Extra 7
ကြောင်အမျိုးအစားက မျိုးစုံရှိ၏။ ခရမ်းရောင်၊ရွှေရောင်၊ငွေရောင်၊လိမ္မော်ရောင်၊အင်္ဂလိပ်မျိုးနွယ်၊ တောကြောင် …စသဖြင့် အမျိုးစုံသည်။
တုန်းတုန်းတို့အိမ်မှာလည်း အဝါရောင်ကြောင်တစ်ကောင် မွေးထား၏။
ထို့ကြောင့် ကြောင်အကြောင်းပြောတော့ သူ(မ)မျက်လုံးများ အရောင်လက်သွားသည်။ချောင်ဟွေ့ ဘယ်လိုကြောင်မျိုးကြိုက်လဲဆိုတာ သူ(မ)သိချင်သွား၏။
ချောင်ဟွေ့က သူ(မ)လို ကြောင်ဝါလေးတွေကြိုက်တာလည်း ဖြစ်နိုင်တယ်မလား။
ရှုဟောင်က သေချာစဉ်းစားလိုက်ပြီး ပြောလိုက်၏။
” ပန်းရောင်ကြောင်လေး။”
တုန်းတုန်း : …
ရှောင်ဟေးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး ” ပန်းရောင်ကြောင်ရှိတယ် ထင်လို့လား။ကာတွန်းထဲက ကြောင်လိုမျိုး အပြင်မှာ ကြောင်က ပန်းရောင်မရှိဘူး။”
ရှုဟောင်ပြောပုံက ချိုသာ၍ချစ်စရာကောင်းနေ၏။ ကြည့်နေသောပရိသတ်များ၏ နှလုံးသားထဲ အရည်ပျော်သွားစေသည်။
သူက သူ့နှုတ်ခမ်းများကို မထိတထိဖိကပ်ထားကာ သူ၏ နူးညံ့သောမျက်နှာလေးက လူတွေဆွဲဆိတ်ချင်စရာ ဂျုံလုံးလေးတစ်လုံးကဲ့သို့ဖြစ်နေ၏။
သူက အတည်ပေါက်နှင့်ပြောလိုက်သည်။
” ဟုတ်တယ်။သားအမေလေ။ သူ့ဆီမှာ ကြောင်ပုံအင်္ကျီလေးတွေရှိတယ်။ အဲ့ကြောင်လေးက ခေါင်းမှာ ပန်းရောင်နားရွက်နဲ့၊ ခန္ဓာကိုယ်ကလည်း ဘယ်ဘက်ရော ညာဘက်ရော ပန်းရောင်အစင်းလေးနဲ့။”
[ဟ။ ဘာလဲဆိုတာ ငါသိနေသလိုပဲနော် !! 】
[ရှုဟောင်က သူ့အဖေအကြောင်းတွေဖော်ပြီး အခု သူ့အမေ အလှည့်ရောက်ပြီပေါ့။]
[အပေါ်က ခေတ်မီဗဟုသုတစုံတဲ့သူငယ်ချင်းတို့။ ဘာကိုဆိုလိုတာလဲ ပြောပြပါလား။ နားမလည်လို့။]
[အပေါ်က တစ်ယောက်က single မလား။ ရည်းစားမထားဖူဘူးလား။ 】
[မထင်မှတ်ဘဲ ပွဲကတော့စပြီ…】
[ကြည့်ရတာ အစ်ကိုက ဒီလိုမျိုး…..】
[ရယ်ရလို့သေတော့မယ်။ ရှုဟောင် အရိုက်မခံရဘူးလား။ ]
တုန်းတုန်းနှင့် အခြားကလေးများကတော့ နားမလည်သောမျက်နှာများဖြစ်နေကြ၏။
ရှုဟောင် ဘာတွေပြောနေတာလဲ။
တုန်းတုန်းက နှုတ်ခမ်းစူလိုက်၏။ သူ(မ)ဝတ်ထားတာက မင်းသမီးဝတ်စုံဖြစ်သည်။ တိရစ္ဆာန်ပုံစံ၀တ်စုံလေးမဟုတ်။
“အဲ့ဒါဆို မောင်လေးက alpaca မောင်လေး လုပ်။”
သူက အငယ်ဆုံးဖြစ်သည်။ ထို့ကြောင့် မောင်လေးလုပ်ရမည်။
ရှုဟောင်တွင် ကန့်ကွက်စရာမရှိပါ။
