Chapter 42
ဆောင်းရာသီကျောင်းပိတ်ရက်တို့ တစ်ဖန်ရောက်လာပြီး တစ်ဖန်ကုန်ဆုံးသွားပြန်သည်။ ကျောင်းပိတ်ပြီးသည်နှင့် ချန်ချူ Haishi No.1 High School သို့ ပြန်သွားရသည့်အချိန်တို့ ရောက်ရှိလာခဲ့သည်။ Haishi မြို့တွင် ယခုနှစ်အတွင်း ဆယ်စုနှစ်တာကာလ၏ ပထမဦးဆုံးနှင်းကျခြင်းနှင့်ကြုံတွေ့ရမည်ဟု မိုးလေဝသခန့်မှန်းချက်များက ခန့်မှန်းထား၏။ သို့သော် နွေဦးသာရောက်လာပြီး နှင်းပွင့်တစ်မှုန်ပင်မတွေ့ရချေ။
ဝင်ခွင့်စာမေးပွဲအမှတ်ထွက်သည့်အခါ ချန်ချူက တစ်မြို့လုံးထဲတွင် အမှတ်အများဆုံးစာရင်းဝင်၏။ အလွန်ဝမ်းသာသဖြင့် ချန်ယွယ်က သူ(မ)အား စာအိတ်ဖောင်းကြီးတစ်အိတ်ပေးလိုက်သည်။ အစပိုင်းက ချန်ချူ့ဆန္ဒများကိုကန့်ကွက်ခဲ့သည့်ဖုရုန်းကပင် ထိုသတင်းကောင်းကို လူတိုင်းအားလိုက်ကြွားနေခဲ့သည်။
ပန်းပွင့်ဝါများဝေနေသည့် လမ်းနံဘေးမှာ Haishi No.1 High School ၏ နွေဦးမြင်ကွင်းပင်။ ကျောင်းတွင် ဆရာမများက ကျောင်းသားတိုင်းအား သူတို့၏အိပ်မက်တက္ကသိုလ်ကို စာရွက်လေးနှင့်ရေးချခိုင်း၏။ အတန်းထဲမှကျောင်းသားထက်ဝက်လောက်က Haishi တက္ကသိုလ်ဟုရေးကြသည်။ Haishi တက္ကသိုလ်မှာ တရုတ်နိုင်ငံ၏ နာမည်ကြီးတက္ကသိုလ်များထဲမှတစ်ခုဖြစ်ပြီး ကျောင်းသားအများစုက ထိုတက္ကသိုလ်တွင်စာလေ့လာရန်အိပ်မက်မက်ကြလေသည်။
ချန်ချူက သိချင်စိတ်ဖြင့် ကုမြောင်အား
“နင်ရော Haishi တက္ကသိုလ်ပဲလျှောက်တာလား။”
“အင်း။”
ကုမြောင်က ခေါင်းညိတ်ကာ နူးညံ့သည့်အကြည့်လေးဖြင့် ချန်ချူ့ကိုငေးနေ၏။ ကုမြောင်မှာ ဂီတကျောင်းဝင်ခွင့်မဖြေထားသဖြင့် သူ(မ)နှင့်အနီးဆုံးနေရာသို့သွားရန်သာ ရွေးချယ်စရာရှိသည်။
ချန်ချူက ပျော်ရွှင်စွာ ပြုံးလိုက်ပြီး
“ဒါဆို ကျောင်းပြီးသွားလည်း ငါတို့တွေ့လို့ရသေးတာပဲ။”
Haiyin ဂီတကောလိပ် နှင့် Haishi တက္ကသိုလ်တို့မှာ လမ်းလျှောက်သွားလျှင် (၁၀)မိနစ်သာကြာသည့်ခရီးပင်။ “ကျောင်းပြီးသွားလည်း”ဟူသောစကားလုံးတွင် မှော်အစွမ်းများရှိနေသကဲ့သို့ ကုမြောင်၏နှလုံးသားတို့ တစ်မျိုးဖြစ်သွား၏။ ကုမြောင်၏ လေးနက်နေသောမျက်လုံးများထဲတွင် အလင်းရောင်လေးတစ်ခုပေါ်လာပြီး အေးစက်စက်သူ့ပုံစံလေးလည်း နူးညံ့သွားသည်။ နောက်ဆုံးတွင် ကျောင်းသားများ၏စာရွက်တို့ကို ဆရာမက ကျောက်သင်ပုန်းဘေးတွင်ကပ်လိုက်၏။ ထိုနွေဦးနေ့လေးတွင် လူငယ်(၄၀)ကျော်၏ အိပ်မက်နှင့် တက်ကြွမှုများ အသက်ဝင်လျက်ပင်။
