Chapter 44
တစ်စုံတစ်ယောက်ကတွန်းလိုက်သဖြင့် ကုမြောင်နိုးသွားသည်။ မျက်နှာကြက်ပေါ်မှမီးက လင်းနေပြီး သူ့နှလုံးသားထဲမှနာကျင်မှုတို့ကိုလည်း ပြန်သတိရသွား၏။ မျက်လုံးမှိတ်၍ အတွေးများကိုရပ်တန့်ရန် ကုမြောင်ကိုယ့်ကိုယ်ကိုယ် တွန်းအားပေးနေမိသည်။ သို့သော် အခန်းထဲသို့ဝင်လာသည့်လူက ကုမြောင်ကိုအေးအေးဆေးဆေးပေးမနေခဲ့ချေ။
“ကောင်လေး ထဦး။ မင်းရော တစ်ခုခုပျောက်တာရှိလား စစ်ကြည့်။ ငါတို့အခန်းထဲမှာ သူခိုးတစ်ယောက်တော့ရှိနေတယ်ထင်တယ်။”
ကုမြောင် ချက်ချင်းလန့်သွားပြီး အိပ်ရာပေါ်မှထကာ အိတ်ကိုရှာဖွေကြည့်လိုက်၏။ ထို့နောက် ရွှေရောင်မျက်မှန်နှင့် ကတ်လေးကိုကိုင်ကာ သက်ပြင်းချလိုက်တော့သည်။
‘တော်သေးတယ် ဘာမှမပျောက်သွားလို့။’
သူ့ဘေးမှလူက ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်ပြီး
“ဒါတွေကိုများ စိုးရိမ်နေသေးတယ်။ ဒီလိုတန်ဖိုးမရှိတာတွေကို ဘယ်သူကခိုးမှာလဲ။ မင်းဖုန်း ရှိသေးရဲ့လားဆိုတာ မြန်မြန်ရှာဦး။”
ကုမြောင် အိတ်ကပ်ထဲသို့စမ်းကြည့်လိုက်သော် သေချာပေါက် ဖုန်းမရှိတော့ချေ။ သူခိုးမှာ မနေ့ညက ထိုအခန်းထဲတွင်နေသွားသည့်လူထဲမှတစ်ယောက်ဖြစ်ပြီး မနက်ခင်းတွင် ထွက်သွားခြင်းပင်။ အစပိုင်းတွင် ထိုသူအား အလုပ်ထွက်ရှာသည်ဟုထင်ကာ မည်သူကမျှအာရုံမစိုက်ခဲ့ချေ။ သို့သော် ယနေ့ညတွင် သူတို့၏ တန်ဖိုးရှိသောပစ္စည်းတစ်ချို့ပျောက်နေခြင်းနှင့် ထိုလူပြန်မလာခြင်းကို သိလိုက်သောအခါ တစ်ခုခုလွဲနေပြီဖြစ်ကြောင်း သူတို့နားလည်လိုက်လေသည်။
ကုမြောင် ရဲစခန်းသို့လမ်းလျှောက်သွားလိုက်သည်နှင့် အတော်လေးညဥ့်နက်လာသည်။ လေအေးကတိုက်ခတ်သည့်အခါ သူ့နှလုံးသားတွင် ပို၍အေးစက်၊ ခါးသက်လာခဲ့သည်။ ကုမြောင်မှာ မည်သည်ကိုသွားနေသည်မသိဘဲ ခြေဦးတည့်ရာလျှောက်သွားနေမိသည်။
ကုမြောင်၏ရှေ့တွင် မြင့်မားသောအဆောက်အအုံများနှင့် မီးများလင်းနေသည့်မြို့ကြီးကိုတွေ့ရသည်။ ညကောင်းကင်တွင်လည်း ကြယ်အချို့ရှိနေ၏။ လူပေါင်းများစွာ၏အိပ်မက်တို့တည်ရှိရာထိုမြို့ကြီးသည် လှပ၍တောက်ပနေဆဲပင်။ သို့သော် ကုမြောင်၏နှလုံးသားထဲတွင်တော့ ဝမ်းနည်းမှုတစ်ခုတည်းသာ ရှိနေသည်။ မှိန်နေသော လမ်းမီးတို့က လမ်းကိုအလင်းပေးနေသော်လည်း ကုမြောင်၏မျက်လုံးများကတော့ အမှောင်ထုထဲကိုသာ ရောက်နေသကဲ့သို့ အလင်းရောင်မရှိဘဲ မှောင်မည်းနေလေသည်။
