Chapter 46
အချိန်အတော်ကြာသွားသကဲ့သို့ ခံစားလိုက်ရသည်။ ကုမြောင် ရူးသွားလုမတတ်ခံစားနေရပြီး သူ့နှလုံးကလည်း ရင်ဘတ်ထဲမှခုန်ထွက်လုမတတ်ပင်။ နှလုံးခုန်မြန်နေပြီး လက်သီးကိုလည်း တင်းတင်းကျပ်ကျပ်ဆုပ်ထားမိသည်။ တစ်ကိုယ်လုံးဖျော့တော့သွားသည့်ကုမြောင်က သူ(မ)ကိုမထိရဲသေးပေ။ ချန်ချူ့နှုတ်ခမ်းများမှာ အလွန်နူးညံ့၏။ အပြင်ဘက်မှမိုးသံတို့ ဖြည်းဖြည်းချင်းအသံတိတ်လာပြီး သူ(မ)က ခြေဖျားထောက်ထားသည်ကို ပြန်ချလိုက်သည်။
အခန်းထဲမှမီးအလင်းတို့ မှိန်သွား၏။ ကုမြောင်၏ဖျော့တော့နေသောမျက်နှာမှာ နီရဲလာပြီး မျက်တောင်များလည်းတုန်ယင်လာတော့သည်။ ချန်ချူ့အနံ့က သူ့နှုတ်ခမ်းပေါ်တွင် ကျန်ရစ်နေကာ သူ့နှလုံးခုန်သံများဟာလည်း လျင်မြန်နေဆဲပင်။ ကုမြောင် မှင်တက်မိနေရင်းသာ ရပ်နေတော့သည်။
“ငါဖောက်ပြန်ချင်တယ်ဆိုရင်ရော ငါ့ကို ဆိုးတဲ့မိန်းကလေးလို့ထင်မှာလား။”
ချန်ချူ့မျက်လုံးထဲတွင် မျက်ရည်များပျောက်ကွယ်သွားပြီး သူ့ကိုကြည့်လိုက်သည်။ သူ(မ)အသံမှာလည်း ရွှင်ပြနေ၏။
‘သူ(မ) ဘာကိုဆိုလိုချင်တာလဲ။’
ကုမြောင် ဘာမှမတွေးနိုင်တော့ဘဲ နှလုံးရပ်လုမတတ်ဖြစ်သွားရသည်။
“မထင်ပါဘူး။”
သူ(မ)နှင့်အတူရှိနေပါက ကုမြောင်၏ ဆင်ခြင်တုံတရားတို့ အားလုံးပျောက်ကွယ်ခဲ့ရသည်။ သူ့မျက်လုံးထဲတွင် ချန်ချူသာအကောင်းဆုံးဖြစ်ပြီး သူလက်လှမ်းမမှီနိုင်သော လမင်းလေးတစ်စင်းလည်းဖြစ်ပေသည်။
ချန်ချူက နောက်တစ်ဖန်ရယ်ပြန်၏။ ထို့နောက် သူ(မ)လက်များကို ကုမြောင်လည်ပင်းပေါ်သို့ လှမ်းတင်လိုက်ပြီး ဆွဲဆောင်လိုသောအသံဖြင့်
“ဒါဆို နင်ငါ့ကိုထားခဲ့လို့မရတော့ဘူး။ နင့်ကို ငါ့ရည်းစားဖြစ်လာစေချင်တာ။ နင်ရော ဆန္ဒရှိရဲ့လား။”
ကုမြောင် ပါးများပို၍နီရဲလာပြီး မည်သို့တုံ့ပြန်ရမည်ကိုမသိတော့ပေ။ ကိုယ့်ကျင့်တရားနှင့် အကြောင်းပြချက်တို့အရ မှားယွင်းနေသည်ကိုသိသော်လည်း သူ(မ)အပေါ် သဘောကျမှုတို့မှာ လွန်စွာကြီးမားနေခဲ့လေသည်။ ချန်ချူက သူ့အား ဆွဲဆောင်မှုရှိသော မက်မွန်ပွင့်ပုံသဏ္ဍာန်မျက်လုံးများဖြင့် ကြည့်နေပြီး သူ့ပါးကိုလည်း လက်ဖြင့် ခပ်ဖွဖွတို့ထိနေသည်။ သူ(မ)ပြောလိုက်သည့်စကားတိုင်းက သူ့အသက်ကိုနှုတ်ယူနေသကဲ့သို့ပင်။
