Chapter 49
ဇွန်လအစောပိုင်းတွင် အပူချိန်မြင့်မားနေ၏။ အနောက်တိုင်းစားသောက်ဆိုင်မှာ နေ့တိုင်းလူစည်ကားလျက်ရှိပြီး လူတိုင်းကလည်း အလုပ်များနေကြသည်။ နေ့လယ်စာစားချိန်ရောက်မှသာ အားလုံး ခဏနားကြရ၏။ ဖက်တီးက Cashier ထံမှ ရေကိုလှမ်းယူလိုက်ပြီး သူမသောက်ခင် သူ့ဘေးမှကုမြောင်ကို ကမ်းပေးလိုက်သည်။
“ရော့ အစ်ကိုမြောင်အရင်သောက်။”
ကုမြောင်က ခေါင်းရမ်း၏။
“ဟေး စိတ်မဆိုးနဲ့လေ။”
ဖက်တီးက ကုမြောင်ပခုံးကိုလှမ်းဖက်လိုက်ပြီး သူငယ်ချင်းများကဲ့သို့ပြုမူလိုက်သည်။
“ရှေ့ရက်တုန်းက မင်းကောင်မလေးမှန်းမသိလိုက်လို့ WeChat တောင်းခိုင်းခဲ့မိတာပါ။”
ကုမြောင်က ဖက်တီး၏လက်ကိုဖယ်ချလိုက်ပြီး တည်ငြိမ်သောအသံဖြင့်
“ငါစိတ်မဆိုးပါဘူး။”
“တကယ်လား။”
ဖက်တီးက သိပ်မယုံချေ။ ကုမြောင်က နှုတ်ခမ်းစေ့ကာ ခေါင်းညိတ်ပြလိုက်သည်။
နေ့လယ်ခင်း၏နေရောင်ခြည်တို့ဝင်ရောက်လာသဖြင့် ကုမြောင်က ခပ်တည်တည်ရပ်နေပြီး ကြမ်းပြင်ပေါ်မှကြွေချပ်များကိုသာ စိုက်ကြည့်နေခဲ့သည်။ ယခင်တစ်ပတ်က သူ(မ) ဆိုင်ကိုလာခဲ့ပြီးနောက်ပိုင်း နောက်တစ်ကြိမ်ထပ်မရောက်လာခဲ့ပေ။ ကုမြောင်က အလုပ်တစ်ဖက်နှင့် အလုပ်များနေပြီး သူ့ဖုန်းအဟောင်းကလည်း WeChat ကို Install မလုပ်နိုင်ခဲ့သောကြောင့် ချန်ချူ့ကို အလုပ်ပြီးသည့်ညနေခင်းမှသာ ဖုန်းခေါ်နိုင်လေသည်။
‘သူ(မ) ဝမ်းနည်းနေပြီလား။’
ခေါင်းငိုက်စိုက်ကျနေသည့်ကုမြောင်ပုံစံမှာ စိတ်ညစ်နေသည့်ပုံပေါက်နေသည်။ ဆိုင်တစ်ခုလုံး တိတ်ဆိတ်နေပြီး Air Con သံတစ်ခုကိုသာ ညင်သာစွာကြားရသည်။
ဖက်တီးက စိတ်လှုပ်ရှားစွာဖြင့် ကုမြောင်၏လက်ကို လှမ်းပုတ်လိုက်ပြီး
“ဟေး ဟေး ဟေး။ ဟိုမှာ မင်းကောင်မလေးမဟုတ်လား။”
ကုမြောင်၏မျက်တောင်များ တုန်ယင်သွားကာ မော့ကြည့်လိုက်၏။ နေ့လယ်ခင်းတွင်ဖြာကျနေသော နေရောင်အောက်၌ ချန်ချူက လရောင်ကဲ့သို့ဖြူဖွေးသော ဂါဝန်ကိုဝတ်ထားပြီး ဆံပင်ကောက်လေးကိုလည်း လိပ်ပြာပုံစံချည်နှောင်ထားလေရာ သူ(မ)ပုံစံက နူးညံ့သိမ်မွေ့၍ ချစ်စရာကောင်းနေသည်။ မန်နေဂျာ၏အနောက်မှ သူ(မ)က ကျက်သရေရှိစွာလမ်းလျှောက်လိုက်လာခဲ့သည်။
