Chapter 40
ခွေးဟောင်သံကြောင့် ချန်ချူ့အိမ်နီးချင်းကောင်မလေးကလန့်သွားပြီး တံခါးဖွင့်ကာ
“ဘာဖြစ်တာလဲ။”
သူ(မ) တံခါးမှထွက်လာသော် ချန်ချူ့ကိုမြင်သွားပြီး
“အဆင်ပြေရဲ့လား အစ်မ။”
“ပြေတယ်။ ဘာမှမဖြစ်ပါဘူး။”
ချန်ချူ မီးဖွင့်လိုက်ပြီး သူ(မ)ခွေးလေးကိုဆူလိုက်၏။
“တိတ်တိတ်နေ မြှောင်မြှောင်။”
ထိုအချိန်တွင် အစောပိုင်းကအံကြိတ်ထားသည့်ခွေးလေးမှာ ငြိမ်ကုပ်၍တိတ်သွားတော့သည်။ ဝိုင်းဝန်းသောမျက်လုံးလေးများဖြင့် ကုမြောင်ကျောပေါ်မှချန်ချူ့ကို မော့ကြည့်လိုက်သည်။ ထို့နောက် လိမ်လိမ်မာမာထိုင်ချလိုက်ပြီး အမြီးကိုယမ်းနေတော့သည်။
ကုမြောင်က မြှောင်မြှောင့်ကို အေးစက်စက်သာကြည့်လိုက်၏။ ထို့နောက် ချန်ချူ့ကို ဆိုဖာပေါ်တွင်ချပေးကာ ချန်ချူ့ဘက်သို့လှည့်လိုက်ပြီး ညင်သာသောအသံလေးဖြင့်
“ဆေးကဘယ်နားမှာလဲ။ ငါယူပေးမယ်လေ။”
“ငါ့အိပ်ရာဘေးက စားပွဲရဲ့အံဆွဲထဲမှာပဲ။ အဲ့ထဲက ဆေးသေတ္တာသေးသေးလေးထဲမှာ။”
ချောမောနေသည့်သူ့မျက်နှာလေးတွင် မီးရောင်ထင်ဟပ်နေသော်လည်း သူ့စိတ်ထဲတွင်တော့ စိတ်လှုပ်ရှားမှုများပြင်းထန်နေသည်။ သူ(မ)အခန်းမှာ…။ သူ့ခြေလှမ်းများတုံ့ဆိုင်းနေသော်လည်း တံခါးကိုဖွင့်လိုက်၏။ ပြတင်းပေါက်မှထိုးဖောက်လာသည့် လ၏အလင်းရောင်ကြောင့် ကျယ်ပြန့်သပ်ရပ်နေသည့်ချန်ချူ့အခန်းကိုသေသေချာချာမြင်လိုက်ရသည်။ အဖြူရောင်အိပ်ရာလေးပေါ်တွင် ကုမြောင်နှင့်အတူကောက်ခဲ့သည့် ဝက်ဝံရုပ်ကြီးကိုတင်ထား၏။ မှန်တင်ခုံပေါ်တွင် ကလစ်အလှလေးများစွာရှိနေပြီး လသာဆောင်တွင်တော့ ပန်းပင်လေးများကို ပန်းအိုးဖြင့်စိုက်ထားသည်ကို တွေ့ရသည်။ ထိုအခန်းလေးမှာ မှောင်မည်းနေသောသူ့အခန်းနှင့် လုံးဝကွဲပြားနေသည်။
ကုမြောင်က ဆေးသေတ္တာလေးကိုသာ တိတ်တဆိတ်ယူ၍ အခန်းထဲမှထွက်လာသည်။ ဧည့်ခန်းတွင် မီးရောင်တို့လင်းထိန်နေပြီး ဆိုဖာပေါ်တွင် ချန်ချူက သူ(မ)ခွေးလေးမြှောင်မြှောင်ကိုချီထားသည်။ မြှောင်မြှောင်က သူ့လျှာနီနီဖြင့် ချန်ချူ့လက်ကိုလျက်ကာ ကစားနေသည်။
