းပန်းကန်လုံးအသေးလေးနှင့် သေချာစားနေတာကို တစ်ချက်အကဲခတ်လိုက်၏။
ထို့နောက် ထသွားပြီး မီးဖိုချောင်ထဲဝင်ကာ ခေါက်ဆွဲအိုးကြီးတစ်အိုး ချက်ပြုတ်တော့သည်။
ခေါက်ဆွဲက ချက်ပြုတ်ရလွယ်ပြီး ကရိကထမများပေ။ အိုးကြီးတစ်အိုး တစ်ခါချက်လိုက်ရုံနှင့် စားဖို့လုံလောက်၏။
သူက ခေါက်ဆွဲများပြုတ်၍ ကြက်သွန်စိမ်း၊ ငံပြာရည်အကြည်၊အနောက် ၊သကြားတို့နှင့်ရောစပ်ပြီး အချဉ်တစ်ခွက်လုပ်လိုက်သည်။
ရှာလကာရည်နှင့်ငရုတ်သီးအချဉ်ကတော့ စားမည့်သူများ စိတ်ကြိုက်ထည့်နိုင်၏။
[တကယ့် ရှုရီယန်ပဲ။】
[အခြားအဖေသုံးယောက်က အသုံးမကျကြဘူး။ ]
[ကျန်းခဲ့ပဲ နည်းနည်းဝင်ကူတယ်။ ကျန်တဲ့လူတွေက အဖေကောင်းဖြစ်ရင် ဖြစ်မယ်။ မိတ်ဆွေကောင်းတော့……..]
အားလုံးချက်ပြုတ်ပြီးသွားချိန်တွင် တုန်းကျန်က သူ့သမီးကိုကြည့်ပြီး
” ဦးဦးရှုကို ကျေးဇူးတင်လိုက်ဦးလေ။”
တုန်းတုန်းက ချက်ချင်းပင် ချစ်စရာကောင်းစွာပြောလိုက်၏။
” ကျေးဇူးပါ ဦးဦး။”
ရှုရီယန်ကလည်း ပြန်ပြုံးပြလိုက်ပြီး
” စားလို့ကောင်းလား။”
ထိုအချိန်တွင် ကျန်းခဲ့က ဝင်ပြောလိုက်၏။
“ရီယန်က ငါတို့အားလုံးစားဖို့ချက်ပြုတ်ပေးနေရတာ မကောင်းဘူး။ မနက်ဖြန် ငါတို့မချက်တတ်လည်း ကိုယ့်ဘာသာကိုယ် ချက်ရမှာပဲ။”
တုန်းကျန်ကလည်း ပြုံး၍ပြန်ပြောလိုက်သည်။
” အရိုးရှင်းဆုံး ဟင်းရွက်ပြုတ်လိုမျိုးဟင်းနဲ့ စကြတာပေါ့။”
ကျန်းခဲ့က ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့်
“ကောင်းပြီ ကျွန်တော်ကြိုးစားကြည့်မယ်။”
စားသောက်ပြီးနောက် ကျန်းခဲ့ကစ၍ ပန်းကန်များ၊တူများနှင့် မီးဖိုချောင်ကိုပါ ဆေးကြောသန့်ရှင်း၏။
တစ်ယောက်တည်း ပန်းကန်ခွက်ယောက်အားလုံးကို ဆေးလျှင် အချိန်အလွန်ပေးရသည်။ထို့နောက် တုန်ချန်းကမြင်ပြီး ကူညီရန်ရောက်လာ၏။
အခြားလူတွေလည်း ကိုယ့်ဘာသာကိုယ် အလျှိုလျှိုပြန်သွားကြသည်။ ကလေးတွေကတော့ လွပ်လပ်ရေးရသလိုဖြစ်သွား၏။
တုန်းတုန်းကစပြီး
” ကစားကြရအောင်။”
ရှောင်ဟေးက ချက်ချင်းပြန်မေးလိုက်၏။
” ဘာတိုင်းကစားမှာလဲ။”
တုန်းတုန်းက ပြန်ဖြေလိုက်သည်။
” တိရစ္ဆာန်လေးတွေလို အိမ်လုပ်တန်း ကစားကြမယ်လေ။”
ရှောင်ဟေး: …
ယွမ်ရိ၏သား ချုံးချုံး : …
သူတို့က ယောင်္ကျားလေးတွေဖြစ်၏။ဒီလို ပျင်းစရာကောင်းသောကစားနည်းမျိုး မကစားချင်ကြပါ။
တုန်းတုန်းက သူတို့နှစ်ယောက်မပါချင်သည်ကို သဘောပေါက်သွား၏။ သူ(မ)က သူတို့ကို အတင်းမပါခိုင်းတော့ဘဲ အငယ်ဆုံးဖြစ်သည့်ရှုဟောင်ကို မေးလိုက်သည်။
“မောင်လေးရော ပါမှာလား။”
ရှုဟောင်က တိရစ္ဆာန်လေးတွေလို အိမ်လုပ်တန်း တစ်ခါမှမကစားဖူးပါ။ဘယ်လိုကစားရမလဲသိချင်တာကြောင့် ခေါင်းညိတ်လိုက်သည်။
“မမက လိပ်ပြာလေးကိုယူမယ်။မောင်လေးရော ဘယ်အကောင်ယူမလဲ။”
ရှုဟောင်က ခေါင်းအနည်းငယ်စောင်း၍ စဉ်းစားလိုက်၏။ထို့နောက်
” Alpaca ကောင်။”
တုန်းတုန်း ကြောင်သွား၏။ သူက တံတွေးတွေလိုက်ထွေးနေတဲ့ Alpaca ကောင်တွေကို သဘောကျတာလား။
တံတွေးအမြဲထွေးနေသော Alpaca ကောင်တွေကို တုန်းတုန်းမကြိုက်ပါ။ ထို့ကြောင့် သူ(မ)က တိုက်တွန်းသလိုနှင့်
” မောင်လေးက ကြောင်လေးတွေကို မကြိုက်ဘူးလား။”
ရှုဟောင်က ခေါင်းခါလိုက်ပြီး
” အမေကတော့ ကြောင်လေးတွေကိုချစ်တယ်။ ဒါပေမဲ့ သားကမချစ်ဘူး။”
တုန်းတုန်းက စိတ်ဝင်စားသွားပြီး
“ဟုတ်လား။ မောင်လေးအမေက ဘယ်လိုကြောင်လေးတွေကိုချစ်တာလဲ။”
ကြောင်အမျိုးအစားတွေ အများကြီးရှိသည်မဟုတ်လား။
*****
Aurora Novel Translation Team