Chapter 36
ကျောင်းတက်နေသည့်ကာလများတွင် အချိန်ကုန်မြန်၏။ အားကစားပွဲပြီးသွားသည်နှင့် နောက်ဆုံးစာမေးပွဲကြီး နီးကပ်လာခဲ့လေပြီ။ နောက်ဆုံးစာမေးပွဲကြီးပြီးဆုံးပါက သူတို့တွေအကုန် စီနီယာအထက်တန်းကျောင်းသားများ ဖြစ်ကြချေတော့မည်။
၎င်းမှာ ချန်ချူကြုံတွေ့ရသမျှ အကြမ်းတမ်းဆုံးနှစ်တစ်နှစ်ဖြစ်၏။ ၎င်းမှာ ချန်ချူ့ကံကြမ္မာတွင် အပြောင်းအလဲကြီးဖြစ်သွားခဲ့သောနှစ်ပင်။ ထိုနှစ်တွင် သူ(မ)၏အစ်ကိုကို ဆုံးရှုံးကာ သူ(မ)အိပ်မက်များကိုလည်း ဆုံးရှုံးခဲ့ရသည်။ သူ(မ)မှာ အပျံသင်စငှက်ကလေးတစ်ကောင်သာဖြစ်၍ ကောင်းကင်ကြီး၏ ကျယ်ပြောမှုကို မကြုံတွေ့၊ မခံစားဖူးသေးပေ။
နောက်ဆုံးစာမေးပွဲကြီးနီးကပ်လာသည်နှင့် ကျောင်းသားတိုင်း စာကြိုးစားနေကြသည်။ ယခင်က ရယ်မောသံ၊ စကားပြောသံများနှင့်ပြည့်နှက်နေတတ်သောစာသင်ဆောင်ကြီးမှာ ယခု တိတ်ဆိတ်နေ၏။ ယခုစာမေးပွဲမှာ အခန်းပြောင်းရန်အတွက် နောက်ဆုံးအခွင့်အရေးလည်းဖြစ်သည်။ စီနီယာအထက်တန်းနှစ်သို့ရောက်လျှင် အထူးတန်းနှင့်ရိုးရိုးတန်း ပြောင်းရွှေ့နိုင်သည့်စနစ်မျိုး ရှိတော့မည်မဟုတ်ပေ။
ကျောင်းဆင်းသည့်အခါ သူတို့နှစ်ယောက် ခါတိုင်းကဲ့သို့ ဘေးချင်းကပ်လမ်းလျှောက်ခဲ့ကြသည်။ ဇွန်လညနေခင်းတွင် နေဝင်ချိန်မှာ နီရဲနေပြီး လျှောက်လမ်းပေါ်တွင် သစ်ရွက်လေးများကြွေကျနေသည်။
“နင် စာမေးပွဲအတွက်စိတ်ပူလား။”
ချန်ချူက ထိုသို့မေးလိုက်သည့်အခါ ကုမြောင်က ခေါင်းယမ်း၏။ ကုမြောင်မှာ အမြဲစာကြိုးစားခဲ့သည့်ကျောင်းသားတစ်ဦးဖြစ်ပြီး အထူးတန်းသို့ဝင်လာကတည်းက Top10 အမြဲဝင်ခဲ့သောကြောင့် စိုးရိမ်စရာမရှိပေ။
“မပူတာလည်း ကောင်းပါတယ်။” ချန်ချူက ခေါင်းတညိတ်ညိတ်နှင့်။
လမ်းဘေးတွင် အမည်မသိသောပန်းပွင့်လေးများပွင့်နေရာ ပန်းရနံ့လေးသင်းပျံ့နေ၏။ ချန်ချူ တစ်ခဏတုံ့ဆိုင်းနေပြီး သူ(မ)အင်္ကျီစလေးကိုလိမ်လိုက်ပြီးနောက်
“နောက်နှစ်ဝက်ကျရင် ငါဂီတကျောင်းကိုသွားပြီး ပြင်ဆင်ရတော့မယ်ထင်တယ်။”
