Chapter 41
ဂီတကျောင်းတွင်ရှိနေရသည့်အချိန်တို့မှာ ကြာညောင်းလှ၏။ ဝင်ခွင့်စာမေးပွဲ ပြီးသည့်အချိန်တွင် မြေပြင်ပေါ်၌ ရွက်ဝါလေးများကြွေကျနေပြီဖြစ်သည်။ စာမေးပွဲခန်းထဲမှထွက်လာသည်နှင့် ချန်ချူစိတ်အေးသွားသည်။ ဂီတကျောင်းမှ အရည်အချင်းရှိသည့်ကျောင်းသားများကြားတွင်ပင် ချန်ချူက ထိပ်တန်းတွင်ရှိနေလေသည်။ ကျိမင်ယွဲ့လည်း စာမေးပွဲဖြေနိုင်သဖြင့် ပြုံးရွှင်လျက် ချန်ချူ့လက်ကိုချိတ်ကာ ကားထဲသို့ဝင်ကြသည်။
“ဘယ်ကိုမောင်းပေးရမလဲ။”
ဒရိုင်ဘာက မေး၏။
“မင်ယွဲ့ကို အိမ်အရင်ပြန်ပို့ပေးလိုက်ပါ။ သမီးက ဂီတကျောင်းဘေးကအိမ်မှာ ပစ္စည်းတွေသိမ်းရဦးမှာ။”
ကျိမင်ယွဲ့က ခေါင်းညိတ်လိုက်ပြီးတုံ့ဆိုင်းစွာဖြင့်
“ငါနင်နဲ့ လိုက်ခဲ့ပေးရမလား။”
“မလိုက်ပါနဲ့ ရပါတယ်။ ငါ့ကို ဦးလေးဝမ် ကူပေးလိမ့်မယ်။”
ဟိုင်းဝေးလမ်းကို အရှိန်ဖြင့်မောင်းနှင်ကာ မကြာမီ ကျိမင်ယွဲ့အိမ်သို့ရောက်လေသည်။
“ချူချူ။ Happy New Year နော်။”
အရောင်လက်နေသည့်မျက်လုံးလေးများဖြင့် သူ(မ) ချန်ချူ့ကိုနှုတ်ဆက်လိုက်၏။
တစ်ဖန် ဆောင်းရောက်လာပြန်ပြီဖြစ်၍ လမ်းဘေးမှသစ်ပင်တို့ကလည်း အရွက်များနှင့် အေးစိမ့်စိမ့်ခံစားချက်မျိုးပေးစွမ်းနေသည်။ ယနေ့မှာ ဒီဇင်ဘာလ(၃၁)ရက်နေ့ဖြစ်သည်ကိုပင် ချန်ချူမေ့နေ၏။ ကားထဲတွင်ထိုင်နေသော သူ(မ)က ကျိမင်ယွဲ့ကိုလက်ပြလိုက်ပြီး
“Happy New Year နော် မင်ယွဲ့။”
“အခု ဘယ်ကိုမောင်းရမလဲ မမလေး။”
ဒရိုင်ဘာက မေးလိုက်သည်။ ချန်ချူက ကျိမင်ယွဲ့၏နောက်ကျောကိုငေးကြည့်နေပြီး
“ဂီတကျောင်းကို။”
ကောင်းကင်က တဖြည်းဖြည်းမှောင်လာသည်နှင့် လမ်းပေါ်မှလမ်းလျှောက်နေသူတို့ ခပ်သွက်သွက် အိမ်ပြန်ကြသည်။ ကျောင်းနားတွင်ငှားထားသည့်အိမ်၌ ပစ္စည်းများစွာမရှိသော်လည်း သိမ်းဆည်းရှင်းလင်းပြီးချိန်တွင် ကောင်းကင်ကမှောင်မည်းနေလေပြီ။ ဦးလေးဝမ်က အထုပ်ကြီးငယ်တို့ကိုသယ်လာပြီး
“မမလေး။ ဒီညဘာစားချင်လဲ။ အိမ်မှာ ပြင်ဆင်ထားခိုင်းလိုက်မယ်လေ။”
ချန်ချူက ခေါင်းလေးငုံ့ကာ မှိုင်တွေနေခဲ့သည်။ ဖုန်းထဲတွင် သူ(မ)မိသားစုပို့ထားသည့်နှုတ်ဆက်စာများကိုကြည့်ကာ သူ(မ) စိတ်ထဲဝမ်းနည်းသွား၏။ သူတို့အားလုံးမှာ အလုပ်များကြသူများဖြစ်ပြီး အားလပ်ရက်တွင်ပင် အတူဆုံ၍ထမင်းလက်ဆုံစားရန်ခက်ခဲလှသည်။
“မစားတော့ပါဘူး။”
ချန်ချူက အားမလိုအားမရအသံဖြင့်ပြန်ပြောလိုက်သည်။
ဦးလေးဝမ်က သက်ပြင်းချလိုက်ပြီး
“မစားလို့တော့ ဘယ်ဖြစ်မလဲမမလေးရဲ့။”
ချန်ချူက
“သမီးကို ယုချင်းလုံကိုပို့ပေးလို့ရမလား ဦးလေး။ သမီး သူငယ်ချင်းတစ်ယောက်ဆီ သွားလည်ချင်လို့။”
ဦးလေးဝမ်က မျက်မှောင်ကြုတ်ကာ
“အဲ့ဒီ့နေရာက သိပ်မလုံခြုံဘူး။ အရမ်းလည်းရှုပ်ပွပြီး ညစ်ပတ်တယ်။”