“နင် ဆန္ဒရှိလား။”
ကုမြောင်၏လည်စေ့က နှစ်ကြိမ်ခန့် အပေါ်အောက်လှုပ်ရှားသွားပြီး သူ့မျက်လုံးများကိုမှိတ်ကာ အံ့အားသင့်မှုကိုဖုံးကွယ်ထားလိုက်သည်။ သူ့ဘေးမှစားပွဲတွင် အမွှေးတိုင်တစ်တိုင်ရှိနေပြီး ညလေအေးတိုက်ခတ်လိုက်သောအခါ အမွှေးနံ့က အခန်းထဲသို့ပျံ့နှံ့သွားသည်။ ချန်ချူက သူ့ပခုံးပေါ်သို့ ခေါင်းလေးမှီကာ ညင်သာစွာရယ်မောလိုက်၏။
“ကဲပါ။ ငါနင့်ကို ထပ်ပြီးမစတော့ဘူး။ ဒါနဲ့ လင်းချီဖိန်က ငါ့ရည်းစားမဟုတ်ဘူး။”
ကုမြောင်ခန္ဓာကိုယ်က တောင့်တင်းသွားပြီး အသက်ရှူရပ်သွားသည်။
“နင် ဘာကိုဆိုလိုချင်တာလဲ။”
ချန်ချူက သူ့ပခုံးပေါ်တွင် ခေါင်းမှီထားရင်း ဆံပင်အချို့က သူ့လည်ပင်းကိုခပ်ဖွဖွကျီစယ်နေတော့သည်။
“ငါ လင်းချီဖိန်နဲ့မတွဲနေပါဘူး။ ဘယ်တော့မှလည်း တွဲမှာမဟုတ်ဘူး။ နင်က ဘာလို့အဲ့လိုထင်ရတာလဲ။”
ကုမြောင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားတာကြောင့် သူ့လက်ချောင်းများက ဖျော့တော့နေခဲ့သည်။
“ကျောင်းဆင်းပွဲနေ့တုန်းက ငါကျောင်းကိုနောက်ကျမှရောက်လာတာ။ ဂီတဆောင်ရဲ့ဝင်ပေါက်မှာ သူကနင့်ကိုဖက်ထားတာကို ငါတွေ့လိုက်တယ်။”
“လင်းချီဖိန်က မင်ယွဲ့နဲ့တွဲနေတာ။ မင်ယွဲ့ကို လပုံစံလက်ပတ်လေးတောင် လက်ဆောင်ပေးထားသေးတယ်။”
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြန်၏။ ချန်ချူ မျက်နှာကိုတစ်ဖက်လှည့်လိုက်သောအခါ နူးညံ့အိစက်နေသောပါးပြင်က ကုမြောင်ပခုံးနှင့်ထိတွေ့လေသည်။ ထို့နောက် ခေါင်းလေးစောင်းကာ ကုမြောင်၏မျက်ဝန်းများကို သေသေချာချာကြည့်လိုက်ပြီး သူ(မ)က
“ငါက နင့်ကိုပဲသဘောကျတာ။”
ညလေတိုက်ခတ်သဖြင့် ခန်းစီးစတို့ လွင့်သွားသည်။ အပြင်ဘက်တွင် အဝါရောင်မီးအလင်းရောင်တို့ရှိနေ၏။ သို့သော် ကုမြောင်၏မျက်လုံးများမှာ ညနက်ကဲ့သို့တိတ်ဆိတ်နေပြီး မီးရှူးမီးပန်းများအဖြစ် ပေါက်ကွဲတော့မည့်ပျော်ရွှင်မှုအရိပ်အယောင်တို့ရှိနေသည်။
