Chapter 37
Haishi No.1 High School ၏စားသောက်ခန်းထဲတွင် aircon ရှိနေသည့်တိုင် နွေရာသီ၏နေအရှိန်မှာ သည်းမခံနိုင်စရာဖြစ်နေလေသည်။
ရန်ခိုင်က ထောင့်တစ်နေရာသို့ခပ်မြန်မြန်လျှောက်သွားပြီး သူ့လင်ပန်းကိုပစ်ချကာ ခပ်ပြတ်ပြတ်အသံဖြင့်
“ငါဒီမှာထိုင်လို့ရလား။”
ကုမြောင်က တိတ်တဆိတ်သာခေါင်းညိတ်ပြလိုက်သည်။ ရန်ခိုင်က အရပ်မြင်မြင့် တောင့်တောင့်တင်းတင်းခန္ဓာကိုယ်ကြီးနှင့် ပြတင်းပေါက်မှနေရောင်ကို ကွယ်ထားလေသည်။ သူက သူယူလာသည့်အစားအစာများကိုစားလိုက်ပြီး သူ့ရှေ့ကကောင်လေး၏ လင်ပန်းကိုကြည့်လိုက်သော် အစိမ်းရောင်အရွက်တို့ကိုသာတွေ့သဖြင့်
“မင်း ဒါတွေပဲစားနေတာလား။”
အသီးအရွက်နှင့် ထမင်းဖြူ၊ စွပ်ပြုတ်တစ်ခွက်သာဖြစ်သည်။
“အင်း။”
ကုမြောင် ထမင်းသာငုံ့စားနေ၏။ လက်ပတ်ဝယ်ရာတွင်ပိုက်ဆံသုံးလိုက်ရပြီး စီနီယာနှစ်တွင် အလုပ်လုပ်ချိန်လည်းမရှိလေရာ ခြွေခြွေတာတာသာ စားသောက်နေရလေသည်။ ရန်ခိုင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ့ပန်းကန်ထဲမှ အသားတုံးကြီးအား ကုမြောင်ကိုပေးလိုက်သည်။
“ဟင်းထည့်ပေးတဲ့အစ်မကြီးက ငါ့ကိုအများကြီးထည့်ပေးလိုက်တာ။ မင်းနည်းနည်းယူလိုက်။”
သူ့ရှေ့မှ နီရဲနေသည့်ဝက်သားနှပ်မှာ ဆီတဝင်းဝင်းနှင့် ရနံ့ကလည်းမွှေးနေ၏။ ကုမြောင်က သူ့ပန်းကန်ထဲမှ ဟင်းရွက်စိမ်းများကိုကြည့်လိုက်ပြီး စိတ်မကောင်းဖြစ်သွား၏။ ထို့နောက် ကုမြောင်တုံ့ဆိုင်းနေပြီး
“မလိုပါဘူး။”
ရန်ခိုင်က သက်ပြင်းချလိုက်၏။
“ဟေး။ မင်းငါ့ကိုအရင်တုန်းက အများကြီးကူညီခဲ့တာလေ။ အခုမှ ကျေသွားတာပေါ့။”
ရန်ခိုင်မှာ အထူးတန်းထဲတွင်အဆင့်ဘိတ်ချေးဖြစ်၏။ နောက်ဆုံးစာမေးပွဲမတိုင်ခင်က ကုမြောင်ကသူ့ကို မှတ်စုများငှားပေးခဲ့ရသည်။ ကုမြောင်၏မှတ်စုများကျေးဇူးကြောင့်သာ သူယခုချိန်အထိ အထူးတန်းထဲတွင်ရှိနေနိုင်ဆဲဖြစ်လေသည်။
