Chapter 35
ချန်ချူ မျက်လုံးပွင့်သည့်အခါ အဖြူရောင်မျက်နှာကြက်ကိုမြင်နေရပြီး ပိုးသတ်ဆေးနံ့တစ်ခုကိုရလိုက်သည်။ သူ(မ)ခြေထောက်များ အားနည်းကာကိုက်ခဲနေသဖြင့် ကိုယ်ကိုလက်ဖြင့်ထောက်၍ ရုန်းကန်ထလိုက်ရ၏။ ယုရှင်းလူက အလျင်အမြန်ရောက်လာပြီး စိတ်ပူစွာဖြင့်
“ချူချူ။ နိုးလာပြီလား။ ဘယ်လိုနေသေးလဲ။”
“နေလို့တော့ကောင်းပါတယ်။ ပင်ပန်းသွားတာလို့ထင်တာပဲ။”
ချန်ချူက အားနည်းသည့်လေသံလေးဖြင့် ပြောလိုက်သည်။ ဘေးဘက်သို့လှည့်ပတ်ကြည့်လိုက်မှသာ အဖြူရောင်လိုက်ကာလေးကန့်ထားသည့် ဆေးပေးခန်းထဲသို့ရောက်နေမှန်း သူ(မ)သိလိုက်သည်။
ချန်ချူနေကောင်းသည်ဆိုမှသာ ယုရှင်းလူသက်ပြင်းချလိုက်နိုင်တော့သည်။
“ဆရာဝန်ကလည်း အဲ့လိုပဲပြောပါတယ်။ နင်ပြန်ကောင်းဖို့ ဂလူးကိုစ့်ဓာတ်လိုတယ်တဲ့။”
ယုရှင်းလူက ချန်ချူ့နား’နားကပ်ကာ
“နင့် crush လေးက နင့်အတွက်ဂလူးကိုစ့်ပဲမလား။”
ချန်ချူ သူ(မ)ကိုမျက်စောင်းထိုးလိုက်ပြီးနောက် ပါးများနီလာခဲ့သည်။
“ပေါက်ကရတွေ။”
“အိုး။ ပြောစမ်းပါဦး။ နင်တို့တွေတွဲနေကြပြီလား။ သူက ပုံမှန်ဆိုစကားတောင်သိပ်မပြောတာကို နင့်ကိုအားပေးနေတာကြည့်ဦးလေ။”
“ပြီးတော့ နင်လဲသတိလစ်သွားရော နင့်ကိုချီပြီးခေါ်တာသူပေါ့။ သူ့ခမျာ လန့်လွန်းလို့ လက်တွေတုန်နေတာ။”
ယုရှင်းလူက ထပ်မံဖြည့်စွက်လိုက်၏။
ချန်ချူက ခေါင်းယမ်းလိုက်ပြီး “မဟုတ်တာ။ တွဲမနေပါဘူး။”
သို့သော် ယုရှင်းလူက ချန်ချူ့ကိုမယုံပေ။
“နင်တို့တွဲနေတာမဟုတ်ဘူးဆိုရင်တောင် သူနင့်ကိုကြိုက်နေတာတော့သေချာတယ်။ နင်ကရော။ သူ့ကိုကြိုက်လား။”
ချန်ချူမှာ နာမည်ကြီးသောမိန်းကလေးဖြစ်ပြီး သူ(မ)သွားသည့်နေရာတိုင်းတွင် အာရုံစိုက်ခံရသည့် မိန်းကလေးဖြစ်ကြောင်း ယုရှင်းလူသိလေသည်။ ကျောင်းတွင်လည်း သူ(မ)ကိုသဘောကျသည့် ယောက်ျားလေးများစွာရှိသည်။ ထိုသူများထဲတွင် ကုမြောင်မှာ အဆင့်ကောင်းရုံမှတစ်ပါး အခြားသာလွန်ခြင်းမရှိပေ။ သို့သော် ချန်ချူ ကုမြောင်ကိုဆက်ဆံပုံမှာ အခြားယောက်ျားလေးများကိုဆက်ဆံပုံနှင့်မတူပေ။
