Chapter 47
နေရောင်က စင်္ကြံလမ်းပေါ်တွင်ဖြာကျနေ၏။ ချန်ချူတစ်ယောက် အနီးမှဆိုဖာပေါ်တွင်ထိုင်နေခဲ့သည်။ ထိုအချိန်တွင် အခန်းတံခါးက ကျယ်လောင်သံတစ်ခုဖြင့် ပွင့်သွားတော့သည်။ ဖျော့တော့နေသောပါးပြင်ပေါ်တွင် ရေစက်တချို့ရှိနေပြီး ဆံစအနည်းငယ်ကလည်း ကုမြောင်၏နဖူးပေါ်တွင်ကပ်နေသည်။ နှာတံပေါ်မှ ငွေရောင်မျက်မှန်လေးမှာ လျော့ရဲရဲဖြစ်နေသည်။
“ဝင်လာလို့ရပြီ။”
ခပ်ရှရှအသံဖြင့်ပြောလိုက်ပြီးနောက် သူ့နားရွက်များနီရဲလာခဲ့သည်။ ချန်ချူက ကုမြောင်ကိုကြည့်ရင်း အသာပြုံးကာ
“ငါဆန်ပြုတ်လုပ်လာတယ်။ မနက်စာအရင်စားရအောင်။”
ဆန်ပြုတ်အိုးမှာ အကြီးကြီးဖြစ်၍ လေးနေသောကြောင့် အပူခံအဝတ်စဖြင့် သယ်လာရသည်။ ထိုအခါကုမြောင်က သူ(မ)ထံသို့လှမ်းသွားလိုက်ပြီး
“ငါလုပ်လိုက်မယ်။”
အခန်းပြတင်းပေါက်ကိုဖွင့်ထားသဖြင့် မနက်ခင်းလေပြည်ညင်းက သစ်ပင်ပန်းပင်တို့၏အနံ့ကိုသယ်ဆောင်လာသည်။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင်ထိုင်လိုက်ကြ၏။ ကုမြောင်က အစောပိုင်းမှရှက်စရာကောင်းသည့်အခိုက်အတန့်ကိုတွေးမိနေပြီး သူ့ခေါင်းကိုမြေကြီးထဲတွင်ဖွက်ထားလိုက်ချင်နေသည်။ သို့သော် ချန်ချူကပြုံးကာ အိုးအဖုံးကိုဖွင့်လိုက်ပြီး ဘာမှမဖြစ်ခဲ့သည့်အတိုင်း ကုမြောင်အတွက်ဆန်ပြုတ်ထည့်ပေးလေသည်။
“ငါထည့်လိုက်မယ်။”
ကုမြောင် ခေါင်းကိုသာငုံ့ထားပြီး သူ(မ)ကိုမကြည့်ဘဲ ဇွန်းကိုအတင်းယူရန်ကြိုးစားနေ၏။ ချန်ချူက သူ့လက်ကိုရှောင်ရှားလိုက်ပြီး
“ရတယ်။ နင်ထိုင်ပါ။ ဆန်ပြုတ်ထည့်ပေးတာလောက်က အပန်းမကြီးပါဘူး။”
ကုမြောင်က ခါးကိုမတ်၍ထိုင်လိုက်ပြီး ကောင်းမွန်စွာပြုမူနေထိုင်တတ်သောမူလတန်းကျောင်းသားလေးကဲ့သို့ စားပွဲပေါ်တွင်လက်တင်ထားလေသည်။ ကြွေပန်းကန်လုံးကို စားပွဲပေါ်သို့ချလိုက်သည့်အခါ အသံတစ်ခုထွက်ပေါ်လာသည်။
“အိုကေ။ စားရအောင်။”
