Chapter 34
Haishi မြို့၌ ဆောင်းနှင့်နွေ အကူးအပြောင်းသီးသန့်မရှိပေ။ ညတွင်းချင်းပင် လေအေးများပျောက်ကွယ်သွားပြီး သစ်ပင်တို့တွင် ဖူးသစ်စအဖူးသစ်လေးများမြင်လာရသည်။ မတ်လအစောပိုင်းသို့ရောက်သော် ကျောင်းသားများသည် ဆောင်းရာသီကျောင်းဝတ်စုံတို့ကိုဖယ်ကာ အရောင်အသွေးစုံလင်သည့်နွေဦးကျောင်းဝတ်စုံကို ပြောင်းလဲဝတ်ဆင်လာကြလေပြီ။
ယုရှင်းလူပြောသည်မှာ မှန်ပေ၏။ ယခုအပတ် အတန်းအစည်းအဝေးတွင် အတန်းပိုင်ဆရာမက အားကစားပွဲအကြောင်းကြေညာခဲ့သည်။ သို့သော် အထူးတန်းမှကျောင်းသူကျောင်းသားများမှာ အားကစားကိုစိတ်မဝင်စားကြပေ။ ယောက်ျားလေးများမှာ လူများသဖြင့် အားကစားကိုလူစုခွဲ၍ ပါဝင်နိုင်ကြသော်လည်း မိန်းကလေးအရေအတွက်မှာ နည်းပါး၏။ ရက်အနည်းငယ်ကြာသည့်တိုင် အားကစားအချို့တွင် စာရင်းပေးသူမရှိသေးပေ။ ထိုစာရင်းအလွတ်ကိုကြည့်၍ အတန်းပိုင်ဆရာမကစိတ်ပူလာပြီးနောက်ဆုံးတွင် မိန်းကလေးတစ်ယောက်ချင်းစီကို ကစားပွဲတစ်ခုစီတွင်ပါဝင်ရမည်ဟုကြေညာလိုက်သည်။ ချန်ချူက အထူးတန်းသို့နောက်ကျမှရောက်လာသူဖြစ်သဖြင့် နောက်ဆုံးကျန်သည့် မီတာ(၁၂၀၀)အပြေးပြိုင်ပွဲကို ဝင်ပြိုင်လိုက်ရသည်။
အားကစားကော်မတီအဖွဲ့ဝင်မှာ အရပ်မြင့်မြင့်၊ သန်သန်မာမာကောင်လေးဖြစ်၏။ စိတ်ညစ်နေသောမျက်နှာဖြစ်နေသည့်ချန်ချူ့ကိုမြင်သော် သူက
“တစ်ယောက်ယောက်ကိုရှာပြီးလူလဲခိုင်းလိုက်ပါလား။”
နွေဦးရာသီ၏ နေရောင်ခြည်လေးဖျာကျနေ၏။ သူ့ရှေ့မှမိန်းကလေးမှာ နွေးထွေးသည့်နေရောင်ထဲတွင် မတ်တတ်ရပ်နေသည်။ သူ(မ)မျက်နှာလေးက နှင်းကဲ့သို့ဖြူဖွေးနေပြီး ကျောင်းဝတ်စုံကလည်း သူ(မ)ကောက်ကြောင်းလေးနှင့်လှပနေသည်။ သူ(မ)ပုံစံမှာ နူးနူးညံ့ညံ့လေးဖြစ်သဖြင့် နည်းနည်းပြေးလိုက်သည်နှင့်မေ့လဲသွားလိမ့်မည်ဟု အားကစားကော်မတီအဖွဲ့ဝင်ကောင်လေးကတွေးလိုက်သည်။
ချန်ချူက သက်ပြင်းချကာ “ထားလိုက်ပါတော့။”
နောက်ဆုံးကျန်တဲ့နေရာဆိုမှတော့ ဘယ်သူမှမလိုချင်တဲ့နေရာပဲနေမှာပေါ့။
သူ(မ) စာရင်းသွင်းနောက်ကျသည်ဖြစ်ရာ ထိုကံတရားကိုသူ(မ)လက်ခံရမည်ပင်။ သို့သော် မီတာ(၈၀၀)ပြိုင်ပွဲတုန်းကတောင် သူ(မ) တစ်ပတ်အချိန်ယူ၍ စိတ်ကိုကြိုတင်ပြင်ဆင်လိုက်ရလေသည်။ ယခုတွင် မီတာ(၁၂၀၀)ပြိုင်ပွဲဖြစ်ရာ ပြင်ဆင်ချိန်တစ်လလောက်လိုလိမ့်မည်။