နွေဦးနေရောင်ခြည်လေးဖြာကျနေပြီး ခန်းစီးဖြူလေးကိုရွှေရောင်သန်းသွားစေသည်။ ချန်ချူ ခေါင်းငုံ့လိုက်ပြီး မျက်တောင်ဖြည်းဖြည်းချင်းခတ်နေမိ၏။ သူ(မ) နှုတ်ခမ်းကိုလှုပ်ကာ စကားပြောတော့မည့်အချိန်တွင် သူ(မ)ဘေးမှလိုက်ကာလေးက ပွင့်သွားခဲ့သည်။ ကောင်လေးက လက်ထဲတွင် စက္ကူခွက်လေးကိုင်ကာ သူတို့ထံသို့လျှောက်လာနေသည်။ ချန်ချူနိုးနေပြီကိုသိလိုက်ရသဖြင့် သူ့မျက်လုံးနက်လေးထဲတွင် အံ့ဩရိပ်လေးများကိုမြင်လိုက်ရသည်။ သူတို့ဘေးမှ ယုရှင်းလူမှာ အလိုက်တသိ မတ်တတ်ထရပ်လိုက်ပြီး
“ဆရာမ ငါ့ကိုရှာနေပြီထင်တယ်။ ငါသွားလိုက်ဦးမယ်နော်။”
ထို့နောက် သူ(မ)က ကုမြောင်ကိုကျောပေးကာ ချန်ချူ့ဘက်သို့လှည့်၍ မျက်လုံးတစ်ဖက်မှိတ်ပြလိုက်ပြီး
“ချူချူ။ ကောင်းကောင်းနားနေခဲ့နော်။”
ဆေးပေးခန်းတံခါးလေးက ညင်သာစွာပိတ်သွား၏။ အခန်းတစ်ခုလုံးလည်း တိတ်ဆိတ်သွားသည်။ လေးဖက်လေးလံကာရံထားသောလိုက်ကာတို့မှာ ကမ္ဘာငယ်လေးတစ်ခုကိုဖန်တီးထားသကဲ့သို့ သူတို့နှစ်ယောက်၏အသက်ရှူသံမှတစ်ပါး အခြားအသံတို့ကိုမကြားရပေ။ ချန်ချူ ကုမြောင်ကိုကြည့်လိုက်သည့်အခါ ကုမြောင်က ရှက်၍ခေါင်းငုံ့လိုက်ပြီး သူ့လက်ထဲမှစက္ကူခွက်လေးကို ချန်ချူ့အား ပေးလိုက်သည်။ ကုမြောင်၏လက်မှာ သန့်ရှင်းနေပြီး လက်သည်းများကိုလည်း တိတိလေးညှပ်ထား၏။ ခွက်လေးကိုကိုင်ထားရုံကပင် အလွန်ကြည့်ကောင်းသည့်မြင်ကွင်းလေးဖြစ်နေသည်။
ချန်ချူမျက်တောင်ခတ်လိုက်ပြီး ညင်သာသောအသံလေးဖြင့်
“ငါ့လက်တွေ အားမရှိဘူး။”
သူ(မ)အသံလေးကြောင့် ကုမြောင်စိတ်မကောင်းဖြစ်သွားသည်။ ထို့နောက် ခွက်ကိုင်ထားသောသူ့လက်ကတုန်ယင်သွားပြီး ချန်ချူ့မျက်လုံးလေးများကိုကြည့်ကာ
“ငါ ပိုက်သွားရှာပေးမယ်။”