ဆန်ပြုတ်ကို ပုဇွန်နှင့် ကြက်သွန်မြိတ်တို့ဖြင့်ချက်ထားသောကြောင့် အနံ့မှာ အလွန်မွှေးနေသည်။ ကုမြောင်က ဆန်ပြုတ်တစ်ဇွန်းကိုခပ်၍သောက်ကြည့်သောအခါ လတ်ဆတ်ချိုမြိန်နေသောအရသာက သူ့ပါးစပ်ထဲတွင်ပျော်ဝင်သွားတော့သည်။
“စားလို့ကောင်းလား။”
ချန်ချူတစ်ယောက် အရောင်တလက်လက်ထနေသောမျက်၀န်းများဖြင့် ကုမြောင်ကိုမေးလိုက်လေသည်။ ကုမြောင်က ခေါင်းညိတ်လိုက်ပြီး
“စားလို့ကောင်းတယ်။”
ချန်ချူ ရုတ်တရက်ပြုံးလိုက်ပြီး သူ(မ)မျက်နှာတွင် ပျော်ရွှင်မှုတို့ကိုမြင်လိုက်ရသည်။ မက်မွန်ပွင့်ပုံစံမျက်လုံးများကလည်း လခြမ်းကဲ့သို့ကွေးသွားလေသည်။
“ဒါက ငါပထမဆုံးလုပ်ဖူးတဲ့ဆန်ပြုတ်လေ။ ဒီလောက်ထိစားကောင်းမယ်လို့ ငါလည်းမထင်ထားဘူး။”
ဆန်ပြုတ်ခပ်နေသောကုမြောင်၏လက်တို့ရပ်တန့်သွားပြီး နွေးထွေးမှုလေးတစ်ခုက သူ့နှလုံးသားထဲသို့ဝင်ရောက်သွားလေသည်။ သူ့မိဘများကွယ်လွန်သွားစဥ်ကတည်းက သူ့အတွက်မနက်စာလုပ်ပေးဖူးသူမှာ ချန်ချူသာလျှင် ပထမဆုံးဖြစ်၏။
ကုမြောင် ခေါင်းငုံ့ကာ သူ့မျက်လုံးများကိုဖုံးကွယ်ထားပြီး ဆန်ပြုတ်ကိုသာသောက်နေ၏။ တစ်ခဏကြာသော် ကြွေပန်းကန်လုံးလေးထဲတွင် ဆန်ပြုတ်မကျန်တော့ဘဲပြောင်စင်သွားတော့သည်။
“တကယ်ပဲ အဲ့လောက်စားကောင်းတာလား။”
ချန်ချူက ပျော်ရွှင်စွာဖြင့် သူ့ကိုဆန်ပြုတ်ထပ်ထည့်ပေးလိုက်၏။
“စားလို့ကောင်းရင် ထပ်စားဦး။”
ကုမြောင်က ခေါင်းငုံ့ကာ ပန်းကန်လုံးကိုပါးစပ်အနီးသို့ မ,ယူလိုက်ပြီး အားရပါးရသုံးဆောင်နေတော့သည်။
မိုးရွာထားသည့်မနက်ခင်းမှာ ပူပြင်းမှုမရှိသကဲ့သို့ စိုထိုင်းမှုလည်းမရှိတော့ပေ။ ပင်လယ်စာဆန်ပြုတ်မှ အငွေ့တို့မပျောက်ကွယ်သွားသေးခင်တွင် အိုးတစ်ဝက်ကကုန်နေပြီဖြစ်သည်။ ကုမြောင်က သူ့ပန်းကန်လုံးကိုကုန်အောင်စားလိုက်ပြီးနောက် မတ်တတ်ရပ်လိုက်သည်။
“ငါအခု ပြန်သင့်ပြီထင်တယ်။”
ကုမြောင်တွင် ပိုက်ဆံအနည်းငယ်သာရှိတော့သည်။ နေစရာနေရာတစ်ခုရှာရန်မှာ သူ၏ဦးစားပေးစားရင်းထဲတွင် ထိပ်ဆုံးဖြစ်နေသည်။ ချန်ချူက သူ့အင်္ကျီစကိုဆွဲထားလိုက်ပြီး
“နင် ဘယ်ကိုသွားမှာလဲ။”