“မြှောင်မြှောင်။ ယားတယ်ဟ။”
ချန်ချူမှာ ပြုံးရွှင်လျက် ခွေးလေးနှင့်ဆော့နေသည်။ ထိုအခါ ကုမြောင်ရောက်လာပြီး အသံဩဩဖြင့်
“ငါချီထားပေးမယ်လေ။ ဘယ်ဆေးကိုလိမ်းမှာလဲဆိုတာ နင်တစ်ချက်ကြည့်လိုက်။”
“အင်း။ သာသာလေးချီနော်။ သူက နည်းနည်းကြောက်တတ်တယ်။”
ချန်ချူက ခွေးလေးကို ကုမြောင်အားပေးလိုက်၏။ ကုမြောင်ချီလိုက်သည့်အခါ မြှောင်မြှောင်က ရုန်းပြီး ရန်မူသည့်အသံလည်းပြုလိုက်သည်။ ကုမြောင်က ခေါင်းလေးပွတ်ပေးလိုက်သော်လည်း ညင်ညင်သာသာမရှိသဖြင့် ခွေးကိုအမွေးရိတ်နေသကဲ့သို့ဖြစ်နေသည်။ ကုမြောင်က သူ့လက်ထဲမှခွေးလေးကို မျက်မှောက်ကြုတ်၍ကြည့်လိုက်ပြီး
ကြောက်တတ်တယ်တဲ့။ ခုနကပဲငါ့ကိုရန်လုပ်နေပြီးတော့။
“တွေ့ပြီ။ ငါ့ကို လိမ်းပေးမလား။”
ချန်ချူက ကုမြောင်ကို ဆေးဗူးလေးလှမ်းပေးကာ အကူအညီတောင်းလိုက်သည်။ ကုမြောင်၏လက်များ ရုတ်တရက်တောင့်တင်းသွားသည်။ ထို့နောက် ခွေးလေးက ၎င်းကိုအခွင့်ကောင်းယူက ကြောက်လန့်၍ သူ့လက်ထဲမှခုန်ထွက်သွားတော့သည်။ ထို့နောက် ချန်ချူထိုင်နေသည့်နေရာသို့ပြေးကာ သနားစရာကောင်းသည့်မျက်လုံးလေးဖြင့် ချန်ချူ့ကိုကြည့်လိုက်လေသည်။ သို့သော် ချန်ချူကတော့ ခွေးလေးကိုမမြင်နိုင်ဘဲ မလှမ်းမကမ်းမှကောင်လေးကိုသာ မျက်တောင်မခတ်ဘဲကြည့်နေ၏။
ညလေလေးကြောင့် ခန်းဆီးစတို့လွင့်သွားသည်။ ကုမြောင်က ချန်ချူ့ထံမှဆေးဗူးလေးကို လှမ်းယူလိုက်ပြီး
“လိမ်း-လိမ်းပေးရမှာလား။”
ချန်ချူခေါင်းငုံ့လိုက်သည့်အခါ သူ(မ)ပုံစံလေးမှာ သနားစရာကောင်းသွား၏။
“ခုနက ငါ့လက်လည်းနာသွားတာ။ ဒီဆေးက သေချာလေးပွတ်လိမ်းဖို့လိုတော့ မလိမ်းနိုင်ဘူးထင်တယ်။ အားမရှိဘူးလေ။”
ချန်ချူက နှုတ်ခမ်းလေးကိုက်၍ ညင်သာစွာပြောလာသည်။
သေ-သေချာပွတ်လိမ်းရတာတဲ့လား။
ကုမြောင်လက်များတုန်ယင်သွားပြီး ထိုအခိုက်အတန့်တွင် နှလုံးသားတစ်ခုလုံးလည်း ပေါက်ကွဲလုမတတ်ဖြစ်နေခဲ့သည်။
“နင် လိမ်းပေးလို့ရရဲ့လား။”
မက်မွန်ပွင့်သဏ္ဌာန်မျက်လုံးလေးများဖြင့်မော့ကြည့်လိုက်သော် ကုမြောင်အရည်ပျော်သွား၏။ ကုမြောင် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ခေါင်းငုံ့လိုက်ပြီး