သူပိုက်ရှာဖို့ထွက်သွားချိန်တွင် ချန်ချူ စိတ်ပျက်ပျက်နှင့် မျက်စောင်းထိုးလိုက်တော့သည်။
ဒီလူက ပန်းပုရုပ်ကြီးလား။ ဘာလို့များ ငါ့စကားတွေရဲ့ အထအနကိုမသိရတာလဲ။ ဒီဆေးပေးခန်းထဲမှာ ဘယ်လိုလုပ်ပြီး ပိုက်ကရှိနေမှာလဲ။
ပြတင်းပေါက်မှတိုးဝှေ့တိုက်ခတ်လာသောလေပြေလေးကြောင့် လိုက်ကာစတို့ ညင်သာစွာလွင့်သွား၏။ တစ်ကမ္ဘာလောက်ကြာသွားသည့်အချိန်တွင် ကုမြောင်မောဟိုက်ဟိုက်နှင့်ပြန်ရောက်လာပြီး လက်ထဲတွင် ပလတ်စတစ်ပိုက်လေးတစ်ချောင်းလည်းပါလာလေသည်။ သူ(မ)ထံသို့လျှောက်လာကာ ခွက်ထဲတွင်ပိုက်ထည့်ပေးလိုက်ပြီး လက်တစ်ဖက်ဖြင့်ခွက်ကိုကိုင်၍ ကျန်လက်တစ်ဖက်က ပိုက်ကိုကိုင်ထားပေး၏။ ချန်ချူက သူ့လက်ထဲမှပိုက်ကိုယူကာ ရေတစ်ငုံသောက်လိုက်သည်။ ဂလူးကိုစ့်ရေလေးမှာ ပြီးပြည့်စုံသောအပူချိန်တွင်ရှိနေခဲ့လေသည်။
အချိန်တိုင်း သူ(မ)နှင့်ခပ်လှမ်းလှမ်းတွင်သာထိုင်တတ်သည့်ကုမြောင်ကို သူ(မ)ကြည့်လိုက်သည်။ သူက လက်တစ်ဖက်ဖြင့်ခွက်ကိုကိုင်ထားပြီး သူ့မျက်နှာပေါ်မှချွေးစက်လေးများမှာ သူ့လည်စေ့သို့စီးဆင်းကာ ကျောင်းဝတ်စုံထဲတွင်ပျောက်ကွယ်သွား၏။ ချန်ချူ ရေတစ်ငုံသောက်လိုက်ပြီး သူ့ကိုမော့ကြည့်ကာ
“ဘာလို့အဝေးကြီးမှာရပ်နေတာလဲ။”
ကုမြောင်က နှုတ်ခမ်းလေးစေ့ကာ တွေဝေသည့်အကြည့်များဖြင့် ချန်ချူ့ကိုကြည့်လိုက်သည်။
“ဒီမှာလာထိုင်။”
အစောပိုင်းက ယုရှင်းလူထိုင်ခဲ့သည့်နေရာကို ချန်ချူညွှန်ပြလိုက်၏။
“အမ်… အင်း။”
သူက ဖြည်းဖြည်းချင်းခြေလှမ်းလှမ်းကာ နောက်ဆုံးတွင် ထိုင်ခုံပေါ်၌ထိုင်လိုက်၏။ ယခုရှိနေသောကုမြောင်မှာ အစောပိုင်းက အောင်လံကိုင်ထားသည့်ကုမြောင်နှင့်လုံးဝမတူတော့ပေ။ ချန်ချူ သူ့ကိုကြည့်လိုက်သည့်အခါ သူက ခေါင်းကိုငုံ့ထားပြီး ထိုင်ခုံပေါ်တွင်ကျုံ့ကျုံ့လေးထိုင်နေကာ သူ(မ)ကို ဂလူးကိုစ့်ရည်တိုက်ရန် ကိုယ်ကိုလည်းကုန်းထားရသဖြင့် သနားစရာပုံစံလေးဖြစ်နေလေသည်။
