Chapter 45
ညနောက်ကျနေပြီဖြစ်သော်လည်း ကောင်းကင်တွင် လမရှိပေ။ လမ်းမီးမှိန်မှိန်တို့ကသာ လမ်းကို အလင်းပြထား၏။ မိုးရွာထားသဖြင့် လေထုကလည်း စိုစွတ်နေသည်။ ပန်းရောင် ညအိပ်ဂါဝန်ကိုဝတ်ထားသောမိန်းကလေးမှာ ပါးတွင် အိပ်ထားသည့်အစင်းရာများရှိနေသည်။ သူ(မ)မျက်လုံးများမှာ ဝေဝေဝါးဝါးပင်။ ဖိနပ်ပါးကိုစီးထားပြီး ဖြူဖွေးသေးသွယ်သော ခြေသလုံးများကိုလည်းမြင်တွေ့ရသည်။ လမ်းပေါ်တွင်ရေများရှိနေသော်လည်း သူ(မ)က သတိမမူဘဲလျှောက်လာခဲ့သည်။
“ဘာဖြစ်လို့လဲ။”
ကောင်လေး၏ရှေ့တွင်ထိုင်လိုက်ပြီး သူ(မ)က ညင်သာစွာမေးလိုက်သည်။ ကောင်လေးက သူ(မ)ကိုကြည့်လိုက်ပေမဲ့ သူထွက်သွားတော့မည့်အကြောင်းကိုလည်းမပြောရဲသကဲ့သို့ ဘာကိုမျှလည်းမမေးရဲဖြစ်နေ၏။ ထို့ကြောင့် အသံတိတ်ကာ သူ့စိတ်ထဲတွင်မိန်းကလေး၏ပုံရိပ်ကို တစ်သက်လုံးမှတ်သားသွားချင်သကဲ့သို့ သူ(မ)ကိုသာမျက်တောင်မခတ်ဘဲစိုက်ကြည့်နေခဲ့သည်။
ပရုတ်ပင်က အဝေးတွင်ယိမ်းနေပြီး အရွက်များမှ မိုးစက်တို့ပြုတ်ကျလာသည်။ ကုမြောင်က မြေပြင်ပေါ်တွင်ခပ်ကျုံ့ကျုံ့ထိုင်နေပြီး သူ့တစ်ကိုယ်လုံးလည်းစိုရွှဲကာ ဆံပင်များကလည်း နဖူးတွင်ကပ်နေသည်။ သူ့ပုံစံမှာ ခွေးပေါက်လေးတစ်ကောင်ရေထဲကျသွားသကဲ့သို့ ကူကယ်ရာမဲ့ဖြစ်၍ သနားစရာကောင်းလှသည်။ ညလေကလည်းတိုက်ခတ်နေသဖြင့် ကုမြောင် တုန်ယင်နေတော့သည်။
“ငါနဲ့လိုက်ခဲ့။”
ချန်ချူကပြောလာ၏။ ကုမြောင် ဖြည်းဖြည်းချင်း ထိုင်ရာမှထလိုက်သော်လည်း ထိုနေရာတွင်သာရပ်နေဆဲဖြစ်ပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ကာခေါင်းခါလိုက်သည်။ သူ့စိတ်ထဲတွင်မူ သူတိတ်တဆိတ်သာထွက်သွားပြီး သူ(မ)ရှေ့တွင် ထပ်မပေါ်လာဘဲ သူ(မ)ကိုမနှောင့်ယှက်ဘဲနေသင့်သည်ဟု တွေးမိခြင်းပင်။
ပို၍ညဉ့်နက်လာသည်နှင့် ချန်ချူက ကုမြောင်မျက်နှာကိုကြည့်ကာ သူ့လက်ကိုလှမ်းဆွဲလိုက်တော့သည်။
“ငါနဲ့လိုက်ခဲ့ပါ။”
ကုမြောင် ရုန်းရန်ကြိုးစားလိုက်သေးသော်လည်း ချန်ချူပင်သတိမထားမိလိုက်ပေ။ သူ(မ)က သူ့ကိုရှေ့သို့ဆွဲခေါ်သွားလေသည်။
“ဒီနေ့အိမ်မှာ ငါ့မိဘတွေရော ငါ့ကိုကြီးရောမရှိတာမို့ ဘာမှစိတ်ပူစရာမလိုဘူး။”
