Chapter 48
Haishi ၏နွေရာသီမှာ လွန်စွာပူပြင်းလှသည်။ ပူပြင်းသောနေရောင်ကြောင့် သစ်ပင်ပေါ်မှသစ်ရွက်များမှာ တွန့်လိမ်နေကြပြီး ပုစဥ်းရင်ကွဲများကလည်း အော်မြည်နေကြသည်။ ယခင်က တက်ကြွနေလေ့ရှိသောခွေးတစ်ကောင်ပင် အပြင်ထွက်ချင်စိတ်မရှိဘဲ တစ်နေကုန်လျှာထုတ်ကာ Air con ရှေ့တွင် လှဲလျောင်းနေတော့လေသည်။
စာမေးပွဲရလဒ်များကို သိရသည့်နေ့တွင် ချန်ချူတစ်ယောက် ရလဒ်ကိုသိနှင့်ပြီးသားဖြစ်နေသကဲ့သို့ တည်ငြိမ်အေးဆေးနေခဲ့သည်။ ရလဒ်မထွက်ခင် ရက်အနည်းငယ်ခန့်က ကုမြောင်မှာ Haishi တက္ကသိုလ် ဝင်ခွင့်အဖွဲ့ထံမှ ဖုန်းတစ်ကောလက်ခံရရှိခဲ့၏။ ၎င်းမှာ မြို့ထဲတွင်ရှိသော ထိပ်တန်းကျောင်းသားအချို့အတွက်သာရနိုင်သည့် အထူးအခွင့်အရေးမျိုးပင်။ Haishi No.1 High School မှ သတင်းကောင်းများကြားရသဖြင့် ထိုနွေရာသီတွင် လူအများဝမ်းသာမျက်ရည်ကျခဲ့ရလေသည်။
လင်းချီဖိန်တို့မိသားစုက ပြောင်းရွှေ့ရန်ပြင်ဆင်နေကြသော်လည်း လင်းချီဖိန်က မပြောင်းရွှေ့ချင်ပေ။ ၎င်းမှာ ကျိမင်ယွဲ့ကြောင့်ဟု ချန်ချူထင်မိလေသည်။
“ချီဖိန်တော့ ဘာဖြစ်တာလဲမသိဘူး။ သူ့မိဘတွေက နိုင်ငံခြားသွားဖို့ခေါ်တာကို မလိုက်ဘူးတဲ့။ အဲ့ကိစ္စကို စကားများနေကြတာ အတော်ကြာနေပြီ။”
ဖုရုန်းကပြောလေသည်။ ထိုအခါ ချန်ချူက နှုတ်ခမ်းကိုစေ့၍
“သူ့မိဘတွေကရော လက်ခံပေးလိုက်ပြီလား။”
ဖုရုန်းက ပင်ပန်းနေသည့်ခွေးကိုကြည့်ကာ Air con ကို ထပ်လျှော့လိုက်သည်။
“သူတို့ကတော့ လက်ခံလောက်မှာ။ ကလေးရဲ့အဆင့်တွေကလည်းကောင်းတော့ တရုတ်မှာရှိတဲ့ တက္ကသိုလ်ကောင်းကောင်းကို တက်နိုင်မှာပဲလေ။”
စူးရှနေသောနေရောင်မှာ ပြတင်းပေါက်မှတတဆင့် ဧည့်ခန်းထဲသို့ထိုးဖောက်ဝင်ရောက်လာည်။ ချန်ချူ ဆိုဖာပေါ်တွင်လှဲလျောင်းလိုက်ပြီး သက်ပြင်းချလိုက်မိသည်။ မကြာသေးမီက အနောက်တိုင်းစားသောက်ဆိုင်တစ်ခုတွင် ကုမြောင်အလုပ်ရခဲ့၏။ ထိုစားသောက်ဆိုင်ကလည်း နာမည်ကြီး Food blogger များ၏ကျေးဇူးကြောင့် အောင်မြင်မှုကိုရရှိလာခဲ့လေသည်။ တစ်နေ့တစ်နေ့ ကုမြောင်၏ ပင်ပန်းနေသောအသံကို ဖုန်းထဲမှကြားနေရသည်မှာ ချန်ချူစိတ်မကောင်းဖြစ်ရပေသည်။
ဖုရုန်းက စကားဆက်ပြောချင်သေးသော်လည်း ချန်ချူမှာ မျက်နှာကြက်ကိုသာငေးကြည့်နေပြီး ဘာစကားကိုမျှ ကြားသည့်ပုံမပေါ်တော့ချေ။ သူ(မ)အိတ်ကပ်ထဲမှ ဖုန်းသံတုန်ခါလာသောအခါ ချန်ချူကပြုံး၍ ဖုန်းဖြေလိုက်လေသည်။
