Extra 9
Live room ထဲမှကြည့်နေကြသောပရိသတ်များအားလုံး အံ့အားသင့်သွားကြ၏။
ဝေဝေကိုယ်တိုင်လည်း အံ့အားသင့်သွားသည်။
ရှုရီယန်က တကယ်ပဲ ဒီလိုကြီးထွက်သွားတာလား….
သူ့သားရှုဟောင်ကိုချီပြီး လှည့်မကြည့်ဘဲထွက်သွားခြင်းဖြစ်သည်။
ထူပေးမည့်သူမရှိတာကြောင့် ဝေဝေ သူ(မ)ဘာသာ ထလိုက်ရ၏။ သူ(မ)ကြောက်သွား၏။ လက်များလည်း တုန်ယင်နေသည်။
သူ(မ)မျှော်လင့်ထားသလို ရှုရီယန်လည်းမရှိတော့ပါ။မြေပြင်နှင့်မထိခင်မှာပင် သူ(မ)ခေါင်းထဲ ဟာတာတာဖြစ်သွားသလို ခံစားလိုက်ရ၏။
အကြောက်တရားကြောင့် သူ(မ)၏အတွေးများ ရုတ်တရက်မမှန်ပါ။သူ(မ) ဘာလုပ်ရမလဲဆိုတာကိုလည်းမသိတော့။
သူ(မ)မလဲကျခင် လက်ဖြင့်ထောက်ဖို့ကြိုးစားခဲ့သေးသည်ကို မှတ်မိ၏။သို့သော် နောက်ကျသွားပြီဖြစ်ပြီး နွားချေးပုံထဲ မျက်နှာအပ်သွားတော့သည်။
သူ(မ)ခေါင်းကို ပြန်မော့ရန်ကြိုးစားလိုက်သော်လည်း နဂိုက သန့်ရှင်းဖြူဖွေးသော မျက်နှာ၊ အင်္ကျီ ၊လည်ပင်း စသည်တို့တွင် နွားချေးများပေနေလေပြီ။
သူ(မ)လက်နှစ်ဖက်ကလည်း နွားချေးများထဲတွင် နစ်ဝင်နေ၏။
ဤအချိန်တွင် သူ(မ) သေသာသေလိုက်ချင်တော့သည်။
[ ကြည့်ရတာ နာသွားမဲ့ပုံပေါ်ပေမဲ့ ငါနည်းနည်းတော့ရယ်ချင်သွားတယ် ဟားဟားဟား။】
[ရှုရီယန်ရှောင်သွားတဲ့ speed က အရမ်းမြန်တာပဲ။ 】
[ဒီလို မြင်ကွင်းကောင်းမျိုးကို live ကြည့်နေရင်း တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။】
[အစ်ကို့လှုပ်ရှားပုံကမြန်လိုက်တာ။ ကောင်းတယ်! ]
[ရှုရီယန် : ငါ့မိန်းမကလွဲပြီး ဘယ်သူမှ ငါ့ဆံပင်မွေးတစ်မျှင်တောင် ထိခွင့်မရှိဘူး! ]
စက္ကန့်အနည်းငယ်ကြာတော့မှ အခြားကောင်မလေးများသိသွားပြီး ခုနက live room ထဲအော်သလိုအော်ကြတော့သည်။
[စိတ်ပျက်စရာတွေ။】
[ဒီမိန်းမတွေက အဲ့ဒီလိုတွေဝတ်စားပြီး နံစော်နေတဲ့နွားချေးပုံနား ဓာတ်ပုံသွားရိုက်ချင်ကြရလား။ ]
[ဟားဟားဟား ကင်မရာသမား အစ်ကိုလေးတောင် တည့်တည့်မရိုက်ပေးရဲတော့လို့ ကင်မရာလှည့်လိုက်ပြီ။】
ရှုရီယန်ကတော့ ရှုဟောင်ကိုချီ၍ ခပ်ဝေးဝေးမှာ သွားရပ်နေ၏။
ရှုဟောင်ကတော့ မျက်လုံးမပြူးဘဲမနေနိုင်တော့ပေ။ မိန်းကလေး၏အော်သံက ကြားရသူများကို မျက်ရည်ကျစေလောက်ပြီး မြင်ရသူများကို ဝမ်းနည်းစေလောက်၏။
” အဖေ သူ(မ) နွားချေးပုံထဲကျသွားတာထင်တယ်။”