*
သူခိုးကို လျင်မြန်စွာဖမ်းမိသွား၏။ လမ်းကြောင်းကို သေသေချာချာစီစဥ်ထားခြင်းမရှိခြင်းက သူ၏ပထမဦးဆုံးပစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း သိသာနေခဲ့သည်။ သူ၏လှုပ်ရှားမှုအားလုံးကို လမ်းဘေးမှ CCTV ကင်မရာများတွင် အားလုံးဖမ်းမိထားလေသည်။ သို့သော် ခိုးယူသွားသောဖုန်းများကို ရောင်းချပြီးသွားပြီဖြစ်ရာ သူ့အိတ်ထဲတွင် နာရီတစ်လုံးကိုသာ ရှာတွေ့တော့၏။ ရဲများက ကုမြောင်ကို နာရီပြန်ပေးလိုက်ပြီး နှစ်သိမ့်ကြသည်။
“ကောင်လေး စိတ်မပူပါနဲ့။ မင်းပစ္စည်းတွေကို အရင်ဆုံးပြန်ယူသွားလိုက်။ ဖုန်းတွေကို ငါတို့အတတ်နိုင်ဆုံး ပြန်ရအောင်ရှာပေးမယ်။”
ထိုနာရီမှာ ယခင်နွေရာသီတုန်းက ကုမြောင်ပိုက်ဆံစု၍ဝယ်ထားခြင်းဖြစ်၏။ သို့သော် ၎င်းမှာ ချန်ချူ့လက်ပတ်လေးလောက် တန်ဖိုးမရှိပေ။
ကုမြောင်က ဘာစကားမျှမပြောဘဲ နာရီကို တိတ်တဆိတ်ယူလိုက်၏။ ညကောင်းကင်မှ လခြမ်းကွေးကို သူမော့ကြည့်လိုက်သည်။ လရောင်မှာ နူးညံ့နေပြီး သူ့မျက်လုံးများတွင်လည်း မျက်ရည်များဖြင့် အရောင်လက်နေသည်။ လရောင်ကိုကြည့်နေမိသော်လည်း ကိုယ့်ကိုယ်ကို နှိမ့်ချသည့်စိတ်ကြောင့် အဝေးမှသာငေးကြည့်၍ မချဥ်းကပ်ရဲပေ။ သို့သော် လရောင်မှာလည်း သူ့အပေါ်သို့ ရက်ရက်ရောရော ဖျာကျနေသကဲ့သို့ပင်။ တစ်ခါမျှမခံစားဖူးခဲ့သောနွေးထွေးမှုကို သူခံစားမိလိုက်သည်။ ထိုအနွေးဓာတ်က နှလုံးသားထဲရှင်သန်လာပြီး အလင်းရောင်မရှိဘဲ အမှောင်ထုထဲသို့ပြန်ရောက်ရမည့်နေ့ရက်တို့ကို သူကြောက်ရွံ့တတ်လာခဲ့သည်။ မိမိမှာ မထိုက်တန်မှန်းသိပါသော်လည်း လရောင်လေးမှာ အလွန်လှပသဖြင့် သူ(မ)ကိုကြည့်လိုက်တိုင်း ထင်ယောင်ထင်မှားစိတ်တို့ဖြစ်မိခဲ့သည်။
ပိန်ပါးပါးကောင်လေး၏ပုံစံမှာ ညတွင် လျှောက်သွားနေသည့်တစ္ဆေတစ်ကောင်ကဲ့သို့ပင်။ မိသားစုမရှိ၊ ငွေကြေးမရှိနှင့် သူ့အိပ်မက်များကိုပင် သူ မပိုင်တော့ပေ။ အဝေးတစ်နေရာတွင် Bus ကားများရပ်ထားသည်ကို တွေ့ရပြီး ကားမီးများရှေ့တွင် အင်းဆက်များက လွတ်လပ်စွာကခုန်နေကြသည်။ အသက်အလတ်ပိုင်း ခပ်ဝဝလူတစ်ယောက်က ချဥ်းကပ်လာပြီး