ရထားလက်မှတ်မှာ ရေစို၍ပျက်ဆီးသွားပြီဖြစ်သော်လည်း သူ(မ)စိတ်ထဲတွင် ပူပန်နေသေးလေသည်။ ကုမြောင်ကလည်း နှုတ်ခမ်းကိုသာစေ့ထားပြီး အိမ်မှနှင်ချခံလိုက်ရသည့်အကြောင်း သူ(မ)ကိုမပြောနိုင်ခဲ့ပေ။ ချန်ချူ့နှလုံးသားမှာ ပိုးသားလေးလိုနူးညံ့သဖြင့် ထိုစကားလုံးများကိုကြားလိုက်ရပါက မည်မျှဝမ်းနည်းသွားမည်ကို သူ မသိနိုင်ချေ။
ကုမြောင်က မျက်မှောင်အနည်းငယ်ကြုတ်လိုက်ပြီး
“ငါ အလုပ်တစ်ခုတွေ့ထားတယ်။ အဲ့ဒါ ဒီနေ့အလုပ်ဆင်းရမှာ။”
ထိုအခါ ချန်ချူက လျင်မြန်စွာဖြင့်
“ငါနင်နဲ့လိုက်ခဲ့မယ်။ အိမ်မှာလည်း ဘာမှလုပ်စရာမှမရှိတာ။ ငါနင်နဲ့လိုက်ချင်တယ်။”
ကုမြောင်မျက်လုံးထဲတွင် တုံ့ဆိုင်းမှုတို့ရှိနေလေသည်။
“ထားလိုက်ပါတော့။ ငါကအရမ်းစကားများတော့ နင့်အလုပ်ကိုထိခိုက်နေတာဖြစ်မှာပေါ့။”
“အဲ့လိုမဟုတ်ပါဘူး။” ကုမြောင်ကချက်ချင်းပြန်ငြင်းလိုက်၏။
“ဒီနေ့ အရေးကြီးလုပ်စရာလေးရှိလို့ပါ။ နောက်တစ်ခေါက်လိုက်လာပေါ့။ နောက်တစ်ခေါက်ကျရင် ငါနင့်ကိုခေါ်မယ်။”
ချန်ချူက လိမ္မာစွာဖြင့်ခေါင်းညိတ်လိုက်ပြီး
“ဒါဆို ငါဖုန်းဆက်ရင် မကိုင်ဘဲမနေနဲ့နော်။ ငါနင့်ကိုရှာမတွေ့ရင် အရမ်းစိတ်ပူတယ်။”
ကုမြောင်က မျက်မှောင်ကြုတ်၍ လေးနက်သောအသံဖြင့်
“ငါ ဟိုရက်ကပဲ ဖုန်းပျောက်သွားတာ။ အဲ့ဒါကြောင့် နင်ဖုန်းခေါ်တာတွေကို မသိလိုက်တာဖြစ်မယ်။”
ကုမြောင်က ခေါင်းငုံ့လိုက်ပြီး တောင်းပန်လေသည်။
“ငါတောင်းပန်ပါတယ်။”
“အိုး အဲ့လိုဖြစ်သွားတာလား။”
ချန်ချူက ပေါ့ပေါ့ပါးပါးပြုံးလိုက်သောအခါ ပါးပေါ်တွင်ပါးချိုင့်လေးပေါ်လာခဲ့သည်။
“ဒါဆို ဖုန်းပျောက်သွားရင် ငါနဲ့ဘယ်လိုဆက်သွယ်မှာလဲ။”
“အလုပ်လုပ်ပြီးရင် ဖုန်းတစ်လုံးဝယ်ပြီး ငါနင့်ကိုစာပို့လိုက်ပါ့မယ်။”
ကုမြောင်က လျင်မြန်စွာပြန်ဖြေလိုက်၏။
“အင်းပါ။ ဒါနဲ့ နင်ဖုန်းပျောက်သွားတာဆိုတော့ နံပါတ်တွေလည်းပျောက်သွားမှာပေါ့။”
ချန်ချူက သူ(မ)ဘေးတွင်ရှိသောဘောပင်ခွက်ထဲမှ ဘောပင်တစ်ချောင်းကိုယူလိုက်ပြီး
