Chapter 39
ညလေညင်းလေး ညင်သာစွာတိုက်ခတ်နေ၏။ အပန်းဖြေအိမ်ယာထဲသို့ အနက်ရောင်မာစီးဒီးကားတစ်စီးဝင်လာသည်။
“ရောက်ပါပြီ သခင်လေးချန်နဲ့ မမလေးချန်။”
ဒရိုင်ဘာက ကားရပ်လိုက်၏။ ကားထဲတွင် မီးမှိန်မှိန်လေးသာလင်းနေပြီး ချန်ယွယ်က မျက်လုံးမဖွင့်ဘဲ မျက်ခုံးသာပင့်ပြလိုက်သည်။
“ကိုကြီး။ ညီမလေးတို့ ရောက်ပြီ။”
ချန်ချူ သူ့ကို ညင်သာစွာပုတ်လိုက်၏။ ချန်ယွယ်က မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်သောအခါ ကားအလင်းက စူး၍ဝင်လာသည်။ သူက သက်ပြင်းဖြည်းဖြည်းလေးချလိုက်ပြီး
“သွားမယ်။ ကိုကြီးနောက်ကို တစ်နေ့လုံးလျှောက်လိုက်နေတာ။ ခုတော့ ကျေနပ်သွားပြီလား။”
“ဟုတ်။”
ချန်ချူက ခေါင်းညိတ်ကာ ကျေနပ်စွာပြုံးပြလိုက်သည်။ ချန်ယွယ်က သူ့မျက်ခုံးကိုပွတ်လိုက်ပြီး ခြေလှမ်းကျယ်ကြီးနှင့် ကားထဲမှထွက်ကာ
“ကိုကြီးက ကတိတည်ပါတယ်။ ပြောပြီးသားစကားကို ဖျက်တတ်တဲ့သူမျိုး မဟုတ်ဘူးလေ။”
“သိပါတယ် သိပါတယ်။ ကိုကြီးက အကောင်းဆုံး။”
ချန်ချူက ချန်ယွယ့်လက်ကိုချိတ်၍ သူနှင့်အတူ တံခါးထဲသို့ဝင်သွားသည်။ ဧည့်ခန်းထဲတွင် မှိန်မှိန်လေးလင်းနေသည့်နံရံကပ်မီးအိမ်လေးမှတစ်ပါး ခြောက်ကပ်နေ၏။ တံခါးကိုပိတ်လိုက်သည်နှင့် တစ်နေ့လုံးသူ(မ)စိတ်ထဲတွင်ရှိနေသည့်တင်းအားတို့ အားလုံးပြေလျော့သွားသည်။ နံရံပေါ်မှပြက္ခဒိန်ကိုကြည့်ကာ ပင်ပန်းနေသည့်သူ(မ)မျက်လုံးလေးများထဲတွင် ပြုံးရိပ်သန်းလာသည်။ ယခင်ဘဝက သူ(မ)ကိုကြီး လေယာဉ်ပျက်ကျ၍ဆုံးသွားခဲ့သည့် ဇူလိုင်(၁၉)ရက်ကို ကျော်သွားခဲ့ပြီ။
မနက်ရောက်သော်။
ချန်ချူက သူ့ကိုကြီးအား တစ်လလောက်လေယာဉ်မစီးဘဲနေရန် တောင်းဆိုလိုက်၏။ ချန်ယွယ်က နားမလည်နိုင်သော်လည်း သူ့ညီမလေး၏ မျက်ရည်ဝိုင်းလေးဖြင့်တောင်းဆိုမှုကိုလျစ်လျူမရှုနိုင်ဘဲ လိုက်လျောပေးခဲ့သည်။ သူ့ညီမအတွက်ဆိုလျှင် အရာအားလုံးကို ပယ်ဖျက်ပေးနိုင်လေသည်။
ကမ်းရိုးတန်းမြို့၏နွေရာသီညတို့မှာ သိပ်လည်းမပူလှပေ။ ချန်ချူ ပြတင်းပေါက်ဖွင့်ကာ ဥယျာဉ်၏ ညမြင်ကွင်းကိုရှုစားနေခဲ့သည်။ ဥယျာဉ်မှ မှိတ်တုတ်မှိတ်တုတ်မီးလေးများကြောင့် သူ(မ)စိတ်ထဲတွင်အေးချမ်းသလိုခံစားလိုက်ရသည်။ သူ(မ)ချစ်သောသူများ သူ(မ)နံဘေးတွင်ရှိနေသည်မှာ အလွန်ကောင်းပေ၏။