‘ငါအိပ်မက်မက်နေတာများလား။’
ကုမြောင် ပါးစပ်ဟလိုက်သော်လည်း လည်ချောင်းတွင်ခြောက်ကပ်နေသဖြင့် အသံထွက်မလာခဲ့ပေ။ ချန်ချူက သူ့လက်ကို ခပ်ဖွဖွဆွဲယူကာ တီးတိုးပြောလိုက်သည်။
“နင်လည်း ငါ့ကိုသဘောကျတယ်မဟုတ်လား။”
ကုမြောင် တစ်ခဏ မှင်တက်နေမိ၏။ ချန်ချူ့စကားလုံးများကြောင့် သူ့အတွေးများ ယောက်ယက်ခတ်ကုန်ပြီး အသက်ရှူပင်ရပ်သွားခဲ့သည်။
“အင်း ဟုတ်မယ်ထင်တယ်။”
မိန်းကလေး၏ မက်မွန်ပွင့်ပုံစံရှိသောမျက်လုံးများမှာ ကြယ်စုံနေသောကောင်းကင်ထဲတွင်ရောက်နေသကဲ့သို့ တောက်ပစွာရှိနေသည်။ ထိုအခိုက်အတန့်တွင် အချိန်နာရီများလည်း ရပ်တန့်သွားသလိုပင်။ ကုမြောင်ခန္ဓာကိုယ်ထဲမှသွေးတို့ လျင်မြန်စွာစီးဆင်းနေကြပြီး အပြင်သို့ပင် ပေါက်ထွက်တော့မလိုဖြစ်နေခဲ့သည်ကို ကုမြောင်ခံစားမိနေ၏။ သူ့မျက်လုံးများနီရဲသွားပြီး သူ့အသံက လေးနက်နေကာ သေချာမှုများအပြည့်ရှိနေလေသည်။
“ငါနင့်ကို သဘောကျတယ်။ တကယ် သဘောကျတာ။”
ချိုမြိန်သောစကားလုံးများမှာ သူ့ရင်ဘတ်ထဲတွင်ပြည့်နှက်နေပြီး ယခင်က မဖော်ပြရဲခဲ့သောအချစ်တို့က ယခုတွင် အားလုံးအရည်ပျော်ကျကုန်ကာ ဝန်ခံလိုက်မိတော့သည်။ ချန်ချူလည်း အလွန်ပျော်ရွှင်သွား၏။ နွေးထွေးနေသောကုမြောင်ရင်ခွင်ထဲသို့ ခေါင်းတိုးဝင်ကာ သူ(မ) စောဒကတက်မိပြန်သည်။
“ငါ့ကို ဖက်တောင်မဖက်ထားဘူးပေါ့။”
ချန်ချူ့စကားသံကြောင့် လက်သီးဆုပ်ထားသောသူ့လက်တို့ ပြေလျော့သွားသည်။ တလိပ်လိပ်တက်လာသောစိတ်ခံစားချက်တို့က သူ့ရင်ဘတ်ကိုပေါက်ကွဲလုမတတ်ဖြစ်စေလေသည်။ အေးစိမ့်နေသောညတွင် သူ့နှလုံးသားတို့နွေးထွေးနေ၏။ တုန်ယင်နေသောလက်တစ်စုံဖြင့် ရင်ခွင်ထဲမှမိန်းကလေးကိုဖက်ထားလိုက်လေတော့သည်။
*
နောက်တစ်နေ့ရောက်သော်။
ချန်ချူ မနက်စောစောနိုးလာ၏။ ကောင်းကင်က လင်းရောင်နီစဖြစ်နေကာ မိုးအရှိန်ကြောင့် လေကလည်းစိုစွတ်နေသေးသည်။ အခန်းတံခါးကိုဖွင့်လိုက်ပြီး ချန်ချူက အိမ်ထိန်းစုန့်ထံသို့ ပြေးသွားတော့သည်။
“Good Morning အန်တီစုန့်။”
ချန်ချူ သူ(မ)ကိုနွေးထွေးစွာနှုတ်ဆက်လိုက်သည်။
