Chapter 38
နွေရာသီကျောင်းပိတ်ပြီး ရက်အနည်းငယ်ကြာသော်။
ချန်ကျင်ကျင်နှင့် ဖုရွှင်းတို့ ချန်ချူ့အိမ်သို့ပြောင်းလာကြသည်။ သူတို့နှစ်ယောက်စလုံးမှာ အလယ်တန်းကျောင်းတစ်ခုတည်းတွင် အတူတူတက်ကြသူများလည်းဖြစ်၏။ ချန်ကျင်ကျင်မှာ ချန်ချူ့ အဖေဘက်မှတော်သော ဝမ်းကွဲညီမလေးဖြစ်ပြီး ဖုရွှင်းမှာ ချန်ချူ့အမေဘက်မှတော်သော ဝမ်းကွဲမောင်လေးဖြစ်သည်။ သူတို့မိသားစုများမှာ ဘာမဟုတ်တာလေးနှင့် ရန်ဖြစ်တတ်ကြပြီး အတူရှိလျှင် အမြဲတကျက်ကျက်ဖြစ်ကြ၏။ လွန်ခဲ့သောရက်အနည်းငယ်က သူတို့နှစ်ယောက်စလုံး No.1 High School မှ ဝင်ခွင့်စာစောင်ရရှိထားကြသည်။ သို့သော် ချန်ကျင်ကျင်က စာကြိုးစား၍ ထိုသို့ဝင်ခွင့်ရခဲ့စဥ်တွင် ဖုရွှင်း၏ အဖေက ကျောင်းကိုငွေပေး၍ ဖုရွှင်းကိုဝင်ခွင့်ရအောင်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ လာမည့်နှစ်ဝက်တွင် ချန်ချူကထိုကျောင်းသို့သွားမည်မဟုတ်သဖြင့် သူ(မ)အိမ်မှာ အလွတ်ကြီးဖြစ်နေမည်ဖြစ်ရာ ချန်ကျင်ကျင်နေနိုင်ရန်အတွက် သူ(မ)ကိုအိမ်သော့ပေးခဲ့လေသည်။ ဖုရွှင်းအဖေက သူ့သားအတွက် အိမ်တစ်လုံးပြင်ဆင်ထားပြီးသားဖြစ်၍ ဖုရွှင်းအတွက်ကိုတော့ ချန်ချူစိုးရိမ်စရာမလိုတော့ပေ။
ရက်အနည်းငယ်အနားယူခဲ့ပြီးနောက် ချန်ချူ့ဖုန်းတွင် countdown တစ်ခု ပြည့်သွားခဲ့သည်။ ၎င်းမှာ ဝင်ခွင့်စာမေးပွဲအတွက် စတင်လေ့ကျင့်ရတော့မည့် countdown ပင်။ ထို့ကြောင့် ချန်ချူ အိပ်ရာမှစောစောထကာ မနက်စာစားပြီး စန္ဒရားလေ့ကျင့်ရန်အဆင်သင့်ပြင်လိုက်တော့သည်။ သို့သော် ရုတ်တရက် ဘေးခြံမှခွေးဟောင်သံတို့ကိုကြားလိုက်ရသည်။ ချန်ချူ စိတ်ရှုပ်ရှုပ်နှင့် ဥယျာဥ်ထဲသို့ဆင်းသွားလိုက်သောအခါ လင်းမိသားစုအိမ်မှ Golden Retrievers လေး (၃)ကောင် ကစားနေကြသည်ကိုတွေ့လိုက်ရ၏။ လသားအရွယ်သာရှိသေးသော်လည်း ထိုခွေးလေးများမှာ အမွေးများတောက်ပလျက် လှပစွာကြီးပြင်းလာကြပြီ။ ထိုအခိုက်အတန့်တွင် ထိုခွေးများက ထောင့်တစ်နေရာကိုကြည့်ကာ သည်းကြီးမည်းကြီးဟောင်နေကြလေသည်။ ထို့ကြောင့် ချန်ချူသိချင်လာပြီး ခြေလှမ်းဖွဖွလေးဖြင့်သွားကြည့်လိုက်သည်။ ထိုထောင့်လေးတွင် Golden Retriever လေးတစ်ကောင်က အမြီးလေးကုပ်နေပြီး သူ့ရှေ့မှ ခွေးကြီး(၃)ကောင်ကိုကြည့်နေသည်ကိုတွေ့လိုက်ရသည်။ ထိုခွေးလေးမှာ အကောင်သေးသော်လည်း အံကြိတ်ကာ ခေါင်းမော့ထားလျက်ပင်။ သူ့ပုံစံမှာ ကြောက်စရာမကောင်းနေဘဲ ကလေးငယ်လေးရန်လိုနေသကဲ့သို့ပင်။ ထိုအခါ ခွေးကြီးသုံးကောင်ကလည်း ထိုခွေးလေးအနားသို့ အံကြိတ်၍ချဥ်းကပ်ကာ မာန်ဖီသံအချို့ပင်ပြုလိုက်သေးသည်။