“သမီးက သူငယ်ချင်းနဲ့တွေ့ရုံပါပဲ။ အကြာကြီးမနေပါဘူး။ ဒီလိုလုပ်ပါလား။ ဦးလေး ဝင်ပေါက်မှာစောင့်နေလေ။ ပြီးရင် သမီးတို့ကို Mall ကိုလိုက်ပို့ပေးပေါ့။”
ချန်ချူက ထိုသို့ထပ်ပြောလိုက်မှ ဦးလေးဝမ်က အင်တင်တင်နှင့်သဘောတူလိုက်သည်။
မြို့၏ဆောင်းရာသီမှာ လူသူခြောက်ကပ်၍ အလွန်အေး၏။ လမ်းဘေးသစ်ပင်များပေါ်တွင်နားနေသည့်ငှက်များက အော်သံများပြုနေကြသည်။
ယုကျင်းလုံ၏ဝင်ပေါက်တွင် အမှိုက်ပုံကြီးတစ်ခုရှိပြီး ဘေးနှစ်ဖက်တို့တွင် ပြွန်ပုံစံအဆောက်အအုံကြီးများရှိနေသည်။ အရောင်မှိန်နေသည့်နံရံများတွင် ကြော်ငြာစာများကပ်ထားပြီး အဆောက်အအုံများထံမှ ကလေးငိုသံများလည်း ကြားနေရသည်မှာ စိတ်ရှုပ်ဖွယ်ပင်။
အမှိုက်ပုံကြီးကို ဖြတ်သွားလိုက်ပြီးနောက်တွင် မီးမှိန်မှိန်လေးသာလင်းနေသည့် ကုမြောင်အိမ်ကို ချန်ချူရှာတွေ့သွားသည်။
ဆောင်းလေမှာ အေးစိမ့်နေပြီး ပြည့်ကျပ်နေသည့်အခန်းထဲတွင် မီးမှိန်မှိန်လေးသာရှိသည်။ ကုမြောင်မှာ အိမ်စာကိုအာရုံစိုက်နေရင်း ဖုန်းတွင် စာဝင်လာသဖြင့် ဖွင့်ကြည့်လိုက်ရာ ချန်ချူ့ဆီမှစာလေးဖြစ်နေလေသည်။
“နင်အားလား။ ငါနင်တို့အိမ်နားက အဆောက်အအုံအောက်ထပ်မှာရောက်နေတာ။”
ကုမြောင်လက်များ တောင့်တင်းကာ အံ့ဩသွားသည်။ အပြင်ဘက်မှလေတို့ကလည်း ပြတင်းပေါက်ကို တိုးဝှေ့နေ၏။ ကုမြောင် ချက်ချင်းပင်မတ်တတ်ရပ်လိုက်ပြီး လှေကားမှခပ်မြန်မြန်ဆင်းသွားလိုက်သည်။ ထို့နောက် ပြတင်းပေါက်ကိုဖွင့်ကာ မယုံနိုင်မှုများဖြင့် ရှာဖွေကြည့်လိုက်တော့သည်။
ဆောင်းလေက အရိုးထဲစိမ့်အောင်တိုက်ခတ်နေပြီး လမ်းမီးတို့က အဝါရောင်လေးလင်းနေသည်။ အဖြူရောင် long coat ဝတ်ဆင်ထားသည့်မိန်းကလေးက ပြုံး၍ မော့ကြည့်လိုက်၏။ အဝေးတစ်နေရာတွင် မှောင်မည်းနေသည့်ညကောင်းကင်ကို မီးရှူးမီးပန်းများက အလှဆင်ထားသည်။ မိန်းကလေး၏ မျက်လုံးများတွင် ပျော်ရွှင်မှုများပြည့်နှက်နေပြီး မီးရှူးမီးပန်းများကို ငေးကြည့်နေလေသည်။ အလင်းရောင်နည်းသည့် အိုဟောင်းဟောင်းနေရာလေးတွင်ရပ်နေသော်လည်း သူ(မ)မှာ သိသာထင်ရှားစွာကွဲထွက်နေသည်။ ထိုမြင်ကွင်းက ကုမြောင်ကို ရုတ်တရက် နွေးထွေးသွားစေခဲ့၏။ ကုမြောင် ချက်ချင်းပင် လှေကားပေါ်မှအမြန်ဆင်းသွားလိုက်တော့သည်။
“ကုမြောင်။”
ချန်ချူက ပြေးလာပြီး ကုမြောင်ကိုခေါ်လိုက်သည့်အသံလေးမှာလည်း နူးညံ့ညင်သာနေခဲ့သည်။ သူ(မ) ခေါင်းငုံ့၍ မျက်တောင်လေးတဖျပ်ဖျပ်ခတ်နေပုံမှာ အလွန်ချစ်စရာကောင်းနေသည်။
“ငါပြန်လာပြီ။”