*****
နွေရာသီကျောင်းပိတ်ရက်များကုန်ဆုံးပြီးသော် စာသင်ခန်းထဲမှလေထုမှာ ပိုမိုတင်းမာလာခဲ့သည်။ ကျောက်သင်ပုန်းပေါ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရောက်လာတော့မည့်ရက်ကို countdown အနေဖြင့်ရေးသားထားရာ တစ်နေ့ထက်တစ်နေ့ စာမေးပွဲနီးလာပြီကို မျက်မြင်တွေ့နေရသည်။ တစ်ချိန်တည်းမှာပင် စားပွဲပေါ်မှစာရွက်အပုံမှာလည်း ပိုပို၍ထူလာ၏။ Air-con ထံမှ ဆူညံသံတို့လည်း ကျယ်လောင်လျက်ပင်။ ကုမြောင် သူ့ဘေးကခုံအလွတ်လေးကိုကြည့်ကာ စိတ်ထဲတွင်အထီးကျန်သွားတော့သည်။
အထက်တန်းတတိယနှစ်တွင် စာမေးပွဲအလွန်များ၏။ ယခင်တစ်ပတ်ကစာမေးပွဲအဖြေလွှာများကို ပြန်စစ်ပြီးသည်နှင့် နောက်တစ်ပတ်စာမေးပွဲက လမ်းတစ်ဝက်ရောက်နေပြီ။ အဖြေလွှာစာရွက်စောစောအပ်ခြင်းကို ကျောင်းကခွင့်ပြုထားသဖြင့် ကုမြောင်က အမြဲအမြန်ရေးလေ့ရှိပြီး စာမေးပွဲခန်းထဲတွင် အမြဲတမ်းပထမဆုံးအပ်သူဖြစ်လေသည်။
နွေရာသီဖြစ်သဖြင့် စာသင်ဆောင်အပြင်ဘက်တွင်လမ်းလျှောက်နေသည်နှင့် သူ့မျက်နှာကို လေပူတို့ရိုက်ခတ်သွားသည်။ ကျောပိုးအိတ်လွယ်ထားသောကုမြောင်သည် ဂီတဆောင်အပြင်ဘက်သို့ မသိလိုက်ဘဲလမ်းလျှောက်သွားမိသည်။ အခန်း(၈)၏အပြင်ဘက်မှသစ်ပင်ကြီးမှာ စိမ်းစိုနေဆဲဖြစ်ပြီး နေရောင်ကြောင့် အရွက်များ၏အရိပ်တို့က မြေပြင်တွင်ထင်နေ၏။ ညနေခင်းလေပြေတို့က ပြတင်းပေါက်ခန်းဆီးတွင်တိုးဝှေ့နေသော်လည်း သူ့အတွေးထဲမှမိန်းကလေးကတော့ ထိုနေရာတွင်မရှိနေခဲ့ပေ။ အပင်ပေါက်လေးများပင် တဖြည်းဖြည်းအချိန်ကုန်လာသည်နှင့် အာဟာရပြည့်ဝစွာ ကြီးပြင်းလာကြလေပြီ။ ကုမြောင် ထိုသစ်ပင်ကြီးတွင်မှီကာ အတွေးနယ်ချဲ့နေမိ၏။ အချိန်အတော်ကြာကြာရပ်နေပြီးမှ နောက်ဆုံးတွင် ပြန်ဖို့ပြင်တော့သည်။
နွေရာသီတွင်နေ့တာရှည်သဖြင့် ကုမြောင်အိမ်ရောက်သည့်အချိန်အထိ ကောင်းကင်ကြီးမှာ ကြည်လင်နေဆဲပင်။ ကုမြောင် အိမ်တံခါးကိုသာသာဖွင့်လိုက်သောအခါ မီးရှုးမီးပန်းအနံ့တို့နှင့်ရောနေသည့် ဟင်းအနံ့တို့က ကုမြောင်ကိုကြိုဆိုလိုက်သည်။ သူ့အဒေါ်မှာ မီးဖိုချောင်ထဲတွင်အလုပ်များနေပြီး သူ့ဝမ်းကွဲကတော့ သူ့အဒေါ်ဘေးတွင်ရပ်နေလေသည်။
“ဟိတ်။ ခိုးမစားနဲ့။ နင့်အဖေအိမ်ပြန်လာတဲ့ထိစောင့်ဦး။”
ကုမြောင်အဒေါ်က သူ(မ)သား၏လက်ကို ခပ်ဖွဖွရိုက်လိုက်သည်။