နွေဦးလေပြေလေးတိုက်ခတ်နေပြီး ကစားကွင်းမှသစ်ပင်များ ယိမ်းနွဲ့နေကြသည်။
“ဒီတစ်ခေါက် ဘယ်နှမိနစ်ကြာလဲ။”
ချန်ချူ့ဆံပင်များတွင် ချွေးများစိုနေပြီး မျက်နှာတွင်လည်းဆံပင်အချို့ကပ်နေ၏။
လက်ထဲတွင်ကိုင်ထားသည့်အချိန်မှတ်နာရီလေးကိုကြည့်လိုက်ပြီး ကုမြောင်က
“(၆)မိနစ်နဲ့ (၄၅)စက္ကန့်”
ချန်ချူ့နဖူးနုနုလေးပေါ်မှ ချွေးစက်တို့ကျလာသည်။ ထိုချွေးစက်တို့ကို လက်ဖြင့်သုတ်လိုက်ပြီး မသဲကွဲတော့သည့်အသံဖြင့်
“ဒုက္ခပဲ။ ဒီလိုသာပြေးနေရင် ငါဘိတ်ချီးပဲရမှာသေချာတယ်။”
“မဟုတ်တာ။ နင် တော်တော်လေးတိုးတက်လာပါပြီ။”
ကုမြောင်က ညင်သာသည့်အသံလေးဖြင့် သူ(မ)ကိုနှစ်သိမ့်လိုက်၏။ အစပိုင်းတွင်တော့ စံချိန်မမီခဲ့သော်လည်း တဖြည်းဖြည်းနှင့် (၇)မိနစ်ခွဲ၊ (၇)မိနစ်ဖြစ်လာပြီး လတစ်ဝက်ရောက်သော် သူ(မ)ဖြည်းဖြည်းချင်းတိုးတက်လာခဲ့သည်။ ချန်ချူမှာ စိန်ခေါ်မှုများထံမှထွက်ပြေးတတ်သူမဟုတ်ပေ။ သူ(မ)သည် ချမ်းသာသောမိသားစုတွင်မွေးဖွားလာရပြီး မိသားစု၏ချစ်ခြင်း၊ ကာကွယ်ပေးခြင်းတို့ကိုခံရသော်လည်း သူ(မ)တွင် ဒဏ်ခံနိုင်သည့်ပုံစံတစ်ခုရှိသည်။ သူ(မ)တွင် အခက်အခဲများကိုရှောင်ပြေးတတ်သည့်အကျင့်မရှိ၊ အရေးကြုံလာလျှင် ထိပ်တိုက်ရင်ဆိုင်တတ်လေသည်။ သို့သော် အပြေးပြိုင်ပွဲတွင်ပြေးနိုင်ရန်မှာ ရက်အနည်းငယ်နှင့်ကျွမ်းကျင်နိုင်သည့်အရာမဟုတ်ပေ။
သူ(မ) နှုတ်ခမ်းကိုတင်းတင်းစေ့ထား၏။ ပြေးပြီးသည့်နောက် ရင်ဘတ်တွင် တင်းကျပ်မှုတစ်ခုကိုခံစားနေရသည်။ သူ(မ)စကားပြောသည့်အခါ သူ(မ)အသံက အားမရချင်စရာဖြစ်နေ၏။
“နင်သာငါ့ကိုဦးဆောင်ပြီးလေ့မကျင့်ပေးရင် ငါတစ်နေကုန်မပြေးနိုင်လောက်ဘူးထင်တယ်။”
အစပိုင်းတွင် ချန်ချူမှာ အကွာအဝေးအပြည့်ပင်မပြေးနိုင်ပေ။ နောက်တစ်ကြိမ်လေ့ကျင့်လျှင် သူဦးဆောင်ပေးမည်ဟု ကုမြောင်ကပြောလာသဖြင့် ကုမြောင်၏ဦးဆောင်မှုနောက်မှ သူ(မ)လိုက်ကျင့်ခဲ့သည်။ ၎င်းမှာ မှန်ကန်သောရွေးချယ်မှုဖြစ်လာပြီး ကုမြောင်၏အကူအညီဖြင့် ချန်ချူလျင်မြန်စွာတိုးတက်လာခဲ့သည်။