ညင်သာနေသည့်အသံလေးက ကုမြောင်နှလုံးသားထဲသို့ စိမ့်ဝင်သွားလေသည်။ သူ လည်ချောင်းခြောက်လာပြီး နှလုံးသားတစ်ခုလုံးပေါက်ကွဲသွားတော့မည်ဟုခံစားလိုက်ရသည်။ တောင်ကြားမှ ရေကျသံတို့မှတစ်ပါး ပတ်ဝန်းကျင်လည်းတိတ်ဆိတ်နေ၏။ ကုမြောင် ခေါင်းငုံ့ကာ သူ့ရှေ့ကမိန်းမလှလေးကိုကြည့်လိုက်သည်။ သူ(မ)မှာ ခေါင်းအစခြေအဆုံး သပ်ရပ်ကျော့ရှင်းနေသည်။ သူ(မ)က ထိုသို့ညစ်ပတ်ပေရေနေသည့်နေရာမျိုးကို ရောက်မလာသင့်သူဖြစ်သော်လည်း အကြောင်းမကြားဘဲ သူ(မ)ရောက်လာခဲ့လေသည်။ ဤဆောင်းညတွင်ဖြစ်ပေါ်လာသည့် တစ်ခုတည်းသောအနွေးဓာတ်လေးဖြစ်သည့်သူ(မ)က ကုမြောင်နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားခဲ့သည်။ ထို့ကြောင့် လက်ချောင်းများ အေးစက်နေသည့်တိုင် ကုမြောင်နှလုံးသားကတော့ နွေးထွေးနေလေသည်။
“စာမေးပွဲပြီးပြီလား။”
“အင်း။ ငါကောင်းကောင်းဖြေခဲ့တယ်။ Haiyin ကို ဝင်နိုင်ဖို့တော့ အေးဆေးပါ။”
ချန်ချူက ပြုံးလျက်ပြန်ဖြေလိုက်သည်။ ပြုံးနေသည့်သူ(မ)မျက်နှာလေးကိုကြည့်ကာ ကုမြောင်ရင်ထဲတွင်အေးချမ်းသွား၏။
“ငါတို့ကျောင်းကိုဘယ်တော့ပြန်လာမှာလဲ။”
“ဒီ New Year ပိတ်ရက်ပြီးရင် ပြန်လာမှာ။ နောက်တစ်ခါ ထပ်မသွားရတော့ဘူး။”
အေးမြတိတ်ဆိတ်သည့်ဆောင်းညလေးတွင် ကုမြောင်နှလုံးသားတို့ တိမ်ပေါ်ရောက်သွားသကဲ့သို့ခံစားလိုက်ရသည်။ တစ်ခဏကြာသော် ကုမြောင်ပြုံးလိုက်မိတော့သည်။
“နင်ဘာလို့ ပါးပါးလေးပဲဝတ်ထားတာလဲ။ ညစာရော စားပြီးပြီလား။”
ချန်ချူကမေးလိုက်သည့်အခါ ကုမြောင်ကခေါင်းယမ်း၏။ ယနေ့ သူ့အဒေါ်နှင့်ဦးလေးက နှစ်သစ်ကူးပွဲအတွက် သူတို့သားကို မွေးရပ်မြေသို့ပြန်ခေါ်သွားသော်လည်း ကုမြောင်ကိုတော့ထားခဲ့လေသည်။
“ဒါဆို ငါနဲ့တူတူသွားစားမလား။”
ချန်ချူက ရုတ်တရက်မေးလိုက်သည့်အခါ ကုမြောင်ကလည်း တုံ့ဆိုင်းခြင်းမရှိဘဲ
“ငါအင်္ကျီလဲဦးမယ်။ စောင့်ဦးနော်။”
စင်္ကြံလမ်းမှာ ကျဉ်းမြောင်းသဖြင့် လူတစ်ယောက်သာသွားလို့ရတာကြောင့် ကုမြောင်က ရှေ့ကသွားလိုက်သည်။ နံရံအချို့မှာ ဆေးများကွာနေပြီး စင်္ကြံလမ်းမှမီးတို့မှာလည်း မှိတ်တုတ်မှိတ်တုတ်နှင့်ပင်။ ချန်ချူ့လိုမိန်းကလေးမျိုးက ထိုနေရာသို့ရောက်မလာသင့်ဟုသာ ကုမြောင်တွေးနေမိသည်။ ဘေးပတ်လည်ကိုကြည့်လိုက်ရုံနှင့် သူ(မ)နှင့်မသင့်တော်သောပတ်ဝန်းကျင်ပင်။ ချန်ချူကတော့ ကုမြောင်၏နေရာကိုလာလည်ရသဖြင့် မျက်လုံးဝိုင်းလေးဖြင့် လျှောက်ကြည့်နေမိသည်။
စင်္ကြံလမ်းက ဘိလပ်မြေကြမ်းပြင်သည် လမ်းလျှောက်သည့်အခါအသံအနည်းငယ်ဆူညံ၏။ တစ်ခဏကြာသော် တတိယထပ်မှ ကုမြောင်၏တိုက်ခန်းသို့ရောက်လာကြသည်။ ကုမြောင်က ချန်ချူ့အတွက် ရေနွေးတစ်ခွက်ငှဲ့ပေးကာ ထိုင်ခုံတစ်လုံးယူပေးလိုက်ပြီး
“ခဏစောင့်နော်။ ငါမြန်မြန်လဲခဲ့မယ်။”