“အမေကလည်း။ သားစာမေးပွဲမှာ အများကြီးကြိုးစားထားတာကို။ ဒါလေးနည်းနည်းလောက်စားတာ ဘာဖြစ်လို့လဲ။”
ကောင်လေးက ဆန့်ကျင်၏။ အသက်အလတ်ပိုင်းအမျိုးသမီးက အလုပ်များနေရာမှ
“အေးအေး စားစား။ အများကြီးတော့မစားနဲ့။ အဖေ့အတွက်လည်း ချန်ထားဦး။”
ကောင်လေးက စိတ်လှုပ်ရှားမှုအပြည့်နှင့် ဝက်နံရိုးကိုကောက်ကိုင်လိုက်ပြီး
“ဝိုး။ အမေ။ ဒီည ဂဏန်းရောချက်တာလား။”
“အမေက သားစာမေးပွဲကိုသတိမရဘူးထင်လို့လား။ သားကိုဆုချဖို့ ဂဏန်းချက်ထားတာပေါ့။”
ကောင်လေး၏အသံကတုံ့ဆိုင်းနေပြီး
“ဒါပေမဲ့ ညီလေးက ဂဏန်းနဲ့ allergic ရှိတယ်မလား။”
အမျိုးသမီး၏အသံက ခပ်ရှရှဖြစ်သွားပြီး
“သူ့ကိုစိတ်ထဲထားမနေနဲ့။ အမေတို့ ကိုယ့်ဘာသာကိုယ်စားမယ်။ သူလည်း သူ့ဘာသာသူစားပါစေ။ အမေတို့က သူ့ကို ထမင်းတစ်ပန်းကန်ပေးထားတာ။ အဲ့ဒလောက်ဆိုရင်ကို လုံလောက်နေပြီ။ သူချေးများနေလို့ဘယ်ရမလဲ။”
ထိုအခါ ကောင်လေးကရယ်လျက် “ဟုတ်တယ်။”
ဧည့်ခန်းထဲတွင်မှောင်မည်းနေပြီး တံခါးပေါက်နားတွင်ရပ်နေသည့်ကောင်လေးကို မည်သူမျှ သတိမထားမိကြပေ။ သူက ခေါင်းကိုငုံ့ထားကာ တံခါးလက်ကိုင်ကိုကိုင်ထားသည့်သူ့လက်များကတော့ ဖြူဖျော့နေသည်။ ထိုအချိန်တွင် စကားတစ်ခွန်းမှမပြောဘဲ သူပြန်ထွက်သွားခဲ့သည်။ သူ့စက်ဘီးမှာ ထောင့်နေရာလေးတွင်ရှိနေဆဲပင်။ ကုမြောင် ရင်ထဲတွင်ပြည့်ကျပ်နေသဖြင့် စက်ဘီးကိုဆွဲကာ မည်သူ့ကိုမျှဂရုမစိုက်ဘဲ ကမ်းရိုးတန်းမြို့ထဲသို့ ခရီးနှင်လိုက်၏။ သူတို့သည် မည်သည့်အခါကမျှ သူ့အား မိသားစုဝင်ဟုမသတ်မှတ်သည်ကို သူသိသော်လည်း စိတ်ထဲတွင်တော့ မျှော်လင့်ချက်လေးရှိခဲ့မိသည်။ လျစ်လျူရှုခံရသည့်အကြိမ်ပေါင်းများစွာကိုလည်း သူ၏အေးစက်မာကျောနေသည့်အိပ်ရာပေါ်တွင်သာဖြတ်သန်းခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်သာအားပေးခဲ့ရသည်။ သူတို့ကို ကျေးဇူးတင်ရမည်ဟု ကိုယ့်ကိုယ်ကိုယ် သတိပေးခဲ့ရသည်။ အကြောင်းမှာ သူ့မိဘနှစ်ပါး ဆုံးပါးသွားသည့်အချိန်က သူတို့ကသာ နေစရာပေးခဲ့သောကြောင့်ပင်။ ထိုနေစရာမှာ အလင်းရောင်အလုံအလောက်မရှိသောနေရာတစ်ခုသာဖြစ်သော်လည်း ကုမြောင်က ကျေးဇူးတင်စိတ်ဖြင့်နေထိုင်ခဲ့သည်။