ကုမြောင်၏မျက်လုံးများက လေးနက်နေသော်လည်း သူ့အသံမှာ လေညင်းလေးကဲ့သို့ညင်သာနေ၏။
“နင်အများကြီးတိုးတက်လာပါတယ်။ ဒီပြိုင်ပွဲလောက်တော့ နင်လုပ်နိုင်တာသေချာတယ်။”
သူ့အားပေးမှုက ချန်ချူ့ကိုအနည်းငယ်ပူပန်သွားစေသည်။ ထို့ကြောင့် ချန်ချူက သူ့ကိုမော့ကြည့်လိုက်ပြီး
“ဒါပေမဲ့ နောက်လေးငါးရက်နေရင် ငါပြိုင်ပွဲဝင်ရတော့မှာလေ။”
သူ(မ) အသက်ပြင်းပြင်းရှူလိုက်ပြီး မြက်ခင်းပေါ်တွင်ထိုင်ချလိုက်တော့သည်။ သူ(မ)ရှေ့တွင်ရပ်နေသောကုမြောင်ကို မော့ကြည့်လိုက်ပြီး သူ(မ)ဘေးမှမြက်ခင်းကိုလက်ဖြင့်ပုတ်ပြကာ ညင်သာသောအသံလေးဖြင့်
“လာထိုင်ပါဦး။”
ကုမြောင် တစ်ခဏတုံ့ဆိုင်းနေပြီးမှ ချန်ချူနှင့်ခပ်လှမ်းလှမ်းတွင်ဝင်ထိုင်လိုက်သည်။အချိန်အတိုင်းအတာတစ်ခုကြာသည်အထိရှက်နေပြီးမှ ကုမြောင်က
“ပြိုင်ပွဲနေ့ကျရင် နင်ပြေးရမဲ့ပန်းတိုင်နေရာမှာ ငါနင့်ကိုစောင့်နေမယ်။”
“ဟင်။ ပြိုင်ပွဲဝင်နေတုန်းဆို ပြေးလမ်းထဲကို cheerleader တွေကလွဲလို့ တခြားသူတွေကိုပေးမဝင်ဘူးမဟုတ်လား။”
ချန်ချူမေးလိုက်၏။ ပြိုင်ပွဲအတွင်း ဆူပူမှုကိုတားဆီးထားရန် ကျောင်းကထိုစည်းမျဥ်းကိုချမှတ်ထားလေသည်။ ကုမြောင် တစ်ခဏတိတ်သွားပြန်ပြီးနောက်
“ငါနည်းလမ်းရှာကြည့်မယ်။”
*****
အားကစားကော်မတီအဖွဲ့ဝင်’ရန်ခိုင်’မှာ အားကစားပွဲနှင့်အလုပ်များနေ၏။ သို့သော် နေ့လယ်တုန်းကထက်အဆ(၁၀၀)ပိုဆိုးသည့် ခေါင်းကိုက်စရာအကြောင်းအရာတစ်ခုနှင့်ကြုံရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူ့ရှေ့မှအရပ်မြင့်မြင့်လူငယ်လေးကို မျက်မှောင်ကြုတ်၍ကြည့်နေမိသည်။ ထိုကောင်လေး၏မျက်နှာတွင် နွေဦးနေရောင်လေးဖြာကျနေသော်လည်း သူ့မျက်ခုံးများကြားတွင် အေးစက်စက်နှင့်ဂရုမစိုက်တတ်သောအနေအထားကိုတွေ့ရ၏။ ထိုကောင်လေးက နှုတ်ခမ်းကိုစေ့ကာ ခက်ခက်ခဲခဲနှင့် စကားစပြောလာသည်။
“ငါ Cheerleader အဖွဲ့မှာပါချင်လို့။”
“လာနောက်နေတာလား။ ဒါမှမဟုတ် မင်းရူးနေတာလား။”
ရန်ခိုင်အလွန်လန့်သွားပြီး ထိုင်ခုံမှပင်ပြုတ်ကျလုမတတ်ဖြစ်သွားခဲ့သည်။ သို့သော် သူ့ရှေ့ကကောင်လေးကမူ စိတ်ဆုံးဖြတ်ပြီးသား အတည်ပေါက်မျက်နှာထားနှင့်ပင်။ ရန်ခိုင် စိတ်ရှုပ်လာပြီး သူ့ကိုထပ်မေးလိုက်သည်။