“ဟေး ကောင်လေး။ လိုက်မလား။ မင်းက ဘယ်ကိုသွားမှာလဲ။ လက်မှတ်တွေ အကုန်ရောင်းကုန်သွားပေမဲ့ အစ်ကို့မှာရှိသေးတယ်နော်။”
ထိုသူမှာ လက်မှတ်မှောင်ခိုရောင်းသူဖြစ်နေလေ၏။ ကုမြောင် မျက်မှောင်ကြုတ်ကာ သူ့ကိုလျစ်လျူရှုလိုက်သော်လည်း ထိုလူမှာ ပီကေလိုလိုက်ကပ်နေတော့သည်။
“လက်မှတ်တွေကို ကြည့်သွားပါဦးကွ။ ဒီမှာကြည့် Nangcheng ရှိတယ်။ Lincheng ရှိတယ်။ Pingcheng ရှိတယ်။ အားလုံးက စျေးသက်သာတယ်နော်။”
ကုမြောင်ခြေလှမ်းများ ရပ်တံ့သွား၏။ အချိန်အတော်ကြာ အသံတိတ်နေခြင်းကြောင့် သူ့အသံမှာ ခြောက်ကပ်ကပ်ဖြစ်နေသည်။
“Pingcheng ကို ဘယ်လောက်လဲ။”
အေးစက်စက် လမ်းမကိုကြည့်ရင်း မြို့ကြီးကိုကြည့်မိသောအခါ ထိုမြို့ကြီးမှာ သူ့ကိုမည်သည့်အခါကမျှ မကြိုဆိုခဲ့သလို သူခံစားလိုက်ရ၏။ ထိုနေရာတွင် သူ့မိဘများကို ဆုံးရှုံးခဲ့ရသည်၊ အိမ်ပေါ်က နှင်ချခံခဲ့ရသည်။ သူ့ဘဝ၏ တစ်ခုတည်းသောနွေးထွေးမှုလေးကပင် သူ့ကိုချန်ထားခဲ့သည်။ ထို့ကြောင့် ထိုညတာမှာ ရှည်လျား၍ အေးစက်နေတော့သည်။
ကုမြောင် စိတ်ဝင်စားသည်ကိုသိသောအခါ လက်မှတ်ရောင်းသမားက တက်ကြွလာ၏။
“Pingcheng လား။ တော်တော်တော့ဝေးတယ်နော်။ တစ်နေ့နဲ့ တစ်ည ကားစီးရလိမ့်မယ်။ ဒီလက်မှတ်မှာကတော့ အိပ်ဖို့နေရာပါတယ်။ တစ်စောင်ကို ယွမ်(၂၈၀)။”
“တစ်စောင်ယူမယ်။”
“အိုး ဟုတ်ပြီ။ အစောဆုံးကတော့ မနက်ဖြန်မနက် (၈)နာရီပဲ။ Pingcheng ကိုက တစ်ပတ်ကိုတစ်ခါပဲ ထွက်တယ်။ မင်း အလျင်မလိုဘူးဆိုရင် နောက်တစ်ပတ်ရဲ့လက်မှတ်ကိုဝယ်ချင်ရင်လည်းရတယ်။”
“ဒီတစ်ပတ်ပဲယူမယ်။”
လက်မှတ်မှာ အလွန်ပါးလွှာသောစာရွက်လေးဖြစ်သဖြင့် လေတိုက်ရုံနှင့်ပင်လွင့်သွားနိုင်သည်။ ကုမြောင်မှာ သူ့လက်ဆွဲအိတ်ကိုယူကာ Bus ကားဂိတ်ဘေးတွင် ထိုင်နေ၏။ အဝတ်ပါးပါးလေးသာဝတ်ထားသဖြင့် ကုမြောင် အလွန်အေးနေသည်။ လေတိုက်သည့်အခါ ကြက်သီးများပင်ထလာလေသည်။ ညရောက်သော် Bus ကားဂိတ်မှ ကားများ တဖြည်းဖြည်းထွက်သွားကြ၏။ ကုမြောင်မှာ သူ့အိတ်ထဲမှ စုတ်ပြဲသွားသောကတ်လေးကို ခဏခဏထုတ်ကြည့်နေရင်း သူ့မျက်လုံးများထဲတွင် သံယောဇဥ်ကြိုးများကို မြင်တွေ့နေရသည်။ ကားများထွက်သွားပြီဖြစ်သဖြင့် လက်မှတ်ရောင်းသမားကလည်း လုပ်စရာမရှိတော့လေရာ ကုမြောင်၏ဘေးတွင်ထိုင်၍ ကုမြောင်ကိုစလိုက်၏။