ရှည်လျားအေးစက်သည့် နွေရာသီလေညင်းက ကုမြောင်ကို ယခင်ကမှတ်ဉာဏ်များအားလုံးကို ပြန်လည်ဖော်ဆောင်ပေးခဲ့သည်။ ဝမ်းကွဲအစ်ကို၏ အမိန့်ပေးခိုင်းစေမှုများ၊ အဒေါ်၏ စကားကြမ်းများ၊ ဦးလေး၏ အေးစက်စက်ဆက်ဆံပုံများ၊ ကျောင်းတွင်ကြုံရသည့် အနိုင်ကျင့်မှုများနှင့် ဖယ်ကြဥ်ခံရမှုများအားလုံးကို ပြန်သတိရသွားစေခဲ့သည်။ နောက်ဆုံးတွင် ကုမြောင်စိတ်ထဲပေါ်လာသည်မှာ ထိုမိန်းကလေး၏မျက်နှာလေးပင်။ သူ့အား ကြင်နာပေးခဲ့ပြီး သူ့နှလုံးသားကို နွေးထွေးစေခဲ့သည့် ကမ္ဘာပေါ်က တစ်ဦးတည်းသောလူသားလေးဖြစ်သည်။ ကုမြောင်မျက်လုံးများတွင် မျက်ရည်လည်လာပြီး ထိုခံစားချက်များက ပိုမိုနက်ရှိုင်းလာခဲ့သည်။ ရုတ်တရက် သူ ချန်ချူနှင့်တွေ့ချင်မိသွားသည်။
*****
ဂီတကျောင်းမှာ မြို့၏ဆင်ခြေဖုံးရပ်ကွက်ထဲတွင်တည်ရှိသည်။ ကုမြောင် တစ်နာရီလောက်စက်ဘီးနင်းလိုက်ရပြီး သူရောက်သည့်အချိန်တွင် ကောင်းကင်ကမှောင်နေလေပြီ။ ကောင်းကင်မှ ကြယ်လေးများမှာလည်း တစ်ပွင့်စနှစ်ပွင့်စနှင့် အထီးကျန်နေပုံရသည်။
ကုမြောင် ကျောင်းပေါက်ဝတွင်ရပ်နေကာ အနည်းငယ်တွန့်ဆုတ်နေမိ၏။
ဘာမှအကြောင်းမကြားဘဲရောက်လာတာ သူ(မ)လေ့ကျင့်နေတာကိုနှောင့်ယှက်သလိုများဖြစ်နေမလား။
ကုမြောင် ဖုန်းကိုဖွင့်လိုက်ချိန်တွင် ကျောင်းပေါက်ဝမှ ကောင်လေး၊ ကောင်မလေးများထွက်လာကြပြီး သူတို့၏ရယ်သံများကို ကြားလိုက်ရသည်။
“ငါလိုချင်တာတွေအကုန်မှာပြီး မင်းကိုမွဲအောင်လုပ်မှာ။” ကောင်လေးတစ်ယောက်က စနောက်၍ပြောလိုက်၏။
“အေးပါ။” နောက်ကောင်လေးတစ်ယောက်ကလည်း စနောက်လျက် ပြန်ပြောလာသည်။
အမှောင်ထောင့်လေးတစ်နေရာတွင် ကုမြောင်ရပ်နေ၏။
“ကုမြောင်လား။”
မိန်းကလေး၏အသံမှာ ညင်သာနေပြီး မသေချာမှုများလည်းပါဝင်နေသည်။ ကုမြောင် လန့်သွားပြီး မယုံနိုင်မှုများဖြင့် လှမ်းကြည့်လိုက်မိသည်။ အဝါရောင်မီးအလင်းတို့က ညင်သာနေပြီး မိန်းကလေးက မလှမ်းမကမ်းတွင်ရပ်နေကာ လေပြေလေးကြောင့်လွင့်နေသော စကတ်အနားစလေးများနှင့်ပေါင်းစပ်လိုက်သော် ထိုမြင်ကွင်းမှာ ပန်းချီကားတစ်ချပ်ကဲ့သို့လှပနေ၏။
“တကယ် ကုမြောင်ပဲ။”
မက်မွန်ပွင့်သဏ္ဌာန်မျက်လုံးလေးများက အရောင်တောက်လာပြီး သူ့အနားကို အပြေးလေးရောက်လာသည်။ သူ(မ)ကိုယ်ပေါ်မှ ပန်းရနံ့သင်းသင်းလေးက ကုမြောင်ကိုရင်ခုန်သွားစေသည်။ ကုမြောင် ခေါင်းလေးငုံ့ကာ ညင်သာစွာဖြင့်
“အင်း ဟုတ်တယ်။”
“နင်လာမယ်ဆိုတာ ဘာလို့ငါ့ကိုမပြောတာလဲ။”