ရေနွေးခွက်ကိုင်ထားသည့်လက်မှအနွေးဓာတ်တို့ ချန်ချူ့နှလုံးသားထဲသို့ ကူးစက်လာခဲ့သည်။ ထို့နောက် ကုမြောင်၏စကားကို ချန်ချူကခေါင်းညိတ်လိုက်ပြီး ဧည့်ခန်းလေးထဲတွင်လျှောက်ကြည့်နေလိုက်သည်။ ဧည့်ခန်းမှာ နေရာကျဥ်းလေးဖြစ်ပြီး TV မှာလည်း screen ပေါ်တွင်ခြစ်ရာများထင်နေသည့် အဟောင်းလေးဖြစ်သည်။ ကြမ်းပြင်ကတော့ စင်္ကြံလမ်းကြမ်းပြင်ကဲ့သို့ ဘိလပ်မြေကြမ်းပြင်ဖြစ်ပြီး လမ်းလျှောက်သည့်အခါ အသံကျယ်၍ဖုန်ထသည်။ သည်အိမ်ထဲမှတစ်ခုတည်းသောနွေးထွေးသည့်နေရာလေးမှာ ကော်ဖီစားပွဲပေါ်တွင်တင်ထားသည့် မိသားစုဓာတ်ပုံလေးဖြစ်ချေမည်။ ထိုဓာတ်ပုံလေးထဲတွင် လူ(၃)ယောက်က ပြုံးလျက် ပူးကပ်ကပ်ရှိကြသည်။ သို့သော် ထိုနွေးထွေးမှုထဲတွင် ကုမြောင်မပါဝင်နေပေ။ ချန်ချူခေါင်းငုံ့လိုက်ပြီး စိတ်မကောင်းဖြစ်သွား၏။ အရင်တုန်းက ဆေးရုံတွင်တွေ့ခဲ့ရသည့်မိသားစုဓာတ်ပုံထဲမှကောင်လေးမှာ အလွန်စိတ်ကြီးဝင်နေသည်ဟု ချန်ချူထင်ခဲ့ဖူးသည်။ ယခုတွင် ချန်ချူ့မျက်လုံးများ၌ မျက်ရည်စိုလာလေသည်။
ထိုအချိန်တွင် တံခါးပွင့်လာပြီး ကုမြောင်ထွက်လာသည်။ ကုမြောင်က အနက်ရောင်ဂျာကင်လေးကိုဝတ်ထားသော်လည်း ဖောင်းဖောင်းပွပွဖြစ်ကာကြည့်ရမဆိုးနေပဲ သွယ်သွယ်လျလျရှိနေသည်။
“သွားမယ်လေ။”
နောက်ဆုံးတွင် ကုမြောင်က အနွေးထည်ထူထူဝတ်လာသည်ကိုတွေ့လိုက်မှသာ ချန်ချူမျက်ရည်သုတ်လိုက်ပြီး သူ့နောက်မှမြန်မြန်လိုက်သွားတော့သည်။
“နင်ဘာစားချင်လဲ။”
ချန်ချူ့အသံတွင် ရှိုက်သံလေးပါနေသေးသည်။ ဖိနပ်စီးနေသည့်ကုမြောင်၏လက်များ ချက်ချင်းတွန့်သွားပြီး ချန်ချူ့ကိုလှည့်ကြည့်ကာ
“ဘာဖြစ်တာလဲ။ ငိုထားတာလား။”
“ဘာမှမဖြစ်ပါဘူး။ အေးလို့ နှာစေးတာပါ။”
ချန်ချူလည်း အပြုံးလေးဖြင့်ဖုံးကွယ်လိုက်၏။ ကုမြောင်က မျက်မှောင်ကြုတ်ကာ
“နေဦး။ ခဏစောင့်။”
ကုမြောင် အခန်းထဲသို့ပြန်ဝင်သွားပြီး ခဏကြာသော် အနက်ရောင်လည်စီးပဝါလေးကိုယူ၍ ပြန်ထွက်လာသည်။ အိမ်ထဲတွင် အလင်းရောင်မှိန်နေသော်လည်း ကုမြောင်၏ဂရုစိုက်မှုများတွင်တော့ အနွေးဓာတ်လေးရှိနေသည်။ ကုမြောင် ဖြည်းဖြည်းချင်းလျှောက်လာပြီး ချန်ချူ့လည်ပင်းတွင် ပုဝါလေးကို ဂရုတစိုက်ပတ်ပေးလိုက်တော့သည်။
“အေးသေးလား။”
လေးနက်သောမျက်လုံးများဖြင့် ကုမြောင်မေးလိုက်သည်။ ထိုအသံကိုကြားလိုက်ရသည့်အခါ သံလိုက်ဓာတ်၏ ဆွဲငင်ခြင်းကိုခံလိုက်ရသကဲ့သို့ ချန်ချူခံစားလိုက်ရသည်။ သူ(မ)က ခေါင်းကိုငုံ့လျက် ပဝါထဲတွင်မျက်နှာလေးဝှက်ကာ
“ဟင့်အင်း။ မအေးတော့ဘူး။”
ကုမြောင်အနားသို့ကပ်လိုက်သည်နှင့် ဆပ်ပြာနံ့မွှေးမွှေးလေးက ချန်ချူ့နှာခေါင်းထဲသို့ထိုးဖောက်ဝင်ရောက်သွားသည်။ ချန်ချူ့မျက်နှာလေးနီရဲလာပြီး ခေါင်းကိုငုံ့ကာ ခံစားချက်များကိုဖုံးကွယ်ထားရန်ကြိုးစားနေလိုက်သည်။
