Chapter 33
အတန်း(၂)တွင် စာကြိုးစားမှုကိုသာအာရုံထားကြသည်။ စာကိုသေသေချာချာမကြိုးစားပါက ထိုသူကိုမည်သူမျှဂရုမစိုက်ပေ။
အတန်းပြီးသည်နှင့် ကုမြောင်အနားတွင်လူအများဝိုင်းအုံလာ၏။
“ဟေး ကုမြောင်။ ငါ့ကို နင့်ရဲ့ Physics test paper လေး ခဏပြကြည့်လို့ရလား။”
ကုမြောင်က ချက်ချင်းပင် အံဆွဲထဲမှစာရွက်ကိုထုတ်ပေးလိုက်၏။
“ဝိုး။ မိုက်လိုက်တာ။ အရင်တုန်းကဒီအမှတ်တွေ ငါရခဲ့တာလေ။ Chemistry စာရွက်လေးရောပြပါလား ကုမြောင်။”
“ကုမြောင်။ မင်းဒီပိတ်ရက်အတွင်းမှာ ကျူရှင်တွေတက်လိုက်သေးလား။”
ကုမြောင်မှာ အေးစက်စက်ဆက်ဆံရေးများနှင့် လျစ်လျူရှုခံရခြင်းတို့ကိုသာကြုံတွေ့ဖူးပြီး ယခုကဲ့သို့အခြေအနေမျိုးကို မကြုံဖူးခဲ့ပေ။ ကုမြောင်ခမျာ မတ်တတ်ရပ်နေရင်းနှင့် ချောမောသောမျက်နှာလေးတွင် စိတ်ရှုပ်လာသည့်အရိပ်အယောင်မျိုးဖြင့် ခေါင်းညိတ်ခေါင်းခါလုပ်နေရလေသည်။ ကျောင်းခေါင်းလောင်းတီးမှသာ သူ့နားကလူအုပ်ကြီးပျောက်သွားတော့သည်။ ထိုမှသာ ကုမြောင်သက်ပြင်းချလိုက်မိ၏။ နောက်လှည့်ကြည့်လိုက်သော် ခေါင်းလေးထောင်ကာသူ့ကိုပြုံး၍ကြည့်နေသည့်မိန်းကလေးအား တွေ့လိုက်လေသည်။
“နင်တော်တော်နာမည်ကြီးတာပဲ။ ငါတောင်ဘာစကားမှဝင်ပြောချိန်မရလိုက်ဘူး။”
မက်မွန်ပွင့်မျက်လုံးလေးများတွင် ပျော်ရွှင်မှုများပြည့်နှက်နေ၏။ ကုမြောင်က ရှက်သွားပြီးခေါင်းငုံ့ကာ
“မဟုတ်ပါဘူး။”
ချန်ချူ သူ့ကိုမစတော့ဘဲ အံဆွဲထဲမှစာရွက်လေးတစ်ရွက်ကိုထုတ်လိုက်သည်။
“ဒါက အတန်းအချိန်ဇယား။ ငါနင့်အတွက်တစ်ခုကူးလာပေးတာ။”
စာရွက်လေးမှာ creamy အဖြူရောင်လေးဖြစ်ပြီး ချန်ချူ့လက်ရေးလေးမှာ လှပနူးညံ့နေသည်။
“ကျေးဇူးပါပဲ။”
ကုမြောင်တီးတိုးပြောလိုက်ပြီး စာရွက်လေးကိုယူလိုက်သည်။ ဘဝတစ်လျှောက်လုံးလျစ်လျူရှုခံရပြီး အေးစက်စက်သာဆက်ဆံခံခဲ့ရသည့်ကုမြောင်အတွက်မူ သူ(မ)မှာ တစ်ဦးတည်းသောနွေးထွေးပေးသူဖြစ်၏။ သူ(မ)က ကောင်းကင်တွင်တောက်ပနေသည့်ကြယ်လေးတစ်ပွင့်ကဲ့သို့ပင်။ သူ(မ)နှင့်နီးစပ်နိုင်ရန်မှာ အလွန်ကြိုးစားရလေသည်။ သို့သော် ထိုကြိုးစားမှုအတွက်လည်း ကုမြောင်နောင်တမရခဲ့ပေ။