“Good Morning ချူချူ။ ဒါနဲ့ ဘာလို့ဧည့်သည်အခန်းမှာ အိပ်နေတာလဲ။”
အန်တီစုန့်က တွေဝေစွာဖြင့်မေးလိုက်သည်။ ချန်ချူ့ခြေလှမ်းများတွန့်သွားပြီး နှုတ်ခမ်းကိုစေ့ကာ ဆင်ခြေပေးရန်အကြောင်းရှာဖွေနေတော့သည်။
“မနေ့ညကဇာတ်ကားကြည့်ရင်းနဲ့ အရမ်းပင်ပန်းသွားပြီး အပေါ်ထပ်ကိုမတက်ချင်တော့လို့ပါ။”
ရုပ်ရှင်ကြည့်သည့်အခန်းနှင့် ဧည့်သည်အခန်းတို့မှာ အလွန်နီး၏။ မနေ့ညက ကုမြောင်က သူ(မ)အခန်းထဲတွင်အိပ်သောကြောင့် ချန်ချူ ထိုအကြောင်းပြချက်ကိုသာသုံးလိုက်တော့သည်။ အန်တီစုန့်ကလည်း သံသယဝင်ခြင်းမရှိဘဲ ခေါင်းသာညိတ်လေသည်။
“ဒီနေ့တော့အစောကြီးနိုးသားပဲနော်။ အန်တီစုန့် မနက်စာမြန်မြန်လေးပြင်ပေးမယ်။ ချူချူ ဘာစားချင်လဲ။”
ချန်ချူ အန်တီစုန့်နောက်သို့လိုက်သွားလေသည်။
“ပင်လယ်စာဆန်ပြုတ်သောက်ချင်တာ။ အဲ့ဒါ ဘယ်လိုချက်ရလဲ သမီးကိုသင်ပေးလို့ရလား။”
“ရတာပေါ့။ မီးဖိုချောင်ထဲကိုလိုက်ခဲ့။ အန်တီစုန့်သင်ပေးမယ် လွယ်လွယ်လေး။”
ပင်လယ်စာဆန်ပြုတ်လုပ်ရန်မှာ မခက်ခဲလှပေ။ ပထမဆုံး ပုဇွန်လတ်လတ်ဆတ်ဆတ်ကို အခွံနွှာပြီး ဆားဖြင့်နယ်ရသည်။ ထို့နောက် ပုဇွန်ဆီကိုထုတ်ယူရန် ပုဇွန်ခေါင်းများကိုအိုးထဲထည့်ကြော်ပြီး နယ်ထားသည့်ပုဇွန်နှင့် ပုဇွန်ဆီကို ဆန်ပြုတ်နှင့်ရောမွှေရသည်။ နောက်ဆုံးတွင် ဆားအနည်းငယ်ဖြူး၍ ဂေါ်ဖီအချို့ကိုဖြန့်ထည့်လိုက်ပါက စားသုံးရန်အသင့်ဖြစ်လေပြီ။
ချန်ချူက တစ်ခါမှမချက်ပြုတ်ဖူးသော်လည်း နမော်နမဲ့မဖြစ်နေချေ။ အန်တီစုန့်က တစ်ကြိမ်ရှင်းပြပြီးသည်နှင့် ချန်ချူက ပြီးပြည့်စုံအောင်ချက်ပြုတ်နိုင်လေသည်။
မြေအိုးထဲတွင်ထည့်ထားသော ဆန်ပြုတ်အနံ့မှာ အလွန်စွဲမက်စရာကောင်း၏။ ချန်ချူက ဆန်ပြုတ်ကို အိုးတစ်ဝက်ထည့်သွားပြီး အပေါ်ထပ်သို့တက်သွားသည်။ ဆန်ပြုတ်အနံ့မှာ အခန်းထဲတွင်ပြည့်နှက်သွားပြီး မိုးရွာပြီးစမနက်ခင်းတွင် လန်းဆန်းမှုကိုလည်းခေါ်ဆောင်လာလေသည်။
ကုမြောင်မှာ အိပ်မက်များကိုပင်ထိန်းချုပ်ထားသကဲ့သို့ အလွန်စနစ်ကျသောပုံစံဖြင့်အိပ်နေ၏။ သူအိပ်နေသည့်ပုံစံမှာ အိပ်ရာခင်းများနှင့် တစ်ထပ်တည်းကျနေသည်။