“ငါ့အမေကပြောတယ်။ မင်းကိုကျေးဇူးတင်ပါတယ်တဲ့။ ပြီးတော့ ငါတို့အိမ်မှာ ညစာလာစားဖို့လည်းဖိတ်ခိုင်းလိုက်တယ်။”
ကုမြောင်က နှုတ်ခမ်းကိုတင်းတင်းစေ့ကာ
“ငါကလည်း ကျေးဇူးတင်ပါတယ်လို့ အန်တီ့ကိုပြန်ပြောလိုက်ပါ။ ဒီလိုမျိုးတွေကတော့ မလိုပါဘူးလို့။”
“ဟုတ်ပါပြီ။ ငါနားလည်တယ်။ ဒါမျိုးတွေက နည်းနည်းတစ်မျိုးဖြစ်နေတယ်မလား။ အဲ့ဒါကြောင့် အသားသာများများစား။ ဒါကလည်း ငါမင်းကိုတစ်ခုခုပြန်ကျွေးတဲ့သဘောပဲပေါ့။ နောက်ပိုင်းကျရင်လည်း မင်းကို စာတွေမေးရဦးမှာဆိုတော့ မင်းကငါကျွေးတာကိုငြင်းလိုက်ရင် ငါဘယ်စိတ်ကောင်းပါ့မလဲ။”
ကုမြောင် ခေါင်းငုံ့လိုက်ပြီး သူ့ရှေ့မှအသားတုံးကိုကြည့်လိုက်၏။ တစ်ခဏစဥ်းစားနေပြီးမှ သူက
“ကောင်းပြီလေ။”
ထိုအခါ ရန်ခိုင်ကပြုံးလိုက်ပြီး ကုမြောင်ကို ပုစွန်နှင့်ငါးများထပ်ထည့်ပေးလိုက်သည်။
“ရော့။ ဒါတွေလည်းစား။”
လူငယ်တွေကြားမှ သူငယ်ချင်းဖြစ်ခွင့်မှာ ရုတ်တရက်အခွင့်ဖန်လာတတ်သည်။ ရန်ခိုင်က ကောင်းမွန်သည့်အကြောင်းပြချက်ဖြင့် သူ့ခံစားချက်များကိုမျှဝေခံစားပေးနေသည်ကို ကုမြောင်သိလေသည်။ ဘယ်တုန်းကမှ မခံစားခဲ့ရဖူးသည့် ကြင်နာမှုလေးတစ်ခုကြောင့် ကုမြောင်၏နှလုံးသားက နွေးထွေးသွားတော့သည်။
*****
ဇူလိုင်လအစောပိုင်းတွင် ဂီတကျောင်း ခဏပိတ်၏။ သို့သော် ကြိုးစားချင်စိတ်ပြည့်ဝနေသည့်ကျောင်းသားများက အိမ်တွင်သာဆက်လက်လေ့ကျင့်ကြလေသည်။ တစ်လလောက်အပြင်းအထန်လေ့ကျင့်ပြီးနောက် ချန်ချူမှာ စိတ်ရောကိုယ်ပါ ပင်ပန်းနေခဲ့သည်။ ဂီတကျောင်း၏သင်တန်းများမှာလည်း လူကြိုက်များသည့်အပြင် လူတိုင်းကလည်းထူးချွန်နေလေရာ သူ(မ)တွင် ဖိအားပိုခဲ့ရသည်။ ကျောင်းခဏပိတ်သည့်အခါ သူ(မ) အိမ်ပြန်၍ တစ်ပတ်လောက်အနားယူပြီးမှ ပြန်လေ့ကျင့်မည်ဟု ပြင်ဆင်ထားခဲ့သည်။