တစ်ပတ်နှစ်ပတ်ကြာသည်အထိ အတန်းဖော်များ၏ ကုမြောင်အပေါ်စပ်စုမှုမှာမရပ်တန့်သွားခဲ့။ တစ်ယောက်စနှစ်ယောက်စ မေးခွန်းများလာမေးနေကြဆဲပင်။
တစ်နေ့ အတန်းပြီးသော်။
ယုရှင်းလူက သန့်စင်ခန်းသွားရန် ချန်ချူ့ကိုခေါ်သွား၏။ စင်္ကြံလမ်းတွင်အေးစိမ့်နေကာ ယုရှင်းလူက ချန်ချူ့ကိုစကားစပြောလိုက်သည်။
“ချူချူ။ နင်သတိထားမိလား။ ဟယ်ရှူက ကုမြောင်နားမှာကပ်ကပ်နေတာလေ။”
ချန်ချူ ကုမြောင်ကိုဆက်ဆံပုံမှာ အခြားယောက်ျားလေးများကိုဆက်ဆံပုံနှင့်မတူသည်ကိုရိပ်မိသဖြင့် သူ(မ)က သတိပေးလိုက်သည်။
“ဟုတ်လား။ ငါသတိမထားမိဘူး။”
ယုရှင်းလူ၏အတင်းအဖျင်းပြောချင်စိတ်တို့ထိန်းမရသဖြင့်
“ဟုတ်တယ်။ မနေ့ကဆိုရင်လေ self-study ချိန်တုန်းက ကုမြောင်နားကိုသွားတာ ခဏခဏပဲ။ နင်က စန္ဒရားသွားလေ့ကျင့်တော့ မနေ့ကမသိလိုက်ဘူးမလား။”
ဒုတိယနှစ်ဝက်မှစ၍ ချန်ချူနှင့် ဂီတသူငယ်ချင်းများမှာ အနုပညာကျောင်းလျှောက်နိုင်ရန်ရည်မှန်းချက်ဖြင့် Self-study အချိန်တွင် လေ့ကျင့်မှုများပြုလုပ်ကြလေသည်။
“ကုမြောင်ကို မေးခွန်းတစ်ခုခုမေးဖို့ရှိလို့နေမှာပေါ့။” ချန်ချူက အေးအေးဆေးဆေးသာပြန်ပြောလိုက်သည်။
ယုရှင်းလူက မနေနိုင်တော့ဘဲ
“နင်လည်း နည်းနည်းလောက်သတိလေးဘာလေးထားပါဦး။ ဘာလို့ မေးခွန်းမေးဖို့သက်သက်ဖြစ်ရမှာလဲ။ သူ(မ)ထိုင်တဲ့ခုံနဲ့ ကုမြောင်ခုံက ဒီလောက်အဝေးကြီးဟာကို။ မေးခွန်းမေးချင်ရုံလေးနဲ့ အဲ့လောက်အဝေးကြီးသွားပါ့မလား။”
ချန်ချူ နှုတ်ခမ်းကိုစေ့ကာ တိတ်ဆိတ်နေမိ၏။
“ဟိုမှာကြည့်လိုက်။”
သူတို့နှစ်ယောက် စင်္ကြံလမ်းတွင်လမ်းလျှောက်ကြရင်း စာသင်ခန်းနှင့်မလှမ်းမကမ်းတွင်ရပ်လိုက်သည်။ ယုရှင်းလူကချန်ချူ့အင်္ကျီစကိုဆွဲကာ ချန်ချူ့ကိုတီးတိုးပြောလိုက်၏။
“ကြည့်ပါလား။ ဟိုမှာ။ သူပဲမလား။”