မနက်ခင်းအလင်းရောင်တို့ ဖြာကျနေ၏။ ချန်ချူ ပြတင်းပေါက်အနားတွင်ထိုင်လိုက်ပြီး ခေါင်းကိုထုတ်ကာ ကုမြောင်ကိုလှမ်းကြည့်လိုက်သည်။ အိပ်ပျော်နေသည့်ကောင်လေးမှာ သူ၏အပြင်ပန်းသဏ္ဍာန်ကို ဖုံးကွယ်ထားသကဲ့သို့ပင်။ နက်မှောင်ရှည်လျားသောမျက်တောင်များကလည်း မျက်နှာပေါ်တွင်အရိပ်ထင်နေသည်။ သူ့ပုံစံမှာ အေးအေးဆေးဆေးအနားယူနေပြီး ယခင်တွေ့နေကျအေးစက်မှုတို့ ကင်းစင်နေတော့သည်။ မနက်ခင်းနေရောင်မှာညင်သာသဖြင့် ကုမြောင်လည်း အိပ်မက်လှလှမက်နေပုံရှိသည်။ သူ့မျက်နှာတွင် ပြုံးရိပ်လေးရှိနေပြီး နှုတ်ခမ်းမှလည်း တီးတိုးပြောသံအချို့ကိုကြားရလေသည်။
ချန်ချူ ဖြည်းဖြည်းချင်းငုံ့ကြည့်လိုက်၏။ ကုမြောင်၏ခပ်ရှရှအသံမှာ သူ(မ)နားထဲတွင် လျှပ်စီးကြောင်းတစ်ခုကဲ့သို့ပင်။
“ချူချူ။”
အလွန်နီးကပ်နေသော ကုမြောင်မျက်နှာကိုကြည့်လိုက်သည့်အခါ ချန်ချူ နှလုံးခုန်မြန်လာတော့သည်။ ထို့နောက် ချန်ချူ လက်ကိုလှမ်းလိုက်၏။
ဥယျာဥ်ထဲတွင် ပုစဥ်းရင်ကွဲများက အဆက်မပြတ်အော်မြည်နေကြသည်။ တစ်ခဏကြာသော် ကုမြောင်က မျက်လုံးဖွင့်လာသဖြင့် လေးနက်သောမျက်လုံးများကို ချန်ချူတွေ့ရလေတော့သည်။ ထိုအခါ သူ(မ)က ချက်ချင်းပင် လက်ကိုပြန်သိမ်းကာ မတ်တတ်ရပ်လိုက်ပြီး ကုမြောင်ကိုကြည့်လိုက်သည်။ ထို့နောက် နေရခက်စွာဖြင့် စကားစပြောလိုက်လေသည်။
“Good Morning ပါ။ မနက်စာစားလို့ရပြီ။”
ချန်ချူ့ကိုမြင်လိုက်သောအခါ အိပ်ချင်နေသောစိတ်တို့ ပျောက်ကွယ်သွားတော့သည်။ ကုမြောင် လန့်သွားပြီး အိပ်ရာ၏ထောင့်နားတွင် ထထိုင်လိုက်လေသည်။
“ရပါတယ်။ နေပါ။ ငါ့အိပ်ရာက သက်သောင့်သက်သာရှိတယ်မဟုတ်လား။ တချို့တွေကတော့ မနေ့ညကအိပ်ဖို့ကို ခေါင်းမာမာနဲ့ငြင်းဆန်သေးတာလေ။”
ချန်ချူ ပြုံး၍ပြောလိုက်၏။ ကုမြောင် ရင်ထဲတွင် နွေးထွေးမှုကိုခံစားလိုက်ရပြန်သည်။ မနက်စောစောတွင် ရလိုက်သည့် အထူးတုံ့ပြန်မှုမျိုးပင်။ ထိုအခိုက်အတံ့တွင် ကုမြောင် ထိုနေရာမှပျောက်ကွယ်သွားချင်နေသည်။
“ငါ-ငါ-ငါ…”