“အိုကေ အိုကေ။ ကျေးဇူး။”
ချန်ချူ ဖုန်းကိုမြန်မြန်ချလိုက်ပြီး ဖိနပ်စီးကာ တံခါးဆီသို့ပြေးသွားတော့သည်။
“ဘယ်သွားမလို့လဲ ချူချူ။” ဖုရုန်းက အနောက်မှလှမ်းအော်၍မေးလိုက်ခြင်းပင်။
ချန်ချူက ဖိနပ်စီးကာ နောက်ပြန်လှည့်ကြည့်လိုက်ပြီး
“သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားဖို့ပြောထားလို့အမေ။ တာ့တာ။”
တံခါးမှာ အသံမြည်၍ ပိတ်သွားတော့သည်။ ဖုရုန်းက သက်ပြင်းချ၍သာ ကျန်ခဲ့တော့လေသည်။
“ဪ ဒီကလေးနဲ့တော့။”
~
“Thai Pear” ဟူသော အနောက်တိုင်းစားသောက်ဆိုင်ကို မြို့ထဲတွင်ဖွင့်လှစ်ခဲ့သည်မှာ တစ်နှစ်ပင်မကြာသေးသော်လည်း စီးပွားရေးက အလွန်ကောင်းလာခဲ့သည်။ စားသောက်ဆိုင်မှ အစားအသောက်များ စားကောင်းရုံမက ဦးဆောင်သူများကလည်း စျေးကွက်ကိုနားလည်ကြလေသည်။ ဟင်းလျာများအားလုံးကို အကန့်အသတ်နှင့်သာချက်ပြုတ်ပြီး customer များက နေရာရနိုင်ရန် တစ်ပတ်ကြို၍ reservation လုပ်ထားရလေသည်။
ကုမြောင်က customer တစ်ယောက် ဖိတ်သွားသည့် ဖျော်ရည်ကို ရှင်းလင်းပြီးသည့်အချိန်တွင်
“ဟေးဖက်တီး။ ဟိုမှာကြည့်။ မိန်းမလှလေးတစ်ယောက် ထောင့်နားမှာထိုင်နေတယ်။”
“ငါလည်းတွေ့တယ်။ ဆံပင်ရှည်ရှည် ကောက်ကောက်လေးနဲ့တစ်ယောက်မလား။ ခုနတုန်းက သူ(မ)ကိုရေသွားငှဲ့ပေးတာ သူ(မ)ငါ့ကိုပြုံးပြလိုက်တာများ အသည်းနှလုံးတွေ အရည်ပျော်သွားတာပဲ။”
“အမယ်လေး။ ခဏနေဦး။ အော်ဒါကောက်ရမှာက ငါ့အလုပ်။ မင်း ငါ့နဲ့လာမပြိုင်နဲ့။”
ဆိုင်မန်နေဂျာက လျှောက်လာပြီး အေးစက်သောအကြည့်ဖြင့်ကြည့်ကာ
“အလုပ်ချိန်မှာ စကားမပြောကြနဲ့။”
စကားနားထောင်သောဝန်ထမ်းနှစ်ယောက်က ချက်ချင်း ပါးစပ်ပိတ်သွားကြသည်။ မန်နေဂျာထွက်သွားမှသာ သူတို့ သက်ပြင်းချလိုက်တော့၏။ သူတို့ထဲမှတစ်ယောက်က ကုမြောင်ကိုလက်တို့၍
“မင်းရော မသိချင်ဘူးလား။”
ကုမြောင်က စကားမပြောဘဲ ခေါင်းရမ်းပြလိုက်သည်။
‘ချူချူထက်ပိုပြီး ဘယ်သူမှမလှပါဘူး။’
စားသောက်ဆိုင်မျက်နှာကြက်ပေါ်မှ မီးဆိုင်းကြီးတွင် အလင်းများဖြာနေပြီး တင့်တယ်နေသောပုံရိပ်တစ်ခုကို ဖန်တီးပေးနေသည်။ ရုတ်တရက် သူတို့ဘေးမှတစ်ယောက်က ပင့်သက်ရှိုက်လိုက်ပြီး
“အိုး။ သူ(မ)က ထောင့်နားကနေ ငါတို့ကိုလက်ပြနေတယ်ကွ။ ဟေ့ကောင်တွေ ဟေ့ကောင်တွေ။ ငါသွားပြီ။”