“မင်းအိပ်ငိုက်နေတာလား။ အိပ်နေတုန်းစကားထပြောတာလား။ ဘာလဲကွာ။”
Cheerleader အသင်းတွင် အတန်းတစ်တန်းစီမှ လူသုံးယောက်စီပါဝင်၏။ အသံအောင်သည့် မိန်းကလေး၊ ယောက်ျားလေး သို့မဟုတ် Cheerleader အသင်းကိုဆင်ခြေတစ်ခုအဖြစ်အသုံးပြုနိုင်သော ရန်ခိုင်ကဲ့သို့ အားကစားကော်မတီအဖွဲ့ဝင်များသာ ထိုနေရာတွင်ပါဝင်ရသည်။ ရန်ခိုင်က ကုမြောင်ကိုမသိပေ။ ကုမြောင်မှာ အထူးတန်းသို့မကြာသေးခင်ကမှပြောင်းလာပြီး ခပ်အေးအေးသာနေတတ်သဖြင့် လူတိုင်းနှင့်ရောရောနှောနှောမရှိပေ။ ခုမှသာ သူတို့နှစ်ယောက်ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။ ထိုသို့ ရုတ်တရက်ကြီးဆုံရမည်ဟုလည်း မည်သူမျှမထင်ထားခဲ့ကြပေ။
နေဝင်ချိန်သို့ရောက်သော် စာသင်ခန်းလေးမှာ အိပ်မက်ဆန်ဆန် လိမ္မော်ရောင်သန်းနေ၏။ ကုမြောင်၏မျက်လုံးလေးထဲတွင် ထိုနေရောင်တို့အလင်းပြန်ကာ နူးညံ့မှုကိုပြသနေသည်။ သူက ရန်ခိုင့်ကို အတည်ပေါက်မျက်နှာထားနှင့်ကြည့်ကာ
“နောက်နေတာမဟုတ်ဘူး။ ငါတကယ်ပါချင်လို့။”
ရန်ခိုင် ပြောစရာစကားပင်မရှိတော့ပေ။
“ဒါပေမဲ့ ငါတို့အတန်းအတွက် Cheerleader အဖွဲ့မှာ လူပြည့်နေပြီလေ။ ငါရယ်၊ ယုရှင်းလူရယ်၊ လျိူရန်ရန်ရယ်။ ငါက အားကစားကော်မတီအဖွဲ့ဝင်ဆိုတော့ အတန်းပိုင်ဆရာမက ငါ့ကိုထည့်ထားတာ။”
ကုမြောင်စိတ်ပျက်ကာ ခေါင်းငုံ့သွား၏။ သူတို့နှစ်ယောက် အရပ်အမြင့်ချင်းတူသော်လည်း ကုမြောင်က ပိုပိန်လေသည်။ ကုမြောင် ခေါင်းငုံ့လိုက်သည့်အခါ အစာပျောက်သွားသည့်ခွေးလေးကဲ့သို့ အလွန်သနားစရာကောင်းနေတော့သည်။ ရန်ခိုင်က လည်ချောင်းရှင်းလိုက်ပြီး စကားကို ဖြည်းဖြည်းချင်းပြောလိုက်သည်။
“မင်းတကယ်ပါချင်တာဆိုရင် ယုရှင်းလူနဲ့လျိုရန်ရန့်ကိုသွားမေး။ သူတို့နှစ်ယောက်ထဲကတစ်ယောက်က ဖယ်ပေးမယ်ဆိုရင်တော့ သူတို့နေရာကိုမင်းဝင်လို့ရမယ်။”
ကုမြောင်၏မျက်လုံးများ အရောင်လက်သွားကာ
“တကယ်လား။ ကျေးဇူးတင်ပါတယ်။”