တစ်ခုခုမသင့်တော်သည်ကို ချန်ချူမြင်သွားမည်ကိုစိုးသဖြင့် ကုမြောင် စကားထစ်နေ၏။ ထို့နောက် နံရံ၏ထောင့်ဘက်သို့ မျက်နှာလှည့်သွားလေသည်။
“နင်ဘာလုပ်နေတာလဲ။”
နံရံဘက်သို့လှည့်သွားသောကုမြောင်ကိုကြည့်၍ ချန်ချူက သိချင်စိတ်ဖြင့်မေးလိုက်သည်။ ပြတင်းပေါက်မှ လေအေးတို့တိုက်ခတ်ဝင်ရောက်လာသဖြင့် ကုမြောင်နောက်ကျောတို့တောင့်တင်းသွားသည်။
“အမ်။ နင်ခဏလောက် အပြင်ထွက်ပေးလို့ရလား။ ငါလုပ်စရာလေးတွေရှိလို့။”
ထိုစကားကိုပြောပြီးသည်နှင့် ကုမြောင်က ချက်ချင်းနောင်တရသွားတော့သည်။
‘ဒါက သူ(မ)အခန်းပဲလေ။ သူ(မ)ကို အပြင်ထွက်ခိုင်းရအောင် ငါကဘာကောင်မို့လို့လဲ။’
ရုတ်တရက် နားလည်သွားသည့်ချန်ချူက မျက်နှာများနီရဲလာပြီး
“ငါအပြင်ထွက်လိုက်မယ်။ နင်ပြီးရင် ငါ့ကိုခေါ်လိုက်။”
ထိုသို့ပြောပြီး ချန်ချူ အခန်းထဲမှထွက်သွား၏။ အပြင်ဘက်တွင် နေသာနေပြီး ငှက်တို့၏တေးသီသံများက သာယာနေသည်။ ချန်ချူထွက်သွားမှသာ တောင့်တင်းနေသည့်ကုမြောင်ခန္ဓာကိုယ်တို့ ပြေလျော့သွားပြီး သက်ပြင်းချနိုင်တော့သည်။ မနေ့ညက ချန်ချူ့အိမ်မှပြန်မည်ဟုရည်ရွယ်ခဲ့သော်လည်း ချန်ချူက သူ(မ)၏မက်မွန်ပွင့်ပုံသဏ္ဍာန်မျက်လုံးများဖြင့် သူ့ကိုဆွဲထားခဲ့လေသည်။
“အခုက နောက်ကျနေပြီ။ အပြင်မှာ ဘာကားမှမရှိတော့ဘူး။ နင် လမ်းလျှောက်ပြန်မလို့လား။”
ကုမြောင် ငြင်းဆန်ရန်ကြိုးစားခဲ့သော်လည်း ချန်ချူ့မျက်နှာကိုမြင်သောအခါ သူ့စကားလုံးများကို ပြန်၍မျိုချလိုက်ရတော့သည်။ ထို့နောက်တွင် ချန်ချူက
“နင်ငါ့အိပ်ရာမှာအိပ်လို့ရတယ်။ ကျန်တဲ့ကိစ္စကိုတော့ မနက်ဖြန်မှဆက်ပြောကြတာပေါ့။”
“ဟင့်အင်း။”
ကုမြောင် ရှက်သွားပြီး ခေါင်းမာမာနှင့် ငြင်းဆန်မိပြန်သည်။ သူ(မ)အိပ်ရာထဲတွင် အဘယ်သို့အိပ်ရမည်နည်း။
“ဧည့်သည်အခန်းမှာက ငါ့ညီမအိပ်နေကျ။ သူ(မ)အိပ်နေကျအိပ်ရာမှာ နင်အိပ်ချင်လို့လား။”
ချန်ချူက နှုတ်ခမ်းဆူကာပြောလိုက်သည်။ ကုမြောင်က ခေါင်းရမ်း၍ ငြင်းဆန်လိုက်ပြန်၏။
“မဟုတ်ပါဘူး။ မအိပ်ဘူး။”
“ဒါဆိုလည်း ဒီမှာအိပ်။”