“ဒါ မင်းကောင်မလေးလား။”
ကုမြောင်နှုတ်ခမ်းများ ဖြူဖျော့သွားပြီး ခေါင်းရမ်းလိုက်လေသည်။
“ဒါဆို မင်းကြိုက်နေတဲ့ကောင်မလေးပဲဖြစ်ရမယ်။ မနက်ဖြန်ပဲ သွားတော့မဲ့ဟာကို မင်း သူ(မ)ကို သွားမနှုတ်ဆက်ဘူးလား။”
“ကျွန်တော်သူ(မ)ကို သွားနှောင့်ယှက်လို့မရဘူးလေ။”
“ဘာများခက်လို့တုန်း။ နှုတ်ဆက်ရုံလေးပဲကို။ မင်း သူ(မ)ကိုသွားမရှာရင် တစ်ဘဝလုံး နောင်တရသွားလိမ့်မယ်နော်။”
ဝင်ပေါက်တွင် ဆူဆူညံညံရှိနေ၏။ လူတို့က ကားအောက်တွင်မတ်တတ်ရပ်နေကြပြီး နှုတ်ဆက်နေကြသူများမှာ မျက်ရည်ကျလျက်ရှိသည်။
“ကြည့်လေ။ ဒီနေ့ည သူတို့တွေအားလုံး Songcheng ကို သွားကြတော့မှာ။ Pingcheng ထက်တောင်မှ ဝေးသေးတယ်။ ကြည့်ဦး ငိုနေကြတာ။”
ထိုငိုသံများက ကုမြောင်စိတ်ထဲသို့ ဝင်ရောက်လာပြီး သူ့စိတ်ထဲတွင် မျှော်လင့်ချက်ဆန္ဒလေးတစ်ခု ပေါက်ဖွားလာလေသည်။ သူ(မ)ဆီသို့သွားကာ Happy Birthday ဟု နှုတ်ဆက်ပြီး နောက်ထပ်ဘယ်တော့မှ ထပ်မနှောင့်ယှက်တော့ဘဲ ထွက်လာလျှင်ကောင်းလိမ့်မည်ဟု သူ့စိတ်ထဲတွင်တွေးမိလာသည်။ ကတ်လေးကို အိတ်ကပ်ထဲပြန်ထည့်လိုက်ပြီး ရွှေရောင်မျက်မှန်ဘေးတွင်ထားလိုက်သည်။ မလှမ်းမကမ်းတွင် ကားမီးများလင်းနေပြီး ကုမြောင်မှာ သူ့အိတ်နှင့် သူ့အဖိုးတန်ပစ္စည်းများကို သယ်လာတော့သည်။ သူချစ်သောမိန်းကလေးကို ထာဝရနှုတ်ဆက်ရန် သွားတော့မည်ပင်။
ဧည့်ခန်းထဲမှ မီးဆိုင်းကြီး၏မီးရောင်က ကြမ်းပြင်တွင်တလက်လက်ဖြစ်နေသည်။ ဖုရွှင်းတစ်ယောက် ဆိုဖာတွင်ထိုင်ကာဂိမ်းဆော့နေရင်း ကြိုးဖုန်းက အသံမြည်လာ၏။ ဖုရွှင်းလည်း စိတ်မရှည်စွာဖြင့် ဖုန်းဖြေလိုက်တော့သည်။
“ဟယ်လို။ အဆောက်အအုံ(၃)ကလားခင်ဗျ။ ဝင်ပေါက်မှာ အမျိုးသားတစ်ယောက်က မိန်းကလေးချန်ကို တွေ့ချင်လို့ပါတဲ့။”
ဂိမ်းထဲသို့စိတ်ရောက်နေသည့်ဖုရွှင်းက သာမန်ကာလျှံကာသာပြန်ဖြေလိုက်၏။