“သွားစို့ သွားစို့။”
ကောင်းကင်တွင် လပြည့်ဝန်းကြီးသာနေပြီး စင်္ကြံလမ်းကိုအလင်းရောင်ပေးနေသည်။
“ငါတို့ ဟော့ပေါ့သွားစားကြမလား။”
ချန်ချူကမေးလိုက်သည်။ ကုမြောင်ကတော့ မငြင်းပေ။ သူတို့ ကားထဲဝင်သွားကြသည်နှင့် ဦးလေးဝမ်က သူတို့ကို မှန်ကနေတဆင့်လှမ်းကြည့်လိုက်သည်။ ကောင်လေးမှာ အလွန်ချောပြီး သူ့မမလေးကိုကြည့်လိုက်သည့်အချိန်တိုင်း သူ့အကြည့်လေးများနူးညံ့သွားသည်ကို ဦးလေးဝမ်တွေ့လိုက်ရသည်။ တစ်ယောက်ကအဖြူ၊ တစ်ယောက်ကအမဲဝတ်ဆင်ထားသဖြင့် လူတိုင်းက သူတို့ကို စုံတွဲဟုထင်လိမ့်မည်ပင်။ ဦးလေးဝမ်က နားလည်သွားပြီး ထိုအကြောင်းကို သခင်ကြီးနှင့်သခင်မကြီးထံမှ လျှို့ဝှက်ထားပေးရန် စဥ်းစားလိုက်သည်။
တိတ်ဆိတ်သည့်လမ်းများကိုကျော်ဖြတ်လာပြီး နောက်ဆုံးတွင် Mall ရှေ့၌ ကားရပ်လေသည်။ ချန်ချူနှင့် ကုမြောင်က ဒုတိယထပ်သို့ ဓာတ်လှေကားနှင့်တက်ကြသည်။ ဟော့ပေါ့ဆိုင်တွင်တော့ လူအပြည့်ပင်။ အသစ်ရောက်လာသည့် စားသုံးသူများကို သတိထားမိသွားသောစားပွဲထိုးလေးက
“Booking ယူထားလားဗျ။ မယူထားဘူးဆိုရင်တော့ စားပွဲတွေက ပြည့်သွားပါပြီ။”
“ဒါဆို ဘယ်လောက်စောင့်ရမှာလဲ။” ချန်ချူကမေးလိုက်၏။
“အနည်းဆုံး (၃)နာရီလောက်ပါ။” ထိုသို့ပြန်ပြောပြီးနောက် စားပွဲထိုးက အလုပ်ပြန်လုပ်၏။
ချန်ချူကလည်း မဆုံးဖြတ်တတ်တော့သဖြင့် ကုမြောင်ကိုကြည့်ကာ
“ငါတို့ တခြားဆိုင်မှာသွားစားကြမလား။”
စိတ်ပျက်နေသောမိန်းကလေးကိုကြည့်လိုက်ပြီး ကုမြောင်က
“နင်ဒီဆိုင်မှာပဲစားချင်တာဆိုရင် သူတို့ပြောတဲ့အချိန်မှ ပြန်လာကြမယ်လေ။”
သူတို့နှစ်ယောက် ဓာတ်လှေကားဆီသို့လျှောက်သွားကြသည်။ ချန်ချူက Mall လမ်းညွှန်စာရွက်ကိုကြည့်ကာ အခြားအထပ်များတွင် စားကောင်းမည့်ဆိုင်ကိုရှာဖွေနေ၏။ ၎င်းမှာ စားသောက်ဆိုင်အစုံရှိသည့် Mall ဖြစ်သောကြောင့် (၂)ယောက်စာ၊ (၄)ယောက်စာ စျေးနှုန်းအမျိုးမျိုးနှင့် စားစရာမျိုးစုံရှိသည်။
ချန်ချူက ဓာတ်လှေကားအပြင်မှခလုတ်ကို နှိပ်လိုက်ပြီး
“ငါတို့ (၄)လွှာကို တစ်ချက်တက်ကြည့်ကြမယ်လေ။ အဲ့မှာ ဟော့ပေါ့ဆိုင်ရှိမယ်ထင်တယ်။ သွားကြည့်ကြတာပေါ့။”
ချန်ချူ့ဦးဆောင်မှုနောက်မှ ကုမြောင်လိုက်သွား၏။ Mall ထဲတွင် လင်းထိန်ပြီး သန့်ရှင်းနေသည်။ ဓာတ်လှေကားဝင်ပေါက်ကပင် အနံ့ဆိုးမရပေ။ အသံမြည်ပြီးနောက် ဓာတ်လှေကားပွင့်သွားသော် အထဲတွင် လူအချို့ပါလာလေသည်။
“ဟေး။ ငါ့ညီမလေးချန်ချူ ဟုတ်တယ်မလား။”
ဓာတ်လှေကားထဲမှယောက်ျားသည် ထသွားထလာအဝတ်အစားများကိုဝတ်ထားပြီး လက်ကို အိတ်ကပ်ထဲနှိုက်ထား၏။ တစ်ခဏကြာမှ ချန်ချူ ထိုလူ့ကို မှတ်မိသွားပြီး လက်ပြနှုတ်ဆက်လိုက်သည်။