သူ(မ)မှာ ဂီတကျောင်းသူဖြစ်၍ လာမည့်ဒီဇင်ဘာစာမေးပွဲတွင် ဝင်ခွင့်စာမေးပွဲရှိပေမည်။ ထို့ကြောင့် စီနီယာအထက်တန်းပထမနှစ်ဝက်တစ်ခုလုံးတွင် ထိုစာမေးပွဲအတွက် ပြင်ဆင်ရမည်ဖြစ်သည်။ Haishi No.1 High School နှင့် ဂီတကျောင်းတို့မှာ Partnership များဖြစ်သဖြင့် လာမည့်စာသင်နှစ်ဝက်တွင် ဂီတကျောင်းသားများအားလုံး ဂီတကျောင်းသို့သွားရောက်လေ့ကျင့်ကြရလိမ့်မည်။
ထိုစကားကိုကြားသော် ကုမြောင်ခြေလှမ်းများနှေးကွေးသွားပြီး
“ဘယ်လောက်တောင်ကြာမှာလဲ။”
“နှစ်ဝက်တစ်ခုစာလောက်ပေါ့။ ဒီဇင်ဘာဝင်ခွင့်စာမေးပွဲပြီးတာနဲ့ ပြန်လာမှာပါ။”
ပုစဥ်းရင်ကွဲများအော်သံကို ကြားနေရသည်။
ကုမြောင်၏လက်များ တုန်ယင်နေပြီး စိတ်ထဲတွင်ဝမ်းနည်းသွားခဲ့သည်။ လမ်းတစ်လျှောက်မှသစ်ပင်များကိုကြည့်ရင်း ကုမြောင် အတွေးနယ်ချဲ့နေမိ၏။
(၆)လကြီးတောင်မှခွဲရမှာပဲ။ သူ(မ)ပြန်လာရင် ဒီသစ်ရွက်တွေ ကြွေနေလောက်ရောပေါ့။
ကုမြောင်တိတ်သွားသည်ကို သတိထားမိလိုက်သည့်ချန်ချူက
“(၆)လဆိုတာ ခဏလေးနဲ့ကုန်သွားမှာပါဟ။ တကယ်လို့…။”
သူ(မ) ခေါင်းလေးငုံ့ကာ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်၏။ ထို့နောက် ရှက်စိတ်ကိုထိန်းချုပ်လိုက်ပြီး အသံတိုးတိုးလေးဖြင့်
“နင်ငါ့ကိုသတိရရင် ဖုန်းခေါ်လိုက်လေ။”
ချန်ချူ့အသံမှာ ချိုသာကြည်လင်နေသဖြင့် ပတ်ဝန်းကျင်မှအပူဓာတ်တို့ပင် ပျောက်ကွယ်သွားသည်။ သူ(မ)စကားမှာ အဓိပ္ပာယ်နှစ်ခွကောက်နိုင်လေရာ ကုမြောင် ရင်ခုန်သွားခဲ့သည်။ တဖြည်းဖြည်း သူ့နားရွက်များပါနီလာတော့၏။ ကုမြောင်တစ်ယောက် စိတ်ထဲမှအပျော်ကိုသိမ်းထားလိုက်ပြီး နှုတ်ခမ်းလေးကိုစေ့ကာ
“အမ်။ အင်း။ အဲ့လို-အဲ့လိုဆိုရင်…။”
ကုမြောင် ရှက်ရှက်နှင့်ခေါင်းငုံ့လိုက်ရာ နီမြန်းနေသောနားရွက်များကိုမြင်လိုက်ရလေသည်။ ကုမြောင် သူ့ကိုယ်သူ အရင်ထိန်းလိုက်ပြီးနောက် စကားကိုဆက်၏။
“အဲ့လိုဆို နင်လည်း ငါ့ကိုဖုန်းခေါ်လေ။”
နေလုံးကြီးမှာ လုံးဝပျောက်ကွယ်သွားပြီဖြစ်၍ ကုမြောင်မျက်လုံးထဲမှ ရှက်နေသည့်အရိပ်အယောင်တို့ကို အမှောင်ထုကဖုံးထားခဲ့သည်။ သို့သော် သူ့အသံမူမမှန်ပုံကိုတော့ ဖုံးကွယ်ထား၍မရခဲ့ပေ။ ကုမြောင်မှာ ချန်ချူကဲ့သို့ သတ္တိမကောင်းလှပေ။ ကျောင်းအားကစားပွဲတုန်းက ချန်ချူ့ကိုအားပေးလိုက်သည်နှင့် သူ့ဘဝတစ်လျှောက်လုံးရှိခဲ့သမျှသတ္တိတို့ တစ်ခါတည်းကုန်သွားခြင်းလည်းဖြစ်ပေမည်။