ကောင်လေးမှာ သူ(မ)မိဘများကိုတွေ့ရန်ကြောက်ရွံ့နေသည်ဟုချန်ချူထင်လိုက်သဖြင့် ရှင်းပြနေခြင်းပင်။ ကောင်လေး၏လက်က မိုးရေကြောင့်အေးစက်စိုစွတ်နေသော်လည်း ချန်ချူဆွဲကိုင်လိုက်သည့်နေရာတွင် အပူလှိုင်းတို့ဖြစ်ပေါ်လာပြီး နှလုံးသားထဲသို့ပျံ့နှံ့သွားခဲ့သဖြင့် ကုမြောင်တစ်ယောက် ရုပ်သေးရုပ်ကဲ့သို့ သူ(မ)ခေါ်ရာနောက်သို့ သာသာယာယာသာပါသွားတော့လေသည်။
တံခါးပိတ်လိုက်သောအခါ အပြင်ဘက်မှ ကြောက်စရာညတို့ကိုပါ ပိတ်ဆို့ပြီးသားဖြစ်သွား၏။ ဧည့်ခန်းထဲတွင် ညမီးကိုသာထွန်းထားပြီး ကြမ်းပြင်တွင် မီးဆိုင်းထံမှအလင်းတို့ရောင်ပြန်ဟပ်နေသည်။ ကုမြောင်မှာ ဝင်ပေါက်တွင်သာရပ်နေပြီး အိမ်ထဲဝင်ရန်ကြောက်လန့်နေခဲ့သည်။
“ဖိနပ်ရှိတယ်။ အဲဒီမှာပဲရပ်မနေဘဲ ဝင်လာခဲ့။”
“ငါ့တစ်ကိုယ်လုံး စိုရွှဲနေတယ်။”
ကုမြောင်က ခေါင်းရမ်း၍ပြောလိုက်ခြင်းပင်။ သူ ထိုနေရာကို မညစ်ပတ်သွားစေလိုချေ။
“ဝင်လာစမ်းပါ။”
ချန်ချူ သူ့လက်ကိုအားနှင့်ဆွဲလိုက်တော့သည်။ သို့သော် ပိန်ပါးပါးကောင်လေးမှာ ဖိနပ်စင်နားတွင်သာ မလှုပ်မယှက်ရပ်ကျန်နေခဲ့၏။
“နင်ဝင်မလာဘူးဆိုရင် ငါ နင့်ဖိနပ်တွေကို လာချွတ်ပေးရမလား။”
ချန်ချူကရှေ့တိုးကာ ထိုင်ချတော့မည်ဖြစ်သည်။ ထိုအချိန်တွင် ကုမြောင်ကချက်ချင်း ကိုယ်ကိုကုန်းလိုက်ပြီး
“မဟုတ်ဘူး။ မလိုပါဘူး။”
“ဒါဆိုလည်း ဖိနပ်ချွတ်ပြီးအိမ်ထဲအမြန်ဝင်ခဲ့။”
နောက်ဆုံးတွင် ကုမြောင်မှာ သူ(မ)စကားနားထောင်၍ ထိုင်ချလိုက်တော့သည်။ ချန်ချူ အနားကပ်လာမည်ကိုစိုးသဖြင့် သူ မြန်မြန်လှုပ်ရှားနေလေသည်။ ဖိနပ်ချွတ်လိုက်ပြီးနောက် အိမ်ထဲစီးဖိနပ်အပါးကိုစီးကာ အမှားလုပ်ထားသောခွေးလေးတစ်ကောင်ကဲ့သို့ ထောင့်တစ်နေရာတွင်သာ ရပ်နေလိုက်သည်။ ချန်ချူစိတ်တွေ အနည်းငယ်ပျော့ပြောင်းသွား၏။ ဖုန်းမကိုင်ဘဲ တစ်နေ့လုံးသူ(မ)ကိုစိတ်ပူအောင်လုပ်ခဲ့သဖြင့် အနည်းငယ်တော့စိတ်ဆိုးနေဆဲပင်။ သို့သော် ယခုတွင် မိုးရွာထဲ၌သူ(မ)ကိုလာရှာသည်ကိုတွေ့သည့်အခါ သူ(မ)ဒေါသများအားလုံး ပျောက်ကွယ်သွားတော့သည်။
အခန်းမှာ တိတ်ဆိတ်လျက်။ ချန်ချူက စကားကိုညင်သာစွာပြောလိုက်သည်။
“ငါနဲ့လိုက်ခဲ့။”