ကုမြောင်မော့ကြည့်လိုက်သောအခါ အပြုံးတစ်ပွင့်နှင့်အတူ သူ့ကိုလက်ပြနေသောမိန်းကလေးကို တွေ့လိုက်ရသည်။ ကုမြောင် လက်ထိပ်များ အေးခဲသွားကုန်၏။ နေရောင်က အနည်းငယ်တောက်ပနေပြီး သူ(မ)က ပင်ကိုဆံပင်အဖျောင့်တို့ကို လှိုင်းများအဖြစ်ကောက်ထားလေရာ ဖြူဖွေးနေသောမျက်နှာလေး ပို၍လှပနေတော့သည်။ သူ့ဘေးမှလူတို့က ဖရိုဖရဲဖြစ်နေကြသည်နှင့် ကုမြောင်က ချက်ချင်းသူတို့ကိုတားလိုက်ပြီး
“ငါသူ(မ)ဆီသွားလိုက်မယ်။”
“ဘာလဲ။ မင်းအဲ့လိုလုပ်လို့မရဘူးလေ။”
ကုမြောင်သွားလိုက်သောအခါ သူ့ဘေးမှလူက အံ့အားသင့်သွားလေသည်။
အနောက်တိုင်းစားသောက်ဆိုင်၏ အလယ်တွင် Piano တစ်လုံးရှိနေပြီး ဂီတသံစဥ်များ လှပစွာထွက်လာနေသည်။ မိန်းကလေး၏ မက်မွန်ပွင့်ပုံသဏ္ဍာန်မျက်လုံးများနှင့်ရင်ဆိုင်လိုက်သောအခါ ကုမြောင်နားရွက်များ နီရဲသွားတော့သည်။
“ဘာလို့ဒီကိုရောက်လာတာလဲ။”
ကုမြောင်အသံထဲတွင် ပျော်ရွှင်မှုတို့ပါဝင်နေ၏။ ချန်ချူက ခေါင်းမော့ကြည့်လိုက်သည့်အခါ မီးဆိုင်းထံမှအလင်းတို့က တောက်ပနေသည့်မျက်လုံးထဲတွင် အလင်းပြန်လာတော့သည်။
“နင့်ကိုလွမ်းလို့ပေါ့။”
ချန်ချူက တည့်တိုးသာပြောချလိုက်သော်လည်း သူ(မ)မျက်လုံးများထဲတွင် ရှက်နေသည့်အရိပ်အယောင်တို့ကို တွေ့ရသည်။ စိတ်လှုပ်ရှားသဖြင့် ကုမြောင်နားရွက်များလည်း နီရဲသွား၏။ သို့သော်သူက လည်ချောင်းရှင်းကာ တည်ငြိမ်မှုကိုဆက်လက်ထိန်းထားလိုက်သည်။
“ဘာစားမလဲ။”
“မသိဘူး။ နင်တစ်ခုခု recommend လုပ်ပေးလေ။”
ချန်ချူ့မျက်လုံးများမှာ ကြည်လင်နေပြီး လခြမ်းကွေးပုံစံဖြစ်သွားသည်။ ဘောပင်ကိုင်ထားသော ကုမြောင်က လက်တုန်နေပြီး စကားလည်းထစ်နေပြန်လေသည်။
“ဒီ-ဒီမှာ Wellington Steak ကတော့ နာမည်ကြီးတယ်။”
“အိုကေ။ အဲ့ဒါစားလိုက်မယ်။ ပြီးတော့ ဖရုံသီးပူတင်းရောမှာပေး။”
“အိုကေ။”
ကုမြောင်လက်များ ထုံကျင်နေသကဲ့သို့ ရေးလိုက်သည့်စာကလည်း တွန့်လိမ်နေတော့သည်။ ဘေးစားပွဲထံမှ steak ပေါ်တွင်ဖြူးထားသည့် ငရုတ်ကောင်းမဲအနံ့က မွှေးကြိုင်နေသည်။ ချန်ချူက ကုမြောင်ကို အနားတိုးကပ်ရန် လက်ဟန်ပြလိုက်၏။ ကုမြောင်ကလည်း သူ(မ)အနားသို့ ကပ်သွားလိုက်သည်။
“ငါ့ဆံပင်ပုံစံအသစ်လေ။ နင်ကြိုက်ရဲ့လား။”