ထိုနေရာတွင် သူတို့နှစ်ယောက်တည်းသာရှိသဖြင့် ကုမြောင်ငုံ့ကြည့်လိုက်ချိန်တွင် သူတို့နှစ်ယောက် အလွန်နီးကပ်သွားလေသည်။ ချန်ချူ့မျက်လုံးလေးများကိုကြည့်လိုက်သောအခါ ချန်ချူ့စိတ်ခံစားချက်များကိုပါ ထိုးဖောက်မြင်နေရ၏။ “ငါ့ကိုသတိရရင်”ဟူသောစကားမှာ ကုမြောင်ရင်ထဲတွင် မီးမွှေးလိုက်သကဲ့သို့ပင်။ အပြင်ဘက်တွင် မီးရောင်မှိန်မှိန်လေးတို့လည်း လင်းနေ၏။ နောက်ဆုံးထိတိုင် ကုမြောင်က “သတိရရင်”ဟူသည့်စကားကိုထုတ်မပြောနိုင်ခဲ့ပေ။ ထုတ်မပြောသော်လည်း ချန်ချူက သူ့ကိုစိတ်မဆိုးချေ။ သူ(မ)က နားလည်သည့်မျက်လုံးလေးဖြင့် ပျော်ရွှင်စွာပြုံးပြကာ
“အင်း။ ခေါ်မှာပေါ့။”
သည်တစ်ကြိမ်တွင်တော့ ကုမြောင်မျက်နှာတစ်ခုလုံး ရဲရဲနီသွားတော့သည်။ သူတို့ဘေးမှသစ်ပင်ကြီးလည်း လေထဲတွင်ယိမ်းနေပြီး သစ်ရွက်များက မြေပေါ်ကျနေသည်။ ကုမြောင် နှုတ်ခမ်းကိုတင်းတင်းစေ့ထားမိကာ မျက်လုံးလေးတွင်မူ အရောင်လက်နေ၏။ ရှက်စိတ်များနှင့် စိတ်ထဲတွင်လည်း အတွေးနယ်ချဲ့နေမိသေးသည်။
ဒါဆို သူ(မ)က ငါ့ကိုလွမ်းနေမယ်လို့ပြောတာလား။
နောက်ဆုံးစာမေးပွဲကြီးပြီးသွားသည်နှင့် Haishi No.1 High School တွင် ရက်သတ္တပတ်အနည်းငယ်သာအတန်းရှိမည်ဖြစ်သဖြင့် ယခုစာသင်နှစ်ဝက်မှာ ယခင်ထက်ပိုစောနေသည်။ ဇွန်လအစောပိုင်းတွင် ကျောင်းဝင်းကြီးက သစ်ပင်များနှင့်စိမ်းလန်းနေ၏။ သို့သော် စာမေးပွဲပြီးသည်နှင့် ချန်ချူက သွားရတော့မည်ဖြစ်သည်။ သူ(မ)လည်း စာသင်ဆောင်ရှေ့တွင်ရပ်ကာ လွမ်းဆွတ်တမ်းတစိတ်လေးဖြစ်နေမိသည်။ အတန်းဖော်များကိုနှုတ်ဆက်သည့်အခါ သူ(မ)ကိုလာနှုတ်ဆက်သည့် သူငယ်ချင်းအများအပြားရှိသည်။ သူ(မ)မျက်လုံးများက ဝမ်းနည်း၍နီနေပြီး သူ(မ)ဘေးမှကုမြောင်၏မျက်လုံးထဲတွင်လည်း ဝမ်းနည်းမှုအရိပ်အယောင်ရှိနေသည်ကို တွေ့နိုင်လေသည်။
ကျိမင်ယွဲ့က ချန်ချူ့နောက်ကျောလေးကိုပုတ်လိုက်ပြီး “သွားစို့ ချူချူ။”
“အင်း။ သွားတာပေါ့။” ချန်ချူလည်း ခေါင်းငုံ့ကာ တိုးတိုးလေးပြန်ပြောလိုက်သည်။
(၆)လဆိုတာ သိပ်မကြာပါဘူး။ တကယ်ဂရုစိုက်တဲ့သူကတော့ ကိုယ်ပြန်လာတာကို အမြဲစောင့်နေမှာပဲ။