အပန်းဖြေအိမ်သည် နွေရာသီတွင် အလွန်မပူပြင်းပေ။ ခြံဝန်းထဲမှ သစ်ပင်ကြီးများက နေပူဒဏ်ကို ကာကွယ်ပေးထားလေသည်။ တစ်လလေ့ကျင့်ရေးဆင်းခဲ့ပြီး အိမ်ပြန်ရောက်သည့်အခါမှ ချန်ချူ ကောင်းကောင်းမွန်မွန်အနားယူကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်တော့သည်။ သူ(မ) နိုးသည့်အခါ နေ့လယ်ပင်ရောက်နေလေပြီ။ အောက်ထပ်ဧည့်ခန်းတွင် ဆူညံနေသည်ကိုကြားလိုက်ရသဖြင့် သူ(မ) သမ်းဝေလျက် လှေကားပေါ်မှဆင်းသွားလိုက်သည်။
တောက်ပနေသောနေရောင်က ပြတင်းပေါက်များကိုဖြတ်ကာ ရွှေရောင်အလင်းကိုပေးစွမ်းနေ၏။ ဆိုဖာပေါ်တွင် မိန်းမလှလေးတစ်ယောက်ထိုင်နေပြီး သူ(မ)ကဖုန်းကိုကိုင်ထားလျက်
“ငါ့ကိုကယ်ဦး။ ဖုရွှင်း။ နင်ဘယ်မှာလဲ။ မြန်မြန်လာကယ်။ ငါသေတော့မယ်။”
“အော်မနေစမ်းနဲ့။ သေတော့မယ်ဆိုရင်လည်း သေလိုက်တော့။ နောက်တစ်ခါနင်နဲ့မဆော့တော့ဘူး။ နင်က အလကား အရှုံးသမား။”
ဖုရွှင်းက လှောင်လိုက်၏။
ထိုမိန်းကလေးသည် ဂိမ်းထဲတွင်သေသွားပုံရသည်။ သူ(မ)က နှုတ်ခမ်းဆူလျက် ဖုန်းကိုချကာ ဘေးဘက်ကိုကြည့်လိုက်သော် ချန်ချူ့ကိုတွေ့သွားလေသည်။ သူ(မ)မျက်လုံးများ အရောင်လက်သွားပြီး ဆိုဖာပေါ်မှချက်ချင်းထကာ ကလေးတစ်ယောက်ကဲ့သို့ ခုန်ပေါက်နေတော့သည်။
“မမ။ နိုးလာပြီလား။”
ချန်ချူက အိပ်ချင်မူးတူးနှင့်မျက်လုံးများကိုပွတ်လိုက်ပြီးမှ သူ(မ)ကိုမြင်၏။ ချန်ချူ သူ(မ)ကိုပြုံးပြလိုက်ပြီး
“ကျင်ကျင်။ ဘယ်တုန်းကရောက်တာလဲ။”
“မကြာသေးပါဘူး။”
ချန်ကျင်ကျင်က ပြေးလာပြီး ချန်ချူ့လက်ကိုဆွဲကာ
“မမ။ သမီးပြောပြမယ်သိလား။ ဖုရွှင်းကလေ ဂိမ်းဆော့တိုင်း သမီးကိုဆိုအမြဲအနိုင်ကျင့်တာ။ ပြီးတော့ ငတုံးမလို့လည်း ခေါ်သေးတယ်။”
ချန်ကျင်ကျင်မှာ ဂိမ်းဆော့ရာတွင်မကျွမ်းကျင်ဘဲ အမြဲနောက်ကျကျန်ခဲ့လေ့ရှိသည်။ ချန်ချူက သူ(မ)ကိုယ်တိုင်မြင်လိုက်ရပြီဖြစ်သဖြင့် ဘာမှပြန်မပြောလိုက်ပေ။ သူ(မ)က ဝမ်းကွဲညီမလေးကျင်ကျင့်ခေါင်းကို ညင်ညင်သာသာပုတ်ကာ သူ(မ)ကိုနှစ်သိမ့်လိုက်၏။
“ဟုတ်လား။ နောက်တစ်ခါကျရင် မမနဲ့ဆော့မယ်နော်။”