ချန်ချူ စာသင်ခန်းထဲသို့ချောင်းကြည့်လိုက်သည်။ ညနေခင်းနေရောင်ကြောင့် ကုမြောင်၏ဖြူဖျော့ဖျော့ပုံစံလေးတွင် နေရောင်ဟပ်နေသည်။ ထိုနေရောင်လေးကြောင့် သူ့ပုံစံမှာနွေးထွေးနေ၏။ သူ့ဘေးခုံတွင် မိန်းကလေးတစ်ယောက်က စာရွက်ကိုင်ကာတစ်ခုခုမေးနေလေသည်။ အကြောင်းအမျိုးမျိုးကြောင့် ချန်ချူ့ရင်ထဲတွင်တင်းကျပ်လာပြီး သူ(မ)ငြိမ်ကျသွားကာ နှုတ်ခမ်းကိုက်လိုက်မိသည်။
ချန်ချူ့ဘေးတွင် ယုရှင်းလူကအထင်သေးစွာဖြင့်
“ငါတော့ ဟယ်ရှူ့ကို သည်းမခံနိုင်တော့ဘူး။ သူငါတို့အခန်းကို ပထမဆုံးရောက်လာတုန်းကဆို လင်းကျန်ရှန်းကို နေ့တိုင်းသွားကပ်တာ။ ဒါပေမဲ့ လင်းကျန်ရှန်းက သူ့ကိုလျစ်လျူရှုတယ်လေ။ အခု ကျောင်းသားအသစ်ချောချောလေးရောက်လာပြီဆိုတော့ သွားကပ်ပြန်ပြီပေါ့။”
ဟယ်ရှူမှာ ရိုးရိုးတန်းတွင်အဆင့်(၁)ရသဖြင့် အထူးတန်းသို့ပြောင်းလာသူဖြစ်သည်။ သို့သော် ဂုဏ်သတင်းကြီးသည့်အခန်းကိုပြောင်းလာပြီးသည်နှင့် သူ(မ)အဆင့်များက အောက်ခြေမှပင်မတက်တော့ပေ။ နောက်ဆုံးစာမေးပွဲတုန်းက အဆင့်နောက်ဆုံးရခဲ့ရာ ရိုးရိုးတန်းသို့မကြာခင်ပြန်ပြောင်းရနိုင်လေသည်။
တိုက်ခတ်နေသောလေအေးများက ချန်ချူ့ကျောင်းဝတ်စုံထဲသို့စိမ့်ဝင်နေသဖြင့် သူ(မ)တုန်နေမိသည်။ ထို့နောက် ချန်ချူက
“သွားရအောင်။ အဲ့ဒီအကြောင်းမပြောနဲ့တော့။”
သူတို့အခန်းထဲဝင်သွားချိန်တွင် ဟယ်ရှူက မေးခွန်းများမေးပြီးသွားပြီဖြစ်သည်။ ချန်ချူနှင့်ယုရှင်းလူတို့လမ်းလျှောက်လာသည်ကိုမြင်သောအခါ သူ(မ)ကဘေးဖယ်ပေး၍ ပေးသွားလိုက်လေသည်။ ယုရှင်းလူက မျက်စောင်းထိုးလိုက်ပြီး ချန်ချူ့လက်ကိုလွှတ်ကာ သူ(မ)ထိုင်ခုံထံသို့ ပြန်သွားလိုက်သည်။
အထူးတန်းတွင်မူ ကျောင်းဆင်းသွားသည့်တိုင် ကျောင်းသားအများစုက အိမ်စာလုပ်နေကြဆဲပင်။ ကျောင်းဆင်းလျှင် Self-study အချိန်ဖြစ်သောကြောင့် ချန်ချူပျင်းနေ၏။ စန္ဒရားလေ့ကျင့်ချင်စိတ်လည်းမရှိဘဲ အိမ်စာသာလုပ်နေလိုက်သည်။
“နင် စန္ဒရားလေ့ကျင့်ဖို့မသွားဘူးလား။”