ချန်ချူ့အသက်ရှူသံက ကုမြောင်နားအနီးတွင် ညင်သာစွာဖြတ်သန်းသွားသဖြင့် နားတစ်ခုလုံးပေါက်ကွဲလုမတတ် ကုမြောင်ခံစားလိုက်ရလေသည်။ သူက ခေါင်းပြန်ထောင်လိုက်ပြီး တံတွေးမျိုချကာ
“ကြည့်ကောင်းပါတယ်။”
‘တကယ်တော့ ဒီဆံပင်လေးနဲ့ အရမ်းကိုလှနေတာ။’
ချန်ချူ့မျက်နှာပေါ်တွင် ပြုံးရိပ်သန်းလာပြီး စကားပြောသည့်အသံတွင်လည်း ပျော်ရွှင်မှုတို့ပါဝင်နေသည်။
“နင်ကကြည့်ကောင်းတယ်ထင်ရင် ကြည့်ကောင်းလို့ပဲနေမှာ။ ငါ့အမေကတော့ ငါ့ကို ဆံပင်အကောက်နဲ့မလိုက်ဘူးဆိုပြီး အမြဲ ဖြောင့်ပဲဖြောင့်ထားစေချင်တာလေ။”
နေဝင်သွားသည့်အခါ ချန်ချူ့ဆံပင်အရောင်က အနည်းငယ် ညိုမှိန်မှိန်ဖြစ်သွား၏။ ရုတ်တရက် ကုမြောင် ဒုတိယနှစ်တုန်းက မနက်ခင်းတစ်ခုကို ပြန်သတိရသွားခဲ့သည်။ ထိုနေ့က ကုမြောင် သူ(မ)အနောက်တွင်ထိုင်၍ သူ(မ)ဆီမှကျွတ်ကျသွားသောဆံပင်လေးတစ်မျှင်ကို သေသေချာချာသိမ်းယူ၍ ဖွက်ထားခဲ့သည်။ ထိုနှစ်များတွင် ကုမြောင်က အရိပ်တစ်ခုကဲ့သို့သာ မသိမသာနေနေခဲ့ပြီး သူ့ခံစားချက်များကို တိတ်တဆိတ်ဖုံးကွယ်ထားခဲ့သည်။ သူ(မ)နှင့် စကားအနည်းငယ်ပြောရလျှင်ပင် တစ်နေ့တာလုံး ကျေနပ်နေခဲ့သည်။ သို့သော် ယခုတွင်မူ သူ(မ)က သူ့ရှေ့တွင်ထိုင်ကာ သူနှင့်အတူစကားပြော၍ ရယ်မောနေလေပြီ။ သူ့နှလုံးသားထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။ နှလုံးသား၏ နက်ရှိုင်းသောနေရာမှဖြစ်ပေါ်လာသော ကျေနပ်သဘောကျမှုမျိုးပင်။
ညနေခင်းလေပြည် တိုက်ခတ်လာသောအခါ ချန်ချူ့ဆံပင်တို့လွင့်သွားပြီး ပါးပြင်ပေါ်တွင် ကပ်ကုန်ကြသည်။ ကုမြောင်က ငုံ့ကြည့်လိုက်ပြီး လက်များတုန်ယင်နေ၏။ နောက်ဆုံးတွင် သူ(မ)ပါးပေါ်မှဆံပင်တို့ကို ခပ်ဖွဖွ ဖယ်ရှားပေးလိုက်လေသည်။ ထို့နောက် သူ(မ)ဆံပင်တို့ကို နားရွက်အနောက်တွင် သပ်သပ်ရပ်ရပ် သပ်တင်ပေးလိုက်သည်။ သူတို့နှစ်ယောက် မျက်လုံးချင်းဆုံကြသောအခါ ကုမြောင်က ရှက်သွားပြန်တော့သသည်။
“ငါ-ငါ အလုပ်သွားလုပ်လိုက်ဦးမယ်။”
ထိုသို့ပြောပြီးနောက် ကုမြောင်ထွက်သွားတော့သည်။ သူ့နောက်ကျောကိုကြည့်ကာ ချန်ချူက ပါးစပ်ကိုဖုံး၍ ရယ်ချင်စိတ်ကိုထိန်းထားလေသည်။
ညက တိတ်ဆိတ်လာ၏။ စားသောက်ဆိုင်မှဟင်းလျာများမှာလည်း ဂုဏ်သတင်းကျော်ဇောသည့်အတိုင်း အမှန်တကယ်စားကောင်းသဖြင့် အနောက်တိုင်းအစားအစာကိုစားလေ့မရှိသောချန်ချူပင် သဘောကျနှစ်သက်စွာ သုံးဆောင်ခဲ့သည်။ ထောင့်နားတွင် သစ်သီးချိုချဥ်များစွာရှိသဖြင့် ချန်ချူက တစ်လုံးကောက်ယူလိုက်ပြီး