နွေရာသီ၏လေထဲတွင် အပူဓာတ်တို့ပါဝင်နေသဖြင့် သူ(မ)ရင်ထဲတွင် အနည်းငယ်မွန်းကျပ်သွား၏။ ချန်ချူနှင့်ကျိမင်ယွဲ့တို့ ဘေးချင်းယှဥ်လျှောက်ကာ ကျောင်းပေါက်ဝသို့ထွက်သွားကြသည်။
“ချန်ချူ။”
ချန်ချူ့ခြေလှမ်းများရပ်တန့်သွားပြီး မယုံနိုင်မှုများဖြင့် လှည့်ကြည့်လိုက်မိသည်။ ကောင်လေးမှာ နေပူထဲတွင်ရပ်နေပြီး သူ့ဆံပင်များက လေတိုက်၍လွင့်နေ၏။ ကျိမင်ယွဲ့က တိတ်တခိုးရယ်လိုက်ပြီး အလိုက်တသိနှင့်
“ချူချူ။ ငါနင့်ကို ကျောင်းပေါက်ဝနားက Milk Tea ဆိုင်မှာစောင့်နေမယ်နော်။”
ပုစဥ်းရင်ကွဲအသံများကို ဆက်တိုက်ကြားနေရသည်။ ကောင်လေး၏နှာခေါင်းပေါ်တွင် ချွေးများစိုနေပြီး ငွေရောင်မျက်မှန်လေးက နှာတံပေါ်တွင်ပုံကျကာ သူ့နဖူးပေါ်တွင်လည်း ဆံပင်များကပ်နေသည်။ သူ့မျက်လုံးများတွင်တော့ ဖြေရှင်းရခက်သည့်ခံစားချက်တို့ကို ဖုံးကွယ်ထားသကဲ့သို့ပင်။
ချန်ချူ့မျက်လုံးလေးများအရောင်လက်လာပြီး သူ(မ)ပြုံးလိုက်ကာ
“ကုမြောင်။ နင်ငါ့ကိုတွေ့ဖို့ လိုက်လာတာလား။”
ကုမြောင်က သူ(မ)ထံသို့လျှောက်လာပြီး “အင်း။”
ချန်ချူ့မျက်လုံးလေးများမှာ နွေရာသီတွင်ပွင့်လန်းသည့်မက်မွန်ပွင့်လေးများကဲ့သို့ပင်။ သူ(မ)အသံမှာ အထိုက်အလျောက်ညင်ညင်သာသာလေးဖြစ်နေ၏။
“နင်ကလည်း။ ငါက ပြန်မလာတော့မှာကျနေတာပဲ။”
သူ(မ)ဘေးတွင် ကုမြောင် လက်သီးဆုပ်လိုက်ပြန်ဖြည်လိုက်လုပ်နေမိသည်။ သူ့ရှေ့မှ မိန်းကလေးကိုကြည့်လိုက်သော် သူ(မ)က နွေရာသီကျောင်းဝတ်စုံလေးနှင့် ရိုးရိုးရှင်းရှင်းလှနေပြီး မျက်လုံးလေးများက ကြည်လင်နေသည်။ အကြောင်းပြချက်မရှိပါဘဲနှင့် သူ့ရင်ထဲတွင် ခါးသက်သက်ခံစားလိုက်ရ၏။ သူ(မ)မှာ သူ့အတွက်ဘယ်လောက်အရေးပါကြောင်း၊ အခြားအတန်းဖော်များနှင့်မတူကြောင်းကို သူ(မ)ရိပ်မိပုံမရပေ။ ကုမြောင် သူ(မ)ကို လေးလေးနက်နက်ချစ်နေမိသည်။ သူ(မ)ဆိုတာ သူ့ဘဝ၏အမှောင်ထုထဲတွင်ပေါ်လာခဲ့သော တစ်ခုတည်းသောအလင်းရောင်လေးပင်။ သူ(မ)ကသာ သူ့ဘဝကိုပြောင်းလဲပေးခဲ့သူ၊ သူ့ကိုသတ္တိရှိစေခဲ့သူ၊ ကောင်းမွန်သောအနာဂတ်ကို မျှော်လင့်ချက်ရှိကြောင်းပြောပြပေးခဲ့သူဖြစ်လေသည်။ သို့သော် ယခု သူ(မ)က အချိန်အကြာကြီးထွက်သွားတော့မည်ဖြစ်၍ ကုမြောင်စိတ်ထဲတွင် ပြင်းထန်စွာနာကျင်နေသည်။ အချိန်အတော်ကြာမှသာ သူ့အိတ်ကပ်ထဲက အပြာနုရောင်ဗူးလေးတစ်ခုကို ထုတ်ပေးလိုက်သည်။