ညကတိတ်ဆိတ်နေသဖြင့် လှေကားတက်သည့်အသံတို့ကို ရှင်းရှင်းလင်းလင်းကြားနေရသည်။ ကုမြောင် သူ(မ)နောက်မှ ဖြည်းဖြည်းချင်းလိုက်တက်သွားသော်လည်း သူ့ခြေလှမ်းများကလေးလံနေခဲ့သည်။ လောဘကြီးစွာဖြင့် သူ(မ)ကိုချဥ်းကပ်မိခြင်း၊ တင်းတိမ်ရောင့်ရဲခြင်းမရှိခြင်း၊ ကတိမတည်ခြင်းတို့ကြောင့် ကုမြောင် သူ့ကိုယ်သူ မုန်းတီးနေမိ၏။ သို့သော် ချန်ချူ့ကျောပြင်ကိုကြည့်လိုက်သောအခါ သူအလွန်ကံကောင်းကြောင်း စိတ်ထဲတွင်နားလည်သွားပြန်လေသည်။
ရှည်လျားသောစင်္ကြံလမ်းကိုလျှောက်ခဲ့ပြီးနောက် ချန်ချူတံခါးဖွင့်လိုက်ပြီး ကုမြောင်ကို ရေချိုးခန်းထဲသို့တွန်းပို့လိုက်လေသည်။
“နင့်တစ်ကိုယ်လုံး မိုးရေတွေနဲ့စိုရွှဲနေတာပဲ။ အအေးမမိအောင်လို့ ရေချိုးလိုက်။”
ချန်ချူက Bathtub နားသို့လျှောက်သွားပြီး ရေအပူချိန်မည်သို့ညှိရသည်ကို ကုမြောင်ကိုပြလိုက်၏။ ကုမြောင်ကတော့ ငြိမ်ငြိမ်ဆိမ်ဆိမ်သာရပ်နေဆဲပင်။
“နင့်အတွက် ကိုကြီးအဝတ်တွေရှာထားပေးမယ်။ နင်တို့က အရပ်တူတူလောက်ပဲဆိုတော့ သူ့အဝတ်အစားတွေ နင်နဲ့တော်မှာပါ။”
ကုမြောင် လက်ချောင်းများတုန်ယင်နေ၏။
“ငါ အရင်ဆုံး အဝတ်အစားတွေသွားရှာလိုက်ဦးမယ်။ ရှာတွေ့ရင် တံခါးမှာထားခဲ့ပေးမယ်နော်။”
ချန်ချူ ရေချိုးခန်းထဲမှထွက်သွားလိုက်သည်။ သို့သော် တစ်ခဏကြာသောအခါ သူ(မ)က ပြန်လှည့်လာပြီး
“အဲ့နားမှာပဲရပ်မနေနဲ့။ မြန်မြန်လုပ်။ မဟုတ်ရင် မနက်ဖြန်ဖျားသွားလိမ့်မယ်။”
တစ်ကိုယ်လုံး မိုးရေဖြင့်စိုရွှဲနေသော်လည်း ကုမြောင်နှလုံးသားထဲတွင်တော့ နွေးထွေးမှုလေးပေါက်ဖွားလာသည်။ ချန်ချူ တံခါးပိတ်လိုက်၏။ ထို့နောက် ကုမြောင် မှန်ထဲမှကိုယ်ပုံရိပ်ကိုယ်ပြန်ကြည့်နေမိသည်။
ဤရေချိုးခန်းမှာ ကုမြောင်၏ရေချိုးခန်းထက် များစွာကြီးမားပြီး Bathtub ၏ဘေးမှစင်ပေါ်တွင် ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည်နှင့် Body Lotion တို့ စုံလင်စွာရှိနေသည်။
ကုမြောင် မြန်မြန်ဆေးကြောလိုက်ပြီး အပြင်ထွက်လာသောအခါ ချန်ချူက အဝတ်အစားများချပေးသည့်အချိန်နှင့် အံကိုက်ဖြစ်သွားသဖြင့် လက်လှမ်း၍ယူလိုက်လေသည်။
“မြန်လိုက်တာ။”
ချန်ချူ သူ့လက်ထဲသို့အဝတ်အစားများထည့်ပေးလိုက်သည့်အခါ သူ့လက်တွင် ရေငွေ့လေးများကိုခံစားမိလိုက်သည်။