“နင့်လက်ပေး။”
မနက်ခင်းလေပြည်အေးတို့က ခန်းစီးစကိုတိုးဝှေ့တိုက်ခတ်နေ၏။ ကုမြောင်ကလည်း ချန်ချူပြောသည့်အတိုင်း လက်လှမ်းပေးလိုက်သည်။ ချန်ချူခေါင်းငုံ့လိုက်သောအခါ သူ(မ)မျက်တောင်လေးများက ယပ်တောင်သဖွယ် တဖျပ်ဖျပ်ခတ်နေလေသည်။
“ငါ့ဖုန်းနံပါတ်ကို နင့်လက်မှာရေးပေးလိုက်မယ်။”
ကုမြောင်၏လက်ဖဝါးမှာ ကြီးမားပြီး လက္ခဏာများထင်ရှား၏။ ဘောပင်ထိပ်နှင့်ထိလိုက်သောအခါ သူ့စိတ်ထဲတွင် ယားကျိကျိခံစားရလေသည်။
‘ငါဘယ်လိုလုပ် နင့်ဖုန်းနံပါတ်ကိုမေ့ပါ့မလဲ။’
ကုမြောင် သူ့ဘာသာသူတွေးနေခြင်းပင်။ ထိုသို့တွေးနေသော်လည်း အပြင်ဘက်တွင်တော့ ချန်ချူ့သဘောအတိုင်းသာ လိုက်လျောညီထွေနေပေးလေသည်။
“ရပြီ။”
ချန်ချူက ကုမြောင်လက်ဖဝါးကို ခပ်ဖွဖွလေမှုတ်လိုက်၏။ သူ့ရင်ထဲတွင် တစ်မျိုးဖြစ်သွားလေသည်။ ကုမြောင် လက်ကိုပြန်ယူလိုက်ပြီး လက်သီးဆုပ်ထားလိုက်သည်။
“ဟေးဟေးဟေး။”
ချန်ချူကချက်ချင်းပြန်ရောက်လာပြီး သူ့လက်ကိုခပ်မြန်မြန်ဆွဲကာ
“လက်သီးမဆုပ်နဲ့။ မှင်တွေပျက်ကုန်လိမ့်မယ်။”
“အိုး။”
ကုမြောင်ကလည်း ကြောင်အမ်းအမ်းနှင့် လက်သီးဆုပ်ကိုပြန်ဖြည်လိုက်လေသည်။
ဥယျာဥ်ထဲတွင် ပန်းပေါင်းစုံစိုက်ပျိုးထားသောကြောင့် အခန်းထဲဝင်လာသောလေညင်းရနံ့မှာ သင်းပျံ့လျက်ရှိသည်။ အန်တီစုန့်အလုပ်များနေချိန်တွင် ချန်ချူက ကုမြောင်ကို တံခါးဝသို့ခေါ်သွားပေးခဲ့သည်။
တောက်ပနေသောနေရောင်ခြည်အောက်တွင် ချန်ချူခေါင်းမော့လိုက်သောအခါ မက်မွန်ပွင့်ပုံသဏ္ဍာန်မျက်လုံးများထဲ၌ အလင်းရောင်တချို့ပြန့်ကျဲကုန်တော့သည်။
“နင် ထွက်သွားဦးမှာလား။”
ချန်ချူ ကြောက်စိတ်လေးဖြင့် အဖြေကိုထပ်မေးလိုက်မိသည်။ သူ(မ)နံဘေးမှကုမြောင်ကမူ နောင်တရနေ၏။
“မသွားတော့ပါဘူး။”
အရာအားလုံး ဗလာဖြစ်၍ အဓိပ္ပာယ်မဲ့သွားလျှင်ပင် ထိုအရာတို့ကို ကုမြောင်ရင်ဆိုင်ချင်စိတ်ရှိနေလေသည်။
*
