Chapter 43
အခန်းကျဥ်းလေးထဲတွင် မနက်ခင်းနေရောင်တို့ဝင်ရောက်နေသည်။ မနေ့ညက မိုးသည်းထန်စွာရွာသွန်းခဲ့သဖြင့် မှန်ပြတင်းပေါက်ပေါ်မှမိုးရေစက်များ မပျောက်ကွယ်သွားသေးဘဲ အခန်းကို စိုစွတ်နေစေခဲ့သည်။
ကျယ်လောင်သောအသံတစ်ခုဖြင့် တံခါးပွင့်သွား၏။ ကုမြောင်၏ဝမ်းကွဲအစ်ကိုက အခန်းထဲဝင်လာပြီး စောင်ကိုဆွဲလိုက်လေသည်။
“ဟိတ်ကောင်လေး။ ငါ့အမေက မင်းကို အောက်ဆင်းလာပြီး ပစ္စည်းတွေရွှေ့ဦးတဲ့။”
နေအလင်းရောင်ကြောင့် ကုမြောင် မျက်လုံးစူးသွား၏။ နားထင်များတွင် အပ်ဖြင့်ထိုးထားသကဲ့သို့ နာကျင်မှုကိုလည်းခံစားရလေသည်။ ကုမြောင် ရုန်းကန်၍ထလိုက်ပြီး
“ခဏလေး။”
“မြန်မြန်လုပ်။”
ကျိုးရီကျဲက စိတ်မရှည်သည့်ပုံစံဖြင့်စကားပြောကာ ကုမြောင်၏စားပွဲတွင်ထိုင်၍ စပ်စုနေသည်။ ကုမြောင် အောက်ထပ်သို့ဆင်းသွားသော်လည်း မူးဝေနေသည့်စိတ်ကမပျောက်သွားသေးဘဲ တစ်ကိုယ်လုံးလေးလံနေသည်။ မနေ့ညကမိုးရေတို့က ကြမ်းပြင်တွင်စုနေလေရာ သူ့ဘောင်းဘီကိုပင် စိုသွားစေ၏။ အောက်ထပ်တွင် ပစ္စည်းများကိုရွှေ့နေရင်း ကုမြောင်၏မူးဝေမှုတို့ အနည်းငယ်သက်သာသွားသည်။
ကုမြောင် အခန်းထဲသို့ပြန်ရောက်သည့်အခါ သူ့ဝမ်းကွဲအစ်ကိုက စားပွဲရှေ့တွင်ထိုင်၍ ကတ်တစ်ကတ်ကိုကိုင်ကာ စိတ်ဝင်စားစွာဖြင့် ဖွင့်ဖတ်နေသည်။
“ငါ့ပစ္စည်းတွေကိုမထိနဲ့။”
ကုမြောင် မျက်မှောင်ကြုတ်၍အော်လိုက်သဖြင့် ကျိုးရီကျဲက လန့်သွားလေသည်။ သို့သော် အထင်သေးသည့်လေသံဖြင့် သူက
“ထိတော့ဘာဖြစ်လဲ။ မင်းက ငါ့အိမ်မှာနေပြီး ငါကျွေးတာစား၊ ငါ့ပစ္စည်းတွေကိုသုံးနေတာ။ ငါကတော့ ကတ်လေးတစ်ခုကိုတောင် ထိလို့မရဘူးပေါ့။”
ကတ်ကိုဖွင့်လိုက်သည့်အခါ 3D ကိတ်မုန့်လေးတစ်လုံး ပေါ်ထွက်လာ၏။ ကျိုးရီကျဲက လှောင်ပြောင်လိုက်ပြီး ထူးဆန်းသည့်အသံဖြင့် ကတ်မှစာကိုဖတ်ပြလေသည်။
“ကုမြောင် မွေးနေ့မှာပျော်ရွှင်ပါစေ။ ရွှေရောင်မျက်မှန်က နင်နဲ့လိုက်တယ်လို့ငါပြောသားပဲ။”
“ငါ့ကိုပြန်ပေး။”
ကုမြောင် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ၎င်းကိုလှမ်းယူလိုက်၏။