ကျောက်သင်ပုန်းပေါ်တွင်ရေးထားသည့် စာမေးပွဲဖြေရမည့်နေ့ countdown မှာ တစ်နေ့ထက်တစ်နေ့ ပို၍နီးကပ်လာတော့သည်။ စာမေးပွဲမဖြေခင်နောက်ဆုံးနေ့၌ ဆရာမများ၏မျက်လုံးထဲတွင် အနီရောင်အရိပ်အယောင်များတွေ့ရသည်။ ပြတင်းပေါက်အပြင်ဘက်တွင်နေသာနေပြီး ပုစဥ်းရင်ကွဲများကလည်း အော်မြည်နေကြသည်။ စာသင်ခန်းထဲမှသူငယ်ချင်းတို့မှာ ရက်အနည်းငယ်ကြာလျှင် ကိုယ့်လမ်းကိုယ်လျှောက်ကြရတော့မည်။ အချို့မှာ အချင်းချင်း တစ်သက်လုံးပင်ပြန်တွေ့နိုင်ပါ့မလားမသိရပေ။
ချန်ချူက သူ(မ)နံဘေးမှကောင်လေးကို နွေးထွေးစွာလှည့်ကြည့်လိုက်၏။
စစ်မှန်တဲ့သူတွေကတော့ အမြဲဘေးမှာရှိပေးမှာပဲ။
ဇွန်လတွင် နေခြစ်ခြစ်တောက်ပူနေလေပြီ။ သူတို့စာမေးပွဲခန်းထဲကထွက်လာသည့်အချိန်တွင် နေရောင်က ဟော်လီပင်ထဲသို့ထိုးဖောက်ဝင်ရောက်နေပြီဖြစ်သည်။ စင်္ကြံလမ်းတွင် စာမေးပွဲခန်းထဲမှထွက်လာသူများက အပြင်ထွက်ရန်ခွင့်ပြုချက်ကိုစောင့်နေကြသည်။ အချို့မျက်နှာလေးများက ပြုံးရွှင်နေသော်လည်း အချို့မျက်နှာများမှာ ညှိုးမှိုင်နေ၏။ မလှမ်းမကမ်းမှဟော်လီပင်များကိုကြည့်လိုက်သော် ချက်ချင်းပင် ကြိုးစားထားသည့်အရာများသူ့အလိုလိုဖြစ်မြောက်လာသကဲ့သို့ ချန်ချူ့စိတ်များတည်ငြိမ်သွားတော့သည်။
ချန်ချူက ကုမြောင်အား
“စာမေးပွဲဖြေနိုင်လား။”
ကုမြောင်က ပြုံးလျက် “မဆိုးပါဘူး။”
“ငါအိမ်ပြန်ပြီး ပွဲအတွက်ပြင်ဆင်စရာရှိတာလေးပြင်ဆင်မလို့။ နင်လိုက်ခဲ့ချင်လား။”
ချန်ချူကမေးလိုက်ခြင်းဖြစ်သည်။ လွန်ခဲ့သောရက်အနည်းငယ်ခန့်က စာမေးပွဲအတွက်ဖိအားများရသည့်အကြောင်းပြောကာ စာမေးပွဲပြီးလျှင် ပါတီလုပ်ရန် လင်းချီဖိန်က ချန်ချူ့ကိုတိုက်တွန်းခဲ့သည်။ သူ(မ)အိမ်ကလည်း ကျောင်းနှင့်မဝေးသဖြင့် ချန်ချူ ထိုအကြံကိုသဘောတူခဲ့သည်။
ကုမြောင်က ခေါင်းညိတ်လိုက်ပြီး
“လိုက်ခဲ့မယ်လေ။”