“ဒါ ငါ့အတွက်လား။”
ချန်ချူက တုံ့ဆိုင်းစွာဖြင့်မေးလိုက်၏။ ၎င်းမှာ Niche Brand မှလက်ဝတ်တန်ဆာလေးဖြစ်ပြီး အနည်းဆုံးတန်ဖိုးမှာ ဂဏန်း(၄)လုံးရှိသည်။ ငွေကြေးအတွက် ရုန်းကန်ရသည့်ကောင်လေးအတွက်မူ ၎င်းမှာ တော်တော်စုလိုက်ရသည့်ပမာဏဖြစ်လိမ့်မည်။
“အင်း။”
ကုမြောင် ခေါင်းညိတ်လိုက်ပြီး သူ့မျက်လုံးများထဲတွင် မျှော်လင့်ချက်လေးရှိနေ၏။ ချန်ချူ လှမ်းယူလိုက်ပြီး ဗူးလေးကိုဖွင့်လိုက်သည်။ အပြာနုရောင်ကတီပါဗူးထဲတွင်ရှိနေသည်မှာ ကျောက်လေးတစ်ပွင့်လင်းနေသည့် လပုံစံလက်ပတ်လေးဖြစ်သည်။
“လှလိုက်တာ။”
ချန်ချူက လက်ကောက်ပေါ်မှလပုံလေးကိုပွတ်သပ်လိုက်ပြီး မက်မွန်ပွင့်မျက်လုံးလေးထဲတွင် ပြုံးရိပ်များပေါ်လာသည်။
“ဂီတကျောင်းကိုသွားရင် ဝတ်သွားရမယ်။”
Haishi No.1 High School တွင် လက်ဝတ်တန်ဆာမဝတ်ရသည့်စည်းမျဥ်းရှိသော်လည်း ဂီတကျောင်းတွင်တော့ ထိုစည်းမျဥ်းမျိုးမရှိပေ။ ထိုအရာများကို သူတို့က ခွင့်ပြုထားလေသည်။
“နင်ပဲငါ့ကိုဝတ်ပေးလိုက်မလား။”
ချန်ချူ တစ်ခဏစဥ်းစားလိုက်ပြီးနောက် လက်ပတ်လေးကို လက်ပေါ်တင်ကာ သူ(မ)၏ဖြူဖွေးသေးသွယ်သောလက်ကောက်ဝတ်လေးကို ကုမြောင်ထံသို့ထိုးပေးလိုက်သည်။ နွေရာသီဖြစ်၍ နေကလည်းပူနေ၏။ ကုမြောင် ခေါင်းလေးငုံ့ကာ သူ(မ)လက်ကောက်ဝတ်ပေါ်မှလက်ပတ်လေးကိုကြည့်လိုက်ပြီး ပါးများနီလာတော့သည်။
“မြန်မြန်လုပ်။ ငါ့လက်တွေလေးနေပြီ။”
ချန်ချူက သူ့ကိုစ၏။ သူ ခေါင်းငုံ့၍ တုန်ယင်နေသောလက်များဖြင့် သူ(မ)လက်ပေါ်တွင် လက်ပတ်လေးကို သေသေချာချာပတ်ပေးလိုက်သည်။ သူ(မ)အသားနှင့် မတော်တဆထိမိသွားသောအခါ သူ့ရင်ခုန်သံတို့ ပိုမြန်လာခဲ့သည်။
“ဘယ်လိုတပ်ရလဲတော့ သိတယ်မလား။”
ကုမြောင် လက်တုန်ကာ တုံ့ဆိုင်းနေသည်ကိုမြင်၍ ချန်ချူက မေးလိုက်သည်။
“အင်း သိတယ်။”
ကုမြောင် ပြန်ဖြေလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် မိန်းကလေးထံမှ အနံ့သင်းသင်းလေးတစ်ခုရလိုက်သဖြင့် ကုမြောင် ပို၍ရင်ခုန်သွားပြန်သည်။ ထိုလက်ပတ်လေးကိုဝယ်ခဲ့စဥ်က ၎င်းကိုမည်သို့တပ်ရကြောင်း အင်တာနက်တွင်ရှာကြည့်ခဲ့ပြီးဖြစ်သော်လည်း ထိုလေ့လာမှုကို လက်တွေ့တွင်အသုံးချရမည်ဟုတော့ မထင်ထားခဲ့ပေ။