ထိုမြင်ကွင်းကို ကြာကြာမကြည့်နေနိုင်တော့သဖြင့် ချန်ချူက ဥယျာဥ်ထောင့်တစ်နေရာမှ တုတ်ရှည်ရှည်တစ်ချောင်းကိုကောက်လိုက်ပြီး (၃)ကောင်ထဲမှ ရှေ့ဆုံးမှ Golden Retriever လေးကို ခေါင်းခေါက်လိုက်၏။ ထိုခွေးလေးက လှည့်ကြည့်လိုက်ပြီး တုတ်ကိုင်ထားသည့်ချန်ချူ့ကိုတွေ့မှသာ အချိုးပြောင်းသွားကာ ခွေးငယ်လေးကို ဆက်၍အနိုင်မကျင့်တော့ပေ။ ထိုခွေးလေး (၃)ကောင်မှာ အချင်းချင်းကြည့်လိုက်ကြသည်။ ချန်ချူ့ကို သူတို့သခင်၏သူငယ်ချင်းမှန်းလည်း သိကြပုံပင်။ ချန်ချူ့ကိုတွေ့သည်နှင့် ပြန်မစွာရဲတော့ဘဲ ချက်ချင်းပင် ထွက်ပြေးသွားကြတော့သည်။
အဝေးမှ ပုစဥ်းရင်ကွဲအော်သံမှတစ်ပါး ခြံတစ်ခြံလုံးတိတ်ဆိတ်သွားသည်။ ဟိုခွေး(၃)ကောင်ထွက်သွားသည့်အခါ ထောင့်နားမှခွေးငယ်လေးက စိတ်သက်သာသွားဟန်ဖြင့် ချန်ချူ့ကို သနားစရာမျက်လုံးများဖြင့်ကြည့်နေသည်။ အစောပိုင်းက ခွေး(၃)ကောင်နှင့်ကွယ်နေသဖြင့် ချန်ချူခွေးလေးကို သေချာမမြင်ခဲ့ရပေ။ ယခုသေချာကြည့်လိုက်မှသာ ထိုခွေးလေးမှာ Golden Retriever မျိုးအစစ်မဟုတ်ကြောင်း သိလိုက်ရသည်။ သူ့အမွေးမှာ Golden Retriever ထက်ပို၍အဝါနုပြီး နားရွက်များကလည်း Golden Retriever ကဲ့သို့မဟုတ်ပေ။ သူ(မ)ကိုမော့ကြည့်နေသည့်ထိုခွေးလေးမှာ Golden Retriever နှင့် နောက်ထပ်အမျိုးအစားတစ်ခုပေါင်းစပ်၍ သားပေါက်ထားသောခွေးလေးဖြစ်ပေမည်။
ချန်ချူ ခွေးလေးကိုငုံ့ကြည့်လိုက်သောအခါ သနားစရာခွေးလေးမှာ လူတစ်ယောက်နှင့်ပင်တူနေသလို ခံစားလိုက်ရသည်။ နံနက်ခင်းလေပြေလေးထဲတွင် ချန်ချူနှင့်ခွေးလေးတို့ မျက်နှာချင်းဆိုင်ကာ အချင်းချင်း ငေးကြည့်နေကြလေသည်။ တစ်ခဏကြာသော် ခွေးလေးက ချန်ချူသူ့ကိုအန္တရာယ်မပြုကြောင်းသိသွားဟန်ဖြင့် တွန့်ဆုတ်ဆုတ်နှင့် ရှေ့တိုးလာသည်။ ချန်ချူက ပြုံးပြကာ ခွေးလေးကိုနှုတ်ဆက်လိုက်သည်။ ခွေးလေးက အရောင်လက်နေသည့်မျက်လုံးလေးများဖြင့် ချန်ချူ့ကိုပြန်ကြည့်ကာ ချန်ချူ့ထံသို့ပြေးလာလေသည်။