ကျောင်းဆင်းသွားသည့်တိုင် သူ့ဘေးမှမိန်းကလေးမှာ ထိုင်ခုံတွင်မလှုပ်မယှက်ရှိနေသည်ကိုမြင်သဖြင့် ကုမြောင်ကမေးလိုက်လေသည်။
ဘာလဲ။ငါထိုင်နေတာကို သူကစိတ်ရှုပ်နေပြီလား။
ချန်ချူက မကျေမနပ်ဖြစ်နေပြီး မရှင်းလင်းသောအသံဖြင့်
“ငါမသွားချင်လို့ပေါ့။”
ယခင်က အမြဲတက်ကြွနေသည့်ချန်ချူ့အသံထဲတွင် ဝမ်းနည်းမှုတချို့ပါဝင်နေသည်ကို ကုမြောင်ခံစားမိလိုက်သည်။
“ဘာလို့လဲ။” ကုမြောင်က ညင်သာစွာမေးလာ၏။
ချန်ချူက ဘောပင်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားကာ မျက်တောင်လေးများက တုန်ယင်နေသည်။
“ငါ ခံစားချက်သိပ်မကောင်းလို့။ လေ့ကျင့်ချင်စိတ်လည်းမရှိဘူး။”
ပြတင်းပေါက်အပြင်ဘက်မှ ညနေခင်းလေပြေအေးကြောင့် ဟော်လီပင်များတုန်ယင်နေ၏။ ကုမြောင် ချန်ချူ့ကိုကြည့်လိုက်သည်။ ဆံသားမျှင်လေးတချို့ သူ(မ)မျက်နှာပေါ်တွင်ကျနေပြီး တောက်ပနေကျသူ(မ)မျက်လုံးလေးများက အနည်းငယ်အရောင်မှိန်နေသည်။ ကုမြောင် သူ့ကိုယ်သူပင်မသိလိုက်ဘဲ သူ၏စကားအပြောအဆိုမတတ်မှုကို စိတ်ပျက်မိသွားသည်။ သူ့နေရာတွင် အခြားကောင်လေးတစ်ယောက်သာဖြစ်ပါက စကားကောင်းလေးများပြော၍ သူ(မ)ကိုရယ်အောင်လုပ်နိုင်လိမ့်မည်။
အပြင်ဘက်မှဟော်လီပင်တို့ လေထဲတွင်ယိမ်းနေ၏။ ကုမြောင်ခေါင်းငုံ့ကာ ရှိရှိသမျှဟာသဉာဏ်တို့ကိုရှာဖွေနေသော်လည်း မည်မျှကြိုးစားသည်ဖြစ်စေ ထုတ်မပြောနိုင်ခဲ့ပေ။ သူ လက်သီးဆုပ်ကာ အချိန်အတော်ကြာအောင် ကျောက်သင်ပုန်းကိုစိုက်ကြည့်နေပြီးနောက်
“စိတ်မညစ်ပါနဲ့။”
ချန်ချူတစ်ယောက် စိတ်ပြေသွားသည်။ သူ့စကားလုံးများမှာ သူ(မ)နှလုံးသားထဲမှအထုံးကို ဖြေဖျောက်ပေးလိုက်လေသည်။ နှုတ်ခမ်းပေါ်ကအပြုံးကို မထိန်းထားနိုင်တော့ဘဲ ချန်ချူ တစ်ဖက်လှည့်ကာတစ်ခုခုပြောတော့မည့်အချိန်တွင် တစ်စုံတစ်ဦးက ကြားဝင်လာခဲ့သည်။
“ကုမြောင်။ ဒါကိုဘယ်လိုတွက်ရမလဲဟင်။”