စိတ်လှုပ်ရှားမှုနှင့် ကျေးဇူးသိတတ်မှုအပြည့်ပါဝင်နေသည့် ကုမြောင်အသံက ရန်ခိုင့်ကို ခံစားသွားရစေခဲ့သည်။ မကြာသေးခင်ကမှ သူတို့အတန်းကိုရောက်လာသည့်ကုမြောင်မှာ အတန်းအတွက်ပါဝင်လိုစိတ်များ ထိုမျှပြင်းထန်နေလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ ရန်ခိုင်က ကုမြောင်ပခုံးကိုလှမ်းပုတ်လိုက်ပြီး
“ကျေးဇူးတင်စရာမလိုပါဘူးကွာ။ ငါတို့အားလုံးက အတန်းကိုအကောင်းဆုံးဖြစ်စေချင်ကြတာပဲလေ။ ဒါပေမဲ့ ငါတစ်ခုတော့သတိပေးလိုက်မယ်။ အဲ့ကောင်မလေးနှစ်ယောက်က လွယ်တော့မလွယ်ဘူးနော်။ မင်းသူတို့နဲ့စကားပြောရင် ဂရုတော့စိုက်ဦး။”
“အင်းပါ။ ကျေးဇူးပါပဲ။”
ကုမြောင် လေးလံစွာခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများထဲတွင်မူ ကျေးဇူးသိစိတ်များသိသာနေသည်။
“ထားလိုက်စမ်းပါကွာ။ ဘာမှမဟုတ်တဲ့ဟာကို။”
ရန်ခိုင်က ခင်မင်တတ်၏။ သူက ကုမြောင်ကိုပခုံးဖက်လိုက်ပြီး
“ငါတို့က ညီအစ်ကိုတွေပဲလေ။ ကျေးဇူးတင်စရာမလိုဘူး။”
*****
အားကစားကွင်း၌။
နွေဦးဖြစ်သဖြင့် သစ်ပင်များတွင် ရွက်သစ်လေးများဝေနေကြပြီး ငှက်များကတကျီကျီအသံပြုနေသဖြင့် အားကစားဝန်းတစ်ခုလုံး သက်ဝင်လှပနေသည်။ ယုရှင်းလူက ပြေးလမ်းဘေးတွင်ရပ်ကာ ချန်ချူ့ကို ရေဗူးကမ်းပေးလိုက်သည်။
“စိတ်မလှုပ်ရှားနဲ့ ချူချူ။ ဆရာမကပြောတယ်။ နင်ပြိုင်ပွဲဝင်ပြီးတာနဲ့ ငါတို့အတန်းက အဆင့်ကောင်းပြီတဲ့။ ဒီအားကစားရမှတ်ကို စိတ်ပူနေစရာမလိုဘူး။ ဝင်ပြိုင်ရင်ရပြီ။”
“အင်းပါ။”
ရေဗူးကိုင်ထားသော ချန်ချူ့လက်တို့တုန်ယင်နေသော်လည်း သူ(မ)ဘေးမှယုရှင်းလူက သူ(မ)အတွက် စိတ်လှုပ်ရှားနေသဖြင့် သူ(မ)ကိုအားပြန်ပေးရသေး၏။
“ငါအဆင်ပြေပါတယ်။ ငါလေ့ကျင့်လာတာ တစ်လကျော်တောင်မှကို။”
အနီရောင်လက်ပတ်နှင့်အတန်းဖော်တစ်ယောက်က ချန်ချူ့ကိုလှမ်း၍
“နင် ချန်ချူမဟုတ်လား။ မြန်မြန်အဆင်သင့်ပြင်တော့။ ပွဲစတော့မယ်။”
ထိုအခါ ယုရှင်းလူက ချန်ချူ့လက်ကိုတင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး
“သွားတော့ချူချူ။ ငါနင့်ကိုပန်းတိုင်မှာစောင့်နေမယ်။”
“အေးပါ။”