နီမြန်းသွားသည့်နေဝင်ချိန်တွင် သူတို့နှစ်ယောက်ဘေးချင်းကပ်ကာ အိမ်သို့လမ်းလျှောက်ပြန်ကြသည်။ အိမ်ထိန်းအန်တီကြီးက ကြက်တောင်ပံ၊ အမဲသားနှင့် သိုးသားတို့ကိုနှပ်ထားပြီးဖြစ်သဖြင့် ချန်ချူနှင့်ကုမြောင်က ညစာစားခန်းထဲတွင် အသီးအရွက်များလှီးကြသည်။ သို့သော် ချန်ချူမှာ ကလေးအရွယ်ကတည်းက မီးဖိုချောင်ကိစ္စမလုပ်ဖူးသူဖြစ်ရာ အာလူးများကိုပုံမကျပန်းမကျလှီးထားလေသည်။
“ငါလှီးလိုက်မယ်။”
ကုမြောင်က လှမ်းယူလိုက်ပြီး ဓားကိုကျွမ်းကျင်စွာကိုင်၍လှီးလေရာ အာလူးချပ်လေးများ ပုံကျလှပသွားသည်။ ချန်ချူက အားကျမှုအပြည့်ဖြင့် မျက်တောင်ခတ်ကာ
“မိုက်လိုက်တာ။”
“အဟမ်း။” ကုမြောင်က ရှက်ကာခေါင်းငုံ့သွားတော့သည်။
အာလူးလေးလှီးတတ်ရုံနဲ့ အထင်ကြီးစရာတော့မရှိပါဘူး။
ထိုသို့တွေးနေသော်လည်း ချန်ချူ့ချီးကျူးစကားအပေါ် သူပျော်၍၊ရှက်၍မဆုံးတော့ပေ။ ထို့နောက် နားရွက်များပင် နီလာ၏။
“နင်-နင် အာလူးတွေကို တစ်ခုခုနဲ့ထိုးဖို့လုပ်ပါလား။”
ကုမြောင်က ရှက်ရှက်နှင့်ပြောလိုက်ရာ စကားထစ်ကုန်၏။
“ဪ အွန်း။”
ချန်ချူကလည်းပြုံးလျက်ထွက်သွားပြီး အာလူးတို့ကို တုတ်အချွန်တွင်ထိုးလိုက်သည်။ ကုမြောင် တစ်ခုလှီးပြီးသည်နှင့် ချန်ချူက တစ်ခုထိုးနေသည်။ သူတို့ခြေထောက်နားတွင်ဆော့နေသောမြှောင်မြှောင်က တစ်ခါတစ်ရံ ချန်ချူ့ဘောင်းဘီအနားစတို့နှင့် လာပွတ်သပ်နေ၏။
“ငါတို့မြှောင်မြှောင်လေးက ဗိုက်ဆာနေပြီလား။”
ချန်ချူထိုင်ချလိုက်ပြီး လက်ထဲမှကြက်အူချောင်းကို တစ်ကိုက်ကိုက်ကျွေးလိုက်သည်။ ခွေးလေးက အလွန်ဗိုက်ဆာနေသကဲ့သို့ ချက်ချင်းပင်ကြက်အူချောင်းကို မျိုချလိုက်၏။ ထိုသို့မျိုချလိုက်ပြီးနောက် သူ့လျှာလေးပြန်ထွက်လာပြီး သနားစရာအကြည့်လေးဖြင့် နောက်တစ်ခုကိုတောင်းနေတော့သည်။ ချန်ချူက မတ်တတ်ပြန်ရပ်ကာ ကုမြောင်ကိုအစာလှမ်းပေးလိုက်ပြီး
“နင်သူ့ကိုကျွေးကြည့်ပါလား။”
ကုမြောင်နှင့် မြှောင်မြှောင်တို့မှာ တစ်ယောက်နှင့်တစ်ယောက်အဆင်မပြေကြပေ။ သူတို့ဆုံသည့်အခါတိုင်း တစ်ယောက်ကိုတစ်ယောက် လျစ်လျူရှုထားကြသည်။ ကုမြောင်က စိတ်ဓာတ်ကျစွာဖြင့်မျက်မှောင်ကြုတ်လိုက်သော်လည်း ချန်ချူ့မျက်လုံးလေးများနှင့်ဆုံသည့်အခါ မငြင်းဆန်နိုင်တော့ဘဲ အစာကိုလှမ်းယူလိုက်လေသည်။ ထို့နောက် သူနှုတ်ခမ်းကိုစေ့ကာ ချန်ချူ့ရှေ့တွင်ထိုင်နေသည့်ခွေးလေးအား ငုံ့ကြည့်လိုက်သည်။ တစ်ခဏကြာသော် ချန်ချူ့ကို သူပြန်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းထိုင်ချလိုက်သည်။