ရက်အနည်းငယ်ကြာသော် ချန်ချူ့မွေးနေ့ရောက်လာ၏။ သူ(မ)၏ (၁၈)နှစ်ပြည့်မွေးနေ့ကို ကြီးမားခမ်းနားစွာဖြင့် Intercontinental Hotel တစ်ခုလုံးတွင်ကျင်းပပြီး သူ(မ)၏သူငယ်ချင်းအားလုံးကိုလည်း ဖိတ်ကြားခဲ့သည်။ လူတို့၏ အရိပ်များနှင့် အဝတ်အစားအနံ့တို့ဖြင့် နေရာတစ်ခုလုံးတွင်ပြည့်နှက်နေပြီး ဖန်ခွက်ချင်းတိုက်သည့်အသံတို့ကိုလည်း ကြားနေရသည်။ ခန်းမတစ်ခုလုံးတွင် မီးဆိုင်းကြီးများနှင့် မီးရောင်တို့လင်းထိန်နေသည်။ စားပွဲပေါ်တွင်တင်ထားသော မုန့်တို့ပင် လက်ရာမြောက်နေတော့သည်။ လူတို့မှာ တစ်ယောက်ပြီးတစ်ယောက်စကားလာပြောနေကြပြီး ချန်ချူကလည်း သူ(မ)အစ်ကို၏လက်ကိုတွဲကာ ယဥ်ကျေးစွာပြုံးပြနေသည်။
လထွက်လာသည့်အချိန်သို့ရောက်သောအခါ ထိုခမ်းနားကြီးကျယ်သည့်ပွဲကြီး ပြီးဆုံးချိန်နီးလာခဲ့သည်။ ညကလည်း တဖြည်းဖြည်းတိတ်ဆိတ်လာ၏။ ဟိုတယ်ဝင်ပေါက်တွင် မီးအလင်းရောင်ရှိနေသေးသော်လည်း လူရိပ်တို့ကိုခပ်ရေးရေးသာမြင်ရတော့သည်။
ချန်ချူ နှလုံးခုန်မြန်လာ၏။ ကားထဲတွင် ညလေအေးတို့တိုက်ခတ်နေသည်။
“ကားရပ်လိုက်။”
ချန်ချူက လျင်မြန်စွာကားရပ်ခိုင်းလိုက်သဖြင့် ဒရိုင်ဘာကလည်း အရှိန်လျှော့ကာ လမ်းဘေးချ၍ကားရပ်ပေးလိုက်သည်။
“ဘာဖြစ်လို့လဲ။” ဖုရုန်းကမေးလေသည်။ ချန်ချူက အရောင်လက်နေသောမျက်လုံးများဖြင့်
“သမီး ဟိုတယ်မှာ ကျန်ခဲ့တာလေးရှိလို့။”
ဖုရုန်းကလည်း အာရုံသိပ်မစိုက်လိုက်ဘဲ
“ဒါဆိုလည်း ဟိုတယ်ကိုဖုန်းဆက်ပြီး မနက်ဖြန်ပို့ပေးလိုက်လို့ ပြောလိုက်လေ။”
ချန်ချူ လှည့်ကြည့်လိုက်၏။ မှောင်နေသောထောင့်တစ်နေရာတွင် ပိန်ပါးသောလူတစ်ယောက်ရှိနေသည်။ လေအေးများက အဝတ်အစားများကိုလွင့်နေအောင်တိုက်ခတ်နေသောကြောင့် ထိုကောင်လေးက အနည်းငယ်တုန်နေလေသည်။
ချန်ချူက
“မရဘူး။ အရေးကြီးတဲ့ပစ္စည်းကျန်ခဲ့တာ။ သူတို့ရှာမတွေ့မှာလည်းစိုးတယ်။”
ဖုရုန်းက အေးအေးဆေးဆေးသာလက်ကိုဝှေ့ယမ်းပြလိုက်ပြီး
“ဒါဆိုလည်းသွားရှာလေ။ အမေတို့ဒီကနေစောင့်မယ်။”
“မစောင့်ပါနဲ့ ရတယ်။ အမေတို့အရင်ပြန်နှင့်လိုက်။ သမီး ကိုယ့်ဘာသာကိုယ် တက်စီရှာလိုက်မယ်။”