သူတို့ ယခင်က King of Glory ကို ဆော့နေကျဖြစ်သည်။ ချန်ချူက ဘုရင်နေရာတွင်နေလေ့ရှိပြီး နန်းကျသွားသည့်အခါ နောက်ထပ် ထပ်မဆော့ကြတော့ပေ။ သို့သော် ချန်ကျင်ကျင်နှင့်ဂိမ်းဆော့လျှင်တော့ အနိုင်ရနိုင်ချေကများ၏။
“တကယ်နော်။”
ချန်ကျင်ကျင်က ချန်ချူ့ပခုံးကိုမှီကာ ကပ်ချွဲနေ၏။ ထို့နောက် သူ(မ)က ဖုရွှင်းဘက်သို့လှည့်ကာ မျက်မှောင်ကြုတ်လိုက်ပြီး
“အကျင့်ပုပ်တဲ့ကောင်။ အခုငါ့မှာ စကားပြောစရာလူရှိပြီ။ ငါနင့်ကိုမလိုတော့ဘူး။ ဟွန့်။”
ဖုရွှင်းက မျက်ခုံးပင့်လိုက်ပြီး
“နင် Gold အဆင့်မှာပဲရှိသေးတာမလား။ ချန်ချူက ဘုရင်အဆင့်ကနေနန်းကျသွားတယ်ဆိုပေမဲ့ သူက စိန်အဆင့်ရှိသေးတယ်။ နင်တို့နှစ်ယောက် အတူတူ rank ဆော့လို့မရပါဘူး။”
ချန်ကျင်ကျင်မှာ အချိန်ကြာကြာဆော့နေသော်လည်း အခုထိတိုင် ရွှေအဆင့်တွင်သာရှိသေးမည်ဟု ချန်ချူမထင်ထားပေ။ အနည်းဆုံးတွင် ပလက်တီနမ်အဆင့်တွင်ရှိနေလိမ့်မည်ဟု ချန်ချူထင်ထားခဲ့လေသည်။ ကျင်ကျင်က ဒေါသထွက်သွားပြီး ဖုရွှင်းကိုစိုက်ကြည့်နေ၏။ စိတ်ဆိုးနေသည့် ဆူပုပ်ပုပ်မျက်နှာလေးမှာ အလွန်ချစ်စရာကောင်းနေကြောင်း ချန်ချူတွေ့လိုက်ရသည်။
“ကဲပါ။ ထားလိုက်ပါတော့။ နောက်တစ်ခါကျရင် မမ လင်းချီဖိန်ကိုမေးပေးမယ်။ သူလည်းမဆော့တာကြာပြီဆိုတော့ မမတို့(၃)ယောက် အဖွဲ့နဲ့ဆော့ရင်လည်းဆော့တာပေါ့။”
ချန်ချူက အပြုံးလေးဖြင့် သူတို့အားလုံးကိုထိန်းထားလိုက်သည်။ ထိုအခါမှသာ ကျင်ကျင်က ပြန်ပြုံးတော့လေသည်။ မျှော်လင့်ထားသည့်အတိုင်း လင်းချီဖိန်က အိမ်မှာရှိနေသဖြင့် ချန်ချူ့ကမ်းလှမ်းချက်ကို သူလက်ခံလိုက်သည်။ သူက သရေစာမုန့်များစွာကို ချန်ချူ့အိမ်သို့ယူလာခဲ့သည်။ ထို့နောက် သူတို့(၃)ယောက် ဝိုင်းဖွဲ့ထိုင်ကာ ပျော်ရွှင်စွာဂိမ်းဆော့ကြလေသည်။ သို့သော် ဖုရွှင်းတော့ မပါဝင်ပေ။ သူက ပန်းအိုးနားသို့လျှောက်သွားလိုက်ပြီး ခြေထောက်နှင့်ကြမ်းပြင်ကို တရွတ်တိုက်၍လျှောက်နေ၏။ စိတ်ရှုပ်လာသော ချန်ကျင်ကျင်က သူ့ကိုလှည့်ကြည့်လိုက်ပြီး