အဝေးမှ ကျောင်းဆင်းခေါင်းလောင်းသံကိုကြားလိုက်ရသည်။ ပထမနှစ်ကျောင်းသားများ အတန်းပြီးပြီဖြစ်သည်။
ကုမြောင် ခေါင်းငုံ့ကာ မူမမှန်သောနှလုံးခုန်သံများကိုထိန်းချုပ်ထားသော်လည်း သူ့လက်များက တုန်ယင်နေဆဲပင်။ ချန်ချူက ညင်သာစွာရယ်လိုက်ပြီး
“ရပါတယ်။ အေးဆေးတပ်ပါ။”
စာသင်ဆောင်မှ ဆူညံသံများကိုကြားနေရ၏။ ကုမြောင် နှုတ်ခမ်းကိုစေ့ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး လက်ပတ်လေးကို အမြန်ဝတ်ပေးလိုက်သည်။ ချန်ချူက လက်ပေါ်တွင် လပုံစံလေးကိုပြန်ချိန်လိုက်ပြီးနောက်
“လှလား။”
“အင်း လှတယ်။”
ကုမြောင်က အသံတိုးတိုးလေးဖြင့် ချီးမွမ်းလိုက်လေသည်။
သူ(မ)ဝတ်ထားမှတော့ မလှတာဘယ်ရှိပါ့မလဲ။ ရိုးရိုးရှင်းရှင်း ခေါင်းစည်းကြိုးလေးတောင်မှ သူ(မ)နဲ့ဆို အရမ်းလှနေတာကို။
ကျောင်းဆင်းပြီဖြစ်၍ ပထမနှစ်ကျောင်းသားများ စာသင်ဆောင်ထဲမှပြေးထွက်လာကြသည်။
ကုမြောင်က ပျော်ရွှင်နေသည့် ချန်ချူ့မျက်လုံးလေးများကိုကြည့်လိုက်ပြီး နှလုံးခုန်သံတို့ကိုထိန်းချုပ်ကာ
“Happy Birthday”
“မွေးနေ့လား။ ငါ့မွေးနေ့က လိုသေးတယ်လေ။”
ချန်ချူ တွေဝေနေသောမျက်လုံးလေးများဖြင့်ပြန်ပြောလိုက်၏။
ကုမြောင်က လေးနက်သောမျက်လုံးများဖြင့် သူ(မ)ကိုကြည့်ကာ
“ငါနင့်ကို ကြိုပြီး ဆုတောင်းပေးချင်လို့ပါ။ နင့်မွေးနေ့မရောက်ခင် ဒီရက်ပိုင်းမှာ နင်နဲ့တွေ့ရတော့မှာမဟုတ်ဘူးဆိုတော့ လူကိုယ်တိုင်ပြောချင်တာနဲ့ ကြိုပြောလိုက်တာ။”
“ကျေးဇူးပါပဲ ကုမြောင်။”
ချန်ချူက လက်ကောက်ဝတ်လေးကိုခါယမ်းနေသဖြင့် လက်ပတ်ပေါ်မှလလေးမှာ အရောင်တလက်လက်ဖြစ်နေသည်။ ချန်ချူ ခေါင်းငုံ့ကာ တစ်ခဏစဥ်းစားလိုက်ပြီးနောက်
“ဒါဆို ငါလည်းနင့်ကို ကြိုပြီး Birthday wish လုပ်ထားချင်တယ်။”
ကုမြောင်၏လေးနက်သောမျက်လုံးလေးများထဲတွင် အံ့အားသင့်သွားသည့်အရိပ်ကလေးဖြတ်သွားသည်။
“ဘယ်လို။” သူမေးလိုက်၏။
“ငါ့မွေးနေ့ပြီး နောက်(၂)ရက်နေရင် နင့်မွေးနေ့မလား။ အဲ့ဒါကြောင့် ကြိုပြီးဆုတောင်းပေးထားမယ်လို့။”
သူ(မ) ပြုံးနေသည့်အသံလေးဖြင့်ပြောလိုက်သည်။