ရှုရီယန်က အရေးမကြီးသလို “အင်း”ဟုတုံ့ပြန်လိုက်၏။ သူ့ပုံစံကလည်း ကြည်လင်ချောမောနေသည်။
ထိုအချိန်တွင် ထင်ရှားသောသူ့မျက်ခုံးမွေးများက နေရောင်အောက်တွင် အေးစက်နေသယောင်ရှိ၏။
ရှုဟောင်က သူ့အဖေ၏မျက်နှာထားကို ကြည့်ပြီး သူ့အဖေလည်ပင်းနားတိုးကပ်သွားလိုက်သည်။သူ ဘာမှထပ်မပြောတော့။
ဒီလိုအဖေမျိုးက သူ့အတွက်အေးစက်လွန်းသည်။
မည်သည့်အမျိုးသားသရုပ်ဆောင်ကမှ ဘာမှလာမလုပ်ပေးကြပါ။
အားလုံးက ဘေးတွင် တမင်ရပ်ကြည့်နေကြခြင်းတော့မဟုတ်။ သို့သော် မိန်းကလေးဝတ်ထားသည်က တိုပြတ်လွန်း၏။
ဆောင်တွင်းမှာတောင် သူ(မ)၏အပေါ်ပိုင်းကို တော်တော်မလုံမခြုံဝတ်ဆင်ထားသည်။သူတို့က လူသိများသောအိမ်ထောင်ရှင်အမျိုးသားများဖြစ်သည်။ သူတို့ဝင်ကူပေးဖို့ မသင့်တော်ပါ။
နောက်ပြီး ကောင်မလေးတစ်ကိုယ်လုံးတွင်လည်း နွားချေးများနှင့်ဖြစ်သည်။ သူတို့နားမှာမဟုတ်သော်လည်း အဝေးကနေတောင် အနံ့ရနေ၏။
နောက်ဆုံးတော့ မိန်းကလေးဝန်ထမ်းများက မနေနိုင်တော့ဘဲ လက်အိတ်များဝတ် နှာခေါင်းများပိတ်၍ ကူညီရန်ရှေ့သို့တိုးလာကြသည်။
ဝေဝေ၏မျက်နှာတစ်ခုလုံးလည်း ဝါကျင်နေလေပြီ။သူ(မ)၏အဖြူရောင်မျက်နှာလေးက နွားချေးအဝါရောင်များ စွန်းထင်းသွားပြီဖြစ်သည်။
သူ(မ)တစ်ကိုယ်လုံးလည်း မိီးခိုးရောင်ပြောင်းနေ၏။
[သူ(မ)သူငယ်ချင်းတွေက ဘာဖြစ်နေကြတာလဲ။ ဒီလိုပဲ ရပ်ကြည့်နေကြတာလား။】
[အင်တာနက်ဆယ်လီသူငယ်ချင်းအချင်းချင်း စစ်မှန်တဲ့ခံစားချက် ဘယ်လောက်ရှိလိမ့်မယ်ထင်လို့လဲ။ 】
[ဟားဟားဟား ပလက်စတစ်ခင်မင်မှုတွေပေါ့။】
(T/N – ပလက်စတစ်ခင်မင်မှုဆိုတာ အတုအယောင်ခင်မင်မှုလို့ပြောတာပါ။)
[ဒီနေ့တော့ သူငယ်ချင်းကောင်းတွေ။ မနက်ဖြန်ကျရင်တော့ အခွင့်အရေးတစ်ခုအတွက် fight ကြတော့တာပဲ။ 】
အခုလည်း သူတို့ရောက်လာတော့ ဝေဝေ၏တစ်ကိုယ်လုံး နွားချေးထဲနစ်မြုပ်နေပြီဖြစ်၏။
ကျန်သော အင်တာနက်ဆယ်လီမိန်းကလေးလေးယောက်လည်း ဝန်ထမ်းများနှင့်အတူ ရွံရှာသောအမူအယာနှင့် ထိုနေရာမှထွက်သွားကြတော့သည်။ဝေဝေဖြစ်သွားသည့်ကိစ္စကိုတော့ အနီးနားက အမျိုးသားသရုပ်ဆောင်များ ကြည့်လုပ်လိမ့်မည်ဟု ယူဆထားလိုက်၏။
လူတွေထွက်သွားတော့ ရှုရီယန်က ရှုဟောင်ကို ချထားလိုက်ရင်း
” လုပ်စရာအလုပ်က တစ်ဝက်ကျန်သေးတယ်။”