ပူပြင်းလှသည့်နွေရာသီမနက်ခင်းတွင် ချန်ချူ့ဥယျာဉ်ထဲမှသစ်ပင်ငယ်လေးတို့မှာ လေညင်းနှင့်အတူ ယိမ်းနေကြ၏။ ခွေးလေးက ချန်ချူ့ထံသို့ပြေးလာပြီး မျက်ရည်လည်နေသောမျက်လုံးလေးများဖြင့်
“ဝုတ်”
ခွေးလေး၏အသံမှာ ချန်ချူလန့်သွားမည်ကိုစိုးရိမ်နေသကဲ့သို့ပင်။ ထိုသို့ချစ်စရာကောင်းနေသည့်ခွေးလေးကိုကြည့်ကာ ချန်ချူမနေနိုင်တော့ဘဲ ခေါင်းကိုပွတ်ပေးလိုက်မိသည်။ အမွေးတို့မှာ အနည်းငယ်ကြမ်းတမ်းသော်လည်း ကိုင်လို့ကောင်း၏။ ထိုအချိန်တွင် ခွေးလေးက တစ်ခဏမှင်တက်မိသွားပြီးမှ ချန်ချူ့လက်ကို ပွတ်သပ်နေတော့သည်။
“စောင့်ဦးနော်။”
ချန်ချူ ထိုသို့ပြောလိုက်ပြီး ခွေးလေး၏နားရွက်ကိုပွတ်ပေးလိုက်ရာ ခွေးကလေးက နားစွင့်လိုက်လေသည်။ ချန်ချူနောက်ဆုတ်လိုက်သောအခါ သူ(မ)အနောက်တွင် ခွေးဟောင်သံကိုကြားလိုက်ရသည်။ ထိုခွေးဟောင်သံမှာ အစောပိုင်းကထက်ပိုကျယ်နေသဖြင့် ချန်ချူ ပြန်လှည့်ကြည့်လိုက်သည်။ မနက်ခင်းနေရောင် ဖြာကျနေသဖြင့် ဥယျာဉ်ထဲမှအရွက်တို့၏အရိပ်မှာ မြေပေါ်တွင်အကွက်အကွက်နှင့်ထင်နေသည်။ ရွှေရောင်နုနုခွေးကလေးက သူ(မ)ကိုမော့ကြည့်ကာ အမြီးကိုယမ်းခါနေသည်။ ချန်ချူက သူ့ကိုချန်ခဲ့တော့မည်အထင်နှင့် ချန်ချူ့ကို ကြည့်နေပုံမှာ အလွန်သနားစရာကောင်းလှသည်။
ချန်ချူက ပြုံးပြလိုက်ပြီး အသံတိုးတိုးလေးနှင့်
“ငါ့ကို ဒီမှာစောင့်နေနော်။ ငါနင့်အတွက် စားစရာယူလာပေးမယ်။”
ခွေးကလေး၏ သနားစရာပုံစံကိုမကြည့်နိုင်တော့သဖြင့် ချန်ချူ မီးဖိုချောင်ထဲသို့ အမြန်ပြေးသွားသည်။ တစ်ခဏကြာသော် လက်နှစ်ဖက်တွင် ဝက်အူချောင်း(၂)ချောင်းကိုကိုင်၍ ချန်ချူ ပြန်ရောက်လာခဲ့သည်။ ခွေးလေးမှာ နေရောင်အောက်တွင် ငြိမ်ငြိမ်လေးထိုင်စောင့်နေလေ၏။ ချန်ချူပြန်လာသည်ကိုတွေ့သော် ချက်ချင်းထကာ ပျော်ရွှင်စွာဖြင့် ပတ်ပြေးနေတော့သည်။ ချန်ချူက ဝက်အူချောင်းများ ချကျွေးလိုက်သည့်အခါ ဟိုခွေးကြီး(၃)ကောင် လာလုစားမည်စိုး၍ သူက ဟောင်နေသေးသည်။ ထို့နောက်မှ ဝက်အူချောင်းကို မြန်မြန်စားလိုက်ပြီး ချန်ချူ့လက်ကိုပွတ်သပ်နေသည်မှာ ချန်ချူ့ကိုကျေးဇူးတင်နေသကဲ့သို့ပင်။ အရင်က လင်းချီဖိန်သည် သူ(မ)အား ခွေးမွေးချင်ပါက သူတို့အိမ်မှတစ်ကောင်ပေးမည်ဟုပြောဖူးသည်ကို ချန်ချူမှတ်မိသည်။ သူ(မ) ငုံ့ကြည့်လိုက်သော် ထိုချစ်စရာခွေးလေး လိမ္မာနေသည့်ပုံစံမှာ သူ(မ)အား ခံစားသွားရစေပြီး ပထမဆုံးအကြိမ် ခွေးမွေးချင်သည့်အတွေး ဖြစ်ပေါ်လာခဲ့လေသည်။