ထိုမိန်းကလေး၏အသံမှာ နူးညံ့နေသော်လည်း ချန်ချူ့နားထဲတွင်တော့ လေအေးများတိုက်ခတ်သွားသကဲ့သို့ပင်။ ချန်ချူထုတ်ပြောတော့မည့်စကားများကို ပြန်မြိုချလိုက်ရသည်။ ချန်ချူလှည့်ကြည့်လိုက်သော် စားပွဲဘေးတွင် Physics စာရွက်ကိုင်ကာရပ်နေသည့်ဟယ်ရှူ့ကိုတွေ့လိုက်ရသည်။ ချန်ချူက အစွန်တွင်ထိုင်နေသော်လည်း ဟယ်ရှူ့အကြည့်များမှာ ချန်ချူ့ကိုကျော်၍ ကုမြောင်ထံသို့ရောက်နေလေသည်။ ချန်ချူ ရုတ်တရက် သူတို့ကြားမှလေပူဖောင်းတစ်လုံးကဲ့သို့ ကိုယ့်ကိုယ်ကိုယ်ခံစားလိုက်ရသည်။ ကုမြောင်က ဘာမှမပြောဘဲ ဟယ်ရှူ့ကိုတစ်ချက်ကြည့်လိုက်ပြီး သူ့အံဆွဲထဲမှဖြေပြီးသား Physics စာရွက်ကိုထုတ်ကာ ဟယ်ရှူ့ကိုပေးလိုက်သည်။
“ရော့။ ကိုယ့်ဘာသာကိုယ်ကြည့်လိုက်။”
“ကျေးဇူးနော်။”
ဟယ်ရှူကပြုံး၍ စာရွက်ကိုင်ကာထွက်သွားသည်။ ရှေ့ခုံမှယုရှင်းလူက မျက်စောင်းထိုးနေ၏။
စည်းကမ်းကြီးသည့် အထူးတန်းကျောင်းသားများသာရှိသောစာသင်ခန်းကြီးမှာ တိတ်ဆိတ်လျက်။ ဆရာမမရှိသည့်တိုင် ကိုယ့်စာကိုယ်လုပ်နေကြသည်။ ပုစ္ဆာများအကြောင်းကို တီးတိုးဆွေးနွေးနေသူ အနည်းငယ်သာရှိ၏။
“နင်ခုနက ဘာပြောမလို့လဲ။” ကုမြောင်က ပြန်မေးလိုက်သည်။
ချန်ချူလည်း ဂရုမစိုက်သလိုကြည့်လိုက်ပြီး “ဘာမှမဟုတ်ပါဘူး။”
ချန်ချူ့မျက်နှာမှာ အစောပိုင်းကလောက်မအေးစက်နေတော့သဖြင့် ကုမြောင်အနည်းငယ်စိတ်ချသွားကာ
“ဟုတ်ပါပြီ။’
ညနေရောက်လာသည်နှင့် စာသင်ခန်းထဲတွင်မီးဖွင့်လိုက်သည်။ ချန်ချူက ပုစ္ဆာတချို့ကိုတွက်နေရင်းနှင့် ကုမြောင်ကိုလှမ်းခေါ်ကာ
“နင်ဒါကိုဘယ်လိုတွက်လဲ။”
၎င်းမှာ အစောပိုင်းကဟယ်ရှူမေးသည့်ပုစ္ဆာပင်။ သို့သော် ချန်ချူမေးလိုက်သည့်အခါတွင်တော့ ကုမြောင်က ဘောပင်ကိုချက်ချင်းချကာ စာရွက်ကိုကြည့်လိုက်ပြီး သေသေချာချာရှင်းပြလေသည်။
“အရင်ဆုံး Force ကိုရှာရမယ်။ ပြီးမှ…။”
မီးရောင်အောက်တွင် ကောင်လေးမှာခေါင်းငုံ့၍စာရှင်းပြနေပြီး သူ့နှာခေါင်းပေါ်မှမျက်မှန်ကိုလည်း တွန်းတင်လိုက်လေသည်။ သူ့အသံမှာ တိုးတိုးရှရှပင်။
“နားလည်သွားပြီလား။”