ချန်ချူ့မျက်လုံးများထဲတွင် ပြုံးရိပ်လေးပေါ်လာပြီး သူ(မ)မတ်တတ်ထရပ်ကာ
“အားကစားကွင်းကိုပြန်သွားရအောင်။ ငါနေကောင်းသွားပြီ။”
ကုမြောင်က မျက်မှောင်ကြုတ်၍ သူ(မ)နှင့်သဘောမတူသည့်ဟန်ဖြင့်
“ခဏတော့နားလိုက်ပါဦး။”
“အခုကောင်းသွားပြီလေ။ ဂလူးကိုစ့်တွေ သောက်လိုက်တာပဲကို။”
သူ(မ)ပြုံးလိုက်၏။ ထိုအပြုံးတွင် ပင်ပန်းမှုအရိပ်အယောင်တို့ကင်းစင်နေသည်။ ကုမြောင်က နှုတ်ခမ်းသာစေ့ထားလိုက်သည်။ အစောပိုင်းက သူဘယ်လောက်လန့်သွားရသည်ကို ချန်ချူမသိပေ။ ဆူညံနေသည့်အားကစားကွင်းထဲတွင် သူ့နှလုံးသားတစ်ခုလုံးတင်းကျပ်လာပြီး နားထဲတွင်လည်း ဘာအသံမှမကြားနိုင်ခဲ့ပေ။ ကမ္ဘာကြီးတစ်ခုလုံးကိုသူမေ့သွားပြီး သူ့ခန္ဓာကိုယ်ထဲမှသွေးများအေးခဲသွားသကဲ့သို့ ခံစားခဲ့ရသည်။
ထိုနေရာကျဥ်းကျဥ်းလေးတွင် မိန်းကလေး၏မျက်လုံးများက အရောင်လက်နေ၏။ သူ(မ) ကုမြောင်ကိုမော့ကြည့်ကာ ညင်သာစွာဖြင့်
“ဒီနေ့ပွဲမှာ ငါ့လိုပဲပင်ပန်းကြမဲ့သူတွေ အများကြီးရှိမှာပဲ။ ငါက ဒီအိပ်ရာမှာပဲလှဲနေရင် သူတို့အတွက်နေရာမရှိတော့ဘူးမလား။အဲ့ဒီလိုသာဆိုရင် မကောင်းဘူးလေ။”
ကုမြောင် ရင်ခုန်သံမြန်နေသည်ကိုခံစားမိလိုက်သည်။ သူ ခေါင်းငုံ့ကြည့်လိုက်သော် သူ့ကိုအမြဲရင်ခုန်စေခဲ့သည့် မက်မွန်ပွင့်မျက်လုံးလေးများနှင့်အကြည့်ချင်းဆုံသွားသည်။ ကုမြောင် သူ(မ)ကို ဘယ်တော့မှလွန်ဆန်နိုင်လိမ့်မည်မဟုတ်ပေ။ တစ်ခါတရံတွင် အရာအားလုံးကိုလွှတ်ချလိုက်ပြီး သူ(မ)အတွက်ဘာမဆိုလုပ်ပေးချင်စိတ်မျိုးသာဖြစ်လာမိသည်။
“သွားရအောင်ပါ…နော်။”
ကုမြောင်ပြန်မဖြေသဖြင့် ချန်ချူက သူ့အနားတိုးကာ သူ့အင်္ကျီစလေးကိုအသာအယာဆွဲကိုင်၍ ချွဲချွဲလေးပြောလိုက်လေသည်။ ကုမြောင်၏လက်ချောင်းလေးများ တုန်ယင်လာ၏။ ချက်ချင်းပင် သူက
“အင်းပါ။ သွားကြမယ်။”