ချန်ချူက လျင်မြန်စွာတားလိုက်၏။ အချိန်အနည်းငယ်ကြာ စကားပြောကြပြီးနောက် ဖုရုန်းကလည်းသဘောတူလိုက်သည်။ ချန်ချူကားပေါ်ကဆင်းလိုက်သည်နှင့် လေအေးနှင့်ထိတွေ့မိတော့သည်။ ထိုလေမှာအလွန်အေးသောကြောင့် အင်္ကျီလက်ပြတ်ဝတ်ထားသည့်ချန်ချူက အလွန်တုန်ယင်သွားလေသည်။ သူ(မ) စကတ်ကိုမ,၍ကိုင်ထားပြီး ဒေါက်ဖိနပ်ဖြင့် ဟိုတယ်ထောင့်နားသို့ပြေးသွားလိုက်သည်။
“ကုမြောင်။”
ကြည်လင်နေသောသူ(မ)အသံက ညတွင်ပဲ့တင်ထပ်သွားသည်။ အလင်းရောင်မှိန်နေသည့်ထောင့်နေရာလေးတွင် ကုမြောင် ရုတ်တရက် မှင်တက်မိသွား၏။ ထို့နောက် တစ်ဖက်လှည့်ကြည့်လိုက်သည်။ လရောင်မှာ ညင်သာစွာဖြာကျနေပြီး သူချစ်သောမိန်းကလေးက စကတ်ကိုမ,၍ သူ့ဆီသို့ပြေးလာနေသည်။ ကြက်သွေးရောင်စကတ်က လေနှင့်အတူယိမ်းနေပုံမှာ နွေဦးနံနက်ခင်းမှပန်းပွင့်လေးများကဲ့သို့ပင်။ သူ(မ)ထံမှ မွှေးပျံ့သောအနံ့တစ်ခုလည်းရလိုက်ပြီး ည၏အအေးဓာတ်နှင့်ပေါင်းစပ်သွားကာ ကုမြောင်နှလုံးသားတစ်ခုလုံး လှုပ်ခါသွားရတော့လေသည်။
“နင်ငါ့ကို Happy Birthday ဆုတောင်းပေးဖို့လာတာလား။”
ချန်ချူမော့ကြည့်လိုက်သောအခါ သူ(မ)မျက်လုံးများထဲတွင် ကြယ်ရောင်လေးများကဲ့သို့လက်နေသည်ကိုတွေ့လိုက်ရသည်။ ကုမြောင် သူ(မ)ကိုငုံ့ကြည့်လိုက်၏။ သူ့မျက်လုံးများက နူးညံ့ဖြူဖွေးနေသော ချန်ချူ့လည်ပင်းနှင့် ပခုံးကို မထင်မှတ်ဘဲအာရုံစိုက်မိသွားပြီးနောက် လျှပ်စစ်ဓာတ်စီးကူးသွားသကဲ့သို့ ရုတ်တရက်ခံစားလိုက်ရလေသည်။ စိတ်ခံစားချက်များ မြင့်တက်လာသောကြောင့် ကုမြောင် တံတွေးမျိုချလိုက်သည်။
“အင်း။”
ကုမြောင်က နှုတ်ခမ်းကိုစေ့ကာ ညင်သာသောအသံဖြင့်
“Happy Birthday ပါ ချန်ချူ။”
ချန်ချူ့မျက်လုံးများမှအပြုံးတို့က နှုတ်ခမ်းဆီသို့ကူးစက်သွားတော့သည်။
“ကျေးဇူးပါ။”
“ဒါပေမဲ့။”
ချန်ချူ စကားဆက်မပြောခင် ခဏရပ်လိုက်ပြီးမှ
“နင်ငါ့ကို ချူချူလို့ခေါ်ပါလား။”