ချန်ချူက ဂျင်းလက်ဖက်ရည်ဖျော်ရန် အောက်ထပ်သို့ဆင်းသွားပြီး အခန်းထဲသို့ပြန်ဝင်လာအခါ ပြတင်းပေါက်အနီးတွင်ရပ်နေသောကောင်လေးကိုတွေ့ရသည်။ အဝတ်အစားများမှာ ကုမြောင်နှင့် အနည်းငယ်ချောင်နေသော်လည်း သန့်ပြန့်နေ၏။ စိုနေသောအဝတ်အစားများကို လက်တွင်ကိုင်ထားပြီး ကုမြောင်က စိတ်ပူ၊ တုံ့ဆိုင်းစွာဖြင့် မေးလာသည်။
“ငါ့အဝတ်အစားတွေကို ဘယ်မှာလျှော်ရမလဲ။”
ချန်ချူ့ရေချိုးခန်းကို မညစ်ပတ်စေလိုသောကြောင့် ထိုနေရာတွင် အဝတ်မလျှော်ရဲခဲ့ပေ။
“ငါ့ကိုပေး။ ငါလျှော်ပေးမယ်။”
ချန်ချူက ကုမြောင်ကို လက်ဖက်ရည်ခွက်လှမ်းပေးလိုက်ရင်း အဝတ်ကိုတောင်းလိုက်၏။ သို့သော် ကုမြောင်က အဝတ်အစားများကို တင်းကျပ်စွာဆုပ်ကိုင်ထားရင်း စိတ်ပူနေသောလေသံဖြင့်
“ဟင့်အင်း။ နင့်ကိုလျှော်ခိုင်းလို့ဘယ်ဖြစ်မလဲ။”
“ဘာတွေပြောနေတာလဲ။ ငါကအဝတ်လျှော်စက်ထဲထည့်ပေးမယ်လို့ပြောတာလေ။”
ချန်ချူကရယ်လေသည်။ ကုမြောင်၏ ဖျော့တော့နေသောလက်ဖျံပေါ်တွင် သွေးကြောပြာများကိုမြင်နေရ၏။
“ငါထည့်လိုက်မယ်။”
“ဘယ်လိုလုပ်ရလဲဆိုတာ နင်မသိဘူးလေ။ ငါ့ကိုပဲပေးစမ်းပါ။”
ချန်ချူက သူ့အဝတ်အစားများကို တုံ့ဆိုင်းခြင်းမရှိလှမ်းယူလိုက်၏။ ရုတ်တရက် ကုမြောင်၏အေးစက်နေသောလက်နှင့်ထိမိသောအခါ ချန်ချူလန့်သွားပြီး
“နင့်လက်တွေ အေးစက်နေတာပဲ။ ဒါလေးသောက်လိုက်ဦး။”
ဂျင်းအနံ့ပြင်းပြင်းက လေထဲတွင်ပြည့်နှက်သွားပြီး မိုးရွာထားသောည၏စိုစွတ်မှုကို ပျောက်ကွယ်သွားစေလေသည်။ ဂျင်းလက်ဖက်ရည်ခွက်ကို လက်ထဲတွင်ကိုင်ထားရင်းနှင့် ထိုနွေးထွေးမှုက နှလုံးသားထဲအထိစီးဝင်သွားပြီး တစ်ငုံသောက်လိုက်သည့်အခါ ချိုမြမှုကိုခံစားရလေသည်။
“နင့်အဝတ်တွေကို ငါအဝတ်လျှော်စက်ထဲထည့်ပေးမယ်။ ပြီးရင် အခြောက်ခံပေးမယ်။ ဘာမှစိတ်မပူနဲ့။”
ချန်ချူကပြုံး၍ပြောလိုက်သည်။
ခန်းစီးများမှာ အပြာရောင်နုနုဖြစ်သဖြင့် နွေရာသီကောင်းကင်နှင့်တူနေသည်။ ချန်ချူ လမ်းလျှောက်၍ထွက်သွားသည့်အခါ သူ(မ)အရိပ်တို့က ခန်းစီးတွင်ထင်ဟပ်လာသည်။ ရုတ်တရက် ချန်ချူက ရပ်လိုက်၏။
“ဘာဖြစ်လို့လဲ။” ကုမြောင်၏စိတ်ထဲတွင် တင်းကျပ်သွားသည်။