“ဟားဟား။ မပေးနိုင်ပါဘူး။ ဘယ်သူပို့လဲဆိုတာ ကြည့်ဦးမယ်။”
ကျိုးရီကျဲက ကတ်ကိုအနောက်ဘက်သို့လှန်ကြည့်လိုက်ပြီး အော်ဖတ်လိုက်ပြန်သည်။
“ချူချူတဲ့။”
“အင်း…အဲ့ဒီချူချူဆိုတဲ့တစ်ယောက်က မျက်စိကန်းနေတာပဲဖြစ်မယ်။”
ကျိုးရီကျဲမှာ မိမိကိုယ်ကိုယ်ကျေနပ်၍ရယ်မောနေသည်။ ကုမြောင်က ဒေါသထွက်လာပြီး ရုတ်တရက် ကျိုးရီကျဲ၏အင်္ကျီကော်လံကိုဆွဲကာ ကတ်ကိုလုယူရန်ကြိုးစားလိုက်သည်။ ထိုအချိန်တွင် ထိုကတ်လေးမှာ အသံတစ်ခုမြည်၍ အလယ်မှစုတ်ပြဲသွားလေတော့သည်။
ကုမြောင်က အင်္ကျီကော်လံကိုမလွှတ်ပေးသေးသည့်အပြင် မျက်နှာပါ နီရဲသွားတော့လေသည်။
“ရော့။ ပြန်ယူလိုက်တော့။”
ပြဲသွားသည့်ကတ်ကို ကုမြောင်ကိုပစ်ပေးလိုက်ပြီး သူ့မျက်နှာက အသက်ရှူရခက်သကဲ့သို့ဖြစ်နေသည်။
“ငါ့ကိုလွှတ်။ ငါအသက်ရှူလို့မရတော့ဘူး။”
3D မွေးနေ့ကိတ်လေးမှာ စုတ်ပြဲ၍ လေထဲတွင်လွင့်သွားသည်မှာ အမှိုက်ပစ်ချလိုက်သကဲ့သို့ပင်။ ကုမြောင်၏မျက်လုံးများ ချက်ချင်းနီရဲသွားပြီး အံကိုကြိတ်လိုက်သည်။ လက်ဖျံပေါ်မှသွေးကြောများလည်း ဖုဖောင်းလာပြီး မကောင်းဆိုးဝါးတစ်ကောင်ကဲ့သို့ပြောင်းလဲသွားလေသည်။
“နင်ဘာလုပ်နေတာလဲ။”
အသက်အလတ်ပိုင်းအမျိုးသမီးတစ်ဦး၏ အသံစူးစူးတစ်ခုကိုကြားလိုက်ရသည်။ ဝဝဖိုင့်ဖိုင့် သူ(မ)က ကုမြောင်ဆီသို့လှမ်းလာပြီး ကုမြောင်၏လက်ကို ပြင်းထန်စွာရိုက်နှက်ဖယ်ရှားလိုက်သည်။
“သူ့ကိုလွှတ်လိုက်စမ်း။”
သူ(မ)က ကုမြောင်၏လက်ကို အကြိမ်ကြိမ်ရိုက်ပုတ်တော့သည်။ ထိုသို့မှ မလွှတ်သေးပါက ကုမြောင်၏မျက်နှာကိုရိုက်တော့မည်ပင်။ ကုမြောင်မှာ ဒေါသထွက်နေသဖြင့် အသိစိတ်လွတ်လုနီးပါးပင်။ သူ့လက်များမှာ ရိုက်ခံရ၍နီရဲနေပြီး ပါးရိုက်ခံလိုက်ရသဖြင့် မျက်နှာမှာ တစ်ဖက်ကိုလှည့်သွားသော်လည်း သူ့နှလုံးခုန်သံများက လေးလံနေခဲ့သည်။
“ကုမြောင်။ လွှတ်လိုက်စမ်း။”