“ရော့။”
အစာကျွေးသည့်သူ့အသံက မာကျောနေသဖြင့် ခွေးလေးကလည်းခေါင်းစောင်းကာ အထင်သေးသည့်ဟောင်သံတစ်ခုဖြင့် အခြားနေရာသို့သွားလိုက်လေသည်။ ထိုအချိန်တွင် ကုမြောင်မှာ လက်ထဲတွင်ကြက်အူချောင်းနှင့် အောက်တွင်ထိုင်နေဆဲဖြစ်၏။
“ဟားဟား။”
ချန်ချူ မထိန်းနိုင်တော့ဘဲရယ်ချမိလိုက်သည်။ သူ(မ)က သနားစရာကုမြောင်ကိုကြည့်ကာနှစ်သိမ့်လိုက်သည်။
“သူက ရှက်နေလို့နေမှာပါ။ သူနင့်ကိုခင်သွားပြီဆိုတာနဲ့ နင့်နားကနေခွာမှာတောင်မဟုတ်ဘူး။”
ကုမြောင်ကလည်း စိတ်ထဲတွင်အံကြိတ်လျက် “သူလာကပ်တာကို ဘယ်သူကရောခံချင်နေလို့လဲ။”
နေဝင်သွားပြီဖြစ်သဖြင့် အလင်းရောင်အနည်းငယ်သာကျန်တော့သည်။ အသားကင်နံ့ကလည်း လေထဲတွင် မွှေးနေ၏။ အတန်းဖော်များ တစ်ယောက်ပြီးတစ်ယောက်ရောက်လာပြီး အချို့မှာ ဘီယာနှင့် သောက်စရာအချို့ကိုပင် ယူလာကြသေးသည်။ လင်းချီဖိန်ဝင်လာသည်နှင့် မြှောင်မြှောင်က တံခါးဆီသို့ပြေးသွားသည်။ ထို့နောက် ဖိနပ်ပါးလေးကိုကိုက်ချီကာ လင်းချီဖိန်၏ရှေ့တွင်ချပေး၏။
“နံပါတ်(၅)က ကြီးလာပြီပဲ။”
လင်းချီဖိန်က မြှောင်မြှောင့်ကိုကောက်ချီလိုက်သော် မြှောင်မြှောင်ကလည်း သူ့လက်မောင်းထဲတွင် ပျော်ရွှင်နေ၏။
“သူ့နာမည် မြှောင်မြှောင်ဖြစ်သွားပြီဟ။ မြှောင်မြှောင်လို့ခေါ်။”
ချန်ချူက လင်းချီဖိန်ကို အမှားပြင်ပေးလိုက်သည်။ လင်းချီဖိန်ကခေါင်းငုံ့ကာ ခွေးလေးကိုကြည့်လိုက်ပြီး
“ကဲ မြှောင်မြှောင်။ အရင်ကသခင်အဟောင်းကို မလွမ်းတော့ဘူးလားကွ။”
ဘေးဖက်တွင် ကုမြောင်က တို့ဟူးလှီးနေပြီး မျက်လုံးထဲတွင်လည်းဝမ်းနည်းသည့်အရိပ်အယောင်လေးရှိနေသည်။ အကြောင်းမှာ သူနှင့်မြှောင်မြှောင်အဆင်မပြေသောကြောင့်ပင်။ မြှောင်မြှောင်မှာ လင်းချီဖိန်၏ရင်ခွင်ထဲတွင် ပျော်ရွှင်စွာဆော့ကစားပြီး လင်းချီဖိန်ကို မျက်နှာသာပေးနေသည်။ သူတို့၏ရယ်သံများကလည်း တစ်ခန်းလုံးတွင်ပြည့်နှက်နေ၏။
တဖြည်းဖြည်းနှင့် ပါတီတွင်လူစုံလာသည်။ ယုရှင်းလူနှင့် လင်းချီဖိန်တို့က ပါတီကိုအသက်ဝင်စေသူများပင်။ သူတို့သည် သီချင်းဆိုလိုက် ရယ်စရာပြောလိုက်နှင့် အချင်းချင်းမရင်းနှီးကြသူများကိုလည်း တဖြည်းဖြည်းသိကျွမ်းသွားစေခဲ့သည်။ ညလေပြည်လေးတိုက်ခတ်နေချိန်တွင် ကုမြောင်က ထောင့်လေးတွင်ရပ်ကာ အသားကင်နေခဲ့သည်။