“ဘယ်လောက်ကျလဲ။”
စားပွဲထိုးက Bill ကို စစ်ဆေးပေးလိုက်ပြီးနောက်
“တစ်ယောက်ယောက်က ဒီဝိုင်းအတွက် ရှင်းထားပြီးသွားပါပြီ။”
ချန်ချူ အနည်းငယ်တွေဝေသွားသော်လည်း ကုမြောင်ရှင်းပေးလိုက်ခြင်းဖြစ်ကြောင်း နောက်မှသဘောပေါက်လိုက်သည်။ စားပွဲပေါ်မှ စျေးနှုန်းမရေးထားသည့် ဖြတ်ပိုင်းလေးကို သူ(မ) ငုံ့ကြည့်လိုက်ပြီး
“ဒါနဲ့လေ။ စိတ်မရှိပါနဲ့နော်။ ဒါဘယ်လောက်ကျလဲဆိုတာ ကျွန်မသိချင်လို့ပါ။”
သူ(မ)က ခေါင်းမာစွာဖြင့်မေးလိုက်သောအခါ cashier က ပြန်စစ်ကြည့်ပေးလိုက်ပြီး
“(၃၂၀)ပါ။”
‘သုံးရာနဲ့ နှစ်ဆယ်။’
အနောက်တိုင်းစားသောက်ဆိုင်တွင်အလုပ်လုပ်ပါက တစ်နာရီလျှင် ယွမ်(၂၀)ကျော်သာရလေရာ (၃၂၀)ဟူသောပမာဏမှာ ကုမြောင်၏ တစ်ပတ်စာလုပ်အားခလောက် ရှိနေလေသည်။ ချန်ချူက နှုတ်ခမ်းကိုစေ့လိုက်ပြီး
“ဒီလိုလုပ်ပါလား။ ကျွန်မ ပိုက်ဆံရှင်းလိုက်ပါ့မယ်။ ဒီပိုက်ဆံကို ရှင်းပေးတဲ့လူကိုပြန်ပေးပေးပါ။”
Cashier က တုံ့ဆိုင်းလျက်
“အဲ။ ဒါကတော့ လုပ်ပေးလို့မရပါဘူး။”
ချန်ချူ အနည်းငယ်စိတ်ပျက်သွား၏။ ကုမြောင်ကို တိုက်ရိုက်ပိုက်ဆံပြန်ပေးပါက ပြန်ယူလိမ့်မည်မဟုတ်ပေ။ သို့သော် cashier ကိုလည်း အခက်တွေ့အောင်လုပ်၍မဖြစ်ချေ။ ထို့ကြောင့် သူ(မ)က ခေါင်းငိုက်စိုက်ကျသွားတော့သည်။
“ဒါဆိုလည်း ကျေးဇူးပါနော်။”
စားသောက်ဆိုင်ထဲတွင် သာယာသောသီချင်းသံများဖြင့်ပြည့်နှက်နေ၏။ ချန်ချူ နေရာတိုင်းတွင် ကုမြောင်ကိုရှာဖွေခဲ့သော်လည်း ရှာမတွေ့ပေ။ စိတ်ညစ်ညစ်နှင့် သူ(မ) တံခါးထံသို့သာ လျှောက်သွားလိုက်တော့သည်။
*
ကောင်းကင်တွင် လမင်းက ခပ်မြင့်မြင့်နေရာယူထား၏။ စားသောက်ဆိုင်က (၉)နာရီတွင်ပိတ်ပြီး (၉)နာရီနောက်ပိုင်းမှာ စာရင်းတွက်ရသည့်အချိန်ဖြစ်သည်။ ဖက်တီးနှင့် ကုမြောင်၏ဆက်ဆံရေးမှာ အဆင်ပြေလေ့ရှိသော်လည်း ယနေ့တွင်တော့ ကုမြောင်ကို သူစိတ်ထင့်နေလေသည်။
“မင်းဘာဖြစ်နေတာလဲ။ မင်း ဘယ်လိုလုပ်သွားတာလဲ။”
ဖက်တီးက လက်ထဲတွင်အဝတ်စကိုကိုင်ကာ စားပွဲသုတ်နေရင်း အဆက်မပြတ် complain တက်နေတော့သည်။ ကုမြောင်က ခေါင်းငိုက်စိုက်ဖြင့် ကြမ်းပြင်ကိုသုတ်နေပြီး စကားတစ်ခွန်းမျှမပြောချေ။