*****
“ဘာ။ နင် အဲ့ခွေးလေးကိုမွေးချင်လို့၊ ဟုတ်လား။”
လင်းချီဖိန်က ဆိုဖာပေါ်တွင်ထိုင်ကာ ဖုန်းကြည့်နေရင်းနှင့် ချန်ချူ့စကားများကိုကြားသော် အံ့ဩကာ ခေါင်းထောင်ကြည့်လေသည်။
“ဘာဖြစ်လို့လဲ။ မရဘူးလား။”
“မရတာတော့မဟုတ်ပါဘူး။ နင် ခွေးမွေးချင်တယ်ဆိုရင် ငါ့အိမ်က(၃)ကောင်ထဲက တစ်ကောင်ခေါ်သွားလို့ရတာပဲလေ။”
ချန်ချူက မျက်မှောင်ကြုတ်ကာ “ငါက ဒီကောင်လေးကိုပိုသဘောကျတာ။”
ထိုအခါ လင်းချီဖိန်က
“အေအေ။ နင်မွေးချင်တယ်ဆိုရင်လည်း ခေါ်မွေးပေါ့။ ငါသူ့ကို လမ်းပေါ်မှာတွေ့တုန်းကတော့ သူက တော်တော်လေး အားနည်းနေသေးတာနော်။ ဖျားနေတာလား ပိုင်ရှင်က စွန့်ပစ်သွားတာလားတော့ မသိဘူး။ နင်မွေးမယ်ဆိုရင်တော့ ဂရုစိုက်ဦး။”
ချန်ချူက ခေါင်းညိတ်လိုက်ပြီး
“သူ့နာမည်ကဘာတဲ့လဲ။”
“နံပါတ်ငါး။”
“ဘာ။”
ချန်ချူ နားကြားများလွဲလေသလားဟုပင် ထင်လိုက်၏။
“ဟုတ်တယ်လေ။ ငါတို့အိမ်မှာ (၅)ကောင်မြောက်ခွေးလေးမို့ နံပါတ်ငါးလို့ခေါ်တာ။”
လင်းချီဖိန်က အတည်ပေါက်ကြီးရှင်းပြ၏။ သူစကားဆုံးသွားသည်နှင့် ချန်ချူ့ကိုကြည့်လိုက်သောအခါ ချန်ချူက တစ်ခုခုကို မျက်မှောင်ကြုတ်၍စဥ်းစားနေဟန်ပင်။
“ဒီနာမည်ကိုထူးဆန်းနေတယ်လို့ထင်ရင်လည်း နင်နာမည်အသစ်တစ်ခုပေးလိုက်ပေါ့။”
ဧည့်ခန်းတံခါးပွင့်သွားပြီး နာနီနှင့်အတူ ခွေးလေးလည်းဝင်လာသည်။ ချန်ချူ့ကိုတွေ့သွားသည်နှင့် ခွေးလေး၏မျက်လုံးများ အရောင်လက်သွားတော့သည်။ ခွေးလေးမှာ ချန်ချူ့ထံသို့ပျော်ရွှင်စွာပြေးလာသော်လည်း နာနီ့လက်ထဲမှကြိုးနှင့်ဆွဲထားခံရသဖြင့် ချန်ချူ့ဆီမရောက်ခင် ရပ်သွားလေသည်။ ခွေးလေးက လျှာထုတ်ကာ အမြီးကလေးယမ်း၍ ချန်ချူ့ကိုကြည့်နေ၏။
“မင်းက မသိတတ်တဲ့ခွေးလေးပဲကွ။ မင်းကိုဘယ်သူကယ်ခဲ့တယ်ဆိုတာ မေ့သွားပြီပေါ့လေ။”
လင်းချီဖိန်က လှမ်းအော်ပြောလိုက်ခြင်းပင်။ ချန်ချူထိုင်ချလိုက်ပြီး ခွေးလေး၏ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ ထိုအခါ ခွေးလေး၏မျက်လုံးများမှာ လင်းလက်တောက်ပနေတော့သည်။ ချန်ချူ ရုတ်တရက် အကြံရသွားသဖြင့်