ပြုံးနေသည့်သူ(မ)မျက်နှာလေးနှင့် ညင်သာနေသည့်အသံလေးကြောင့် ကုမြောင်၏ နှလုံးသားတစ်ခုလုံး အရည်ပျော်ကျလုမတတ်ပင်။ ကုမြောင် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ဘာမှပြန်မပြောခဲ့။ ချန်ချူကလည်း စိတ်မဆိုးဘဲ သူ့သူငယ်ချင်းအုပ်စုဘက်သို့လှည့်ကာ
“ငါ့သူငယ်ချင်းရောက်နေလို့ ငါသူနဲ့သွားလိုက်ဦးမယ်။ နင်တို့တွေပဲ သွားစားလိုက်ကြတော့နော်။”
“မသွားရဘူး။”
သူငယ်ချင်းအဖွဲ့ထဲမှ ခေါင်းဆောင်ကောင်လေးက ကုမြောင်ကိုကြည့်လိုက်ပြီး အသံမာမာဖြင့်ပြောလိုက်၏။
“ဒီနေ့က ရန်ရှီရဲ့မွေးနေ့။ ပျော်စရာတွေကို မဖျက်ဆီးနဲ့။ နင့်သူငယ်ချင်းကိုပါ ခေါ်လာလို့ရတာပဲ။”
ချန်ချူက ခေါင်းခါလိုက်ပြီး
“မဟုတ်ဘူး။ သူကရှက်တတ်လို့။ ကျိုးရန်ရှီကို ငါ့အစားတောင်းပန်ပါတယ်လို့ပြောပေးပါဟာ။ မနက်ဖြန် လက်ဆောင်ပြင်ထားပေးပါ့မယ်လို့။ နော်။”
ခေါင်းဆောင်ကောင်လေးမှာ လက်မလျှော့ချင်သေးသော်လည်း ကျိမင်ယွဲ့က သူ့ကိုတားလိုက်သည်။
“ချန်ချူ့ကို ပေးသွားလိုက်ပါ။ သူသွားချင်နေတာကို။”
ကျိမင်ယွဲ့က တီးတိုးပြောလိုက်၏။
“ဒါပေမဲ့…။”
ခေါင်းဆောင်ကောင်လေးက သက်ပြင်းချ၍ သူ့စကားလုံးများကို ပြန်မြိုချလိုက်ရသည်။ ကျိုးရန်ရှီ တိတ်တခိုးအားကျနေသည့်နတ်ဘုရားမလေးက ထွက်ပြေးသွားပြီ။ သူ ဟိုရောက်လျှင် ကျိုးရန်ရှီဆူတာခံရပေတော့မည်။
ကျိမင်ယွဲ့က ချန်ချူ့ကိုနှုတ်ဆက်လိုက်၏။
“ကောင်းကောင်းသွားနော် ချူချူ။ အိမ်လည်းစောပြန်ဦး။”
ချန်ချူက ပြုံးပြလိုက်ပြီး သူတို့အဖွဲ့ကိုနှုတ်ဆက်လိုက်သည်။
“အားလုံးပဲ ဆောရီးပါဟာ။ နောက်တစ်ရက်ကျမှ နင်တို့စားချင်တဲ့ဆိုင်မှာ မုန့်ပြန်ကျွေးပါ့မယ်။”
သူတို့အဖွဲ့က ချန်ချူ့ကိုအပြစ်မမြင်ဘဲ အပြုံးဖြင့်သာနှုတ်ဆက်ခဲ့ကြသည်။
လမ်းဘေးမှပန်းရနံ့လေးများက ညလေပြေနှင့်အတူပါလာ၏။ ချန်ချူက ကုမြောင်အား
“နင် ညစာစားပြီးပြီလား။”
ကုမြောင် ခေါင်းယမ်းလိုက်သည်။ ချန်ချူ့မျက်လုံးထဲတွင် ပြုံးရိပ်လေးများသန်းလာပြီး
“ဒါဆို တူတူစားရအောင်။ ကျောင်းနားမှာ တကယ်စားကောင်းတဲ့ဆိုင်တစ်ဆိုင်ရှိတယ်။ ငါနင့်ကိုခေါ်သွားမယ်။”
ချန်ချူ့ကိုကြည့်ရင်းနှင့် ကုမြောင်ရင်ထဲတွင်နွေးထွေးသွားခဲ့သည်။ စားသောက်ဆိုင်မှာ ကျောင်းနှင့်သိပ်မဝေးလှပေ။ ဆိုင်ကြီးမဟုတ်သော်လည်း အလွန်သန့်ရှင်း၏။ ချန်ချူက ကုမြောင်ကို Menu လှမ်းပေးလိုက်ပြီး