“နင် ဟိုလျှောက်ဒီလျှောက်လုပ်နေတာ ငါတို့အာရုံနောက်တယ်။ ငြိမ်ငြိမ်နေလို့မရဘူးလား။”
ချန်ချူ့က သူ့အကြံကိုသိနှင့်ပြီးသားဖြစ်သည်။ ဂိမ်းတစ်ပွဲပြီးသွားသည်နှင့် ချန်ချူက ဖုရွှင်းအား
“နင့်မှာတခြားအကောင့်တစ်ခုရှိသေးတယ်မလား။ အဲ့အကောင့်နဲ့ လာဆော့ပါလား။ ငါတို့နဲ့အတူတူ။”
ဖုရွှင်း၏မျက်လုံးများ အရောင်လက်သွားသော်လည်း အေးအေးဆေးဆေးသာဟန်ဆောင်လိုက်ပြီး
“အေး။ အဲ့လိုလည်းရပါတယ်။”
သို့သော် ဖုရွှင်းဝင်လာပါက (၄)ယောက်ဖြစ်သွားသဖြင့် Rank ဆော့၍မရတော့ပေ။ သူတို့၏အဓိကဦးစားပေးမှာ ချန်ကျင်ကျင်ကို rank မြှင့်ပေးရန်ဖြစ်ပြီး အပျော်သဘောနှင့်ဆော့နေခြင်းမဟုတ်ပေ။ သူတို့(၄)ယောက် ဝိုင်းဖွဲ့ထိုင်ကာ တစ်ယောက်နှင့်တစ်ယောက်ကြည့်နေကြ၏။ ထို့နောက် ချန်ချူက
“ငါ့သူငယ်ချင်းတွေကိုသွားမေးလိုက်ဦးမယ်။ ဆော့ချင်တဲ့သူများရှိမလားပေါ့။”
သူ(မ) ပထမဦးဆုံးတွေးမိသည်မှာ ကုမြောင်ဖြစ်၏။ သို့သော် ကုမြောင်က အားလပ်ချိန်တွင်အလုပ်လုပ်ရသည်ကိုသူ(မ)သိလေရာ ဂိမ်းဆော့ချိန်ရှိမည်မဟုတ်ပေ။ အပြင်ဘက်မှ ပုစဥ်းရင်ကွဲတို့ကလည်း မနားတမ်းအော်မြည်နေ၏။ ထိုအချိန်တွင် ချန်ချူ့လက်ချောင်းလေးများ ဖုန်း screen ပေါ်တွင် ခေတ္တရပ်သွားသည်။ သူ(မ)စိတ်ကိုမထိန်းနိုင်ဘဲ ကုမြောင်ကို message ပို့လိုက်မိသည်။
“ကုမြောင်။ နင် King of Glory ဆော့ချင်လား။”
ကုမြောင်က ချက်ချင်းပင် စာပြန်လာ၏။ “သိပ်တော့မဆော့ချင်ဘူး။”
Chat box လေးကိုကြည့်ကာ သူ(မ)စာပို့သည်ကိုများ သူစောင့်နေလေသလားဟု ချန်ချူတွေးလိုက်မိသည်။
“အရင်တုန်းကဆော့ဖူးလား။”
“ဟိုရက်တုန်းကတော့ ရန်ခိုင်ပြောလို့ တစ်ပွဲနှစ်ပွဲဆော့လိုက်သေးတယ်။”