ညနေခင်းတိုက်ခတ်နေသည့်လေတို့က အချိန်ကြာကြာတိုက်ခတ်နေ၏။ သူ့နှလုံးသားတစ်ခုလုံး လေထဲတွင်ရောက်နေသည်ဟု ကုမြောင်ခံစားလိုက်ရပြီး အသက်ရှူလိုက်တိုင်းနေရခက်လာသည်။ သို့သော် ထိုခံစားချက်မှာ သက်သောင့်သက်သာမဖြစ်သည့်ခံစားချက်မျိုးမဟုတ်ဘဲ သူ့ကို မျက်ရည်လည်စေသည့်ခံစားချက်မျိုးသာဖြစ်သည်။ သူ့မွေးနေ့ကို မှတ်မိသူအနည်းငယ်သာရှိ၏။ နှစ်ပေါင်းများစွာကြာလာသော် သူ့မွေးနေကို သူကိုယ်တိုင်ပင်မေ့တေ့တေ့ဖြစ်လာသည်။ တစ်ခါတရံ မွေးနေ့ရက်ကျော်သွားမှ မှတ်မိသည့်အခါမျိုးလည်းရှိသည်။ သူ့မိဘများဆုံးပါးသွားကတည်းက ဒီကမ္ဘာပေါ်တွင် သူ့မွေးနေ့ကိုမှတ်မိမည့်သူ မည်သူမျှမရှိလောက်တော့ဘူးဟု သူထင်ထားခဲ့မိသည်။
နေဝင်ချိန်သို့ရောက်ရှိလာလေပြီ။ ကုမြောင်ခေါင်းကိုငုံ့ကာ ကမ္ဘာပေါ်တွင်သူအချစ်ရဆုံးမိန်းကလေးအား ကြည့်နေခဲ့သည်။ သူ(မ)က နီမြန်းနေသောကောင်းကင်အောက်တွင် လှပစွာမတ်တတ်ရပ်နေပြီး မက်မွန်ပွင့်သဏ္ဌာန်မျက်လုံးလေးများထဲတွင် ကုမြောင်၏အရိပ်တစ်ခုတည်းသာ ထင်ဟပ်နေသည်။ သူ(မ)ကလည်း တစ်လောကလုံးထဲမှ ကုမြောင်တစ်ယောက်တည်းကိုသာ မြင်နေသကဲ့သို့ပင်။ ကုမြောင် စကားပြောချင်လာသော်လည်း ဘာစကားမှမပြောနိုင်ခဲ့ပေ။ သူ့ရှေ့မှ မိန်းကလေးက ခေါင်းပြန်ငုံ့သွားပြီး သူ(မ)အင်္ကျီစလေးများကို လိမ်ဆော့နေတော့သည်။
“ဒါပေမဲ့ နင့်အတွက်လက်ဆောင်က အိမ်မှာကျန်ခဲ့တယ်။ ဒီနေ့မယူလာမိဘူး။ နင့်လိပ်စာငါ့ကိုပေးထားလေ။ နောက်ရက်ကျ ငါနင့်ဆီပို့ပေးလိုက်မယ်။”
သူ(မ)က လက်ဆောင်လည်းဝယ်ထားတယ်တဲ့လား။
ကုမြောင် လုံးဝမှင်တက်သွားတော့သည်။
“အိုး။ မင်ယွဲ့ငါ့ကိုခေါ်နေပြီ။ ငါသွားရတော့မယ်။ ငါ့ကိုလိပ်စာပို့ထားဖို့ မမေ့နဲ့နော်။”
ထိုအခါမှ ကုမြောင်အသိစိတ်ပြန်ဝင်လာပြီး မျက်နှာတည်ကြီးနှင့်
“အင်း ဟုတ်ပါပြီ။”
နေဝင်ချိန်လေးတွင် ချန်ချူက သူ့ကိုလက်ပြနှုတ်ဆက်လိုက်သည်။
“တာ့တာ ကုမြောင်။”
လမ်းဘေးမှသစ်ပင်တို့၏အရိပ်များ တဖြည်းဖြည်းပျောက်ကွယ်လာသည်။ ချန်ချူထွက်သွားသည်ကိုကြည့်ရင်း ကုမြောင်လည်း အသံတိုးတိုးလေးဖြင့်
“တာ့တာ။”
(A/N – ကုမြောင်အတွက်တော့ ချန်ချူက သူ့နှလုံးသားထဲမှာအမြဲသာနေတဲ့ လမင်းကြီးတစ်စင်းပါပဲ။)
*****
Aurora Novel Translation Team