ယနေ့ညတွင် လကိုမြင်ရ၏။ ကုမြောင်၏နှလုံးသားမှာလည်း နှလုံးခုန်သံတို့က ရပ်တန့်လုမတတ်ပင်။ “ချူချူ”ဟူသော စကားလုံးနှစ်လုံးက မီးတောက်တို့ကိုသယ်ဆောင်လာသကဲ့သို့ သူ့နှလုံးသားထဲတွင်လောင်ကျွမ်းနေတော့သည်။ ချန်ချူက မျက်ခုံးပင့်လိုက်၏။ အနီရောင်ဂါဝန်က သူ(မ)မျက်လုံးနှင့် တောက်ပသောအပြုံးတို့ကို အကူအညီပြုနေသလိုပင်။
“နာမည်ပြောင်းခေါ်ပြီး နောက်တစ်ခေါက်ထပ်ပြောကြည့်ပါဦး။”
ကုမြောင်စိတ်ထဲတွင် ခံစားချက်များလောင်ကျွမ်းနေရင်း နှုတ်ခမ်းကိုလှုပ်ရှားလိုက်သည်။ ကောင်းကင်မှကြယ်များကလည်း မှိတ်တုတ်မှိတ်တုတ်နှင့်။ ကုမြောင်အသံကိုလည်း တိုးတိုးလေးသာကြားရသည်။
“ Happy Birthday ပါ ချူချူ။”
ဟိုတယ်မှအလင်းရောင်တို့က ထိုထောင့်လေးကို အလင်းပြပေးနေသည်။
“လက်ဆောင်ပါလာလား။”
ချန်ချူက မျှော်လင့်ချက်များပြည့်နှက်နေသည့်မျက်လုံးများဖြင့် မေးလိုက်သည်။ ကုမြောင်၏အိတ်ထဲတွင် စျေးမကြီးသည့်နာရီတစ်လုံးသာရှိနေ၏။
ကုမြောင်က သူ့မျက်လုံးထဲမှ ရှက်ရွံ့စိတ်တို့ကို ဖုံးကွယ်ထားလိုက်ပြီး
“ဆောရီးပါချူချူ။ ငါ…”
“ဘာမှမဖြစ်ပါဘူး။”
ချန်ချူက သူ့စကားကိုဖြတ်ပြောလိုက်၏။ ကုမြောင်၏အကျပ်အတည်းကို သူ(မ)နားလည်လေသည်။ လက်ဆောင်ဝယ်ပေးရန်မဆိုထားနှင့် ဖုန်းကိုပင် second-hand သာ တတ်နိုင်သည့်အခြေအနေဖြစ်နေခြင်းပင်။
ဟိုတယ်နံဘေးတွင်ရှိသောသစ်ပင်များက ညလေပြည်ကြောင့်ယိမ်းနေကြ၏။ ကုမြောင်၏လက်ထိပ်တို့တောင့်တင်းနေကာ နှုတ်ခမ်းကလည်းဖျော့တော့နေသည်။ မည်သည့်အခါကမျှ ထိုသို့သော ငွေကြေးအဆင်မပြေမှုမျိုး မကြုံခဲ့ဖူးပေ။ လေအေးကတိုက်ခတ်နေပြီး ချန်ချူကလည်းကြည့်နေသဖြင့် သူ့နှလုံးသားတို့ တုန်ယင်သွားရသည်။ သူ့သွေးကြောများတွင်စီးဆင်းနေသော သွေးပူတို့က တဖြည်းဖြည်းအေးလာ၏။ သူ မျက်လွှာချလိုက်ပြီး လက်သီးကိုတင်းကျပ်စွာဆုပ်ထားတော့သည်။ တစ်ခဏကြာသော် သူ့လက်ထဲမှအေးစက်နေသောအရိုးများထဲတွင် နွေးထွေးမှုလေးတစ်ခုပျံ့နှံ့သွားသည်။ ချန်ချူက ခေါင်းငုံ့ကာ ကုမြောင်၏လက်ချောင်းများကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ခြင်းပင်။