လူအုပ်ကြီး၏အားပေးသံတို့က ကွင်းကြီးတွင်ပြည့်နှက်သွား၏။ အတန်းတစ်တန်းချင်းစီ၏ cheerleader အဖွဲ့ကလည်း အားကျမခံ အပြိုင်အဆိုင်အားပေးနေကြသည်။ ပြိုင်ပွဲမစခင်က ချန်ချူ ပန်းတိုင်ဘက်ကိုကြည့်လိုက်သော်လည်း ကုမြောင်ကိုမတွေ့ရပေ။ ပြေးလမ်းတွင် ချော်မလဲစေရန် ကျောက်စရစ်ခဲများဖြင့် လမ်းကြောင်းတားထားရာ ထူးဆန်းသည့်ခံစားချက်မျိုးကိုပေးစွမ်းနေသည်။ ပြေးလမ်းပေါ်မှာ နေရာခွဲထားသည့်မျဥ်းများကိုကြည့်ကာ ချန်ချူ့စိတ်ထဲတွင်ဗလာဖြစ်သွားသည်။ သို့သော် ဒိုင်လူကြီးက အဆင်သင့်ပြင်ရန်ပြောနေပြီဖြစ်သဖြင့် သူ(မ) အနေအထားပြင်ရန်အာရုံစိုက်လိုက်တော့သည်။
စထွက်သေနတ်သံဖောက်လိုက်သည်နှင့် ပြိုင်ပွဲဝင်ကောင်မလေးတို့က ဝှစ်ခနဲ တာထွက်ကြသည်။ ချန်ချူ့ပါးပြင်တွင် လေပြေနွေးလေးများတိုက်ခတ်နေသဖြင့် စိတ်ပူပန်နေသမျှခံစားချက်အားလုံး လွင့်စဥ်သွား၏။ တစ်ချက်၊နှစ်ချက်စသည်ဖြင့် သူ(မ)နှလုံးခုန်နေပြီးနောက် ကျောက်ခဲချွန်ချွန်တစ်ခုက သူ(မ)ရင်ဘတ်ကိုပိတ်ဆို့ထားသကဲ့သို့ ထုံကျဥ်ကျဥ်နာကျင်မှုမျိုးကိုခံစားလိုက်ရပြီး သူ(မ) အသက်ရှူကျပ်သွားသည်။ သူ(မ)ဘေးမှတစ်ယောက်ပြီးတစ်ယောက်ဖြတ်သွား၏။ သူ(မ)လည်း ခံစားနေရသည့်နာကျင်မှုကိုအံကြိတ်သည်းခံကာ မြန်မြန်ပြေးလေသည်။ သို့သော် အရှေ့တွင်ဘာမှမရှိ။ အဝေးမှဟော်လီပင်တို့စိမ်းလန်းနေပြီး မည်သူမျှလည်းအရှိန်မလျှော့ကြပေ။ သူ(မ)နောက်လှည့်ကြည့်လိုက်သော် “တောင့်ခံထားဦး။ နည်းနည်းပဲလိုတော့တယ် ပန်းတိုင်ရောက်တော့မှာ။”ဟု ညင်သာစွာပြောမည့်သူလည်း မည်သူမျှမရှိချေ။
လေထဲတွင် ကျောက်စရစ်များပါဝင်နေသကဲ့သို့ သူ(မ)အသက်ရှူလိုက်သည်နှင့် လည်ချောင်းနှင့်အဆုတ်တွင် စူးရှစွာနာကျင်သွားလေသည်။ ပန်းတိုင်ရောက်ခါနီးတွင် ချန်ချူ အသိစိတ်မကပ်တော့သည်ကို မိမိကိုယ်ကို သတိထားမိလိုက်သည်။ ပန်းတိုင်အနီးတွင် အားပေးသံများညံနေသော်လည်း ချန်ချူကတော့ ဝိုးတဝါးသာကြားရတော့သည်။ ရုတ်တရက် နွေဦးလေညင်းလေးတိုက်ခတ်လာပြီး လေနှင့်အတူပါလာသောအားပေးသံလေးက ချန်ချူ့နားထဲသို့ဝင်ရောက်လာသည်။
“ချန်ချူ။ အားတင်းထား။”