“ခုနကသာ သူ(မ)ရဲ့ order ကို ငါသွားယူလိုက်ရင် သူ(မ) WeChat ကိုမရနိုင်ရင်တောင် မိန်းမလှလေးနဲ့ စကားပြောလို့ရခဲ့မှာကွ။”
ဖက်တီးက စားပွဲတစ်လုံးကိုသုတ်ပြီး အခြားစားပွဲတစ်လုံးဆီသို့ သွားလိုက်သည်။
‘WeChat ဟုတ်လား။”
ကုမြောင် တစ်ခဏရပ်တန့်သွားပြီး မျက်လုံးများက ကြမ်းပြင်ကိုစိုက်ကြည့်ကာ စကားတစ်ခွန်းပြောလိုက်သည်။
“ငါ သူ(မ)ကိုသိတယ်။”
“ဘာ။ မင်း သူ(မ)ကိုသိတယ်ဟုတ်လား။ ဒါဆို ဘာလို့ စောစောထဲကမပြောတာလဲ။”
ဖက်တီးက အံ့အားသင့်သွားပြီး
“ဒါဆို မင်းဆီမှာ သူ(မ)ရဲ့ WeChat အကောင့်ရှိမှာပေါ့။ ငါ့ကိုပေးပါလား။”
သူ့နာမည်ကဖက်တီးဖြစ်နေသော်လည်း ထိုသူမှာ အတော်လေးရုပ်ချောသူဖြစ်သည်။ ဆိုင်ကိုလာရောက်စားသောက်ကြသော customer မိန်းကလေးအချို့ကပင် သူ့ WeChat အကောင့်ကို မေးလေ့ရှိကြလေသည်။
ဆိုင်ပိတ်ပြီဖြစ်သောကြောင့် စားသောက်ဆိုင်ထဲမှမီးတို့ မှိန်နေ၏။ ကုမြောင်က Mop ကိုကိုင်ကာ ဖက်တီးဆီသို့ လေးလေးပင်ပင်လျှောက်သွားသည်။
“မင်းဘာလုပ်နေတာလဲ။”
ကုမြောင်မော့ကြည့်လိုက်သောအခါ သူ့မျက်လုံးထဲတွင် အလင်းရောင်ကင်းမဲ့နေသည်။ ဖက်တီးက သူ့စိတ်ထဲမှအကြောင်းအရာတို့ကို ပြန်မျိုသိပ်လိုက်၏။ သို့သော် ထုတ်ပြောမိတော့မည့်အချိန်တွင် တစ်စုံတစ်ယောက်က ကြားဖြတ်ဝင်လာသည်။ ထိုသူက လျင်မြန်စွာပြေးဝင်လာပြီး သူတို့နှစ်ယောက်ကို ဘေးသို့ခေါ်သွားကာ စကားပြောလိုက်သည်။
“မင်းတို့သိလား။ ညနေကတွေ့တဲ့ ဆံပင်အကောက်နဲ့ မိန်းမလှလေးလေ။ waiting area က ထိုင်ခုံပေါ်မှာ ထိုင်စောင့်နေတယ်။
ဖက်တီးက သိချင်စိတ်ဖြစ်သွားပြီး
“သူ(မ)က အဲ့ဒီမှာ ဘာလုပ်နေတာလဲ။’
“ငါလည်း သိချင်နေတာပေါ့။ အဲ့ဒါနဲ့ ငါလည်းမေးလိုက်တော့ သူ့ကောင်လေးကိုစောင့်နေတာလို့ပြောတယ်။”
“ကောင်လေး ဟုတ်လား။”
ဖက်တီး၏အသံမှာ အံ့ဩလွန်း၍ တုန်ယင်သွားသည်။ ကုမြောင်မှာ ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းသွားပြီး မျက်လုံးကတည်း အာရုံမစိုက်နိုင်တော့ပေ။ သတင်းလာပေးသည့်လူက ဖက်တီးအား
“ငါတို့ဆိုင်ပိတ်ပြီဆိုတာကို ငါသူ(မ)ကိုပြောလိုက်ပါတယ်။ Customer တွေအားလုံးလည်း ပြန်ကုန်ကြပြီလို့။ အဲ့ဒါကို သူ(မ)ကဘာပြောလဲသိလား။”
“ဘာတဲ့လဲ။” ဖက်တီးက ပူပန်စွာဖြင့်မေးလိုက်လေသည်။
ထိုအခါ တစ်ဖက်လူက အသံကိုနှိမ့်လိုက်ပြီး “သူ(မ)ပြောတာ ကောင်လေးက ဒီမှာအလုပ်လုပ်တာတဲ့။”