ကုမြောင်ဦးလေးက ရုတ်တရက်အိမ်ထဲဝင်လာပြီး အော်ပြောလိုက်၏။ ကုမြောင်က နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ကျိုးရီကျဲကိုပေးလိုက်လေသည်။ အရပ်ပုပုဝဝနှင့်ကောင်လေးမှာ ဗုန်းခနဲ ကြမ်းပြင်ပေါ်သို့ကျသွားလေ၏။ အခန်းကြီးမှာ တစ်ခဏတိတ်ဆိတ်သွားပြီးနောက် စူးရှသည့်အော်သံတစ်ခုကိုကြားလိုက်ရသည်။
“သားလေး။ အမေ့ကိုပြပါဦး။ နာသွားလားဟင်။ ဘယ်နားနာသေးလဲ။”
သူ့အမေက အပြေးအလွှားဖြင့် ကျိုးရီကျဲကိုပြေးဖက်ကာ ငိုတော့သည်။ ထို့နောက်ကုမြောင်အား
“ကောင်စုတ်လေး။ မိဘကမွေးရုံပဲမွေးပြီး မပျိုးထောင်ခဲ့လို့ ငါတို့က ကျွေးမွေးထားရတာကိုများ ငါ့သားကိုရိုက်ရဲတယ် နင်က။”
ထို့နောက်သူ(မ)က သူ(မ)ယောက်ျားကိုလှမ်းကြည့်လိုက်ပြီး
“ရှင်လည်း တစ်ခုခုပြောဦးလေ။ ရှင့်တူက ကျွန်မသားကို ဘယ်လိုဆက်ဆံနေတယ်ဆိုတာ မြင်တဲ့အတိုင်းပဲ။”
ဦးလေးကျိုးက တံခါးတွင်ရပ်ကာ ခေါင်းငိုက်စိုက်ကျနေ၏။ တစ်ခဏကြာသော် သူက သက်ပြင်းချလိုက်ပြီး
“နှစ်ယောက်လုံး မှားကြတာပဲ။ တစ်ယောက်ကိုတစ်ယောက်တောင်းပန်ပြီး ကျေအေးလိုက်ကြ။”
“တောင်းပန်ရမယ် ဟုတ်လား။”
အမျိုးသမီးက အော်ပြောလိုက်သည်။
“ဘာအတွက်တောင်းပန်ရမှာလဲ။ ဒီမှာ။ ကျွန်မပြောမယ်။ ဒီကောင်ကို ကျွန်မသည်းခံနေတာများပြီ။ ဒီနေ့တော့ သူနဲ့ကျွန်မထဲက တစ်ယောက်ကိုရှင်ရွေးလိုက်။ သူ့ကိုထွက်သွားခိုင်းမှာလား ကျွန်မထွက်သွားရမလား။”
အပြင်ဘက်တွင် ဇွန်လ၏ရာသီဥတု သာယာနေသော်လည်း အိမ်ထဲတွင်မူ အေးစက်မှုများနှင့် ရှုပ်ထွေးနေ၏။ ဦးလေးကျိုးမှာ နှုတ်ခမ်းကိုစေ့ကာ တိတ်ဆိတ်နေသည်။ တစ်ခဏကြာသော် ကုမြောင်က ထိုင်ချလိုက်ပြီး ကြမ်းပြင်ပေါ်မှ ပျက်စီးသွားသောကတ်လေးကိုကောက်လိုက်သည်။
“ကျွန်တော်ထွက်သွားပါ့မယ်။”
ကုမြောင်က တိတ်ဆိတ်နေသည့်ဦးလေးကျိုးကိုကြည့်၍ ပြောလိုက်သည်။
“ဒီနှစ်တွေမှာ ကျွန်တော့်ကိုစောင့်ရှောက်ထားပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်လည်း မကြာခင် အသက်(၁၈)နှစ်ပြည့်တော့မှာဆိုတော့ ထွက်သွားဖို့အချိန်တန်ပါပြီ။”
ဦးလေးကျိုးက သက်ပြင်းချလိုက်ပြန်ပြီး သူ့မိန်းမဘက်သို့လှည့်ကာ
“မင်းအခု ကျေနပ်သွားပြီလား။”