“အစ်ကိုချင်းယွမ်။ အစ်ကိုလည်း ဒီမှာမုန့်လာစားတာပဲလား။”
ယုချင်းယွမ်မှာ သူ(မ)ကိုကြီး၏ ကောလိပ်တုန်းကသူငယ်ချင်းဖြစ်ပြီး သူတို့သူငယ်ချင်းနှစ်ယောက်မှာ သူဌေးလေးများဖြစ်ကာ စိတ်ဝင်စားသည့်အရာလည်းတူညီသဖြင့် ကောင်းမွန်သောဆက်ဆံရေးရှိကြသည်။
“ဟုတ်ပါ့။ အစ်ကို့ကောင်မလေးနဲ့အတူလာစားတာလေ။”
ယုချင်းယွမ်က မျက်ခုံးပင့်လိုက်ပြီး ချန်ချူ့ဘေးမှကုမြောင်ကိုကြည့်ကာ စလိုက်၏။
“ညီမလေးကရော။ သူငယ်ချင်းနဲ့လာစားတာပဲလား။”
ထိုစကားအသုံးအနှုန်းမှာ အလွန်ပညာသားပါလှ၏။ ချန်ချူက ထိုစကားကို ပြန်မဖြေဘဲ
“(၄)လွှာမှာ ဟော့ပေါ့သွားစားမလို့။”
“အဲ့ဒီ့ကိုမသွားနဲ့။ (၅)လွှာမှာ အစ်ကို့ဆိုင်အသစ်ရှိတယ်။ လာခဲ့။ ညီမလေးတို့ကို အလကားကျွေးမယ်။”
ယုချင်းယွမ်က ရက်ရက်ရောရောဖိတ်ခေါ်လိုက်သည်။ ချန်ချူကလည်း ပျော်ရွှင်စွာဖြင့် သဘောတူလိုက်၏။ ယုချင်းယွမ်၏ စားသောက်ဆိုင်မှာ စျေးအကြီးဆုံးဆိုင်များသာတည်ရှိသည့် (၅)လွှာတွင်ဖြစ်သည်။ သူသည် နေရာတစ်ခုလုံးကို အပြည့်ငှားထားပုံရသည်။ ထိုလက်ရာမြောက်လှသည့်စားသောက်ဆိုင်ထဲသို့ သာမန်ဝင်လာသည့်သူတစ်ယောက်ပင်မရှိပေ။ စားပွဲထိုးများက တန်းစီလျက်ရပ်နေကြပြီး ဦးညွတ်ကာကြိုဆိုလိုက်ကြသည်။
“Good Evening ပါ မစ္စတာယု။”
ယုချင်းယွမ်က အသာအယာလက်ပြလိုက်၏။ ထို့နောက် မန်နေဂျာရောက်လာပြီး
“မစ္စတာယု။ ဘာတွေသုံးဆောင်မလဲဗျ။”
“ဒါ ငါ့ညီမလေးပဲ။ သူ့အတွက် အကောင်းဆုံးအခန်းကိုပြင်ဆင်ထားပေးလိုက်။ သူတို့ဝိုင်းအတွက် ကျသမျှကို ငါပေးမယ်။”
“ကောင်းပါပြီ မစ္စတာယု။”
မန်နေဂျာက ရိုရိုသေသေပြန်ပြောလိုက်ပြီး ချန်ချူ့ဘက်သို့လှည့်ကာ လေးစားသည့်ပုံစံဖြင့်
“မင်္ဂလာပါ။ ကျွန်တော်နဲ့ လိုက်ခဲ့ပေးပါ။”
ဧည့်ခန်းတွင် မြစ်ပုံစံလေးနှင့် တံတားငယ်လေးတစ်စင်းဖြင့် အလှဆင်ထားသည့်ထိုဟော့ပေါ့ဆိုင်၏ပြင်ဆင်ပုံမှာ အလွန်လှ၏။ သူတို့နှစ်ယောက် တံတားလေးကိုဖြတ်၍ အခန်းထဲသို့ဝင်သွားကြသည်။ သီးသန့်ခန်းလေးမှာလည်း အလွန်ကျယ်ပြီး သူတို့ နေရာယူလိုက်ပြီးသည်နှင့် သူတို့ရှေ့သို့ Menu လာချပေးလေသည်။
ထိုသို့ စျေးကြီးပြီးအဆင့်မြင့်သည့်ဆိုင်မျိုး မထိုင်ဖူးလေရာ ကုမြောင် နေရခက်နေ၏။ ဆိုင်၏အခင်းအကျင်းသာမက စားပွဲပေါ်မှတူကိုပင် သေသေချာချာပြုလုပ်ထားသည်ကိုတွေ့ရသည်။ Menu ထဲမှ စွပ်ပြုတ်လေးကပင် သူ့တစ်ပတ်လုပ်အားခလောက် စျေးကြီးနေသည်။
“နင်ဘာစားချင်လဲ။”
ချန်ချူက Menu ကို ရှေ့နောက်လှန်ကြည့်နေရင်း မေးလိုက်သည်။ နေရခက်နေသည့်ကုမြောင်က
“နင်ကြိုက်တာမှာပါ။ ငါအကုန်စားတယ်။”
“အမ်။ နင် အစပ်တော့မစားနိုင်လောက်ဘူးထင်တယ်။ ဒါဆို ရိုးရိုးဟင်းရည်ကို အိုးသပ်သပ်နဲ့မှာမယ်လေ။ ပြီးရင် ဒီ Collagen ရယ်၊ မှိုရယ်၊ ဘဲစွပ်ပြုတ်ရယ်…။”