ထိုအသံလေးမှာ အနည်းငယ်တုန်ယင်နေသည်။ ချန်ချူ အားအင်ပြန်လည်စုစည်းလိုက်ပြီး လှမ်းကြည့်လိုက်သော် အားကစားကွင်းကျယ်ကြီးတွင် အရပ်မြင့်မြင့်ကောင်လေးကိုတွေ့လိုက်ရသည်။ ထိုကောင်လေးမှာ ပန်းတိုင်မှ cheerleader အဖွဲ့ထဲတွင် မိန်းကလေးများနှင့်အတူမတ်တတ်ရပ်နေပြီး သူ့လက်ထဲတွင် အောင်လံကြီးကိုလည်းကိုင်ထားသေးသည်။ သို့သော်မကြာမီပင် အခြားအတန်းမှအားပေးသံများက သူ့အသံကိုလွှမ်းမိုးသွား၏။ ထိုသို့လွှမ်းမိုးသွားသည့်တိုင် သူက အောင်လံကိုကိုင်ထားဆဲဖြစ်ပြီး သူ့ဘေးမှအရာအားလုံးကိုလျစ်လျူရှုထားလေသည်။ သူ အံကြိတ်ကာနောက်တစ်ကြိမ်ထပ်အော်လိုက်၏။
“ချန်ချူ အားတင်းထား။ ချန်ချူ အားတင်းထား။”
ကောင်လေးမှာ အလွန်ရှက်တက်ပြီး အရာအားလုံးကိုစိတ်ထဲတွင်သာသိမ်းဆည်းထားတတ်သည်။ သို့သော် ယခုတွင်မူ ထိုကောင်လေးက အောင်လံကြီးကိုကိုင်၍ သူ(မ)အတွက်တစ်ကမ္ဘာလုံးကြားအောင် အားပေးနေလိမ့်မည်ဟု ချန်ချူ ဘယ်တုန်းကမှမထင်ထားခဲ့ဖူးပေ။ သူ(မ)၏နာကျင်မှုများကို အင်အားတစ်ခုကအနိုင်ယူသွားပြီး ထိုအင်အားက သူ(မ)၏သွေးကြောများထဲမှတစ်ဆင့် တစ်ကိုယ်လုံးသို့လည်ပတ်သွားလေသည်။ ချန်ချူ အရှိန်ပြန်ထိန်းကာ ရှေ့သို့ဆက်ပြေးလိုက်၏။ နားထဲသို့ လေများတဝှီဝှီတိုးဝင်နေကာ နှလုံးခုန်သံလည်းအလွန်မြန်နေပြီး တုန့်ဆိုင်းခြင်းမရှိစွာရှေ့သို့ပြေးနေလိုက်သည်။ ရှေ့တွင် သူ(မ)ကိုစောင့်နေသည့်သူရှိ၏။ တဖြည်းဖြည်းနှင့် သူ(မ) တစ်ယောက်ကိုကျော်တက်လာနိုင်သည်။ ထို့နောက် နှစ်ယောက်၊ နောက်ဆုံးတွင် (၄)ယောက်ကိုကျော်တက်ကာ ပန်းတိုင်မျဥ်းကိုဖြတ်လိုက်တော့သည်။ ပြိုင်ပွဲအဆုံးသတ်ဝီစီသံမှာ သူ(မ)ခန္ဓာကိုယ်ထဲမှမီးတောက်များကိုငြိမ်းသတ်လိုက်သကဲ့သို့ပင်။ ထိုအခိုက်အတန့်တွင် ပင်ပန်းနေသည့် သူ(မ)တစ်ကိုယ်လုံးကို အားလျှော့လိုက်တော့သည်။ ဗုန်းခနဲအသံကျယ်ကြီးနှင့်အတူ သူ(မ) ပြေးလမ်းပေါ်တွင်လဲကျသွား၏။ အမြင်အာရုံများလည်းဝေဝါးလာကာ စိတ်ထဲတွင် ကုမြောင်အသံကိုကြားလိုက်သည်ကိုသာ မှတ်မိတော့သည်။
(A/N – ကုမြောင်က နည်းနည်းရှက်စရာကောင်းတဲ့လုပ်ရပ်ကိုလုပ်ခဲ့ပေမဲ့ သူလုံးဝနောင်တမရပါဘူးတဲ့ (。•̀ᴗ-)✧)
(T/N – အားကျပါတယ်။မီတို့မရနိုင်တဲ့ဘဝတွေပါ ༎ຶ‿༎ຶ)
*****
Aurora Novel Translation Team