မန်နေဂျာက လည်ချောင်းရှင်း၍ စကားပြောရန်ပြင်ဆင်လိုက်သည့်အခါ အားလုံးက အလုပ်များကို ရပ်တန့်လိုက်ကြလေသည်။
“ဒါက ချန်ချူ။ အသစ်ခန့်လိုက်တဲ့ စန္ဒရားဆရာမလေးပေါ့။ ဝန်ထမ်းအသစ်မို့ သူ(မ)ကို အားလုံး ဂရုစိုက်ဖေးမကြပါ။”
“ဂရုစိုက်မှာပေါ့။”
ဖက်တီးက သဘောကျစွာရယ်မောလိုက်ပြီး ကုမြောင်လက်ကိုတို့ကာ
“ဟုတ်တယ်မလား အစ်ကိုမြောင်။”
ကုမြောင်က နေရာတွင်သာမှင်တက်စွာရပ်နေပြီး စိတ်ထဲတွင်လည်း ဗလာဖြစ်နေခဲ့သည်။ မန်နေဂျာထွက်သွားသည့်အခါ တင်းမာနေသောလေထုတို့ ပျောက်ကွယ်သွား၏။ ဖက်တီးက ကုမြောင်ကို လက်ဟန်ခြေဟန်အချက်ပြလိုက်ပြီးနောက် အလိုက်သတိနှင့် ရှောင်ပေးလိုက်တော့သည်။
ကောင်တာပေါ်တွင် ခေါင်းလောင်းပုံ အပြာရောင်ပန်းပွင့်တို့ရှိနေပြီး ကုမြောင်က လက်လှမ်းကာ ပွင့်ဖတ်လေးကိုကိုင်ကြည့်လိုက်သည်။ ချန်ချူက မျက်ခုံးကိုပင့်ထားရင်း
“အစ်ကိုမြောင် ဟုတ်လား။”
ချန်ချူ့အသံမှာ နွေရာသီအစောပိုင်း၌ တောင်ထိပ်တို့တွင်စီးကျတတ်သောရေကဲ့သို့ ရှင်းလင်းနေပြီး လန်းဆန်းသည့်အေးမြမှုတို့လည်းပါဝင်နေသည်။ ၎င်းက ကုမြောင်၏နှလုံးသားကို အေးခဲသွားစေခဲ့သည်။
“အဟွတ် အဟွတ် အဟွတ်။”
ကုမြောင် ကိုယ့်ကိုယ်ကိုယ်ပင်မသိလိုက်ဘဲ ခေါင်းငုံ့လိုက်မိတော့သည်။
“သူက အလကား ပေါက်ကရတွေပြောသွားတာ။”
ကုမြောင် နှုတ်ခမ်းကိုစေ့ကာ “အစ်ကိုမြောင်” ဟုပြောလိုက်သော ချန်ချူ့စကားကို ငြင်းဆန်လိုက်လေသည်။
“နောက်ကျရင် ငါလည်းနင့်ကို အစ်ကိုမြောင်လို့ခေါ်လို့ရလား။”
ချန်ချူက တောက်ပစွာပြုံးလိုက်၏။ ကုမြောင်၏လက်ထိပ်များ အနည်းငယ် တုန်ယင်လာသည်။ သူ(မ)အနေနှင့် သာမန်အတိုင်းခေါ်လိုက်သည့် “အစ်ကိုမြောင်”ဟူသောနာမ်စားက သူ့နှလုံးခုန်သံတို့ကို လျင်မြန်သွားစေသည်ကို ချန်ချူမသိချေ။ ဝမ်းသာမှုနှင့် စိတ်လှုပ်ရှားမှုတို့ပေါင်းစပ်သွားသည့်ခံစားချက်က ကုမြောင်ကိုနေရခက်စေခဲ့သည်။