ကုမြောင် ဖုန်းကိုကြည့်ကာ စိတ်ဓာတ်အနည်းငယ်ကျနေ၏။ ဂိမ်းဆော့ခြင်းမှာ အချိန်ဖြုန်းခြင်းဟု သူယခင်ကတွေးခဲ့ဖူးသော်လည်း ယခုတွင် အသုံးဝင်မည့်အရာမျိုးဖြစ်နေမှန်း သူသဘောပေါက်သွားသည်။ ဟိုရက်က ရန်ခိုင်အတင်းဆော့ခိုင်းခဲ့ခြင်းသာမဟုတ်ပါက ထိုဂိမ်းအကြောင်းကို သိတောင်သိလိမ့်မည်မဟုတ်ပေ။ သူခေါင်းငုံ့လိုက်ချိန်တွင် မျက်တောင်လေးများတုန်ယင်နေပြီး အနည်းငယ်ဝမ်းနည်းနေမိသည်။ ထိုအချိန်တွင် ချန်ချူ့ထံမှ စာတစ်စောင်ထပ်ဝင်လာ၏။
“ငါတို့ လူတစ်ယောက်လိုနေလို့။ နင်လာဆော့ပေးမလား။”
ကုမြောင် စက္ကန့်အနည်းငယ်တုံ့ဆိုင်းနေပြီးမှ
“ငါက သိပ်တော့မဆော့တတ်ဘူးနော်။ နင်တို့တွေ ငါ့ကိုကယ်နေရမှာစိုးလို့။”
ထိုဖိတ်ကြားမှုကို ကုမြောင်အမှန်တကယ်လက်ခံလိုသော်လည်း သူ(မ)သူငယ်ချင်းများရှေ့တွင်တော့ သူ့မကျွမ်းကျင်မှုကြောင့် သူ့ကိုယ်သူအရှက်မခွဲလိုပေ။ ချန်ချူက ကိစ္စမရှိသည့်ပုံစံဖြင့် ချက်ချင်းပင်စာပြန်၏။
“ရတယ်။ ငါ့ညီမလေးလည်း ခုမှဆော့တာပဲ။ နင်အရမ်းကျွမ်းနေဖို့မလိုပါဘူး။”
စိတ်လှုပ်ရှားမှုကြောင့် ပြုံးမိသွားသောနှုတ်ခမ်းကို ကုမြောင်ပြန်ထိန်းထားလိုက်၏။ ဖုန်း screen ပေါ်မှ အလင်းရောင်က သူ့မျက်လုံးထဲတွင်ရောင်ပြန်ဟပ်နေသည်။ သည်တစ်ကြိမ်တွင်တော့ သူ တုံ့ဆိုင်းခြင်းမရှိဘဲ စာပြန်လိုက်သည်။
“ဟုတ်ပြီလေ။”
သို့သော် ဂိမ်းစလိုက်သည်နှင့် ကုမြောင်၏ “သိပ်မဆော့တတ်ဘူး”ဟူသည်မှာ ဟိုက်ပါကျောင်းသားများ၏ “စာမေးပွဲမဖြေနိုင်ဘူး”နှင့် သဘောတရားအတူတူပဲဖြစ်ကြောင်း ချန်ချူသိလိုက်ရသည်။ ဂိမ်းထဲတွင် ချန်ချူ့ character တျောင်းချန်က ထိတ်ထိတ်ပျာပျာပြေးနေပြီး ရန်သူက သူ(မ)နောက်မှအမှီလိုက်နေသည်။ ရုတ်တရက် လိပိုင်ပေါ်လာပြီး (၃)ချက်တည်းနှင့် ရန်သူကိုသတ်လိုက်၏။
“ဝိုး။ မိုက်လိုက်တာ။”
မူလက ရှင်းလင်းသည့်ချန်ချူ့အသံမှာ ဖုန်းထဲတွင် ရှတတလေးဖြစ်နေ၏။ ထိုချီးမွမ်းမှုကြောင့် ကုမြောင် နားရွက်များနီကာ ရှက်သွားမိသည်။ ထိုအချိန်တွင် Angela က ခုန်ဝင်လာပြီး သူ့ကိုခေါ်သွားလေသည်။
…
သူတို့(၄)ယောက် တိတ်ဆိတ်သွား၏။ ရှက်စိတ်နှင့်ချန်ချူက