ဆေးပေးခန်းမှာ ရုံးခန်းအဆောက်အအုံထဲတွင်ဖြစ်၍ စင်္ကြံလမ်းတို့မှာ အလွန်ကောင်းမွန်လေသည်။ သူတို့နှစ်ယောက် ဘေးချင်းကပ်လမ်းလျှောက်လာကြပြီး သူတို့ခြေသံများမှာ စင်္ကြံလမ်းထဲတွင် ပဲ့တင်ထပ်လာသည်။ တကယ်တမ်းတွင် ဆေးပေးခန်းမှာ အားကစားကွင်းနှင့် အလွန်ဝေးပေသည်။ ယုရှင်းလူပြောပုံအရဆိုလျှင် ကုမြောင်က ချန်ချူ့ကို အားကစားကွင်းမှဆေးပေးခန်းအထိ ပွေ့ချီလာခဲ့သည်။ ချန်ချူ ရုတ်တရက်စိတ်ပူသွား၏။ လတ်တလောတွင် သူ(မ) အစားများခဲ့သည်မဟုတ်လား။
ငါ့ကိုအရမ်းလေးတာပဲလို့များ သူတွေးနေမလား။
တိတ်ဆိတ်နေသည့်စင်္ကြံလမ်းတွင် ချန်ချူ ကုမြောင်ကိုမော့မကြည့်ရဲတော့ပေ။ ထို့နောက်မှ သူ(မ)က တုံ့ဆိုင်းစွာဖြင့်
“အမ်။ ငါ့ကိုယ်က အရမ်းလေးလား။”
“ဟမ်။ ဘာကြီး။” ကုမြောင် နားကြားလွဲသွားသည်ဟုထင်လိုက်မိသည်။
ချန်ချူ၏မက်မွန်ပွင့်သဏ္ဌာန်မျက်လုံးလေးထဲတွင် ရှက်နေသည့်အရိပ်အယောင်လေးဖြင့်
“ဟိုဟာ။ ငါလဲကျသွားတုန်းက နင်ငါ့ကိုချီလာတာဆို။ ယုရှင်းလူ ငါ့ကိုပြောပြတာ။ အဲ့ဒါကြောင့် ငါက အရမ်းလေးနေလားလို့မေးကြည့်တာ။”
ကုမြောင်၏ခြေလှမ်းများလေးလံသွားပြီး သူ(မ)ကိုပွေ့ချီလာစဥ်ကာလကို ပြန်စဥ်းစားလိုက်သည်။ သူ(မ)ခန္ဓာကိုယ်မှာ ဝါဂွမ်းလုံးလေးကဲ့သို့နူးညံ့ပေါ့ပါးနေခဲ့ပြီး သူ(မ)မျက်နှာလေးက သူ့ရင်ခွင်ထဲတွင်ရှိနေခဲ့သည်။ ကုမြောင် သူ(မ)ကို သေသေချာချာပွေ့ချီကာ လူများနေသည့်အားကစားကွင်းထဲမှ ခေါ်ထုတ်လာခဲ့သည်။ သူ(မ)ထံမှ ချွေးနံ့မထွက်နေဘဲ မတ်လအစောပိုင်းတွင်ပွင့်တတ်သည့် ပန်းရနံ့များနှင့်ရောနှောနေသည့် အနံ့သင်းသင်းလေးကိုသာရလေသည်။ ထိုအချိန်က သူ့နှလုံးခုန်သံတို့ထိန်းချုပ်မရခဲ့ပေ။ သူ ဆေးပေးခန်းထဲသို့ဝင်ကာ သူ(မ)ကိုအိပ်ရာပေါ်တွင်ချပေးခဲ့သည်။ မှိတ်ထားဆဲဖြစ်သည့်သူ(မ)မျက်လုံးလေးများကိုကြည့်၍ သူ(မ)မနိုးလာတာတော်သေးသည်ဟု သူတွေးကာ စိတ်သက်သာရာရခဲ့သည်။ ထိုမှသာ သူ့နှလုံးခုန်သံတို့ကို သူ(မ)မကြားလိုက်မှာပင်။