“ဝင်လာခိုင်းလိုက်။”
ဖုန်းချလိုက်ပြီးနောက် သူဂိမ်းရှုံးသွားသဖြင့် ဖုန်းကို ဆိုဖာပေါ်သို့ပစ်ထုတ်လိုက်သည်။ ထိုအခါမှသာ လုံခြုံရေးပြောသည့်စကားများကို သူပြန်မှတ်မိသွားတော့သည်။ လှမ်းကြည့်လိုက်သောအခါ အဆောက်အအုံထံသို့လျှောက်လာသော လူငယ်တစ်ယောက်ကို သူတွေ့လိုက်သည်။ သူ့ဆံပင်မှာ သေသေချာချာဖြီးထားပြီး အတော်လေးချောမောသော်လည်း သူ့မျက်လုံးများတွင် မောပန်းမှုများရှိနေသည်။
ထိုအရာများကို သေသေချာချာသတိမထားမိသောဖုရွှင်းက လက်ပိုက်ထား၏။ သူစဥ်းစားမိသည်မှာ ချန်ချူယနေ့ပြန်လာစဥ်က ဖြစ်နေခဲ့သောပုံစံပင်။ ပုံမှန် ကလစ်များဖြင့်သပ်သပ်ရပ်ရပ်ညှပ်ထားတတ်သော သူ(မ)ဆံပင်မှာ ယနေ့တွင် ရွှံ့များပေနေပြီး စျေးကြီးသည့်ဝတ်စုံကလည်း ညစ်ပတ်ပေရေနေခဲ့သည်။ သူ(မ)ခြေထောက်နှင့် လက်မောင်းများတွင်လည်း ခြစ်ရာများဖြင့်သွေးထွက်နေပြီး အံကိုကြိတ်ကာ ဘာမှမပြောဘဲ ဆေးထည့်နေခဲ့သည်။
လူငယ်လေးက ဖုရွှင်းအား
“ဟယ်လို။ ကျွန်တော် ချန်ချူနဲ့တွေ့ချင်လို့ပါ။”
ဖုရွှင်းက မာကျောသောမျက်နှာထားဖြင့်
“မင်းက Yuqing Lane မှာနေတာလား။”
ဖုရွှင်းအဘယ်ကြောင့်မေးသည်ကိုမသိဘဲနှင့် ကုမြောင်က ခေါင်းညိတ်လိုက်သည်။ ထိုတုံ့ပြန်မှုကြောင့် ဖုရွှင်းမျက်လုံးထဲတွင် ဒေါသအလင်းရောင်တစ်ခုပေါ်လာသည်။ ကုမြောင်က ခါးကိုအနည်းငယ်ညွတ်ကာ တောင်းဆိုသောလေသံဖြင့်
“ကျွန်တော် တံခါးရှေ့မှာစောင့်နေတယ်လို့ သူ(မ)ကိုပြောပေးလို့ရမလား။ ကျွန်တော့်နာမည် ကုမြောင်ပါ။”
ဖုရွှင်းက သူ့ကိုကြည့်ကာ အေးစက်စွာဖြင့်
“ချန်ချူက မင်းနဲ့မတွေ့ချင်ဘူး။”
အဆောက်အအုံဝန်းကြီးမှာ ညဘက်တွင် လင်းထိန်နေပြီး သစ်ပင်များကလည်း လေနှင့်အတူယိမ်းနေသည်။ ထိုအခိုက်အတန့်တွင် ကုမြောင်၏မျက်နှာတစ်ခုလုံးဖျော့တော့သွားပြီး အားအင်ကုန်ခမ်းသွားတော့သည်။ အချိန်အတော်ကြာမှ ကုမြောင် ကြိုးစား၍ ပြုံးလိုက်ပြီး ကွဲရှရှအသံဖြင့်
“သူ(မ)ကို Happy Birthday လို့ ကျွန်တော့်အစားပြောပေးပါလား။”
ဖုရွှင်း သူ့ကိုကြည့်လိုက်သောအခါ မျှော်လင့်ချက်ကင်းမဲ့နေသော အရိပ်အယောင်တို့ကိုမြင်တွေ့လိုက်ရသည်။ သို့သော် သူ့လေသံမှာ မာကျောနေဆဲပင်။