“ရပါတယ်။”
ဆေးဗူးကိုယူလိုက်ပြီးနောက် ကုမြောင်သူ(မ)ကိုမော့မကြည့်ရဲသဖြင့် ခေါင်းသာငုံ့လျက်
“နာတယ်ဆိုပြောနော်။”
ကုမြောင်မှာ ချန်ချူ့ခြေထောက်ဖြူဖြူလေးကို ညင်သာစွာကိုင်တွယ်လိုက်ပြီး သေသေချာချာဆေးလိမ်းပေးလိုက်သည်။ ဧည့်ခန်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေ၏။ ကုမြောင်၏လက်မှာ မီးကဲ့သို့ပူပြင်းနေသဖြင့် ချန်ချူ့ကိုတုန်ယင်သွားစေခဲ့သည်။
“နာသွားလို့လား။”
ကုမြောင်လက်များ ချက်ချင်းပြန်ဆုတ်သွား၏။
ချန်ချူကခေါင်းခါလိုက်ပြီး “မဟုတ်ပါဘူး။”
အထိအတွေ့မှာ ဝါဂွမ်းလေးကဲ့သို့ညင်သာ၏။ ပြတင်းပေါက်တွင် ပန်းအိုးဖြင့်စိုက်ထားသောပန်းပင်လေးများရှိနေကာ လေတိုက်ခတ်သည့်အခါ ပန်းရနံ့လေးတွေက အခန်းထဲသို့ဝင်လာသည်။ ကုမြောင်တစ်ယောက် လက်တွင် အားသိပ်မထည့်ရဲတော့ဘဲ သေသေချာချာပွတ်သပ်၍နှိပ်ပေးနေလိုက်သည်။ ချန်ချူက ပြုံးနေသည့်မျက်လုံးလေးများဖြင့်
“နည်းနည်းလောက်တော့ ဖိဦးမှပေါ့။ နင်က ဖွဖွလေးနှိပ်နေတော့ ဘယ်လိုလုပ်ထိရောက်တော့မှာလဲ။”
ချန်ချူ့ခြေကျင်းဝတ်တို့က ယောင်နေ၏။ ကုမြောင်က ချန်ချူ့ခြေထောက်လေးကို လက်ထိပ်လေးဖြင့်ထိလိုက်လျှင်ပင် စိတ်မကောင်းဖြစ်မိသောကြောင့် အားသိပ်မထည့်ရဲပေ။ တွေဝေမှုများဖြင့် ကုမြောင်ရပ်လိုက်ပြီးမှ တောင်းပန်လိုက်၏။
“အင်း။ ဆောရီးပါဟာ။”
သူသာ သူ(မ)ကိုသွားမတွေ့ခဲ့ပါက သူတို့ အဲ့ဒီ့စားသောက်ဆိုင်ကိုသွားဖြစ်မည်မဟုတ်ပေ။ ထိုစားသောက်ဆိုင်ကိုမသွားပါက သူ(မ)ချော်လဲလိမ့်မည်မဟုတ်ပေ။ ကုမြောင်မှာ နောင်တပင်လယ်ဝေနေ၏။ အရာအားလုံး သူ့အမှားဟုသာတွေးနေသည်။
ချန်ချူက သူ့လေသံကြောင့် အနည်းငယ်စိတ်ပူသွားပြီး
“ဘာအတွက် ဆောရီးလဲ။”
“ငါ့ကြောင့်သာမဟုတ်ရင် နင်ချော်လဲမှာမဟုတ်ဘူးလေ။”
ကုမြောင်က ကျောလေးကုန်း၍ ကုပ်ကုပ်လေးနေနေ၏။
“ငါကအရမ်းပျော်နေတာ။ နင်သိရဲ့လား။ နင်ငါ့ကိုလာတွေ့လို့ ငါအရမ်းပျော်နေတာ။”