စင်္ကြံလမ်းမှာ မှိန်ဖျဖျလေးသာလင်းနေ၏။ သူ(မ)ကိုချီထားခဲ့စဥ်က သူ(မ)ခန္ဓာကိုယ်လေး သူ့အပေါ်မှီထားသည်ကိုပြန်တွေးကြည့်သော် သူ့လက်များ နေရခက်လာသည်။ သူ ခေါင်းငုံ့၍ ချန်ချူနှင့်အကြည့်ချင်းဆုံလိုက်သည့်အခါ စိတ်ထဲတွင် မိမိကိုယ်ကိုယ်စိတ်ပျက်မှုတို့ဖြစ်လာခဲ့သည်။ သူ(မ)ကိုချီထားခဲ့စဥ်က သူငယ်ငယ်တုန်းကမက်ခဲ့ဖူးသောနွေဦးအိပ်မက်အကြောင်းကို တွေးနေခဲ့မိ၏။ ထိုအိပ်မက်လေးထဲတွင် ချန်ချူက သူ့ရင်ခွင်ထဲလုံခြုံစွာရှိနေပြီး သူ(မ)လည်ပင်းလေးက သူ့လည်ပင်းနံဘေးတွင်ရှိနေရာ နှစ်ယောက်လုံးမျက်နှာနီ၍ ရှက်နေခဲ့ကြသည်။
ကုမြောင် ချက်ချင်းမျက်လုံးမှိတ်လိုက်ပြီး အိပ်မက်အကြောင်းတွေးနေခြင်းကိုရပ်တန့်လိုက်သည်။ သို့သော် ချန်ချူက ၎င်းကိုအထင်လွဲသွား၏။
သူ(မ) နှုတ်ခမ်းဆူက သိပ်မကျေနပ်ဟန်ဖြင့်
“ငါက တကယ်ပဲအရမ်းလေးတာလား။ ငါဝိတ်ချမှရတော့မယ်ထင်တယ်။”
“မလေးပါဘူး။” ကုမြောင် ရုတ်တရက်ဖြတ်ပြောလိုက်၏။ ထို့နောက် အသံကိုနှိမ့်ကာ
“ပေါ့ပေါ့လေးပါ။”
ထိုစကားကိုကြားသော် ချန်ချူက လှိုက်လှိုက်လှဲလှဲပြုံးလိုက်၏။ ကုမြောင် ညာနေသည်ဖြစ်စေ၊ အမှန်ပြောသည်ဖြစ်စေ ထိုစကားက သူ(မ)ကိုပျော်စေသည်မှာအမှန်ပင်။
ရုံးခန်းဆောင်အပြင်ဘက်တွင် မက်မွန်ပွင့်လေးများအပြည့်ဖူးပွင့်နေကြပြီး လေညင်းနှင့်အတူ ယိမ်းနေကြသည်။ ချန်ချူ ကုမြောင်ဘက်သို့လှည့်လိုက်၏။ ကုမြောင်မှာ သူ(မ)နံဘေးတွင်လမ်းလျှောက်နေပြီး သူ့ပုံစံက နူးညံ့နေသည်။ နှာခေါင်းပေါ်တွင်ရှိနေသည့် ငွေရောင်မျက်မှန်လေးနှင့် လေးနက်သည့်အကြည့်များက ဟန်ချက်ညီညီပေါင်းစပ်ကာ လှပသည့်မြင်ကွင်းလေးတစ်ခုကိုဖန်တီးထားလေသည်။ ကုမြောင်က အလွန်ချော၏။ ပထမဆုံးအကြိမ်မြင်လိုက်သည်နှင့် မြင်သူတိုင်းကိုမှင်တက်သွားစေသည့်ချောမောမှုမျိုးမဟုတ်သော်လည်း အလွန်မျက်စိအေးစရာကောင်းသည့်ကြည့်ကောင်းမှုမျိုးဖြစ်သည်။ ချန်ချူ သူ့ကိုငေးကြည့်နေရင်းနှင့် ရင်ခုန်သံမြန်လာမိသည်။