သီးသန့်ခန်းထဲမှအလင်းရောင်လေးမှာ နူးညံ့ညင်သာနေ၏။ သူ့ရှေ့မှမိန်းကလေးမှာတော့ သူတစ်ခါမှမကြားဖူးသည့် ဟင်းလျာများကို အေးအေးဆေးဆေးမှာယူနေသည်။ သူ့စိတ်ထဲတွင် ဝမ်းနည်းသလိုခံစားလိုက်ရပြီး လည်ချောင်းများလည်းခြောက်လာကာ နေရခက်လာ၏။
“ရပြီ။ ဒီလောက်ပဲနော်။ ကျေးဇူးပါ။”
မှာလို့ပြီးသည်နှင့် ချန်ချူက စားပွဲထိုးကို Menu ပြန်ပေးလိုက်သည်။ ချန်ချူမှာ အလွန်လှ၏။ သူ(မ)ပြုံးလိုက်တိုင်းပေါ်လာသည့် ပါးချိုင့်လေးတို့ကလည်း သူ(မ)ကိုပို၍ချစ်စရာကောင်းစေသည်။ ထိုပုံစံလေးဖြင့် စကားပြောလိုက်သောကြောင့် စားပွဲထိုးကောင်လေးပင်ရှက်သွားပြီး မြန်မြန် ဦးညွတ်ကာ အခန်းထဲမှ ခပ်သွက်သွက်ထွက်သွားတော့သည်။
အော်ဒါမှာပြီးသွားမှသာ ကုမြောင်ကို ချန်ချူသတိထားကြည့်မိသည်။ ကုမြောင်တစ်ခုခုဖြစ်နေသည်ကို သူ(မ)သိလိုက်ပြီး အကြောင်းအရင်းကိုလည်း နားလည်လိုက်လေသည်။ နောင်တွင် ဥက္ကဌဖြစ်လာမည့် ကုမြောင်မှာ ယခုတွင်တော့ ထိုနေရာမျိုးတွင်နေရခက်နေခြင်းပင်။ ချန်ချူလည်း အနည်းငယ်နေရခက်သွားသော်လည်း ကုမြောင်ကိုမည်သို့နှစ်သိမ့်ရမည်မသိပေ။ ထို့ကြောင့် စကားလမ်းကြောင်းသာလွှဲလိုက်လေသည်။
“ကုမြောင်။ ဒီနှစ် နှင်းကျမယ်ထင်လား။”
ရုတ်တရက်မေးခွန်းကြောင့် ကုမြောင်က သတိပြန်ကပ်လိုက်ပြီးမှ
“မပြောတတ်ဘူး။”
“ငါတော့ နှင်းကိုမမြင်ဖူးသေးဘူး။ နိုဝင်ဘာလတုန်းကတော့ ပင်းချန်မှာနှင်းကျတယ်ကြားတယ်။ ငါတို့ အထက်တန်းကျောင်းဆင်းပွဲပြီးရင် နှင်းတူတူသွားကြည့်ကြမယ်လေ။”
ကုမြောင် ရင်ခုန်သွား၏။ သူအမှတ်မထင်ပြောလိုက်သည့်စကားများကို ချန်ချူမှတ်ထားလိမ့်မည်ဟု ကုမြောင်မထင်ထားခဲ့ပေ။ ကုမြောင်၏မွေးရပ်မြေကိုပင် ချန်ချူကသိနေလေသည်။ ချန်ချူဟူသည့်မိန်းကလေးမှာ ဆောင်းညတွင်ရှိနေသည့်မီးပုံလေးကဲ့သို့ သူ(မ)ကို အဝေးကကြည့်နေရုံနှင့်ပင် ကုမြောင်ရင်ထဲ နွေးထွေးမှုကိုခံစားရလေသည်။
သီးသန့်ခန်း၏ ပြတင်းဘောင်ပေါ်တွင် ဖယောင်းတိုင်လေးများရှိနေပြီး ဖယောင်းတိုင်ကြောင့် နံရံပေါ်တွင် လူရိပ်များထင်နေသည်။ ခေါင်းငုံ့ထားရာမှမော့ကြည့်လိုက်သော် မက်မွန်ပွင့်သဏ္ဍာန်မျက်လုံးလေးများနှင့် အကြည့်ချင်းဆုံသွားသည်။ ဖယောင်းတိုင်အလင်းလေးက သူ့ပါးပြင်များကိုနွေးထွေးသွားစေခဲ့သည်။
“အင်း။ သွားတာပေါ့။” ကုမြောင်လည်း ညင်သာစွာပြောလိုက်၏။
ဟော့ပေါ့မှာ အလွန်စားကောင်းသဖြင့် ချန်ချူက ချီးကျူးလို့မဆုံးတော့ပေ။ စားသောက်ပြီးသဖြင့် သူတို့ပြန်သောအခါ ဆိုင်ဝန်ထမ်းများက သူတို့ကို မြစ်နှင့်တံတားပုံအဆင်တန်ဆာလေးတစ်ခုစီ လက်ဆောင်ပေးလိုက်သေးသည်။ သီးသန့်ခန်း၏အပြင်ဘက်တွင် နံရံပေါ်၌ မီးအိမ်လေးများချိတ်ဆွဲထား၏။ ချန်ချူက စိတ်ဝင်စားသဖြင့် အနီးကပ်သွားကြည့်လိုက်လေသည်။