တုန်းတုန်းက လက်နှစ်ဖက်ကို တောင်ပံခတ်သလိုလုပ်ကာ ရှုဟောင်ဆီ ပျံသန်းလာ၏။
[ကလေးတွေရဲ့ကမ္ဘာက ရိုးစင်းလိုက်တာ။ ]
[ဟားဟားဟား။ ရယ်ရလို့ သေတောာ့မယ်။ လိပ်ပြာလေးအစ်မဟွား။ 】
[မောင်လေး alpaca။ 】
[ကလေးတွေက ချစ်ဖို့ကောင်းလိုက်တာ။ 】
ထိုအချိန်တွင် အလုပ်တွေပြီးစီးသွားသောအဖေများက သူတို့ကို လာကြည့်ကြသည်။
ဒီနေ့က အလုပ်များပင်ပန်းသောနေ့တစ်နေ့ပင်။ ကလေးတွေအိပ်ချိန် ရောက်နေပြီဖြစ်သည်။
အဖေများက ကလေးတွေကိုခေါ်ပြီး ထွက်သွားကြ၏။
ရှုရီယန်က တံခါးပိတ်လိုက်ပြီး ရှုဟောင်ကို သန့်စင်ခန်းထဲခေါ်လာလိုက်သည်။
ရေချိုးပြီးလျှင် ရှုဟောင်အိပ်တော့မည်ဖြစ်သည်။ သွားတိုက်ပြီးတော့ ရှုဟောင်က မေးလိုက်၏။
” ဒယ်ဒီ သား alpaca အင်္ကျီလိုချင်တယ်။”
Alpaca အင်္ကျီ…
အိမ်ထဲတွင် ကင်မရာမရှိပါ။ ထို့ကြောင့် သားအဖနှစ်ယောက် လွတ်လွတ်လပ်လပ်နေနိုင်၏။
” ကောင်းတာပေါ့။”
ခုနက ကလေးတွေနဲ့ကစားရင်း alpaca အကြောင်းပါလာတာဖြစ်မည်ဟု ရှုရီယန်တွေးမိသွားသည်။ကလေးတွေက ရိုးသား၏။ အများကြီးမတွေးဘဲ ပြောတတ်ကြသည်။
ရှုဟောင်၏မျက်နှာက မက်မုံသီးလေးကဲ့သို့ဖြစ်နေကာ ဖြူဖွေးနူးညံ့၏။ alpaca ကောင်လေးများကဲ့သို့ ဖြူဥနေသည်။
သူကထပ်စဉ်းစားလိုက်ပြီးပြောလိုက်၏။
” သား alpaca နားရွက်လိုချင်တယ်။”
“ဘာနားရွက်။”
ရှုဟောင်က လက်ဟန်ခြေဟန်ဖြင့်ပြလိုက်၏။
” မာမီ့ ကြောင်နားရွက်တွေလိုလေ။”
ရှုရီယန်: …
ရှုရီယန်က စိတ်ရှည်စွာဖြင့် ထပ်မေးလိုက်၏။
” ကြောင်နားရွက် ဟုတ်လား။”
ရှုဟောင်၏မျက်လုံးများက ခပ်၀ိုင်း၀ိုင်းလေးဖြစ်သွားပြီး
” မာမီ့လိုလေ… မာမီ့အင်္ကျီမှာ ခေါင်းက နားရွက်လေးနှစ်ခုပါတယ်လေ။သားလည်းလိုချင်လို့။”
ရှုရီယန်: …
ခဏနေတော့ ရှုရီယန်ကပြောလိုက်၏။
” variety show ပြီးသွားရင် သားအဖွားနဲ့ ခဏသွားနေလိုက်နော်။”
သူ့သားက အသက်သုံးနှစ်သာရှိသေးသော်လည်း ရှုရီယန်က သူ့ရှေ့တွင် ချောင်ဟွေ့နှင့် လင်မယားကိစ္စမလုပ်မိစေရန် သတိထား၏။
သို့သော် တချို့ကိစ္စတွေကို သူ့သားမြင်သွားလိမ့်မည်ဟု သူမထင်ထားခဲ့ပါ။
ရှုဟောင်မြင်သွားလျှင်တောင် နားမလည်လောက်။
သို့သော် နောက်ပိုင်းပိုသတိထားရမည်ဟု ရှုရီယန်ယူဆမိသည်။
ထို့ကြောင့် ရှုဟောင် သူ့အဖွားဆီမှာသွားအိပ်တာပဲ အကောင်းဆုံးဖြစ်မည်။