ညင်သာသည့်လေပြည်တို့တိုက်ခတ်သွားပြီး ခေါင်းလောင်းပုံပန်းပွင့်တို့ အနည်းငယ်ယိမ်းနွဲ့သွားသည်။ ကုမြောင်ပြန်မဖြေသည်ကိုသိရသောအခါ ချန်ချူကထပ်မံ၍
“ခေါ်လို့မရဘူးလား။”
ကုမြောင် တံတွေးမျိုချလိုက်ပြီး သူ့မျက်လုံးထဲတွင်လည်း ပြင်းထန်သောခံစားချက်များဖြင့် ပြည့်နှက်နေခဲ့သည်။
“ရပါတယ်။”
ချန်ချူက အနည်းငယ်ပြုံးလိုက်ပြီး
“ဒါပေမဲ့ ငါကနင့်ထက် ရက်နည်းနည်းတောင်ပိုကြီးနေတာဆိုတော့ နင့်ကိုအဲ့လိုခေါ်ဖို့ မသင့်တော်ဘူးထင်တယ်။”
ကုမြောင်က အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး
“မဟုတ်ဘူး။ နင်က ငါ့ထက်ငယ်တယ်။”
“ဟမ်။ နင့်မွေးနေ့က ငါ့မွေးနေ့ပြီးမှ မဟုတ်ဘူးလား။”
ချန်ချူက သိချင်စိတ်များဖြင့်မေးလိုက်သည်။ ကုမြောင်က မျက်လွှာချကာ နွေးထွေးသောအသံဖြင့်
“ငါက ကျောင်းအပ်တာနောက်ကျသွားတာ။ တကယ်တော့ ငါကနင့်ထက် တစ်နှစ်ကြီးတယ်။”
“ဘာ။”
ချန်ချူ မျက်လုံးများ ဝိုင်းစက်သွား၏။
“ဒါဆို မနှစ်က နင်(၁၈)နှစ်ပြည့်သွားတာပေါ့။ ဟုတ်လား။”
ချန်ချူ့အသံတွင် နောင်တများပါဝင်နေခဲ့သည်။
“ငါနင့်မွေးနေ့ကို သေချာတောင်မလုပ်ပေးခဲ့လိုက်ရဘူးပဲ။”
“ရပါတယ်။”
ကုမြောင်က တုံ့ဆိုင်းစွာဖြင့်ရှေ့တိုးလိုက်သည်။ အရပ်မြင့်သဖြင့် အပြင်ဘက်ကနေရောင်ကို ကာကွယ်ပေးပြီးသားဖြစ်သွားခဲ့သည်။
“နင်ငါ့ကို လက်ဆောင်ကောင်းကောင်းတစ်ခု ဝယ်ပေးခဲ့တာပဲဟာ။”
ကျောင်းတက်ခဲ့စဥ်ကာလတစ်လျှောက်လုံးတွင် ချန်ချူဝယ်ပေးခဲ့သော ရွှေရောင်ကိုင်းနှင့်မျက်မှန်လေးကို ကုမြောင်က အိပ်ရာဘေးမှစားပွဲတွင်တင်ထားခဲ့ပြီး အိပ်ရာဝင်ခါနီးတိုင်း သေသေချာချာသုတ်လေ့ရှိသည်။
“နင် အဲ့မျက်မှန်ကို တပ်တောင်မတပ်ဘူးလေ။”
ချန်ချူ မော့ကြည့်လိုက်သောအခါ သူ(မ)မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုတို့ကို တွေ့လိုက်ရသည်။
“နင်ပေးထားတဲ့မျက်မှန်မို့လို့။”