“ကြိုက်တာမှာနော်။”
ကုမြောင်က ခေါင်းယမ်းကာ
“ငါက ခုမှဒီဆိုင်ကိုစရောက်ဖူးတာဆိုတော့ ဘယ်ဟာစားကောင်းလဲသိပ်မသိဘူးလေ။”
“ဒါဆို ငါတို့ ဝက်နံရိုးချိုချဥ်စားကြမယ်။ ပြီးရင် ဂေါ်ဖီအခြောက်ကြော်၊ အမဲသားကြော်၊ ထမင်း(၂)ပွဲနဲ့ သောက်စရာက သရက်သီးဖျော်ရည်ယူမယ်။”
ချန်ချူက ဆက်တိုက်မှာလိုက်ပြီးမှ ကုမြောင်ကိုကြည့်ကာ
“နင် ဝက်နံရိုးချိုချဥ်ကြိုက်တာ ငါမှတ်မိတယ်။ အရင်တစ်ခါ ငါတို့အိမ်မှာညစာစားတုန်းက နင်ပြောဖူးတယ်မလား။”
စားပွဲထိုးက သရက်သီးဖျော်ရည်လာချပေးသည့်အခါ ကုမြောင်က ပိုက်လေးထည့်ပြီး ချန်ချူ့ကိုပေးလိုက်၏။
“အင်း ကြိုက်တယ်။” ကုမြောင်က ညင်သာသည့်အသံလေးဖြင့်ပြန်ပြောလိုက်သည်။
ချိုမြိန်သည့်သရက်သီးဖျော်ရည်အရသာလေးမှာ ကုမြောင်နှလုံးသားထဲသို့စိမ့်ဝင်သွားသည်နှင့် ကုမြောင် မျက်လုံးများအရောင်လက်လာခဲ့သည်။
ချန်ချူက သူ့အကြိုက်ကိုမှတ်ထားပြီး သရက်သီးကြိုက်တတ်တာကိုလည်း မှတ်မိနေတယ်တဲ့။
ကုမြောင်စိတ်ထဲမှ အလိုမကျမှု၊ ဒေါသနှင့် ဝမ်းနည်းမှုတို့အားလုံး အရည်ပျော်၍ပျောက်ကွယ်သွားသည်။ ကုမြောင်ရုတ်တရက် မျက်လုံးထဲတွင် မျက်ရည်စိုလာသည်။ သို့သော် သိပ်မသိသာလှသဖြင့် ချန်ချူကသတိမထားမိဘဲ ဆက်မေး၏။
“ဘာလို့ ဒီနေ့ရုတ်တရက်ကြီးရောက်လာတာလဲ။”
စားပွဲ၏တစ်ဖက်တွင် ကုမြောင်၏လက်များတုန်ယင်နေသည်။ သူ့နှုတ်ခမ်း လှုပ်ရှားသွားသော်လည်း စကားသံတော့မထွက်လာပေ။ ထိုတိတ်ဆိတ်မှုကို ချန်ချူကလည်းစိတ်မဆိုးဘဲ ဖျော်ရည်ကိုသာ သောက်လိုက်သည်။
“ငါ့ကိုလွမ်းလို့လား။”
စားသောက်ဆိုင်တွင် လူသိပ်မများသဖြင့် ချန်ချူ့အသံမှာ ကြည်လင်ပြတ်သားနေသည်။ သို့သော် ထိုစကားသံမှာ ကုမြောင်၏နှလုံးသားကို မိုးကြိုးပစ်လိုက်သကဲ့သို့ပင်။ ကုမြောင် နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး ချန်ချူ့ကိုမကြည့်ရဲခဲ့။ ရှက်နေသည့်သူ့ပုံစံကိုကြည့်ကာ ချန်ချူ့ခမျာ သူ(မ)ကိုယ်တိုင်ရှက်နေသည့်စိတ်ပင် ဘယ်နားရောက်သွားမှန်းမသိတော့ဘဲ တခစ်ခစ်ရယ်မောနေမိသည်။ ကောင်လေးက သူ(မ)ထက်ပင်ပိုရှက်နေ၏။
ထိုအချိန်တွင် စားပွဲထိုးက ဟင်းပွဲလာချပေးသည်။
“ဝက်နံရိုးချိုချဥ် ရပါပြီ။”