ထိုသို့ပြောလိုက်ပြီးနောက် သူက တိတ်တဆိတ်သာထွက်သွားလိုက်သည်။ ကျိုးရီကျဲမှာ ကြမ်းပြင်ပေါ်တွင် ငိုယိုနေဆဲဖြစ်ပြီး သူ့အမေမှာ သူ့သားကိုထူရင်း ကုမြောင်ကိုမျက်စောင်းထိုးနေလေသည်။ တံခါးကို အသံမြည်အောင်ပိတ်လိုက်ပြီးနောက် ကြမ်းပြင်တွင်ထိုင်ချကာ စုတ်ပြဲသွားသောကတ်လေးကို တိတ်ဖြင့်ပြန်ကပ်လိုက်လေသည်။ ထို့နောက် သူ့ရင်ဘတ်ပေါ်တွင်တက်လိုက်ပြီး ခံစားချက်ပြင်းထန်သောကြောင့် မျက်လုံးများနီရဲလာပြန်သည်။
အချိန်အတော်ကြာသွားပြီးနောက် ကုမြောင်မတ်တတ်ရပ်လိုက်ပြီး ပစ္စည်းများကိုစတင်ထုပ်ပိုးတော့သည်။ (၄)နှစ်တာ ခက်ခဲမှုကိုရင်ဆိုင်ရပြီးနောက် သူ့ဘဝတွင် ပိုင်ဆိုင်မှုဟူ၍ Suitcase လေးတစ်လုံးစာသာရှိတော့၏။ သူထွက်သွားသည့်အခါ ဦးလေးကျိုးက သူ့မိန်းမမသိအောင် စာအိတ်လေးတစ်လုံးပေးခဲ့သေးသည်။ စာအိတ်ထဲတွင် ပိုက်ဆံမည်မျှပါသည်ကို မသိသော်လည်း ကုမြောင်က ထိုစာအိတ်ကိုမယူဘဲ တိတ်တဆိတ်သာငြင်းဆိုလိုက်သည်။
အဝတ်အိတ်တစ်လုံးနှင့် ကုမြောင်မှာ ရေညှိများဖြည့်ပြည့်နှက်နေသောလမ်းကြားကိုဖြတ်ပြီးနောက် ညအိပ်ရန်နေရာကိုရှာတွေ့ခဲ့သည်။ အခြားလှည့်လည်သွားလာသူများနှင့်အတူစုဝေးကာ စကားစမြည်ပြောကြရင်း အိပ်မက်များအကြောင်းပြောမိသည့်အခါ သူတို့မျက်လုံးများတွင် မျှော်လင့်ချက်အရောင်များတောက်လာခဲ့သည်။ ကုမြောင်မှာ ဘေးတွင်ထိုင်၍ စျေးပေါကာ အရည်အသွေးမကောင်းသောအရက်ပုလင်းကိုသောက်နေ၏။ ထို့နောက် အချိန်မည်မျှကုန်ဆုံးသွားသည်ကိုမသိလိုက်ဘဲ ထိုအတိုင်းသာအိပ်ပျော်သွားလေတော့သည်။ ဟောက်သံများကိုကြားရမှသာ သူနိုးလာပြီး ယနေ့မှာ ကျောင်းဆင်းပွဲနေ့ဖြစ်ကြောင်း ရုတ်တရက် သတိရသွားသည်။
သူကျောင်းသို့ရောက်သောအခါ ကျောင်းဆင်းပွဲက ပြီးနေလေပြီ။ ခြောက်ကပ်နေသည့်ကစားကွင်းကြီးတွင် လေများတိုက်ခတ်နေပြီး ကုမြောင် စာသင်ဆောင်ဆီသို့သာလျှောက်သွားလိုက်သည်။
“ဟေး။ ကြားပြီးပြီလား။ ကောင်လေးတစ်ယောက်က နှင်းဆီပန်းစည်းကြီးနဲ့ ကောင်မလေးကိုဖွင့်ပြောလိုက်တာတဲ့။”
“လိုင်းပေါ်မှာတင်လိုက်တာ ငါမြင်လိုက်တယ်။ ဂီတဆောင်ဝင်ပေါက်မှာမလား။”