ကုမြောင် နှလုံးခုန်မြန်နေပြီး ရှက်နေသဖြင့် ချန်ချူ့မျက်လုံးများနှင့် အကြည့်ချင်းမဆုံအောင် ရှောင်ရှားနေခဲ့မိသည်။
“ငါမတပ်ရက်ဘူး။”
လေထဲတွင် လာဗင်ဒါပန်းအနံ့တို့မွှေးပျံ့နေ၏။ ချန်ချူက ရုတ်တရက်ရယ်မောလိုက်ပြီး
“နင်ပြောတဲ့စကားတွေက အရမ်း sweet ဖြစ်မယ်လို့ ဘယ်တုန်းကမှမထင်ထားခဲ့ဖူးဘူး သိလား။”
ထိုအခိုက်အတန့်တွင် ကုမြောင်မျက်နှာတစ်ခုလုံး နီရဲသွားတော့သည်။ နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်းဖြင့် သူ့မျက်လုံးများတွင် နားမလည်နိုင်မှုတို့ကိုလည်း တွေ့နေရသည်။ ဖက်တီး၏ပြောစကားများအရ မိန်းကလေးများမှာ စကားလုံးချိုချိုတို့ကိုသဘောကျသည်ဟု သူသိထားသော်လည်း သူ(မ)နှင့်စကားပြောသည့်အခါတိုင်း ကုမြောင်မှာ ရင်ခုန်၍ စကားထစ်နေခဲ့လေသည်။ သို့သော် သူထုတ်ပြောလိုက်သည့်စကားတိုင်းမှာ သူ့ရင်ထဲက ခံစားချက်အစစ်အမှန်များပင်။
“နင်က-နင်က မတပ်တာကိုမကြိုက်ဘူးလား။”
ကုမြောင် သတိထားကာ အသံကိုနှိမ့်၍မေးလိုက်၏။ ချန်ချူက ရှေ့သို့ခြေလှမ်းတိုးလာပြီး ဘေးဘယ်ညာကြည့်လိုက်သည်။ မည်သူကမျှ သူတို့ကိုမကြည့်နေသည်ကို အသေအချာအတည်ပြုပြီးမှ ကုမြောင်လက်ကိုလှမ်းကိုင်လိုက်ပြီး ညင်သာသောအသံဖြင့် တီးတိုးပြောလိုက်လေသည်။
“ငါနင့်ကို သဘောကျတယ်။”
ချန်ချူ့လက်နှင့်ထိလိုက်သောအခါ ကုမြောင်နှလုံးသားတွင် လျှပ်စီးကြောင်းတစ်ခု တုန်ခါသွားခဲ့သည်။ သူ့နှလုံးက နှလုံးခုန်မြန်လာပြီး ရင်ဘတ်ထဲကပင်ခုန်ထွက်လုမတတ်ဖြစ်သွားခဲ့သည်။ ချန်ချူက နောက်ထပ်ခြေတစ်လှမ်းတိုးလာသောအခါ သူ(မ)ထံမှကိုယ်သင်းနံ့နှင့် လာဗင်ဒါပန်းအနံ့တို့က ကုမြောင်၏နှလုံးသားတွင် ပြည့်နှက်သွားခဲ့လေသည်။ သူ(မ)၏လှုပ်ရှားမှုများကြောင့် ဖြစ်ပေါ်လာသောနောက်ဆက်တွဲအကြောင်းအရာတို့ကို မသိလိုက်သည့်သူ(မ)က နောက်တစ်ကြိမ်ပြုံးပြလိုက်သောအခါ ကုမြောင် ရူးမတတ်ဖြစ်သွားလေတော့သည်။
“တစ်ခုခုပြောဦးလေ။”
ချန်ချူက သူ့အနားသို့တိုးကာ နားရွက်နားကပ်၍ “အစ်ကိုမြောင်။”