ကြမ်းတိုက်တုတ်မှာ ကြမ်းပြင်ပေါ်သို့ကျယ်လောင်စွာပြုတ်ကျသွားသည်နှင့် ကုမြောင် ဆိုင်ထဲမှ ပြေးထွက်သွားလေတော့သည်။
“Holy shit”
ကုမြောင်ထွက်သွားသည်ကိုကြည့်ကာ ဖက်တီးက သူ့ကမ္ဘာတစ်ခုလုံးပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုအခါ သတင်းလာပေးသူက တံခါးပေါက်ဘက်ကိုကြည့်၍ ဖက်တီးဘက်ကိုပြန်ကြည့်လိုက်သည်။
“ငါထင်နေသလို မဟုတ်ဘူးမလား။”
ဖက်တီးက နှုတ်ခမ်းကိုတင်းတင်းစေ့ကာ သူ့ပခုံးကိုပုတ်၍ ယုံကြည်ချက်ရှိစွာဖြင့်
“ငါတို့ထင်တာ မှန်နေဖို့များတယ်။”
~
ယနေ့ညမှာ လှပနေ၏။ ကောင်းကင်တွင် လခြမ်းကွေးလေးရှိနေပြီး လမ်းတို့တွင် အေးစက်ကာ လူချေတိတ်ဆိတ်နေသည်။ ချန်ချူက တံခါးဘေးမှထိုင်ခုံတွင်ထိုင်စောင့်နေတုန်း သူ(မ)အနောက်တွင် လေတိုက်သွားသည်ကို ရုတ်တရက်ခံစားမိလိုက်သဖြင့် လှည့်ကြည့်လိုက်သည်။ ကုမြောင်က မီးရောင်မှိန်မှိန်အောက်တွင်ရပ်နေလေသည်။ အလုပ်ယူနီဖောင်းကိုဝတ်ထားဆဲဖြစ်ပြီး မျက်လုံးထဲတွင် ရှက်စိတ်အပြည့်နှင့် မောဟိုက်ကာ သူ(မ)ကို မျက်တောင်မခတ်ဘဲကြည့်နေခဲ့သည်။
“အလုပ်ဆင်းပြီလား။ ဘာလို့ အလုပ်ယူနီဖောင်းကို မလဲရသေးတာလဲ။”
ကုမြောင်ဘဝတွင် သူ(မ)စကားလုံးများကို ပထမဦးဆုံးအကြိမ်လျစ်လျူရှုဖူးခြင်းပင်။ ညရောင်အောက်တွင် သူ့မျက်ခုံးများ အနည်းငယ်တွန့်ကွေးနေခဲ့သည်။
“ဘာဖြစ်လို့လဲ။”
ချန်ချူကမေးလိုက်၏။ ညလေညင်းတို့ ညင်သာစွာတိုက်ခတ်နေပြီး ချန်ချူ့ခန္ဓာကိုယ်မှ မွှေးရနံ့သင်းသင်းလေးကိုလည်း ရှူရှိုက်မိနေသည်။ ကုမြောင် အလွန်ရင်ခုန်နေပြီး အစောပိုင်းက ချန်ချူပြောခဲ့သည့်စကားများကြောင့် စိတ်လှုပ်ရှားကာ မတည်မငြိမ်ဖြစ်နေသည်။ “ကောင်လေး”ဟူသောစကားလုံးမှာ မီးကိုအစပျိုးလိုက်သကဲ့သို့ ကုမြောင်တစ်ကိုယ်လုံးတွင် တောက်လောင်နေတော့သည်။
လမ်းမပေါ်မှသစ်ပင်တို့ ညလေကြောင့်ယိမ်းနေပြီး သစ်ရွက်အချို့ ကြွေကျလာသည်။ ကုမြောင်က ချန်ချူ့ရှေ့တွင်ရပ်နေပြီး နှလုံးသားထဲမှခံစားချက်များ လောင်ကျွမ်းနေခြင်းကြောင့် ခေါင်းမူးနေလေ၏။ ချန်ချူက တောက်ပနေသောမျက်လုံးများဖြင့် သူ့ကိုမော့ကြည့်လိုက်သည်။ ကုမြောင်ကလည်း သူ(မ)ကိုကြည့်၍ တံတွေးမျိုချလိုက်ပြီးမှ ခက်ခက်ခဲခဲ စကားစပြောတော့သည်။
“ခုနက သူတို့ပြောနေတာ နင်တစ်ယောက်ယောက်ကိုစောင့်နေတာဆို။”