“ငါလည်းကူမယ်လေ။”
ချန်ချူ ကုမြောင်ထံသို့သွားကာ ညင်သာစွာပြောလိုက်သည်။ နွေည၏လေပြည်လေးမှာ အနည်းငယ်အေးနေပြီး ကုမြောင်မှာ ကြက်တောင်ပံများကိုကင်လျက် နှာခေါင်းတွင်ချွေးစအချို့စိုနေ၏။ အကင်ကင်ရသည့်မီးအပူချိန်ကမြင့်သောကြောင့် ကုမြောင်၏ပါးများနီရဲလျက် ချွေးများစိုနေသည်။ သူ့မျက်လုံးများထဲတွင် ပင်ပန်းနွမ်းလျမှုအချို့ကိုလည်းတွေ့ရသည်။
“ရပါတယ်။ သူတို့နဲ့စကားသွားပြောနေပါ။”
ကုမြောင် ညင်သာစွာပြောလိုက်ခြင်းပင်။ ညလေပြည်လေးတိုက်ခတ်သွားပြန်သည်။ ကုမြောင်က လူအုပ်ထဲမှလင်းချီဖိန်ကိုလှမ်းကြည့်လိုက်၏။ လူအုပ်ထဲတွင် လင်းချီဖိန်မှာ ကြယ်ပွင့်လေးတစ်ပွင့်ကဲ့သို့ အားလုံး၏အာရုံကိုဖမ်းစားထားသည်။
“အတူတူကင်မယ်လေ။”
ချန်ချူက သူ့လက်ထဲမှအကင်တုတ်ကိုယူလိုက်ပြီး
“ဘယ်ဟာကိုအရင်ကင်ကြမလဲ။”
ရုတ်တရက် ကျိုးရန်ပေါ်လာပြီး ကုမြောင်လက်ထဲမှအကင်တုတ်ကိုယူသွားပြန်သည်။
“ငါလည်းကင်ကြည့်ချင်တယ်။ အရင်ကတစ်ခါမှမကင်ဖူးလို့။”
ဇီရာစေ့အနံ့တို့ လေထဲတွင်ပြည့်နှက်သွားသည်။ သူ့လက်ထဲမှအကင်တို့ကိုကြည့်ကာ ကုမြောင်စိတ်ထဲတွင်နွေးထွေးသွား၏။ အနီးအနားတွင်စကားပြောနေကြသူများက ချန်ချူ့ကိုသတိထားမိကာ အမြန်ပြေးလာပြီးလာကူညီကြသည်။ ယခင်ကလူမရှိသည့်နေရာတွင် အခုလူအုံလာပြီဖြစ်သည်။ ကံကောင်းစွာဖြင့် အစားအသောက်နှင့်အကင်မျိုးစုံရှိလေရာ မည်သူမျှဗိုက်ဆာတော့မည်မဟုတ်ပေ။
အစားအသောက်များကို ကျေနပ်စွာစားသောက်ပြီးနောက် ယုရှင်းလူက အားလုံးကို စက်ဝိုင်းပုံဝိုင်း၍ထိုင်ခိုင်းလိုက်သည်။ ထို့နောက် ပုလင်းအလွတ်တစ်လုံးကိုရှာလိုက်ပြီး မြေပေါ်သို့ချကာ
“Truth or Dare ဆော့ရအောင်။ ပုလင်းလှည့်လိုက်လို့ ကျတဲ့သူက Truth နဲ့ Dare ကို တစ်ခုရွေးပြီးလုပ်ရမယ်။ နှစ်ခုလုံးမလုပ်ချင်ဘူးဆိုရင်တော့ (၅)ခွက်သောက်ကြေး။”
“ကောင်းသားပဲ။”
အားလုံးက တက်ကြွစွာသဘောတူကြသည်။
“ကောင်းပြီလေ။ ဘယ်သူမှကန့်ကွက်တဲ့သူမရှိဘူးဆိုရင် ပုလင်းလှည့်တော့မယ်။”
ယုရှင်းလူက ထိုသို့ပြောလိုက်ပြီး ချန်ချူ့ကိုလှည့်ကြည့်လိုက်သည်။ ဘေးဘက်မှ လင်းချီဖိန်က အားပေးနေ၏။