“ဘာမှမဖြစ်ဘူး။ နင် ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေစရာလည်းမလိုဘူးနော်။”
ကုမြောင် ဖြည်းဖြည်းချင်းခေါင်းပြန်မော့လိုက်၏။ ချန်ချူ့မျက်လုံးများထဲတွင် စိတ်ရှည်နားလည်ခြင်း၏ နူးညံ့သောအလင်းရောင်လေးတစ်ခုစီးဆင်းနေသည်။ ပြင်းထန်လာသော သဘောကျမှုတို့က ကုမြောင်နှလုံးသားသို့ ပျံ့နှံ့သွားတော့သည်။
ညအမှောင်ထဲတွင် ချန်ချူက
“တကယ်တော့ နင်ငါ့ကိုပေးလို့ရတဲ့လက်ဆောင်တစ်ခုတော့ နင့်ဆီမှာရှိပါသေးတယ်။”
ကုမြောင်က အနည်းငယ်တွေဝေစွာဖြင့် “ဘာကြီးလဲ။”
ချန်ချူက သူ့ဘက်သို့မှီလိုက်ပြီး ရှက်ကြောက်မှုအနည်းငယ်ပါဝင်နေသောအသံလေးဖြင့်
“ငါ့ကိုနမ်းလေ။”
ကုမြောင်မျက်လုံးများ ရုတ်တရက်ဝိုင်းစက်သွားပြီး
“ဘ-ဘယ်လို။”
“ငါ့ရဲ့ (၁၈)နှစ်ပြည့်မွေးနေ့မှာ နင့်ဆီက အနမ်းတစ်ပွင့်လက်ဆောင်ပေးပေါ့။”
ချန်ချူ့အသံထဲတွင် ရှက်ရွံ့မှုတို့ပါဝင်နေ၏။
“ပေးမှာလား။”
သူ့နှလုံးသားထဲတွင် တစ်စုံတစ်ခုပေါက်ကွဲသွားသကဲ့သို့ပင်။ ရင်ခုန်သံများကြားမှ စကားသံထွက်လာရန် မည်မျှအချိန်ကြာလိုက်သည်ကို ကုမြောင်မသိလိုက်ချေ။
“ကောင်းပြီ။”
အဝေးမှ ကားတစ်စီးမောင်းနှင်လာ၏။ ကားရှေ့မီးများက ပန်းပင်တို့ကိုဖြတ်ကျော်ကာ အလင်းရောင်နည်းနေသောထောင့်တစ်နေရာကို အလင်းပေးနေသည်။
ကုမြောင်မျက်နှာတစ်ခုလုံးနီရဲသွားပြီး အသက်ကိုဖြည်းဖြည်းရှူကာ ချန်ချူ့နှုတ်ခမ်းများကို ဖိနမ်းလိုက်တော့သည်။
ကားက ဖြည်းဖြည်းချင်းပြန်ထွက်သွားတာကြောင့် ထိုထောင့်နေရာလေးမှာ ပြန်မှောင်သွားတော့သည်။ ချန်ချူက စကတ်မ,ထားသောလက်ကို လွှတ်လိုက်ပြီး ကုမြောင်လည်ပင်းကို တိတ်တဆိတ်လှမ်းဖက်လိုက်သည်။ သူ(မ)၏ (၁၈)နှစ်ပြည့်မွေးနေ့တွင် သူ(မ)သဘောကျသည့်လက်ဆောင်ဖြစ်သော “အနမ်းတစ်ပွင့်” ကို ရခဲ့လေတော့သည်။
*****
Aurora Novel Translation Team