ကုမြောင်နားရွက်များ နီရဲသွားပြီး တုန်ယင်နေတော့သည်။ ထို့နောက် ဖက်တီးပြောသည့် စကားလုံးချိုချိုများကိုပြောရန်ကြိုးစားလိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင် တက္ကသိုလ်ဝင်ခွင့် ထိပ်တန်း(၁၀)ယောက်ထဲဝင်ခဲ့သောကျောင်းသား၏ဦးနှောက်က သေဆုံးသွားသကဲ့သို့ မည်သည့်စကားလုံးကိုမျှ စဥ်းစား၍မရတော့ချေ။ သူ အရမ်းစိတ်လှုပ်ရှားနေပြီး နှုတ်ခမ်းတို့လည်း ဖျော့တော့ကာ လက်သီးကိုကျစ်ကျစ်ဆုပ်ထားမိလေသည်။
နေ့လယ်နေရောင်အောက်တွင် စားသောက်ဆိုင်တစ်ခုလုံး သန့်ရှင်းကြည်လင်နေ၏။ ချန်ချူက မျှော်လင့်ချက်ပြည့်နှက်နေသော မက်မွန်ပွင့်ပုံသဏ္ဍာန်မျက်လုံးများဖြင့် သူ့ကိုမော့ကြည့်လိုက်သည်။
ကုမြောင် အသက်ရှူသံများလျင်မြန်လာပြီး မျက်လုံးမှိတ်ထားမိသည်။ သူ့လည်စေ့ကလည်း ကြိမ်ဖန်များစွာ လှုပ်ရှားနေတော့သည်။ နောက်ဆုံးတွင် ခပ်ဩဩအသံဖြင့်
“နင်ဒီနေ့ အရမ်းလှနေတယ်။”
ထိုစကားကိုပြောပြီးသွားသည်နှင့် ကုမြောင်နောင်တရာကာ တွင်းတစ်ခုကိုရှာ၍ဝင်ပုန်းလိုက်ချင်တော့သည်။ ပို၍ကောင်းမွန်သော ချီးကျူးမှုမျိုးကိုမပြောနိုင်သည့်သူ့ကိုယ်သူ အားမရလှပေ။ သို့သော် ချန်ချူက အလွန်ပျော်သွားပြီးပြုံးလိုက်သောအခါ သူ(မ)အနီးတွင် ရောင်ခြည်တစ်ခုဖြာသွားသကဲ့သို့ ပို၍ပင်လှသွားတော့သည်။
“ကောင်းကောင်းပြောလိုက်တာပဲ။ နောက်ကျရင် ပိုပြီးပြောသင့်တယ်။”
ချန်ချူ ခေါင်းညိတ်လိုက်သောအခါ သူ(မ)ခေါင်းပေါ်မှလိပ်ပြာပုံဆံပင်တို့က အနည်းငယ်ယိမ်းသွားလေသည်။
‘တကယ်ကောင်းတာလား။’
ကုမြောင် မျက်လွှာချလိုက်၏။ ပျော်ရွှင်မှုတစ်ခုက သူ့နှုတ်ခမ်းထောင့်ကိုကွေးသွားစေခဲ့သည်။ သူ့မျက်တောင်များ တုန်ယင်နေသော်လည်း မျက်လုံးထဲမှအလင်းရောင်တို့ကိုတော့ ဖုံးကွယ်မထားနိုင်ခဲ့ချေ။ နောင်တွင် စကားကောင်းများပို၍ပြောကာ သူ(မ)ကို နေ့တိုင်းပျော်အောင်ထားနိုင်ဖို့အတွက် ကြိုးစားရပေမည်။
*