“ငါတို့သူ့ကို မြှောင်မြှောင်လို့ခေါ်ရင်မကောင်းဘူးလား။”
“ဟင်။ မြှောင် ဟုတ်လား။ သူက ခွေးလေ။ ကြောင်မှမဟုတ်တာ။”
လင်းချီဖိန်ကတော့ ခေါင်းကုတ်လျက်ပင်။ ထို့နောက် သက်ပြင်းချလိုက်ပြီး
“အေး။ အခုကစပြီး နင့်ခွေးဖြစ်သွားပြီဆိုတော့လည်း နင်ကြိုက်သလိုခေါ်ပေါ့။”
ခွေးလေးက သူ့လက်လေးများဖြင့် ချန်ချူ့ဒူးကိုသာသာလေးကုတ်နေသည်မှာ ချန်ချူ့ကိုဖက်ထားနေသကဲ့သို့ပင်။
ချန်ချူက ပြုံးလိုက်ပြီး
“ဝုတ်။” သည်တစ်ခါတွင် ခွေးကလေးက ကျယ်လောင်စွာဟောင်လိုက်လေသည်။
“အေးပါ အေးပါ။” လင်းချီဖိန် သိပ်မပြောချင်တော့ပေ။
“ခွေးအတွက်အသုံးအဆောင်တွေတော့ လောလောဆယ်ငါ့ဆီကပဲယူသွားလိုက်ဦး။”
ချန်ချူက ခွေးလေးကိုကောက်ချီလိုက်ပြီး ကျောကိုပွတ်ကာ “အေး ဟုတ်ပြီ။”
ဒုတိယထပ် စင်္ကြံလမ်းကိုဖြတ်ပြီးသည်နှင့် လင်းချီဖိန်တို့မိသားစု၏ စတိုခန်းသို့ရောက်လေသည်။ စတိုခန်းမှာ အလွန်ကြီးမားပြီး အထဲတွင် ပစ္စည်းပေါင်းစုံရှိနေသည်။ သို့သော် အလင်းရောင်တော့သိပ်မကောင်းပေ။ လင်းချီဖိန်က ခွေးစာထုပ်အချို့ကိုယူပြီး ချန့်ချူ့ကိုပေးလိုက်၏။
“ထားလိုက်ပါ။ နင်ကခွေးချီထားတာဆိုတော့ ငါပဲဒီအိတ်တွေသယ်လာပေးတော့မယ်။”
လင်းချီဖိန်က ခွေးစာထုပ်များကိုဆွဲကာ “သွားစို့။”
သူတို့ တံခါးပေါက်မှထွက်သွားသည်နှင့် အပန်းဖြေအိမ်မှအလင်းရောင်များကလင်းထိန်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်နေသည်။ လင်းချီဖိန်က သူ့ဘေးမှချန်ချူ့ကို လှည့်ကြည့်လိုက်၏။ သူ(မ)မျက်နှာတွင် အလင်းတို့ရောင်ပြန်နေပြီး သူ(မ)ချီထားသောခွေးလေးအား ညင်သာစွာငုံ့ကြည့်နေလေသည်။
“နင့်လက်ပတ်လေး လှသားပဲ။”
လင်းချီဖိန်က ရုတ်တရက်ပြောလိုက်ခြင်းဖြစ်သည်။
ချန်ချူက ခေါင်းကိုငုံ့လျက် မက်မွန်ပွင့်သဏ္ဌာန်မျက်လုံးလေးများတွင် နူးညံ့မှုများရှိနေကာ
“အွန်း။ ငါလည်း လှတယ်လို့ထင်တာပဲ။”
“အဲ့ဒါ ဘာ brand လဲ။”
ထိုမေးခွန်းကြောင့် ချန်ချူအံ့ဩသွားသည်။ လင်းချီဖိန်မှာ ထိုသို့မေးခွန်းမျိုးမေးတတ်သည့်သူမျိုးမဟုတ်ပေ။ သို့သော် သူ(မ)ကိုခွေးလေးတစ်ကောင်ပေးထားပြီဖြစ်၍ သူ့မေးခွန်းကို မဖြေလို့မကောင်းချေ။ ချန်ချူ တစ်ခဏစဥ်းစားလိုက်ပြီး Brand နာမည်ကို ပြောပြလိုက်သည်။