“ဟိုဖက်က Angela က အရမ်းကြမ်းတာပဲ။ သူငါ့ကိုတစ်ချက်တည်းနဲ့သတ်သွားတယ်။”
“ဟုတ်တယ် ဟုတ်တယ်။”
ချန်ကျင်ကျင်ကလည်း ချန်ချူ့စကားကို သဘောတူ၏။
“လိပိုင်က အရမ်းမိုက်တာပဲ။ ဒီဂိမ်းမှာ သူက MVP ပဲ။”
ကုမြောင်က “hmm” ဟူသောအသံလေးကိုသာပြုလိုက်၏။ screen ပေါ်မှ countdown ကိုစိုက်ကြည့်နေပြီး သူ့နှုတ်ခမ်းကို တင်းတင်းစေ့ထားသည်။
ဒါကြီးက ရှက်စရာကြီး။
သူ့မျက်လုံးများထဲတွင် ဒေါသအရိပ်များရှိနေပြီး အခြားတစ်ဖက်မှ Angela ၏နေရာကို တိတ်တဆိတ်ရှာဖွေနေခဲ့သည်။ ဆယ်စက္ကန့်ကြာသော် Angela က စာတစ်စာင်ပို့လာ၏။
“မောင်လေး လိပိုင်။ ငါက မိန်းကလေးပါ။ ငါ့ကိုမသတ်ပါနဲ့…။”
စာပို့နေချိန်(၁၀)စက္ကန့်အတွင်း ထို Angela မှာ (၉)ကြိမ်မြောက်အသတ်ခံလိုက်ရသည်။ သည်တစ်ခေါက် သူ(မ)ကိုသတ်လိုက်သူမှာ တျောင်းချန်ပင်။ ချန်ကျင်ကျင်က ခံစားချက်မဲ့နေသောချန်ချူ့ကိုကြည့်လိုက်ပြီး ဂိမ်းထဲမှ သူ(မ) character ကိုပြန်ထိန်းလိုက်သည်။ ချန်ချူ၏မက်မွန်ပွင့်သဏ္ဌာန်မျက်လုံးလေးထဲတွင် အေးစက်စက်အလင်းရောင်ရှိနေပြီး နှုတ်ခမ်းကိုစေ့ကာ အထင်သေးသည့်ရောင်ဝါမျိုးလည်းရှိနေသည်။
“မမက မိုက်လိုက်တာ။”
ကျင်ကျင်တစ်ယောက် စိတ်ထဲမှအော်ပြောလိုက်လေသည်။
“ကျင်ကျင်။ လာခဲ့။”
ကျင်ကျင့် character မှာ ဂိမ်းထဲတွင်ရပ်ကြည့်နေသည်ကိုမြင်သဖြင့် ချန်ချူက လှမ်းသတိပေးလိုက်သည်။
“အိုး…လာပြီ လာပြီ။”
ချန်ကျင်ကျင်အသိပြန်ဝင်လာပြီး သူ(မ)၏ ဝဝကစ်ကစ်ငါးခန္ဓာကိုယ်လေးကိုထိန်းကာ ချန်ချူ့ character နောက်သို့လိုက်သွားသည်။ နေ့လယ်ခင်းတွင် ဂိမ်းဆော့နေရင်းဖြင့်အချိန်ကုန်သွား၏။ သူတို့(၄)ယောက် ကြိုးကြိုးစားစားပံ့ပိုးပေးခဲ့သဖြင့် နောက်ဆုံးတွင် ချန်ကျင်ကျင်မှာ စိန်အဆင့်သို့ရောက်သွားလေသည်။