စားသောက်ဆိုင်၏နေ့လယ်စာနားချိန်မှာ (၂)နာရီသာအချိန်ရ၏။ ညနေ (၄)နာရီထိုးသော် ဧည့်သည်များကျလာပြန်သည်။ ချန်ချူ့အလုပ်ချိန်မှာ နေ့လယ်(၄)နာရီမှ ည(၁၀)နာရီအထိဖြစ်ပြီး တစ်နာရီ ယွမ်(၃၀)ရသောကြောင့် စားပွဲထိုးများထက် အနည်းငယ်ပိုစုမိလေသည်။
ညရောက်လာသည်နှင့် စားသောက်ဆိုင်မျက်နှာကြက်ပေါ်မှမီးဆိုင်းကြီးလင်းလာပြီး အနီရောင်နေဝင်ဆည်းဆာ၏အလှတို့နှင့်အတူ စားသောက်ဆိုင်တစ်ခုလုံးကို လှပစွာထိန်းသိမ်းထားပေးသည်။ ကုမြောင်မှာ အဖြူရှောင်ရှပ်အင်္ကျီခပ်သန့်သန့်ကိုဝတ်ထားပြီး အလွန်ကြည့်ကောင်းနေသည်။ ဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးထားသည့် (၁၉)နှစ်အရွယ်ကောင်လေးမှာ တည်ငြိမ်အေးဆေးနေပြီး ကျောကိုမတ်မတ်ထားလေသည်။ သူက Italian muffin ပန်းကန်ကိုသယ်ကာ မီးဖိုချောင်ထဲမှထွက်လာ၏။ စားသောက်ဆိုင်အလယ်မှ စန္ဒရားကိုဖြတ်သွေားသောအခါ သူ့ခြေလှမ်းများ အနည်းငယ်တုံ့ဆိုင်းသွားခဲ့သည်။ သာယာသောစန္ဒရားသံက သူ့နားထဲသို့စီးဝင်လာသည်။ ချန်ချူမှာ Chopin ၏ Nocturne ကို တီးခတ်နေခြင်းပင်။ သူ(မ)အပေါ်သို့ မီးရောင်တို့ဖြာကျနေသဖြင့် ဖြူဖွေးလှသော ပခုံးနှင့်လည်ပင်းတို့ကို လှပစွာတွေ့မြင်နေရသည်။ သူ(မ)မှာ ညသန်းခေါင်တွင်ဆင်းသက်လာသော နတ်သမီးလေးတစ်ပါးကဲ့သို့ပင်။ သူ(မ)လက်ချောင်းများက ပေါ့ပါးစွာကခုန်နေပြီး သူ(မ)မျက်လုံးများက ကုမြောင်ကိုလှမ်းကြည့်ကာ ပြုံးပြလိုက်သေးသည်။ ကုမြောင် နှုတ်ခမ်းထောင့်လေးကွေးသွားပြီး သူ့နားရွက်ကလည်း နီရဲသွားခဲ့သည်။ ကျောင်းတက်ခဲ့သောနှစ် New Year အကြိုနေ့တွင် ချန်ချူက စန္ဒရားခန်းထဲတွင် သူ့အတွက် ထိုသီချင်းကိုတစ်ပိုင်းတစ်စတီးပြခဲ့ဖူးသည်ကို သူ ရုတ်တရက်သတိရသွား၏။ ထိုသီချင်းမှာ နွေဦးတွင်တိုက်ခတ်သည့်လေကဲ့သို့ တိတ်ဆိတ်ညင်သာပြီး သူ့နှလုံးသားကို အေးချမ်းသွားစေသည်။ ညနေခင်းတွင် စားသောက်ဆိုင်တစ်ခုလုံးလည်း အေးဆေးငြိမ်သက်နေခဲ့လေသည်။
ဖက်တီးက အနားကပ်လာပြီး ကုမြောင်အား
“မြန်မြန်လုပ်။ စားပွဲနံပါတ်(၂)က စိတ်သိပ်မရှည်ဘူး။ ဟိုကြည့်ဒီကြည့်တွေလုပ်မနေနဲ့။ မန်နေဂျာဆူလိမ့်မယ်။”