“မြန်မြန်လှည့် မြန်မြန်လှည့်။”
“အိုကေ။ လှည့်ပြီ။”
ယုရှင်းလူပုလင်းလှည့်လိုက်သည်နှင့် ဧည့်ခန်းတစ်ခုလုံးတွင် Air-con သံမှတစ်ပါး တိတ်ဆိတ်သွား၏။ ကြမ်းပြင်တွင် ဖန်ပုလင်းလေးကလျင်မြန်စွာလှည့်နေသည်။ အားလုံးက ကိုယ့်အလှည့်ရောက်လာမလားဟု ရင်ခုန်နေကြလေ၏။ ဖြည်းဖြည်းချင်း ပုလင်းလည်းရပ်သွားသည်။ ပုလင်းထိပ်ပိုင်း၏ ဦးတည်ချက်ကိုလိုက်ကြည့်ရင်း လင်းချီဖိန်ထံတွင် သူတို့အကြည့်များဆုံသွားတော့သည်။ ယုရှင်းလူ၏ပစ်မှတ်ထံသို့ ပုလင်းညွှန်ပြခြင်းမဟုတ်သော်လည်း သူ(မ)က ပျော်ရွှင်လျက်ပင်။
“Truth လား Dare လား။”
“Truth” လင်းချီဖိန်ကချက်ချင်းပင် ပြန်ဖြေလိုက်၏။
“ရော့ တစ်ကတ်ဆွဲလိုက်။”
ယုရှင်းလူက ကတ်အထပ်လိုက်ကြီးကိုလှမ်းပေးလိုက်သောအခါ လင်းချီဖိန်ကတုံ့ဆိုင်းခြင်းမရှိ ကတ်ဆွဲလိုက်သည်။
ကတ်ထဲတွင်မေးထားသည့်မေးခွန်းမှာ
“နင့်ကိုရင်ခုန်အောင်လုပ်တဲ့သူ ဒီထဲမှာရှိလား။”
“အိုး။” တစ်ယောက်ယောက်က စတင်ရယ်မောလိုက်၏။
လင်းချီဖိန်က ရှက်သွားသည့်ပုံစံမျိုးဖြင့်ခေါင်းငုံ့လိုက်သည်။ ၎င်းမှာ အမြဲယုံကြည်မှုအပြည့်ရှိသော ကျောင်းသားကောင်စီဥက္ကဌနှင့် ကွဲထွက်နေသည့်ပုံစံမျိုးပင်။ သို့သော် သူကတုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။
“ရှိတယ်။”
တစ်ခန်းလုံး ခေတ္တတိတ်ဆိတ်သွားပြီးမှ စိတ်လှုပ်ရှားစွာထအော်ကြသည်။
“မိုက်တယ်ကွာ။”
တစ်စုံတစ်ယောက်က လင်းချီဖိန်၏လည်ပင်းကိုလှမ်းဖက်လိုက်ပြီး ဂုဏ်ယူစွာဖြင့်
“မင်းက တကယ့်ယောက်ျားပဲ။”
“အိုးမိုင်ဂေါ့။ မိုက်လိုက်တာ။”
မိန်းကလေးတစ်ယောက်က ပါးစပ်ကိုလက်ဖြင့်အုပ်၍ အံ့အားသင့်စွာပြောလိုက်သည်။ လူများနေသည့်အခန်းထဲတွင် လူတိုင်းက ချန်ချူ့ကိုမသိမသာရော သိသိသာသာပါကြည့်လိုက်ကြ၏။ ယုရှင်းလူက အမြန်ရှေ့ထွက်လိုက်ပြီး အခြေအနေကိုပြန်ထိန်းလိုက်သည်။
“ကောင်းတယ် ကောင်းတယ်။ ငါတို့အတန်းဖော်လင်းက သတ္တိကိုပြသသွားတာပဲ။ ကဲ နောက်တစ်ပွဲ စရအောင်။”