နောက်ဆုံးတွင် သူ့မျက်လုံးများနှင့် မက်မွန်ပွင့်မျက်လုံးလေးတို့ အကြည့်ချင်းဆုံသွားကြသည်။ ချန်ချူက မျက်နှာကိုလက်ဖြင့်ထောက်ကာ ကုမြောင်ကိုကြည့်လိုက်သည်။ ထိုအချိန်တွင် သူ(မ)မျက်လုံးလေး၌ အလင်းရောင်လေးပေါ်လာ၏။ စင်္ကြံလမ်းတွင် ကျောင်းသားများပြေးလွှားနေသဖြင့် ခြေသံများဆူညံနေသည်။ သို့သော် ကုမြောင်ကမူ သူ့ရင်ထဲမှဆူညံနေသည့်အသံကိုသာခံစားမိသည်။ သူ လက်တုန်နေပြီး လက်ထိပ်များဖျော့တော့လာသည်။ သူ့မျက်လုံးများကို ဖုံးကွယ်ထားလိုက်ပြီး ညင်သာသောအသံလေးဖြင့်
“နား-နားလည်ပြီလား။”
ချန်ချူက ဖြည်းဖြည်းချင်းခေါင်းညိတ်ကာ “အင်း။ နားလည်ပြီ။”
အပြင်ဘက်မှကောင်းကင်တို့ညိုမည်းလာပြီး နေဝင်သွားခဲ့သည်။ စာသင်ခန်းကတော့တိတ်ဆိတ်ဆဲပင်။
ချန်ချူက စနောက်ဟန်ဖြင့် ပြုံးလိုက်ပြီး
“နင်ကတော့ ငါတို့နှစ်ယောက်စလုံးကို သေသေချာချာရှင်းပြသွားတာ တကယ်ဆရာကျနေတာပဲ။”
ကုမြောင်၏မျက်နှာတစ်ခုလုံး တစ်ဖန်နီလာပြီး ချက်ချင်းပင်ငြင်းဆန်လိုက်သည်။
“မဟုတ်ဘူး။ သူငါ့ကိုလာမေးတုန်းက ငါကစာရွက်ပဲပေးလိုက်တာ။ ငါသူ့ကိုဘာမှမရှင်းပြလိုက်ဘူး။”
သူ့ရှင်းပြချက်များကို ချန်ချူနှင့် ယခင်အတန်းမှသူငယ်ချင်းအချို့ကလွဲ၍ မည်သူကနားထောင်မည်နည်း။
“ဪ အင်းပါ။”
ချန်ချူ့နှုတ်ခမ်းထက်တွင် ပြုံးရိပ်သန်းလာပြီး သူ(မ)မျက်နှာလေးလည်းလင်းလာသည်။ သူ(မ)စိတ်ထဲမှဒေါသများ အရည်ပျော်ကျကာပျောက်ကွယ်သွားချေပြီ။ သူ(မ)မျက်နှာလေးကိုငေးကြည့်မိသည်နှင့် ကုမြောင် စိတ်လှုပ်ရှားကာ ခံစားချက်များကိုဖုံးကွယ်လိုက်ပြီးနောက်
“အိမ်စာလုပ်ရအောင်။”
ထိုထက်ပိုသောစကားလုံးများကို ထပ်ပြောရန်ကြိုးစားလိုက်သော်လည်း ကုမြောင်မပြောနိုင်ခဲ့ပေ။ ကျောင်းဆင်းခါနီးသည်နှင့် စာသင်ခန်းထဲတွင် ကျောင်းသားများအလုပ်များကုန်၏။ သောကြာနေ့ဖြစ်ရာ သူတို့ပစ္စည်းများကို သေသေချာချာသိမ်းဆည်းနေကြလေသည်။ သူတို့ရှေ့မှ ယုရှင်းလူကလှည့်လာပြီး စိတ်အားတက်ကြွစွာဖြင့်
“ချူချူ။ နောက်နှစ်ပတ်နေရင် အားကစားပွဲရှိမယ်ပြောတယ်။ နင်ဘယ်အားကစားအတွက် စာရင်းပေးမှာလဲ။”