“ဟုတ်တယ်။ အတန်း(၂)က ချန်ချူလို့ထင်တာပဲ။ သူ(မ) လက်ခံမယ်လို့ထင်လား။”
“လက်ခံလောက်မှာပေါ့။ ကောင်လေးက ရိုးသားပြီး စစ်မှန်တဲ့ပုံပဲလေ။”
ကုမြောင် ရုတ်တရက်ခေါင်းလေးလာ၏။ နေရောင်ကြောင့် ကုမြောင်၏ဝိုးတဝါးအတွေးများ ရှင်းလင်းသွားပြီး ဂီတဆောင်ဆီသို့ ကမန်းကတန်းပြေးသွားတော့သည်။ သူ့ဆံပင်တွင် လေအေးများတိုးဝှေ့နေသော်လည်း သူ့ခြေထောက်မှ ပူပြင်းမှုတို့မြင့်တက်လာသည်ကိုခံစားရသည်။
အခန်း(၈)အပြင်ဘက်မှသစ်ပင်ကြီးမှာ မြင့်မားစိမ်းစိုနေဆဲဖြစ်ပြီး လေကလည်း ပြတင်းကာများကို တိုးဝှေ့တိုက်ခတ်နေသည်။ ဂီတခန်းထဲမှ တင်းကျပ်စွာပွေ့ဖက်နေသောလူနှစ်ယောက်ကိုမြင်လိုက်သည့်အခါ ကုမြောင်၏မျက်လုံးများ ရုတ်တရက် ကျဥ်းမြောင်းသွားသည်။ သူ့မျက်လုံးများနီရဲလာပြီး ပင်စည်ကိုကိုင်၍ လက်သီးဆုပ်လိုက်သဖြင့် သူ့လက်တွင်လည်း သွေးထွက်လာသည်။ မိန်းကလေးမှာ လင်းချီဖိန်၏ ကျယ်ပြန့်တောင့်တင်းသောရင်ခွင်ထဲတွင် ခေါင်းလေးငုံ့ထားပြီး သူ(မ)၏လက်များက လင်းချီဖိန်၏လည်ပင်းကို ဖက်တွယ်ထားသည်။ သူ(မ)လက်ကောက်ဝတ်တွင် လပုံစံလက်ပတ်လေးတစ်ခုလည်း ရှိနေသည်။
ထိုအချိန်တွင် ကုမြောင်အသက်ရှူရပ်လုမတတ်ဖြစ်သွားပြီး သူ့ရင်ဘတ်ထဲတွင် စူးရှစွာနာကျင်လာသည်။ စက္ကန့်တိုင်းတွင် သူ့နှလုံးသားကို ဓားဖြင့်ထိုးနှက်နေသလိုခံစားရပြီး လဲကျလုနီးပါးဖြစ်သွားသည်။ နောက်တစ်ကြိမ် ထပ်မကြည့်နိုင်တော့သဖြင့် သူအခြားတစ်နေရာသို့ အကြည့်လွှဲလိုက်သည်။ နေ့ခင်းနေရောင်ခြည်မှာ ပူပြင်းလွန်းလှသော်လည်း ကုမြောင်က ဇွန်ဘီတစ်ကောင်ကဲ့သို့ ခြေထောက်များထုံကျင်သည်အထိ ဟိုတယ်သို့လမ်းလျှောက်လာခဲ့လေသည်။
*
ချန်ချူက သူ(မ)ရှေ့တွင်ရှိသော နှင်းဆီပန်းများကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်၏။ စက္ကန့်အနည်းငယ် စဥ်းစားခဲ့ပြီးနောက် သူ(မ)က
“ဆောရီးပါ။ ပန်းတွေကတော့ အရမ်းလှပါတယ်။ ဒါပေမဲ့ ငါ့မှာ သဘောကျတဲ့သူရှိပြီးသား။”
တောက်ပနေသောနှင်းဆီပန်းများက လူငယ်လေးကိုပို၍ပင် ကြည့်ကောင်းနေစေသည်။ သို့သော် ချန်ချူကငြင်းလိုက်သောအခါ ထိုကောင်လေးက စိတ်ပျက်စွာဖြင့်