ပုလင်းကိုင်ထားသည့်သူ(မ)လက်တို့ တုန်ယင်နေ၏။ တကယ်တမ်းတွင် သူ(မ)ကကုမြောင်ကိုကျစေချင်လေရာ လင်းချီဖိန်၏အလှည့်ဖြစ်သွားရသည်။ ပုလင်းလှည့်နေရင်းနှင့် အခွင့်ကောင်းယူကာ ယုရှင်းလူက ထောင့်တွင်ထိုင်နေသည့်ကုမြောင်ကိုလှမ်းကြည့်လိုက်သည်။ ခေါင်းငုံ့နေသဖြင့် သူ့မျက်မှန်လေးကနှာခေါင်းပေါ်တွင်တင်လျက်ရှိသည်။ သူ့ပုံစံမှာ စိတ်ထိခိုက်နေသလိုပင်။ ဝိုင်ခွက်တစ်ခွက်ကိုယူကာ တစ်ငုံချင်းသောက်နေ၏။ ယုရှင်းလူ နောင်တရသွားပြီး ကိုယ့်ကိုယ်ကိုယ်သာ ပါးရိုက်လိုက်ချင်နေသည်။
“ရှုပ်ကုန်ပြီထင်တယ်။”
ယုရှင်းလူ ကိုယ့်ဘာသာကိုယ်တွေးလိုက်မိခြင်းပင်။ ကံကောင်းစွာဖြင့် ကျန်ဂိမ်းတစ်လျှောက်လုံး ကောင်းကောင်းမွန်မွန်ပြီးသွားပြီး ရန်ခိုင့်စွန့်စားခန်းကြောင့် အားလုံးကရယ်မောနေကြရာ အစောပိုင်းက လင်းချီဖိန်၏ဝန်ခံချက်ကိုပင် မေ့သွားကြ၏။
ညသန်းခေါင်ဖြစ်ရာ ကောင်းကင်တွင်လသာနေပြီး သူတို့သူငယ်ချင်းများကလည်း နှုတ်မဆက်ချင်ဘဲနှုတ်ဆက်ကြရတော့သည်။ တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်ထွက်ခွာသွားကြ၏။ ထိုတစ်ညလုံးတွင် ကုမြောင်စိတ်မပါဘဲရှိသည်ကိုချန်ချူသတိထားမိသွား၏။ လင်းချီဖိန်၏ဝန်ခံချက်ကြောင့်လည်း ပါပေမည်။ ကုမြောင် ထောင့်လေးတွင်သာထိုင်၍ ဝိုင်ကိုတိတ်တဆိတ်သောက်နေသည်။ ထို့နောက် အရင်ဆုံးပြန်သည့်သူမှာ ကုမြောင်ပင်။ ချန်ချူက မည်သို့ရှင်းပြရမည်မသိပေ။ လင်းချီဖိန်က ချန်ချူပါဟုဝန်ခံလိုက်ခြင်းမဟုတ်သော်လည်း ဘယ်သူဘယ်ဝါဖြစ်ကြောင်းကိုတော့ သူတစ်ဦးတည်းသာသိနေသည်လေ။ ကုမြောင်ထွက်သွားသည်ကိုကြည့်ကာ စိတ်ထဲတွင် နေရခက်သွားသည်။ အသက်ဝင်နေသောအိမ်ကြီးက ချက်ချင်းအသက်မဲ့သွားသလိုပင်။
နောက်ဆုံးမှပြန်သူမှာ လင်းချီဖိန်ဖြစ်၏။ သူမပြန်ခင် ချန်ချူ့အား အိတ်လေးတစ်လုံးပေးခဲ့သေးသည်။
“နင့်(၁၈)နှစ်ပြည့်မွေးနေ့ ရောက်လာတော့မှာနော်။ ဒါက ငါ့အမေပေးခိုင်းတာ။ သူက မကြာခင်နိုင်ငံခြားခရီးစဥ်သွားဖို့ရှိလို့ နင့်မွေးနေ့ကိုမတက်နိုင်လောက်ဘူးတဲ့။”
ချန်ချူက အိတ်လေးကိုလှမ်းယူလိုက်ပြီး
“နင့်အမေကို ကျေးဇူးတင်ပါတယ်လို့ပြောပေးပါဦး။”
လင်းချီဖိန်ကခေါင်းညိတ်ကာ ဓာတ်လှေကားထဲသို့ဝင်သွားသည်။
“ခဏနေဦး။”
ရုတ်တရက် ချန်ချူကလှမ်းခေါ်လိုက်သောအခါ လင်းချီဖိန်၏ခြေလှမ်းများတွန့်သွားပြီး
“ဘာလဲ။”
ဓာတ်လှေကားအနီးတွင် မီးရောင်လေးများလင်းနေ၏။ ချန်ချူကခေါင်းငုံ့လိုက်ပြီး
“အမ်။ ခုနကနင်ပြောတဲ့ နင့်ကိုရင်ခုန်စေတဲ့သူဆိုတာလေ။ အဲ့ဒါ ငါလား။”