ရှုဟောင်၏တုံ့ပြန်မှုကလည်း မြန်ဆန်၏။ထိုနေရာကို ချက်ချင်းပြန်ပြေးသွားပြီး သူ၏ ပလတ်စတစ်ဂေါ်ပြားလေးကိုကိုင်၍ အလုပ်ဆက်လုပ်တော့သည်။
နွားချေးပုံပေါ်တွင် ကြီးမားသောလက်ရာကြီးနှစ်ခု ထင်းနေ၏။ခုနက မည်မျှအကူအညီမဲ့နေခဲ့သည်ဟူသော သက်သေပင်။
ရှုဟောင်က သက်ပြင်းအနည်းငယ်ချလိုက်၏။
သူ(မ)က ကံဆိုးစွာပင် နွားချေးပုံထဲထိုးကျခဲ့သည်။
ကလေးများ နားမလည်နိုင်သလို သရုပ်ဆောင်တချို့လည်း တွေးမိမည်မဟုတ်ပါ။
ခုနက အင်တာနက်ဆယ်လီမိန်းကလေးက ရှုရီယန်ဆီကို ဦးတည်ချင်နေခြင်းဖြစ်သည်။
သို့သော် သူ(မ)ကိစ္စက သိပ်အရေးမကြီးသဖြင့် သိပ်မပြောဖြစ်ကြတော့ပေ။ ထို့နောက် သူတို့အားလုံး ခေါင်းမဖော်နိုင်အောင် အလုပ်လုပ်ကြရ၏။
နာရီဝက်ခန့်အကြာတွင် ဒီနေ့မနက်အတွက် အလုပ်များအားလုံးပြီးစီးသွားတော့သည်။
ဒါရိုက်တာက လော်စပီကာကိုယူ၍ပြောလိုက်၏။
” အဖေတွေအားလုံးပဲ အလုပ်ကြိုးစားကြပါတယ်။ အကြိုးစားဆုံးကတော့ အဖေရှုပါ။ ခင်ဗျားက နွားချေးပုံတစ်ဝက်လောက်ကို ရှင်းခဲ့တာ။”
[ဟားဟားဟား။ အစ်ကိုက တကယ်အပင်ပန်းခံနိုင်တာပဲ။ အခြာလူတွေအတွက် သူပဲကြိုးစားလုပ်ပေးလိုက်တာပေါ့။】
[ကာယအားက မဆိုးဘူးပဲ။ဟီးဟီး】
[အပေါ်ကလူတွေ ဘာမဟုတ်တာတွေတွေးပြီး ပြောနေကြတာလဲ။ ]
ရှူဟောင်က လက်ခုပ်တီးပြီး သူ၏ချစ်စရာကောင်းသောအသံဖြင့်
” အဖေက ဒီကမ္ဘာမှာ အတော်ဆုံးပဲ။”
သူတို့ မနက်က အလုပ်ပင်ပင်ပန်ပန်းလုပ်ခဲ့ကြရသဖြင့် ပရိုဂရမ်အဖွဲ့က သူတို့၏နေ့ခင်းပိုင်းအားလပ်ချိန်ကို ပိုပေးလိုက်သည်။ ညနေသုံးနာရီတွင်တော့ group လိုက်လှုပ်ရှားမှုများအတွက် သရုပ်ဆောင်များအားလုံး ပြန်စုရမည်ဖြစ်၏။
နေ့လယ်စာစားသောက်ပြီးနောက် သူတို့ နားချိန်သုံးနာရီအထိရမည်ဖြစ်သည်။
ရှုရီယန်က ရှုဟောင်၏လက်များနှင့်မျက်နှာတို့ကို ဆေးကြောပေးလိုက်၏။
ရှုဟောင်၏ခန္ဓာကိုယ်က နုနယ်သည်။ ချောင်ဟွေ့ကလည်း သူ့အတွက် face cream အမြောက်အမြားပြင်ဆင်ပေးလိုက်၏။ရှုရီယန်က ဖားပုံသဏ္ဌာန်ပုလင်းလေးကိုထုတ်၍ ရှုဟောင်အား လိမ်းပေးလိုက်သည်။
ရှုရီယန်က သူ့ကိုကြည့်ပြီး
” အိုကေ။ အိပ်ရာထဲဝင်တော့။”
မနက်ကအစောကြီးထခဲ့ရ၍ နေ့ခင်းပိုင်းမှေးစက်ဖို့က အလွန်အရေးကြီး၏။
ရှုဟောင်က လိမ်လိမ်မာမာပင် အိပ်ရာပေါ်တက်၍ လဲလျောင်းလိုက်သည်။
” ဒယ်ဒီ သားအိပ်ပြီ။”
“အင်း။”