“ချန်ချူဒီနေ့ စိတ်အခြေအနေမကောင်းဘူး။ မနက်ဖြန်မှပြန်လာခဲ့။ မနက်ဖြန်ကျရင် စိတ်အခြေအနေကောင်းပြီး မင်းကိုတွေ့ချင်လည်းတွေ့မှာပေါ့။”
ကုမြောင်မျက်နှာမှာ ဖျော့တော့နေသော်လည်း မျက်လုံးများမှာ ညထက်ပင် ပို၍နက်မှောင်နေလေ၏။
“ကျေးဇူးတင်ပါတယ်။”
နေရခက်လာသော ဖုရွှင်းက
“ဟုတ်ပြီ။ မင်းအခုပြန်လိုက်တော့။ သူ(မ)မွေးနေ့က ရောက်ဖို့လိုပါသေးတယ်။ အဲ့ဒီအခါမှပဲ မင်းကိုယ်တိုင်ပြောလိုက်ပေါ့။”
စကားပြောပြီးသွားသည့်အခါ ကုမြောင်လှည့်ပြန်သွား၏။ ညလေကအေးစက်နေပြီး အသည်းပါကွဲနေသောအခါ ကုမြောင် အလွန်ခံစားနေရလေသည်။ ကလေးဘဝတုန်းက Pingcheng တွင်နှင်းကျခဲ့သောနေ့တုန်းကလည်း ယနေ့ကဲ့သို့ အလွန်အေးနေခဲ့သည်။ ယနေ့ညတွင် လရောင်ကတောက်ပနေသော်လည်း ဖုရွှင်း၏စကားများကြောင့် မျှော်လင့်ချက်မဲ့ခဲ့ရသည်။ ကုမြောင်မှာ ဝင်ပေါက်အရှေ့တွင် တွေဝေစွာရပ်နေပြီး အတွေးထဲတွင်ပျောက်ဆုံးနေလေရာ အချိန်မည်မျှကြာကြာရပ်နေမိခဲ့သည်ကိုပင် မသိတော့ချေ။
မကြာခင်ပင် မိုးတဖွဲဖွဲကျလာပြီး မိန်းကလေးကိုတွေ့ရန် သေသေချာချာဖြီးလိမ်းလာသောဆံပင်များ မိုးစိုကုန်တော့သည်။ အချိန်အတော်ကြာသောအခါ သူ့အဝတ်အစားများလည်း ရွှဲစိုလာပြီးမှ သူ့အိတ်ထဲတွင်ထည့်ထားသော ကတ်လေးကို သူရုတ်တရက်သတိရသွားသည်။ ကုမြောင်မှာ အိတ်ကို တင်းကျပ်စွာဖက်ထားပြီး သူ့နဖူးတွင် မိုးရေများစိုရွှဲနေတော့သည်။ ထို့နောက် အိတ်ကို လက်မောင်းထဲတွင်သေသေချာချာဝှက်သွားပြီး ခြံစည်းရိုးထောင့်အစွန်းနားသို့ သွားလိုက်သော်လည်း အမိုးမှာကျဥ်းလှသဖြင့် မိုးမလုံဘဲရှိသည်။
တဖြည်းဖြည်းမိုးတိတ်သွားသောအခါ အနီးနားမှ villa ဆီမှ ခွေးဟောင်သံကျယ်ကျယ်ကို ကြားလိုက်ရ၏။ သူ့ဘေးကခြံစည်းရိုးတွင် အသံမြည်ကာတံခါးပွင့်သွားပြီး မိန်းကလေးက မယုံနိုင်သောအကြည့်ဖြင့် မျက်လုံးများကိုပွတ်သပ်နေလေသည်။
“ကုမြောင်… ဒီလောက်နောက်ကျမှ ဘာလုပ်နေတာလဲ။”
ကုမြောင် ရုတ်တရက်မော့ကြည့်လိုက်သည်။ ဖျော့တော့နေသောသူ့မျက်နှာတစ်ခုလုံး စိုရွှဲနေ၏။ မျက်ရည်ကြောင့်လား မိုးကြောင့်လားတော့ မသဲကွဲချေ။
*****
Aurora Novel Translation Team