ရှုဟောင် ဒီ့ထက်ငယ်ငယ်တုန်းကတောင် သူ့အဖွားက ခဏယူထိန်းပေးဖူး၏။ သို့သော် ရှုရီယန်က သူ့အမေကို မပင်ပန်းစေချင်ပါ။ ထို့ကြောင့် ရှုဟောင်ကို ပြန်ခေါ်လာခြင်းဖြစ်သည်။
အမေရှုက ရှုဟောင်ကိုထိန်းရတာ သူ(မ)အနေနှင့် အပန်းမကြီးကြောင်းပြော၍ကန့်ကွက်သေး၏။
အခုတော့ ရှုရီယန်ဆုံးဖြတ်လိုက်သည်။ သူ့အမေ သူ့မြေးကိုထိန်းရတာအပန်းမကြီးပါက ဒါပြီးလျှင် ရှုဟောင်ကို သူ့အဖွားဆီ ရက်အနည်းငယ်ပို့ထားတော့မည်။
ရှုဟောင်ကတော့ သူ့အချစ်ဆုံးအမေကို နောက်ရက်အတော်ကြာအထိ မတွေ့ရတော့မှာကိုမသိသေးပေ။
***
နောက်တစ်နေ့ နံနက်စောစောတွင် ပရိုဂရမ်အဖွဲ့က ရှားရှားပါးပါးစိတ်ကောင်းဝင်၍ အားလုံးအတွက် မနက်စာစီစဉ်ပေးထား၏။
ရှုရီယန်က ရှုဟောင်ကို ပဲမုန့်တစ်ခုပေးပြီး တစ်ကိုက်ကိုက်ခိုင်းလိုက်သည်။ သူကတော့ အသားပေါင်းစား၏။
ထိုအချိန်တွင် အနီးအနား၌ ဆူညံသံတစ်ခုထွက်ပေါ်လာသည်။ လူအုပ်စုကြီးတစ်စု ရောက်လာခြင်းပင်။
ရှုရီယန်၏မျက်ခုံးများ မြင့်တက်သွား၏။
” ဘာဖြစ်လို့လဲ။”
ဘာဖြစ်တာမှန်း တခြားသရုပ်ဆောင်တွေလည်း မသိကြပါ။
ခဏကြာတော့ ဝန်ထမ်းတစ်ယောက်က လာပြောပြ၏။
” အင်တာနက် ဆယ်လီတချို့လာကြတာပါ။”
ယွမ်ရိက မျက်လုံးပြူးသွားကာ
” အင်တာနက်ဆယ်လီ ? “
ဝန်ထမ်းက ခေါင်းညိတ်လိုက်ရင်း
” ဟုတ်ပါတယ်။”
ယွမ်ရိက လည်တစ်ဆန့်ဆန့်လုပ်ကာ မြင်ရမည်အထင်နှင့် ကြိုးစားကာကြည့်လိုက်၏။သို့သော် သူဘာမှမမြင်ရပါ။
” ဘယ်နှယောက်လောက် လာကြတာလဲ။”
ထိုအချိန်တွင် အနားမှဝန်ထမ်းကောင်မလေးတစ်ဦးက အာမေဋိတ်သံဖြင့်
” ဝိုး။ ဒီအင်တာနက်ဆယ်လီက weibo မှာ follower ဆယ်သန်းကျော်တောင်ရှိတယ်။
” ဝေဝေက ပိန်ပိန်သွယ်သွယ်လေးနဲ့ အရမ်းလှတာပဲ။”
ဝန်ထမ်းက မေးလိုက်၏။
” သူတို့က ဒီကို ဓာတ်ပုံရိုက်ဖို့လာကြတာလား။”
ဒီလိုခေါင်တဲ့နေရာမျိုးမှာ ဓာတ်ပုံလာရိုက်ရအောင် ဒီအင်တာနက်ဆယ်လီတွေက ဦးနောက်မမှန်လို့လား။
သူတို့သရုပ်ဆောင်အုပ်စုကတော့ ထိုအင်တာနက်ဆယ်လီများကို သိပ်စိတ်မဝင်စားပါ။
ထိုအထဲတွင် ယွမ်ရိတော့မပါ၀င်ပေ။
*****
Aurora Novel Translation Team

ပန်းရောင် alpaca အင်္ကျီပါ

ဒါကတော့ alpaca အကောင်လေးပါ။ alpaca ဆိုတာ ကုလားအုတ်မျိုးနွယ်ဝင်တစ်မျိုးပါတဲ့