ချန်ချူ သူ့ကို အိပ်ရာပေါ်သို့တွန်းထုတ်လိုက်သည်။ အိပ်ရာမှာ နူးညံ့အိစက်နေသော်လည်း ကုမြောင်ကမူ ဓာတ်လိုက်သွားသကဲ့သို့ ချက်ချင်းပြန်ထရန်ကြိုးစားလိုက်သည်။ ထိုအခါချန်ချူက သူ့ပခုံးကိုကိုင်ထားလိုက်ပြီး
“နင်ငါ့အိပ်ရာမှာအိပ်မယ်ဆိုရင် ငါနင့်ကို goodnight kiss လေး ဆုချမယ်။”
‘Goodnight kiss လား။’
ထိုအခိုက်အတန့်တွင် ကုမြောင်၏အသိစိတ်တစ်ခုလုံး ဗလာဖြစ်သွားတော့သည်။ အသိပြန်ဝင်လာသောအခါ သူ့ကိုယ်သူအိပ်ရာထဲရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ့နှာခေါင်းထဲတွင် ချန်ချူ့ထံမှရသော ချိုမြိန်သည့်အနံ့တစ်ခုသာကျန်ရစ်တော့သည်။ အိပ်ရာပေါ်မှစောင်သည်လည်း နူးညံ့ပေါ့ပါးနေသဖြင့် သူ့နှလုံးသားတစ်ခုလုံးကို အရည်ပျော်ကျသွားစေလေသည်။
“ကောင်းကောင်းအိပ်တော့။”
ချန်ချူက ထပ်ပြောလိုက်၏။ ကုမြောင်မှာ ထပ်မံခုခံရန်နှင့် အလျှော့ပေးရန် အလွန်အားနည်းသွားပြီဖြစ်သောကြောင့် ထပ်၍မရုန်းကန်တော့ပေ။ ညနေခင်းလေပြည်မှာ အေးစိမ့်နေသော်လည်း စောင်ကနွေးထွေးနေ၏။ ချန်ချူ၏လှပသောမျက်နှာလေးက ဖြည်းဖြည်းချင်းအနားကပ်လာပြီး သူ့ပါးကိုနမ်းလိုက်တော့လေသည်။
“Goodnight”
ကုမြောင် တံတွေးမျိုချလိုက်သဖြင့် လည်စေ့တို့ လှုပ်ရှားနေ၏။ ထိုနူးညံ့နေသည့်စောင်ထဲတွင် သူတစ်ယောက်တည်းကျန်ခဲ့သည်မဟုတ်ဘဲ မိန်းကလေး၏နှလုံးသားပါကျန်ခဲ့သကဲ့သို့ ကုမြောင်ခံစားလိုက်ရသည်။
အခန်းမီးပိတ်သွားပြီး တံခါးလည်းပိတ်သွားသည်။ အခန်းတစ်ခုလုံးမှောင်သွားသော်လည်း ကုမြောင်၏နှလုံးသားထဲတွင်တော့ မီးတစ်ခုတောက်လောင်နေပြီး ခန္ဓာကိုယ်တစ်ခုလုံးကို ဖြန့်ကျက်သွားလေသည်။ ယနေ့ဖြစ်ပျက်ခဲ့သမျှမှာ အိပ်မက်ကဲ့သို့ပင်။ အမှောင်ထုထဲတွင် လဲလျောင်းနေရင်း ထိုအဖြစ်အပျက်များအားလုံးပျောက်ကွယ်သွားမည်ကိုစိုးရိမ်သဖြင့် မျက်လုံးကိုမမှိတ်ရဲပေ။ သူ့စိတ်ထဲ ထင်ယောင်ထင်မှားဖြစ်နေသည်ဟုထင်ကာ အိပ်ပျော်သွားမည်ကိုစိုးရိမ်နေမိသည်။
တစ်ဖန် မိုးရွာလာပြန်၏။ မိုးစက်များက ဝရံတာကို လာစင်သည်။ အရုဏ်တက်ချိန်နီးမှသာ ရောင်နီကိုမြင်ပြီး ကုမြောင်အိပ်ပျော်သွားတော့သည်။
*****
Aurora Novel Translation Team