အပြာရောင်ခန်းစီးများကို ဘေးသို့တွန်းဖယ်လိုက်သောအခါ အခန်းက လင်းသွားသည်။ ချန်ချူက မျက်ရည်လည်နေသောမျက်လုံးများဖြင့် ဝရံတာတွင်ရပ်နေသည်။ သူ(မ)လက်ထဲတွင် စိုနေသောစာရွက်အပိုင်းအစတစ်ခုကိုကိုင်ထား၏။ မိုးစက်များက မြေပြင်သို့ကျကာ အိုင်ငယ်လေးများ ဖြစ်ပေါ်နေသည်။
ချန်ချူ ငုံ့ကြည့်လိုက်သောအခါ မျက်ရည်များကိုမထိန်းထားနိုင်တော့ပေ။ အပြင်ဘက်တွင် မိုးကလည်းဆက်တိုက်ရွာသွန်းနေသည်။
“နင်ဘယ်သွားမလို့လဲ။”
ချန်ချူ့အသံမှာ တုန်ယင်နေပြီး တိမ်ဝင်သွား၏။ ကုမြောင်က လက်သီးသာဆုပ်ထားပြီး စကားပြန်မပြောခဲ့ပေ။ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ စာရွက်ပေါ်မှမင်တို့မှာ မိုးရေကြောင့်ပျက်သွားသော်လည်း ၎င်းမှာ ရထားလက်မှတ်ဖြစ်ကြောင်း ချန်ချူသိပေသည်။ ချန်ချူက ထိုလက်မှတ်ကိုလုံးချေလိုက်ပြီးနောက် ကုမြောင်၏ပုံရိပ်ကို ပြန်တွေးမိသွားသည်။ တံခါးတွင်တွေ့ခဲ့စဥ်က သူ(မ)ကိုကြည့်နေသော ကုမြောင်မျက်နှာတွင် ဝမ်းနည်းပူဆွေးမှုများရှိနေသည်ကို သူ(မ)သတိထားခဲ့မိသည်။ ယခင်ဘဝကခွဲခွာခဲ့ရသည့် မိုးရွာသောညကို ချန်ချူအမှတ်ရမိသွား၏။ ထိုညကလည်း ကုမြောင်က သူ(မ)ကို ထိုမျက်လုံးများဖြင့်ကြည့်နေခဲ့ခြင်းပင်။ သူ(မ)အမြင်အာရုံများဝေဝါးလာပြီးနောက် မျက်ရည်များကိုပြန်သုတ်လိုက်သည်။
“မငိုပါနဲ့။”
ကုမြောင် သူ(မ)ဆီသို့လျှောက်သွားရင်း သူ(မ)ပါးပေါ်မှမျက်ရည်များကိုသုတ်ပေးမိတော့မည့်အချိန်တွင် လက်ကိုရပ်တန့်လိုက်သည်။ ကုမြောင် သူ(မ)အနီးသို့ ကပ်မသွားရဲပေ။ တစ်ခဏကြာသော် ချန်ချူက ကုမြောင်၏ရင်ခွင်ထဲသို့ ပြေးဝင်လာတော့သည်။ မိုးရေကြောင့် သူ(မ)ခန္ဓာကိုယ်က စိုစွတ်အေးစက်နေသော်လည်း ကုမြောင်၏နှလုံးသားထဲတွင် အပူဓာတ်တစ်ခုဖြစ်ပေါ်လာခဲ့သည်။ သူ(မ)ကို ဖယ်ထုတ်လိုက်သင့်မှန်းသိသော်လည်း သူ့လည်ပင်းနားတွင် စိုစွတ်လာမှုကြောင့် ခံစားချက်များကမောက်ကမဖြစ်ကာ အသိစိတ်များလည်း ပျောက်ကွယ်ခဲ့ရလေသည်။ သူ ချန်ချူ့ကိုတင်းကျပ်စွာဖက်ထားပြီး ဗလာဖြစ်နေသောသူ့နှလုံးသားကလည်း ဒြပ်တစ်ခုပြန်ပြည့်လာလေသည်။
“မငိုပါနဲ့။”
ကုမြောင် သက်ပြင်းချလိုက်၏။ မျက်ရည်များဖြင့်မော့ကြည့်လိုက်သောချန်ချူမှာ အထီးကျန်နေသောကြယ်လေးများနှင့်တူလေသည်။ သို့သော် ထိုကြယ်များက ကုမြောင်နှလုံးသားထံသို့ကြွေကျလာပြီး ဓားများကဲ့သို့ထိုးစိုက်ကာ ကုမြောင်ကိုနာကျင်စေခဲ့သည်။