ရှုရီယန်ကိုယ်တိုင်လည်း မျက်နှာသစ်လိုက်၏။ခဏနေ အခန်းရှင်းပြီးလျှင်တော့ သူလည်း သူ့သားနှင့်အတူ တစ်မှေးအိပ်မည်ဖြစ်သည်။
ထိုအချိန်၌ ရုတ်တရက် တံခါးခေါက်သံထွက်ပေါ်လာ၏။ တံခါးခေါက်သံက အဆက်မပြတ်ထွက်ပေါ်နေသည်။ညနေလုပ်စရာများကိုညွှန်ကြားထားသည့်စာလာပေးသော ဝန်ထမ်းတစ်ယောက်ဖြစ်ရမည်ဟု ရှုရီယန်ထင်လိုက်၏။ ထို့ကြောင့် မမေးမြန်းဘဲ တံခါးဖွင့်ပေးလိုက်သည်။
တံခါးဝတွင်ရပ်နေသူက ဝန်ထမ်းမဟုတ်ပါ။ ရေမိုးချိုးပြီးသော ဝေဝေပင်။
ဝေဝေ၏ဝတ်စားပုံက ပြောင်းသွားပြီဖြစ်၏။ လွတ်လွတ်လပ်လပ် အဝတ်အစားစတိုင်မျိုး ဝတ်ဆင်ထားခြင်းဖြစ်သည်။ သူ(မ)မျက်နှာက လင်းလက်နေ၏။အသားအရေက ပါးလျကြည်လင်သည်။ လျှော်ထားတာမကြာသေးသော သူ(မ)ဆံနွယ်တွေကို ကျောပေါ်ဖားလျားချထား၏။
ဆံပင်က သေချာမခြောက်သေးသဖြင့် သူ(မ)၏ပခုံးနေရာမှအင်္ကျီစတို့မှာ စိုစွတ်နေ၏။
ဝေဝေဒီလိုဝတ်ထားတာကိုမြင်လိုက်ရချိန်တွင် ရှုရီယန်၏မျက်လုံးတွေက နဂိုထက်နှစ်ဆပိုပြီးအေးစက်သွားတော့သည်။
သိပ်မကြာခင်က မဂ္ဂဇင်းတစ်ခုအတွက် ချောင်ဟွေ့ရိုက်ထားသော ပုံထဲကလိုပင်။
အဝတ်အစားမှစ၍ ဆံပင်ပုံစံအထိ အားလုံး ထိုပုံထဲကချောင်ဟွေ့၏စတိုင်အတိုင်းဖြစ်၏။
သူ(မ)က ချောင်ဟွေ့ကို အတုခိုးနေတာလား။ ဘာလုပ်ချင်နေတာလဲ။
သူ(မ)နှုတ်ခမ်းများကို အနည်းငယ်ဖိလိုက်တော့ ပါးချိုင့်လေးနှစ်ခုက မျက်နှာပေါ်တွင်ထင်ရှားလာ၏။
သူ(မ)က နူးညံ့ညင်သာစွာပြောလိုက်သည်။
” ဆရာရှုဆီမှာ hair dryer ရှိလား။”
သူ့ဆီကိုလာပြီး hair dryer ငှားတာတဲ့။
ရှုရီယန်က hair dryer ယူပေးလိုက်၏။ ချောင်ဟွေ့ သူ့အတွက် သေချာထည့်ပေးလိုက်သည့် hair dryer ဖြစ်သည်။
“ဘာကိစ္စမှမရှိတော့ရင် တံခါးပိတ်လိုက်တော့မယ်။ “
သို့သော်…
” ဆရာရှု ဒီနေ့မနက်က ကျွန်မချော်လဲသွားတယ်လေ။ အဲ့ဒီတုန်းက ကျွန်မ အရမ်းရှက်တာပဲ။”
သူ(မ)က ခေါင်းကို အနည်းငယ်ငုံ့လိုက်၏။ သူ(မ)၏ကြည်လင်သောမျက်နှာက နေ့ခင်းနေရောင်အောက်တွင် ဖျော့တော့အားပျော့နေသည်။
သူ(မ)က မိတ်ကပ်တို့ နှုတ်ခမ်းနီးတို့ မဆိုးထားပါ။ ထို့ကြောင့် နှုတ်ခမ်းပါးတွေက အနည်းငယ်ဖြူလျော်နေ၏။ထိုအချက်များကိုကြည့်လျှင်တော့ ဝေဝေက အနည်းငယ်သနားစရာကောင်းနေသည်။
သာမန်ယောက်ျားသာဆိုလျှင် ချက်ချင်း စိတ်ပျော့သွားစေလောက်မည့်ပုံစံပင်။
*****
Aurora Novel Translation Team