ညလေအေးတို့ အခန်းထဲတိုးဝင်လာသော်လည်း သူ(မ)အသံလေးမှာ နွေးထွေးမှုများဖြင့်ပြည့်နှက်နေသည်။
“အဲ့ဒီဂီတကျောင်းဆိုတဲ့နေရာကြီးမှာ လူတိုင်းက အလုပ်များကြတယ်လေ။ ငါ စိတ်လိုလက်ရ ပေါင်းသင်းလို့ရတဲ့သူငယ်ချင်းဆိုလို့ မင်ယွဲ့အပြင် ဘယ်သူမှမရှိဘူး။ နေ့တိုင်း ကျောင်းဆင်းရင် အိမ်ကိုတစ်ယောက်တည်းပြန်ရတယ်။ လမ်းမှာ အတူသွားပေးမဲ့စကားပြောဖော်လည်းမရှိဘူး။ ငါတို့ကျောင်းကသူငယ်ချင်းတွေကို အရမ်းလွမ်းတာပဲ။ ပြီးတော့ ငါ နင့်ကိုလည်းလွမ်းတယ်။”
ကုမြောင် မတ်တတ်ရပ်လိုက်၏။
“ဒီနေ့ ငါနင့်ကိုတွေ့တော့ အရမ်းပျော်သွားတာ။ နင်က ငါ့ကိုအရင်လည်းမဆက်သွယ်ဘူး။ ဖုန်းစဆက်တယ်ဆိုတာလည်းမရှိတော့ ငါကလည်း နင့်ကိုအနှောင့်အယှက်ပေးမိသွားမှာစိုးရိမ်နေရတာ။”
ကုမြောင်က မယုံနိုင်မှုများဖြင့် ချန်ချူ့ကိုကြည့်လိုက်ပြီး တုန်ယင်နေသောအသံဖြင့် ကပျာကယာဝင်ပြောလိုက်သည်။
“မဟုတ်ဘူး။ အဲ့ဒီလိုမဟုတ်ဘူး။ နင် ငါ့ကိုအနှောင့်အယှက်ပေးသလိုမဖြစ်ပါဘူး။”
ကုမြောင်မှာ သူ(မ)ကိုအနှောင့်အယှက်ပေးမိမှာကိုအမြဲစိုးရိမ်နေသူဖြစ်သည်။ ထို့ကြောင့် သူ့ခံစားချက်များပြင်းထန်နေသည့်တိုင် အားတင်း၍ထိန်းထားခဲ့ရ၏။
နွေရာသီလေညင်းလေးက ဧည့်ခန်းထဲသို့တိုက်ခတ်လာသည်။ ကုမြောင် ချန်ချူ့မျက်လုံးလေးများကိုကြည့်လိုက်ပြီး စိတ်ထဲတွင် နွေးထွေးသွားတော့သည်။ သူ့မျက်လုံးကိုမှိတ်လိုက်သော်လည်း သူ့နှလုံးသားထဲမှခံစားချက်များကိုမူ ဖုံးဖိမထားနိုင်တော့ပေ။
“ငါနင့်ကိုအရမ်းလွမ်းနေတာ။”
ရုတ်တရက် ချန်ချူက သဘောကျသွားပြီး ရယ်သံလေးဖြင့်ညင်သာစွာပြန်ပြောလိုက်သည်။
“ငါပြန်လာတော့မှာပါ။ လပိုင်းလေးပဲလိုတော့တာ။”
ထိုအခါ ကုမြောင်နားရွက်များ နီရဲသွားတော့သည်။ သူကိုယ်တိုင်ထုတ်ပြောလိုက်သည့်စကားများကိုပြန်ရှက်နေမိပြီး သူ့အသံက ပြန်၍တိုးသွားလေသည်။
“အင်းပါ။”
ငါနင့်ကို စောင့်နေပါ့မယ်။
(A/N- ကုမြောင်က ချန်ချူအနှောင့်အယှက်ဖြစ်မှာစိုးလို့သာ စာမပို့၊ ဖုန်းမခေါ်ရဲတာပါ 🥺)
*****
Aurora Novel Translation Team