“နင်သဘောကျနေတဲ့သူက ဘယ်သူလဲ။ ကုမြောင်လား။”
ချန်ချူက ခေါင်းညိတ်၍ဝန်ခံလိုက်၏။
“ဟုတ်တယ်။ ကုမြောင်ပဲ။”
ယုရန်က ခါးသက်သက်ရယ်မောလိုက်ပြီး
“ငါသိသားပဲ။”
ဂီတဆောင်မှ စန္ဒယားသံကိုကြားရသည်။ တောက်ပနေသောချန်ချူ့မျက်လုံးများကိုကြည့်ရင်း ယုရန်က သူ့နှလုံးသားအလိုကိုဆန့်ကျင်လိုက်ပြီး
“နင်တို့နှစ်ယောက် ပျော်ရွှင်ပါစေလို့ ငါဆုတောင်းပေးပါတယ်။”
“ကျေးဇူးပါ။” ချန်ချူက အပြုံးလေးဖြင့် ပြန်ပြောလိုက်သည်။
သူထွက်သွားမှသာ ချန်ချူက သက်ပြင်းချလိုက်ပြီး ဂီတဆောင်ထဲသို့ဝင်သွားတော့သည်။ ထိုအဆောင်တွင် အမှတ်တရများစွာရှိနေ၏။ သူ(မ) ထွက်သွားတော့မည့်အချိန်တွင် သူ(မ) (၂)နှစ်ကြာ ကြိုးစားလေ့ကျင့်ခဲ့သော စန္ဒယားခန်းကို ဓာတ်ပုံတစ်ပုံရိုက်သွားရန်ဆုံးဖြတ်လိုက်သည်။ အဆောက်အအုံ၏မှန်ပြတင်းမှတစ်ဆင့် မထင်မှတ်ထားသောလူနှစ်ယောက်ကို ချန်ချူတွေ့လိုက်ရသည်။
“လင်းချီဖိန်ပါလား။”
ထို့နောက် သူ့ပခုံးရှေ့တွင် မိန်းကလေးတစ်ယောက်ရှိနေသည်ကို ချန်ချူသတိထားမိလိုက်၏။
“ကျိမင်ယွဲ့။”
“နင်တို့နှစ်ယောက်။”
ချန်ချူ အလွန်အံ့အားသင့်သွားသဖြင့် စကားပင်မပြောနိုင်တော့ချေ။
“နင်တို့နှစ်ယောက် ကြိုက်နေတာဘယ်လောက်ကြာပြီလဲ။”
“အိုကေ အိုကေ။”
လင်းချီဖိန်က တံခါးကိုတွန်းလိုက်၏။
“မေးစရာမေးခွန်းတွေများနေရင် နောက်မှအေးဆေးပြောကြတာပေါ့။”
“ဟေး ဟေး ဟေး။”
စကားထပ်မပြောလိုက်ခင်တွင် ကျိမင်ယွဲ့၏လက်မှ လပုံစံလက်ပတ်လေးကို ချန်ချူလှမ်းမြင်လိုက်သည်။ ထိုအခိုက်အတန့်တွင် လင်းချီဖိန် သူ(မ)ကိုမေးခဲ့သည့်မေးခွန်းကို ချန်ချူပြန်သတိရသွား၏။
“နင့်လက်ပတ်လေးကလှသားပဲ။ ဘာ Brand လဲ။”
ချန်ချူ အရာအားလုံးကိုနားလည်သွားသဖြင့် အခန်းတံခါးကို ပြန်ပိတ်ပေးလိုက်သည်။
‘ထားလိုက်ပါတော့။ သူတို့တွေက ကြိုက်နေကြပြီဆိုတော့ ငါက ဒီမှာ အနှောင့်အယှက်မပေးတော့ပါဘူး။’