နွေရာသီညအချိန်တွင် ပုစဥ်းရင်ကွဲအသံတို့ကိုကြားနေရသည်။ လင်းချီဖိန်က ခွေးစာထုပ်ကိုချကာ ပြန်သွား၏။ ချန်ချူက သူ့ခွေးလေးကိုချီထားပြီး ခေါင်းပွတ်ပေးနေသည်။ ခွေးလေးက အရုပ်လေးကဲ့သို့ ငြိမ်ခံနေပြီး ချန်ချူနှင့်အတူ အလိုက်သင့်ရှိနေသည်။
*****
ညအချိန်တွင် အတွေးများရှင်းလင်းနေတတ်သဖြင့် ညဘက်စာလုပ်ရသည်ကို ကုမြောင်နှစ်သက်သည်။ နွေညများမှာ တိတ်ဆိတ်နေပြီး အိမ်တွင်လည်း လူအများကြီးမရှိနေပေ။ သူ့ဦးလေး၊ အဒေါ်တို့နှင့်အတူ သူ့ဝမ်းကွဲများက မွေးရပ်မြေသို့ပြန်သွားကြသောကြောင့် အိမ်တွင် ကုမြောင်တစ်ယောက်တည်းဖြစ်နေကာ ခါတိုင်းထက်ပို၍နေလို့ကောင်းနေလေသည်။ နောက်ဆုံးသင်္ချာပုစ္ဆာကိုတွက်ချက်ပြီးနောက် ကုမြောင် ဘောပင်ကိုချလိုက်သည်။ တစ်ချိန်တည်းမှာပင် Telepathy connection ရှိနေသကဲ့သို့ စားပွဲထောင့်နားမှ သူ့ဖုန်းလေးလည်း လင်းလာ၏။ ချန်ချူ့ဆီမှ စာဝင်လာခြင်းပင်။ ကုမြောင် စိတ်လှုပ်ရှားစွာဖြင့် message ကိုဖွင့်ကြည့်လိုက်သောအခါ ချန်ချူက selfie လေးတစ်ပုံပို့ထားလေသည်။ ကင်မရာကိုကြည့်ကာ ပြုံးနေပြီး သူ(မ)မျက်လုံးလေးများကလည်း တောက်ပနေသည်။ ကုမြောင်လက်များတုန်ယင်သွား၏။ ဓာတ်ပုံလေး၏အောက်တွင် နောက်ထပ်စာလေးတစ်ကြောင်းလည်းပါသေးသည်။
“ဒါက မြှောင်မြှောင်တဲ့။ ချစ်စရာမကောင်းဘူးလား။”
ထိုအခါမှသာ ချန်ချူချီထားသည့် အဝါနုရောင်ခွေးလေးကို ကုမြောင်သတိထားမိတော့သည်။ ထိုခွေးလေးသည် ချန်ချူ့ကိုမော့ကြည့်နေလေရာ ချန်ချူ့ကိုအတော်လေး သံယောဇဥ်ရှိပုံရသည်။ ကုမြောင် နှုတ်ခမ်းစေ့လိုက်ပြီး အင်တင်တင်နှင့် စာပြန်လိုက်၏။
“အင်း ချစ်စရာလေး။”
ချန်ချူ့ဘက်မှ ပြန်စာတစ်စောင်က ခပ်မြန်မြန်ပြန်ရောက်လာသည်။
“ဟုတ်တယ်နော်။ ချစ်စရာကောင်းတယ်မလား။ ငါတော့အရမ်းသဘောကျနေတာ။”
အပြင်ဘက်တွင် ပုစဥ်းရင်ကွဲတို့၏အသံများကို အဆက်မပြတ်ကြားနေရသည်။ ကုမြောင်က ချန်ချူ့လက်ထဲမှခွေးလေးကို သေသေချာချာစိုက်ကြည့်ရင်း နှုတ်ခမ်းကိုတင်းတင်းစေ့ထားမိသည်။ တစ်ခဏကြာသော် သူက ဓာတ်ပုံကို save ကာ ခွေးလေးကို crop ပြီး စာပြန်လိုက်သည်။
“ငါလည်းသဘောကျပါတယ်။”
သို့သော် စိတ်ထဲတွင်မူ
တကယ်တော့ သဘောမကျပါဘူး။ ဘယ်နားကချစ်စရာကောင်းနေလို့လဲ။ နွေရာသီကြီးမှာ ခွေးချီထားရတာ မပူဘူးလား။
*****
Aurora Novel Translation Team