“ဒါက ဆိုင်မှာအရင်တုန်းကလုပ်တဲ့ Activity လေးပါ။ ဧည့်သည်တွေက နှစ်သစ်ဆုတောင်းတွေကိုရေးပြီး မီးအိမ်လေးမှာချိတ်လို့ရတယ်။ ရေးပြီးရင် လာမဲ့နှစ်မှာ သူတို့အိပ်မက်တွေ အမှန်တကယ်ဖြစ်လာအောင် ဆုတောင်းကြတာပေါ့။”
ဆိုင်ဝန်ထမ်းက ထိုသို့ရှင်းပြသောအခါ ချန်ချူက
“အခုရော ရေးလို့ရသေးလား။”
ဝန်ထမ်းက ပြုံးလျက် “ဟုတ်ကဲ့။ ရပါတယ်။”
ချန်ချူ့အား သူဌေး၏ညီမလေးဟုမိတ်ဆက်ပေးထားသဖြင့် ရေးခွင့်မရှိတော့လည်း ပေးရေးရမည်ပင်။ တစ်ခဏကြာသော် ဝန်ထမ်းတစ်ယောက်က စာရွက်နှင့်ဘောပင်ယူလာပေး၏။ ချန်ချူက ကုမြောင်ဘက်သို့လှည့်ကာ
“ကိုယ့်ဘာသာကိုယ်ရေးနော်။ ချောင်းမကြည့်နဲ့။”
အနီးနားမှဆိုင်ဝန်ထမ်းက ချန်ချူ့စကားကိုသဘောကျ၍ ရယ်မောလိုက်ပြီး
“ဟုတ်တယ်။ သူများမြင်သွားရင် ကိုယ့်ဆုတောင်းတွေမပြည့်တော့ဘူး။”
ကုမြောင်မြင်မှာကြောက်သဖြင့် ဝှက်၍ရေးနေသောချန်ချူ့ပုံစံလေးကိုကြည့်ကာ ကုမြောင်ရယ်လိုက်မိသည်။ ကုမြောင်ကလည်း စာရွက်လေးကိုပွတ်ကာ တစ်ခဏတုံ့ဆိုင်းနေပြီးမှ သူ့ခံစားချက်များကိုချရေးလိုက်တော့သည်။
“သူ(မ)နဲ့ အမြဲအတူရှိနိုင်ဖို့ မျှော်လင့်ပါတယ်။”
ကုမြောင်၏လက်ရေးမှာ ကုမြောင်ကဲ့သို့ ရှင်းရှင်းလင်းလင်းနှင့် ကျော့ရှင်းနေသည်။ စုတ်ချက်တိုင်းတွင်လည်း အားမာန်ပြည့်ဝမှုကိုတွေ့ရသည်။ ထို့နောက် မီးအိမ်ငယ်လေး(၂)ခုကို အလယ်တွင် အတူတူချိတ်လိုက်သည်။
သူတို့ Mall ထဲမှထွက်လာသည်နှင့် လမ်းပေါ်တွင် လှပနေသည့်ညမြင်ကွင်းကို မြင်တွေ့လိုက်ရသည်။ ချန်ချူက အိတ်ကပ်ထဲလက်ထည့်ကာ ခုန်ဆွခုန်ဆွနှင့်ရှေ့ကသွားလိုက်သည်။ တစ်လှမ်းနှစ်လှမ်းလောက် ကျော်သွားပြီးမှ ချန်ချူ မနေနိုင်တော့ဘဲ ပြန်လှည့်လာပြီး သိချင်စိတ်ဖြင့်မေးလိုက်သည်။
“နင်ဘာဆုတောင်းကို ရေးခဲ့လဲ။”
ကုမြောင်မှာ ချန်ချူ့စကားများကို မည်သည့်အခါမျှမငြင်းဆန်ခဲ့ဖူးသောကြောင့် သည်တစ်ခါလည်းပြောပြလိမ့်မည်ဟု ချန်ချူယုံထားသည်။ အဝေးတစ်နေရာတွင် အထပ်မြင့်အဆောက်အအုံများမှ မီးများတဖျပ်ဖျပ်လင်းနေ၏။ ကုမြောင်၏မျက်လုံးများထဲတွင် ချန်ချူ့ပုံရိပ်တစ်ခုတည်းသာရှိနေသည်။ ကုမြောင်က နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ခေါင်းအသာယမ်းပြလိုက်၏။ ထုတ်ပြောလိုက်လျှင် ဆုတောင်းမပြည့်တော့မှာစိုးသဖြင့် သူထုတ်မပြောနိုင်ခဲ့ပေ။
(A/N- ထုတ်ပြောလိုက်လို့ ဆုတောင်းမပြည့်တော့ဘူးဆိုရင် အရမ်းကြောက်စရာကောင်းတာမို့ ကုမြောင်က ငြင်းလိုက်တာပါ။)
*****
Aurora Novel Translation Team