“ဟ။ နင်မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်အဲ့လောက်ကြီးလည်း အထင်မကြီးနဲ့။”
လင်းချီဖိန်ကရယ်မောလျက် ပြန်ပြောလိုက်၏။ ထိုအခါမှသာ ချန်ချူသက်ပြင်းချနိုင်ပြီး
“အေးပါ မဟုတ်ရင်လည်းပြီးရော။ နင်အိမ်ပြန်ပြီးနားတော့။”
လင်းချီဖိန်ကို ဓာတ်လှေကားထဲသို့တွန်းထည့်လိုက်ပြီး ချန်ချူကလက်ပြနှုတ်ဆက်ကာ တံခါးပိတ်လိုက်သည်။ လင်းချီဖိန် မကျေမနပ်ဖြင့်လှမ်းအော်သည့်အသံကိုလည်း ကြားလိုက်ရသေးသည်။
“ဝိုး။ ချက်ချင်းကိုနှင်ထုတ်တာဟေ့။”
ချန်ချူ သူ(မ)တိုက်ခန်းသို့ပြန်လာခဲ့သည်။ ဝင်ပေါက်တွင်ရပ်ကာ လက်ဆောင်လေးကိုဖွင့်လိုက်၏။ ၎င်းမှာ နာရီလေးတစ်လုံးဖြစ်ပြီး စျေးလည်းအတော်အသင့်ရှိလိမ့်မည်။ နာရီလေးကိုကြည့်နေရင်း စင်္ကြံလမ်းမှခြေသံအချို့ကို ချန်ချူကြားလိုက်သည်။ တစ်ခုခုမေ့ကျန်ခဲ့သဖြင့်ပြန်လာယူသည့် အတန်းဖော်တစ်ယောက်ယောက်ဖြစ်လိမ့်မည်ဟုထင်ကာ ချန်ချူက တံခါးချက်ချင်းဖွင့်ပေးလိုက်သည်။
ရာသီဥတုကအေးနေပြီး ညတာရှည်၏။ ကုမြောင်က ခါးကိုအနည်းငယ်ညွတ်၍ ချန်ချူ့ရှေ့တွင်ရပ်နေသည်။ ယခုတွင်မူ သူ့မျက်လုံးလေးများထဲတွင် အလင်းရောင်မရှိတော့ပေ။ သူလျှောက်လာသည်နှင့် အရက်နံ့တို့ကိုလည်းရလိုက်သည်။
“ချန်ချူ။”
အမှောင်ထုထဲတွင် အသံအက်အက်နှင့်ခေါ်လိုက်သောကြောင့် ချန်ချူစိတ်လှုပ်ရှားသွားသည်။ အရက်ကြောင့် သူ့နှလုံးသားလည်း တစ်မျိုးထုံသွားသလိုပင်။ ကုမြောင်သည် သူ၏သတ္တိနည်းမှု၊ ဆင်းရဲမှုတို့ကို မေ့သွားပြီး စကားထစ်တတ်သည်ကိုပင်သတိမရတော့ပေ။ သူ့စိတ်ထဲတွင်ခံစားနေရသည့်ခံစားချက်တို့ မီးလိုတောက်လောင်လာတော့သည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေ၏။ လသာဆောင်မှ ပန်းရနံ့သင်းသင်းလေးကိုသာ ခံစားရသည်။
“ဟမ်။”
ချန်ချူက အသံညင်သာသာလေးဖြင့်မော့ကြည့်လိုက်ပြီး သူ(မ)မျက်လုံးများထဲတွင် မျှော်လင့်ချက်လေးရှိနေသည်။
“ငါ…။”
သူခေါင်းငုံ့လိုက်သော် ချန်ချူ့လက်ထဲမှနာရီလေးကိုမြင်သွား၏။ ချက်ချင်းပင် သူ့ကိုရေလောင်းချလိုက်သကဲ့သို့ အရက်မူးပြေသွားတော့သည်။
ငါကဆင်းရဲတယ်။ နှိမ့်နှိမ့်ချချနေရတဲ့ ပိုက်ဆံမရှိတဲ့သူပဲ။ ငါက ချန်ချူနဲ့မတန်ဘူး။
*****
Aurora Novel Translation Team