ချန်ချူ ဖုန်းကိုယူလိုက်ပြီး မနေ့ကပြောထားသည့် conversation တွင် reply မလာသည်ကိုတွေ့သောအခါ စိတ်ထဲတွင် စိုးရိမ်သွားလေသည်။ ကုမြောင်မှာ မနေ့ကတည်းက သူ(မ) message များကို စာမပြန်ခဲ့ပေ။ ယနေ့ ကျောင်းဆင်းပွဲတွင်လည်း သူ့ကိုမတွေ့လိုက်ရ။ ထိုအကြောင်းကို ပိုတွေးမိသည်နှင့် ချန်ချူပို၍စိတ်ပူလာသည်။ သူ(မ) ကျောင်းပေါက်ဝသို့ထွက်ကာ တက်စီငှားလိုက်တော့သည်။
“Yuqing Lane ကို ပို့ပေးပါ။”
ဇွန်လ၏နေမှာ မီးကဲ့သို့ပူပြင်းသဖြင့် မွန်းတည့်ချိန်တွင် လမ်းမ၌လူမရှိပေ။ Yuqing Lane မှာ ယခင်ကကဲ့သို့ ရှုပ်ပွပေရေနေသောနေရာပင်။ ချန်ချူက ခေါင်းငုံ့၍ လမ်းပေါ်မှ ညစ်ပတ်သောရေများကို ဂရုစိုက်ကျော်လွှားရင်း ရှေ့သို့သွားနေစဥ် တစ်ယောက်ယောက်နှင့် မတော်တဆဝင်တိုက်မိသွားသည်။
“မင်း ဘယ်လိုလုပ်လိုက်တာလဲ။”
ထိုလူက ချန်ချူကိုတွန်းလိုက်ပြီး ကြမ်းတမ်းစွာမေးလေသည်။ ထိုလူမှာ ချန်ချူထက်အရွယ်အစားအတော်ကြီးသဖြင့် တစ်ချက်တွန်းလိုက်ရုံဖြင့်ပင် ချန်ချူလဲသွားတော့သည်။ ထို့နောက် ညစ်ပတ်သောရေများက နေရာတိုင်းသို့စင်ကုန်၏။ ချန်ချူမှာ ပေရေနေသောရေထဲတွင် ထိုင်မိသွားပြီး သူ(မ)ခြေထောက်များတွင် ရွှံ့များပေကျံကုန်သည်။
“လမ်းလျှောက်ရင် သတိထားလျှောက်။”
ထိုလူက ခပ်မာမာအော်ငေါက်လိုက်ပြီး ထွက်သွားတော့သည်။ ထိုလူထွက်သွားသည့်အခါ ရွှံ့အိုင်ထဲသို့နင်းသွားသဖြင့် ချန်ချူ၏မျက်နှာနှင့်ဆံပင်တွင် ရွှံ့များစင်ကုန်လေသည်။ မြေပြင်ပေါ်သို့ထောက်လိုက်သောလက်သည်လည်း နာကျင်နေပြီး ကျောက်တုံးနှင့်ရိုက်မိထားသော ခြေသလုံးတွင်လည်း ခြစ်ရာထင်ကာ သွေးများထွက်လာသည်။ ချန်ချူ မျှော်လင့်ချက်မဲ့သွားသကဲ့သို့ခံစားလိုက်ရပြီး ကုမြောင်၏ဖုန်းကို ဆက်တိုက်ခေါ်နေသော်လည်း အခြားတစ်ဖက်ကမူ တူညီသောသံစဥ်တစ်ခုကိုသာပြန်ကြားရလေသည်။
“လူကြီးမင်းခေါ်ဆိုသောဖုန်းနံပါတ်မှာ စက်ပိတ်ထားပါတယ်။ နောက်တစ်ကြိမ်ထပ်မံကြိုးစားကြည့်ပါ။”
ချန်ချူ စိတ်ဆိုးစွာဖြင့် ဖုန်းကိုပစ်ပေါက်လိုက်ပြီး မျက်ရည်များကိုထိန်းချုပ်မထားနိုင်တော့ဘဲ ငိုချလိုက်မိလေသည်။
*****
Aurora Novel Translation Team