ရုတ်တရက် လမ်းကျဥ်းထဲသို့ ကားတစ်စီးဝင်လာသဖြင့် သူတို့နှစ်ယောက် ဘေးသို့ကပ်ကာရှောင်လိုက်ရသည်။ လမ်းလျှောက်လိုက်ပြီးနောက်တွင် အနည်းငယ်သာပြန်ကောင်းသေးသည့်ချန်ချူ့ခန္ဓာကိုယ်မှာ ပြန်၍အားနည်းသွားတော့သည်။ သူ(မ)လည်း လမ်းဘေးမှသစ်ပင်တစ်ပင်တွင်မှီကာ ကားများကိုကြည့်နေလိုက်သည်။
“ခဏလေး။ ငါခဏလောက် အသက်ဝဝရှူဦးမယ်။”
ကုမြောင် ရုတ်တရက်ပြာသွားပြီး အလျင်အမြန်ပင်
“ငါတို့ ဆေးပေးခန်းပြန်သွားပြီးစစ်ဆေးကြည့်မလား။”
“အဲ့လောက်မလိုပါဘူး။”
ချန်ချူကခေါင်းယမ်း၏။ သူ(မ)ရှေ့သို့လှမ်းလိုက်ကာ ကုမြောင်၏ပခုံးပေါ်တွင် ခေါင်းတင်လိုက်သည်။
“ငါ နင့်ကိုယ်ပေါ်ပဲ ခဏမှီထားဦးမယ်။” သူ(မ) တီးတိုးလေးပြောလိုက်သည်။
ကုမြောင်တစ်ကိုယ်လုံးတောင့်တင်းသွားပြီး လက်များတုန်ယင်လာ၏။ သို့သော် နှလုံးသားထဲတွင်တော့ မီးရှူးမီးပန်းများ ဝေဆာနေလေသည်။
မိန်းကလေးများနှင့်ယှဥ်လျှင် အရပ်မြင့်သည့်ချန်ချူမှာ ကုမြောင်နှင့်ယှဥ်သောအခါ ကုမြောင်လည်ပင်းလောက်သာရှိ၏။ ထို့ကြောင့် သူ(မ)က ခေါင်းကိုအသာစောင်းကာ သူ့ပခုံးတွင်မှီထားလိုက်ရုံပင်။ ပခုံးနှင့်နှလုံးသည် နေရာအနည်းငယ်ဝေးသော်လည်း ပေါက်ကွဲလုမတတ်ခုန်နေသည့်နှလုံးခုန်သံကို သူ(မ)ကြားနေရသည်။ မတ်လလေညင်းလေးနှင့်အတူ ကုမြောင်ဆီမှ သန့်ရှင်းလတ်ဆတ်သည့် ဆပ်ပြာနံ့လေးရနေခြင်းမှာ ချန်ချူ့ကို နှလုံးခုန်မြန်စေခဲ့သည်။
ရှေ့နားက သစ်ပင်တွင် ငှက်ကလေးတစ်ကောင် သစ်ကိုင်းကူးသွား၏။ ရုတ်တရက် ကုန်ဆုံးနေသောအချိန်တို့က တဖြည်းဖြည်းနှေးသွားသည်ဟုထင်ရသည်။ ချန်ချူ သေချာနားထောင်ကြည့်သည့်အခါ သူ(မ)နှလုံးခုန်သံနှင့် ကုမြောင်၏နှလုံးခုန်သံတို့က လိုက်ဖက်ညီစွာရောယှက်နေပြီး မည်သူ့နှလုံးခုန်သံကပိုမြန်ကြောင်း ဆုံးဖြတ်မရနိုင်ခဲ့ပေ။
*****
Aurora Novel Translation Team