ညလေက ကုမြောင်၏နှလုံးသားကို တုန်ယင်သွားစေသည်။ ကုမြောင် အသက်ကိုပြင်းပြင်းရှူကာ သက်ပြင်းချလိုက်ပြီး
“သူတို့ပြောတာ နင်က နင့်ကောင်လေးကိုစောင့်နေတာတဲ့။”
ချန်ချူက သူ့ကိုကြည့်ကာ ညင်သာစွာပြုံးပြလိုက်ပြီး
“ဟုတ်တယ်လေ။ မဟုတ်လို့လား။”
သူ့စိတ်ထဲတွင် မီးရှူးမီးပန်းများ ပေါက်ကွဲသွားတော့သည်။ ခန္ဓာကိုယ်ထဲမှသွေးများကလည်း အဆက်မပြတ် အရှိန်မြန်မြန်စီးဆင်းနေကြသည်ကို သူကြားနေရသည်။ ချန်ချူ သူ့ကိုကြည့်လိုက်သော် ထိုအခိုက်အတန့်တွင် အမြဲမှိန်နေတတ်သောသူ့မျက်လုံးများက ကြယ်များကဲ့သို့တောက်ပနေသည်ကို တွေ့လိုက်ရသည်။ ချန်ချူ့စိတ်ထဲတွင် တစ်မျိုးလေးခံစားလိုက်ရပြီး နှုတ်ခမ်းကိုစေ့ကာ ဝမ်းနည်းသွားသကဲ့သို့ ဟန်ဆောင်လျက်
“နင်က ဝန်မခံချင်ဘူးလား။’
ချန်ချူက နှာခေါင်းရှုံ့လိုက်ပြီး ဝမ်းနည်းနေသောအသံဖြင့်ဆက်ပြော၏။
“ငါတို့ နမ်းကြတယ်၊ ဖက်ကြတယ်လေ။ အဲ့ဒါတွေက ရည်းစားတွေလုပ်တဲ့အရာတွေပဲ မဟုတ်ဘူးလား။”
“အဲ့လိုမဟုတ်ပါဘူး။”
ကုမြောင်က ပျာယာခတ်သွားပြီး ခြေထောက်နှင့်လက်များကို ဘယ်နေရာတွင်ထားရမှန်းမသိဖြစ်နေလေသည်။
“အဲ့လိုမဟုတ်ပါဘူး။ ငါ မယုံနိုင်လို့ပါ။”
ကုမြောင် ခေါင်းငုံ့လိုက်သောအခါ သူ့မျက်တောင်များ အနည်းငယ်တုန်ယင်နေပြီး သူ့အသံကလည်း ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်မှုတို့ပါဝင်နေသည်။
“ငါ မယုံနိုင်သေးလို့ပါ။”
ကုမြောင်က တိုးတိုးလေးထပ်ပြောလိုက်၏။ ချန်ချူကဲ့သို့ကောင်မလေးက သူ့လိုလူကိုသဘောကျလိမ့်မည်ဟု သူ မယုံနိုင်သေးပေ။
“မယုံဘူးဆိုတာက ဘာသဘောလဲ။”
ချန်ချူက နှုတ်ခမ်းလေးထော်ကာ
“နင် ဝန်ခံချင်လား မခံချင်ဘူးလား။”
“ဝန်ခံချင်ပါတယ်။ တကယ်ပါ။”
ကုမြောင်က အလျင်စလိုပြောလိုက်၏။ ချန်ချူ ခေါင်းငုံ့လိုက်ပြီး နှုတ်ခမ်းထောင့်လေးအနည်းငယ်ကွေးသွားသော်လည်း ခပ်တည်တည်အသံဖြင့်
“နင့်ကောင်မလေးက ဒီမှာ အကြာကြီးစောင့်နေတာ။ နင်က အထဲမြန်မြန်ပြန်ဝင်ပြီး အလုပ်ကို ပြီးအောင်လုပ်ပြီး ကောင်မလေးကိုအဖော်လုပ်ပေးသင့်တယ်မလား။”
“အိုး။ ဟုတ်သားပဲ။”
ကုမြောင်မျက်နှာမှာ ပြုံးရွှင်နေ၏။
“ခုချက်ချင်း သွားလုပ်တော့မယ်။ စောင့်ဦးနော်။”
“အိုကေ။”
ချန်ချူ သူ့ကိုမစတော့ဘဲ ပြုံးပြလိုက်တော့သည်။
“မြန်မြန်သွား။ ငါနင့်ကို ဒီမှာစောင့်နေမယ်။”
*****
Aurora Novel Translation Team