ထိုအကြောင်းအရာကို ဆက်မပြောနေတော့ဘဲ ချန်ချူက ကုမြောင်ပန်းကန်ဘေးမှတူကို လှမ်းယူလိုက်ပြီး ကုမြောင်ကိုပေးလိုက်သည်။
“ဒီဆိုင်က ဝက်နံရိုးချိုချဥ်ကိုစားကြည့်။ ငါ့အဒေါ်အိမ်မှာလုပ်ကျွေးတုန်းကဟာထက်တောင် ပိုကောင်းသေးတယ်။”
ကုမြောင်ကလည်း ချန်ချူ့လက်ထဲမှတူကိုယူလိုက်ပြီး နံရိုးကိုစားကြည့်ကာ
“အင်း ဟုတ်တယ်။”
ထိုအဖြေမှာ ဟင်းပွဲခေါင်းစဥ်ကို ဖြေပေးလိုက်သည်လား ဟင်းပွဲမတိုင်မီကခေါင်းစဥ်ကို ဖြေပေးလိုက်သည်လား မသဲကွဲပေ။ ဝက်နံရိုးကိုစားနေသည့် ချန်ချူ့မျက်နှာတွင်တော့ အပြုံးရိပ်လေးပျောက်မသွား။ စားသောက်ပြီး၊ bill ရှင်းပြီးနောက် သူတို့နှစ်ယောက် ဆိုင်ထဲမှထွက်သွားကြသည်။ ဆိုင်အပြင်ဘက်တွင် ကြမ်းတိုက်ထားသောကြောင့် ကြမ်းပြင်မှာ အနည်းငယ်စိုနေ၏။ ချန်ချူက သတိမထားမိဘဲရှေ့ကသွားလေရာ တစ်ခဏကြာသော် ဗုန်းခနဲ လဲတော့သည်။
ရုတ်တရက် ကုမြောင်လန့်သွားသဖြင့် မထစ်တာကြာပြီဖြစ်သောစကားပင်ပြန်ထစ်ကုန်သည်။
“နင်-နင် ရရဲ့လား။”
သူ ချန်ချူ့ကို တွဲထူလိုက်သည်။ အနီးနားမှဆိုင်ဝန်းထမ်းက အလျင်စလိုပြေးလာပြီး
“အဆင်ပြေရဲ့လား။ ကျွန်တော်တို့ တောင်းပန်ပါတယ်။”
ကုမြောင်က ထိုင်ခုံတစ်လုံးကိုဆွဲလိုက်သည်။
“ဟင့်အင်း။ ငါမထိုင်ချင်ဘူး။”
ချန်ချူက အံကြိတ်ထား၏။ အစောပိုင်းက ကျောက်ခင်းထားသည့်ကြမ်းပေါ်တွင် ပြုတ်ကျသည်ဖြစ်ရာ သူ(မ) တင်ပါးမှာ အလွန်နာကျင်နေလေသည်။ မတ်တတ်ရပ်ရသည်က ထိုင်ရသည်ထက် ပိုကောင်းချေမည်။
“အင်းပါ အင်းပါ။ ဒါဆိုလည်း ငါ့ပခုံးပေါ်မှီပြီး ဖြည်းဖြည်းချင်းထ။”
ကုမြောင် ချန်ချူ့ကိုတွဲလိုက်ပြီး တိုးတိုးလေးပြောလိုက်၏။
“အင်း။”
ချန်ချူက ကုမြောင်၏ပုခုံးပေါ်တွင်လက်တင်ကာ ခေါင်းငုံ့ထားပြီး နာကျင်မှုကြောင့်ညည်းတွားနေသည်။ ကုမြောင်ကလည်း မတ်မတ်ရပ်နေ၏။ အချိန်အတော်ကြာသော်
“ဆေးရုံသွားမလား။”
ဆိုင်ဝန်ထမ်းက အတော်လေးလန့်ဖျပ်သွားပြီး
“တစ်ခုခုဖြစ်သွားတယ်ဆိုရင် ကျွန်တော့်လစာထဲက ပြန်ပေးပါ့မယ်။ ကျွန်တော် တကယ်တောင်းပန်ပါတယ်။”
ချန်ချူက အံကြိတ်လျက်
“ရပါတယ်။ ဘာမှမဖြစ်ပါဘူး။ အခု သက်သာလာပါပြီ။ အိမ်မှာဆေးရှိတယ်။ ပြန်ရောက်ရင် ဆေးလိမ်းလိုက်မယ်။”
ကုမြောင်က သက်ပြင်းချလိုက်ပြီး “နင် လမ်းရောလျှောက်နိုင်ရဲ့လား။”
ချန်ချူ ခြေထောက်ကိုလှုပ်ကြည့်သောအခါ အလွန်နာကျင်သွား၏။