“မသိသေးဘူး။”
“ငါရောပဲ။ ပြီးမှကြည့်ကြတာပေါ့။”
ယုရှင်းလူကပြန်လှည့်သွားပြီး ကျောပိုးအိတ်ကိုလွယ်ကာ ကျောင်းဆင်းချိန်ကိုတွက်ချက်နေသည်။ စာသင်ခန်းကြီးတစ်ခုလုံးကလည်း လှုပ်လှုပ်ရွရွဖြစ်နေ၏။
“ကုမြောင်။”
ဘေးဘက်မှတစ်ယောက်ယောက်က ညင်သာစွာခေါ်လိုက်သည်။ ချန်ချူလှည့်ကြည့်လိုက်သော် ၎င်းမှာ ဟယ်ရှူဖြစ်နေ၏။ ဟယ်ရှူက ကုမြောင်ကို Physics စာရွက်ပြန်ပေးလိုက်ပြီး
“ကျေးဇူးပဲနော်။ ဒါပေမဲ့လေ ငါအဲ့ဒီမေးခွန်းကိုခုထိနားမလည်သေးလို့။ နင်ငါ့ကိုရှင်းပြပေးလို့ရမလားဟင်။”
ကုမြောင်နှင့်ချန်ချူက နောက်ခုံတွင်ထိုင်နေသည်ကို ဟယ်ရှူက သူတို့နှစ်ယောက်ကြားသို့ဝင်ထိုင်၍ ချန်ချူ့ဘက်ကိုကျောပေးကာ
“ဒီမေးခွန်းထဲက Force ကို သိပ်နားမလည်တာ။”
ယုရှင်းလူက ဟယ်ရှူ့ကိုမျက်စောင်းထိုးနေ၏။ သို့သော် ဟယ်ရှူကဂရုမစိုက်ဘဲ ကုမြောင်ကိုသာအတင်းကပ်နေသည်။ သူတို့ကြားမှရာသီဥတုက သိပ်မကောင်းလှပေ။ ချန်ချူက လည်ချောင်းရှင်းကာ ဟယ်ရှူ့နောက်ကျောကိုဘောပင်နှင့်ပုတ်လိုက်ပြီး
“ငါအဲ့မေးခွန်းကိုတွက်တတ်တယ်။ ငါရှင်းပြမယ်လေ။”
ဟယ်ရှူက ချန်ချူ့ဘက်သို့လှည့်လာပြီး
“ဒါပေမဲ့…။”
ချန်ချူက ပြုံးလျက်
“ဘာမှမစိုးရိမ်နဲ့။ ကုမြောင်ခုနကလေးတင် ငါ့ကိုရှင်းပြထားလို့ ငါသေချာနားလည်တယ်။ ဒါပေမဲ့လေ နင်ဒီမှာမထိုင်ဘဲနဲ့ ဟိုနားမှာမတ်တတ်ရပ်ပြီးနားထောင်ပေးလို့ရလား။ နင်ရှိနေတာနဲ့ ငါသက်သောင့်သက်သာမဖြစ်လို့။”
ဟယ်ရှူက တွန့်ဆုတ်ဆုတ်နှင့် အဝေးသို့လမ်းလျှောက်သွားတော့သည်။ ကျောင်းဆင်းခေါင်းလောင်းတီးသည်နှင့် ချန်ချူက ဟယ်ရှူ့ကိုစိတ်ရှည်လက်ရှည် စာရှင်းပြခဲ့သည်။ နောက်ဆုံးတွင်မူ သူ(မ)ကချိုသာသောအသံလေးဖြင့်
“နောက်တစ်ခါနင်မသိတဲ့မေးခွန်းတွေရှိရင် ငါ့ကိုအမြဲလာမေးနော်။ အားမနာနဲ့။”
(A/N – ချန်ချူဘာလို့ရုတ်တရက်ကြီးစိတ်ဆိုးသွားလဲဆိုတာ ကုမြောင်မသိဘူးဖြစ်နေတယ် ╮(. ❛ ᴗ ❛.)╭ )
*****
Aurora Novel Translation Team