လေးထောင့်အခန်းငယ်လေးထဲတွင် အဝါရောင်မီးမှိန်မှိန်လေးလင်းနေသည်။ ကုမြောင် ဖုန်းကိုချကာ မျက်မှန်ချွတ်လိုက်ပြီး နဖူးကိုပွတ်လိုက်သည်။ ပင်ပန်းနေသော်လည်း စိတ်ထဲတွင်တော့ပျော်ရွှင်နေ၏။ သူ ပြုံးလိုက်ပြီး စားပွဲပေါ်မှမီးကိုဖွင့်လိုက်သည်။ ထို့နောက် အံဆွဲထဲတွင်ရှိနေသည့် မျက်မှန်ဗူးလေးနှင့် card လေးကိုယူလိုက်သည်။ မျက်မှန်ဗူးထဲတွင် ရွှေရောင်မျက်မှန်လေးတစ်လက်ရှိနေ၏။ ၎င်းမှာ အရင်တစ်ခေါက်က သူမဝယ်ဘဲ ဆိုင်တွင်ချန်ခဲ့သည့်မျက်မှန်လေးပင်။ သူ မျက်မှန်ကိုင်းလေးကိုထိကြည့်လိုက်ပြီး စိတ်ထဲတွင် ကြည်နူးသွား၏။ ထိုမျက်မှန်လေးကို ချန်ချူက သူ့အတွက်မွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးခဲ့သည်။
ရွှေရောင်မျက်မှန်လေးကို တစ်ခဏကြာအောင်စိုက်ကြည့်နေပြီးနောက် ဗူးပြန်ပိတ်ကာ ဗူးနှင့်အတူပါလာသော Handmade card လေးကိုဖွင့်ကြည့်လိုက်သည်။ ဖွင့်လိုက်သည့်အခါ card လေးထဲမှ 3D မွေးနေ့ကိတ်ပုံလေးထွက်လာ၏။ ထိုကိတ်၏အောက်တွင် ချန်ချူ့လက်ရေးလေးဖြင့် သပ်ရပ်လှပစွာရေးသားထားလေသည်။
“Happy Birthday ကုမြောင်။ နင်က ဒီရွှေရောင်မျက်မှန်လေးနဲ့အရမ်းကြည့်ကောင်းတယ်လို့ငါပြောဖူးတယ်မဟုတ်လား။”
ပြတင်းပေါက်အပြင်ဘက်၌ အဝါရောင်လမ်းမီးမှိန်မှိန်လေးဖြာကျနေသည်။ ကုမြောင်၏မျက်လုံးထဲတွင် နူးညံ့သိမ်မွေ့မှုတို့ ပြည့်နှက်နေ၏။ ထို့နောက် card ၏ ညာဘက်ထောင့်မှချန်ချူ့လက်မှတ်လေးကို သူ့လက်ချောင်းများဖြင့် ညင်သာစွာထိကြည့်လိုက်သည်။ ချန်ချူ့လက်မှတ်လေးမှာ “ချူချူ” ဟူ၍ စာလေး (၂)လုံးသာ။
နွေရာသီလေညင်းတို့က အခန်းထဲ တိုးဝင်တိုက်ခတ်နေသည်။ သူ့မျက်လုံးများထဲတွင် နွေည၏ကြယ်လေးများပြည့်နှက်နေသကဲ့သို့ပင်။ ချန်ချူ့လက်မှတ်လေးကို ထိကြည့်လိုက်ပြီးနောက် သူ့စိတ်ထဲတွင် တစ်မျိုးလေးခံစားလိုက်ရသည်။ သူ စိတ်ကိုပြင်ဆင်ကာ ကိုယ်ကိုငုံ့လိုက်ပြီး card ပေါ်ကချန်ချူ့လက်မှတ်လေးကို ငုံ့နမ်းလိုက်မိသည်။ ၎င်းမှာ နွေရာသီလေပြေလေညင်းထက် ပို၍ညင်သာသည့်အနမ်းလေးတစ်ပွင့်ပင်။
*****
Aurora Novel Translation Team