“ခြေခေါက်သွားတယ်ထင်တယ်။ လမ်းမလျှောက်နိုင်ဘူး။”
“ဒါဆို ငါနင့်ကိုကျောပိုးမယ်။”
ကုမြောင် ထိုင်ချလိုက်တော့သည်။ ဆိုင်ထဲမှမီးရောင်တို့ လင်းထိန်နေ၏။ ကျောင်းဝတ်စုံ အဖြူသန့်သန့်လေးဝတ်ထားသည့်ကုမြောင်၏ကျောပြင်မှာ ကျယ်ပြောတောင့်တင်းလှသည်။ ချန်ချူ သူ့ကျောပေါ်သို့ဖြည်းဖြည်းချင်းတက်လိုက်ပြီး သူ့လည်ပင်းကိုဖက်ထားလိုက်သည်။ သူ့နားရွက်နားသို့ရောက်လာသောချန်ချူ့အသက်ရှူသံက သူ့နှလုံးသားကို လျှပ်စီးကြောင်းများပို့လွှတ်နေသလိုပင်။ ကုမြောင် နှလုံးခုန်မြန်ကာ အသက်ရှူလည်းမြန်လာသည်။ အဝါရောင်မီးရောင်လေးအောက်တွင် မိန်းကလေး၏ခန္ဓာကိုယ်မှာ သူ့ကျောပေါ်တွင်ကပ်နေသည့်ဝါဂွမ်းစလေးကဲ့သို့ ပေါ့ပါးနေခဲ့သည်။ သူ(မ)အသက်ရှူသံလေးကြောင့် သူ့ခြေထောက်များတောင့်တင်းကာ၊ လက်များကအားနည်းနေပြီး ဝိဉာဥ်ပင်ပျောက်ကွယ်သွားလေပြီဟု ကုမြောင်ခံစားနေရသည်။
“ကုမြောင်။ ဒီဖက်ကွေ့ရမှာ။”
ချန်ချူက ရုတ်တရက်မှီချလိုက်ပြီး သူ့နားရွက်နားကပ်ပြောလိုက်သည်။ ထိုအခါမှသာ အသိစိတ်ပြန်ဝင်လာသည့်ကုမြောင်က လမ်းပြန်ကွေ့လိုက်၏။
“အင်း။ ဆောရီး။ ငါမကြားလိုက်လို့။”
မိန်းကလေး၏ညင်သာသောရယ်သံလေးကို သူ့နားထဲတွင်ကြားလိုက်ရသည်။
“ရပါတယ်။ ခဏနေရောက်တော့မှာပဲ။”
ဂီတကျောင်းအနီးတွင် ချန်ချူက တိုက်ခန်းတစ်ခန်းငှားထား၏။ ကုမြောင်က သူ(မ)ကိုကျောပိုးကာ ဓာတ်လှေကားထဲသို့ဝင်သွားသည်။ ဓာတ်လှေကားကမြန်သဖြင့် သူ(မ)နေသည့်(၄)လွှာသို့ ခဏနှင့်ရောက်သွားသည်။ သူ(မ)လှမ်းပေးလိုက်သည့်သော့ကိုယူကာ ကုမြောင်က တံခါးဖွင့်ပေး၏။
အမှောင်ခန်းထဲမှမီးရောင်မှိန်မှိန်လေးမှာ စင်္ကြံလမ်းတွင်ရောင်ပြန်လာပြီး အလျင်အမြန်ပြေးလာသည့်ခြေသံတို့ကိုလည်းကြားလိုက်ရသည်။ မြှောင်မြှောင်က ခေါင်းလေးမော့ကြည့်လိုက်သော် သူ့သခင်ကိုမြင်သွား၏။
“ဝုတ် ဝုတ် ဝုတ်။”
မြှောင်မြှောင်က ပြေးလာပြီး ကုမြောင်နားတွင် အသံစူးစူးနှင့်ဟောင်နေတော့သည်။ ထို့နောက် ကုမြောင်ပင်ဘာမှမလုပ်လိုက်ရချိန်တွင် သူက ကုမြောင်၏ဘောင်းဘီကို ကိုက်ထားလိုက်၏။ ကုမြောင်ကတော့ ချန်ချူ ပြုတ်ကျသွားမည်ကိုသာ စိုးရိမ်နေသည်။
ဒီကောင်က ဘယ်ကနေထွက်လာတာလဲ။
(A/N – မြှောင်မြှောင်ဆိုတဲ့ခွေးကတော့ တကယ့်အချိန်ကောင်းကိုဝင်ဖျက်တာပဲ။)
*****
Aurora Novel Translation Team