“မငိုပါနဲ့။”
ကုမြောင် ဘာမှမပြောတတ်သဖြင့် ထိုစကားကိုသာ ထပ်ကာထပ်ကာပြောနေမိသည်။
“ငါနင့်ကို ပေးမသွားနိုင်ဘူး။”
ထိုစကားကိုကြားလိုက်သောအခါ ကုမြောင် ပူပန်သောကဖြင့် မျက်လုံးမှိတ်ထားလိုက်သည်။ ညင်သာသည့်ချန်ချူ့ရှိုက်သံမှတစ်ပါး အခန်းက တိတ်ဆိတ်လျက်ပင်။
“နင် ကျောင်းလည်းမလာဘူး။ ဖုန်းလည်းမကိုင်ဘူး။ အခုတော့ နင်က ထွက်သွားချင်နေပြီ။”
ချန်ချူက ဒေါသဖြင့် သူ့ကိုတွန်းထုတ်လိုက်ပြီး မျက်ရည်များကိုသုတ်နေသည်။ ထို့နောက် ဝမ်းနည်းမှုများပြည့်နှက်နေသည့်အသံဖြင့်
“ငါနင့်ကိုရှာဖို့ သွားခဲ့သေးတယ်။ လူတစ်ယောက်က ငါ့ကိုတွန်းလိုက်လို့ လက်နဲ့ခြေထောက်မှာ ဒဏ်ရာတောင်ရခဲ့သေးတာ။”
ထိုအခိုက်အတန့်တွင် ကုမြောင်နှလုံးခုန်သံများ ပွက်လောရိုက်သွား၏။
“နင်ဘယ်နားနာသွားသေးလဲ။ ငါ့ကိုပြ။”
ကုမြောင်၏ဆင်ခြင်တုံတရားများပျောက်ကွယ်သွားပြီး ချန်ချူ့လက်ကို သေသေချာချာကိုင်ကြည့်ကာ သူ့အသံကလည်းတုန်ယင်နေလေသည်။ ချန်ချူက နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ခြစ်ရာများရှိနေသောလက်ကို ပြလိုက်၏။ ထို့နောက် ခေါင်းမာမာဖြင့် သူ့ကိုထပ်မေးလိုက်ပြန်သည်။
“နင်ကဘာလို့ထွက်သွားချင်ရတာလဲ။”
တိတ်ဆိတ်နေသောညတွင် မိုးသံကိုသာကြားနေရသည်။ ကုမြောင် မျက်လုံးမှိတ်လိုက်ပြီး ခက်ခဲနေသောအသံဖြင့်
“ငါ နင်တို့နှစ်ယောက်ကို မနှောင့်ယှက်သင့်တော့ဘူးလေ။”
သူ(မ)နံဘေးတွင်နေကာ အဖြစ်အပျက်များကိုကြည့်နေရပါက သူရူးသွားလိမ့်မည်ပင်။ သူ မပိုင်ဆိုင်သောအရာအတွက် မျှော်လင့်ချက်ထားမိသည်မှာ သူ့လောဘသာဖြစ်လေသည်။
“နင် ဘယ်သူ့အကြောင်းပြောနေတာလဲ။”
“နင်နဲ့ လင်းချီဖိန်လေ။”
ကုမြောင် အံကြိတ်ထားပြီး ချန်ချူ၏ Nickname ကို ပထမဦးဆုံးအကြိမ် ခေါ်လိုက်သည်။
“ချူချူ ငါ…”
ချန်ချူက ခြေဖျားထောက်ကာ အေးစက်နေသည့်သူ့နှုတ်ခမ်းများကိုနမ်းလိုက်သဖြင့် နောက်ဆက်တွဲစကားများ ထွက်မလာတော့ချေ။ အပြင်ဘက်တွင် မိုးကလည်း သည်းထန်စွာရွာနေဆဲပင်။ ကုမြောင်၏ကမ္ဘာတွင်မူ အရာအားလုံး ငြိမ်သက်တိတ်ဆိတ်သွားလေတော့သည်။
*****
Aurora Novel Translation Team