ထိုအခါမှ ကုမြောင် ချန်ချူ့ထံမှအကြည့်လွှဲကာ အလုပ်ပြန်လုပ်တော့သည်။ ချန်ချူ၏ ပထမဆုံးအလုပ်ဝင်သောနေ့မှာ အေးအေးဆေးဆေးနှင့် လျင်မြန်စွာပြီးဆုံးသွားခဲ့သည်။ အချို့စားသုံးသူများက သူ(မ)ကို သီချင်းများပင်တောင်းဆိုခဲ့ကြပြီး tip အချို့လည်း ပေးခဲ့သေးလေသည်။
သူတို့နှစ်ယောက် စားသောက်ဆိုင်မှထွက်သည့်အချိန်မှာ ည(၁၁)နာရီရှိပြီဖြစ်သဖြင့် ကောင်းကင်တွင် လသာနေချေပြီ။ လရောင်မှာ တောက်ပသော်လည်း ညင်သာမှုရှိ၏။ ကုမြောင်က ချန်ချူအား Parking သို့ခေါ်သွားခဲ့သည်။
“ဒါ စက်ဘီးအသစ်လား။”
သူ(မ)ရှေ့မှ ငွေရောင်စက်ဘီးကိုကြည့်၍ ချန်ချူကမေးလိုက်၏။ ကုမြောင်ကလည်း ခေါင်းညိတ်ပြသည်။ သူ့စက်ဘီးအဟောင်းမှာ အိမ်တွင်ကျန်ခဲ့ပြီး ယခုငှားနေသောအိမ်နှင့် အလုပ်မှာလည်း အလွန်ဝေးသောကြောင့် စက်ဘီးအသစ်ဝယ်လိုက်ခြင်းပင်။ ထိုစက်ဘီးမှာလည်း မန်နေဂျာထံမှ တစ်လစာလုပ်အားခကိုချေးယူ၍ ဝယ်ယူထားခဲ့သော Second-hand စက်ဘီးဖြစ်သည်။ ယခင်ပိုင်ရှင်က စက်ဘီးကို ဂရုစိုက်ခဲ့သဖြင့် ယခုအချိန်အထိ အခြေအနေကောင်းနေသေးလေသည်။
ကုမြောင်က ထိုင်ခုံကိုသုတ်ပေးလိုက်ပြီး
“နင်ဒီနေ့လာမယ်လို့ ငါမထင်ထားတော့ ထိုင်ခုံမှာ cushion မတပ်ရသေးဘူး။ ဒီနေ့တော့ ဒီလိုပဲထိုင်လိုက်နော်။ ငါမနက်ဖြန် cushion တပ်ထားပေးမယ်။”
ချန်ချူက ပြုံးကာ ခေါင်းရမ်းလိုက်ပြီး စကတ်ကိုသေသေချာချာပြင်ဆင်ကာထိုင်လိုက်သည်။
“ရပါတယ်။ ဘာမှမဖြစ်ဘူး။ နင့်စက်ဘီးက အတော်လေးမိုက်နေပြီ။ အဲ့ဟာကြီးထည့်လိုက်ရင် မမိုက်တော့ဘဲနေလိမ့်မယ်။”
ကုမြောင် စကားတစ်ခုခုပြန်ပြောတော့မည့်အချိန်တွင် လက်တစ်စုံက သူ့ခါးကိုဖက်လိုက်သည်။ ကုမြောင်ခမျာ အသက်ရှူရပ်လုမတတ်၊ နှလုံးခုန်ရပ်လုမတတ်ပင်။ ပူပြင်းလှသော နွေရာသီညတွင် ကုမြောင်က T-shirt ပါးပါးလေးသာဝတ်ထား၏။ ဖက်ထားသောမိန်းကလေးထံမှအနွေးဓာတ်ကြောင့် စက်ဘီးလက်ကိုင်ကိုပင် လွတ်သွားလုမတတ်ဖြစ်ခဲ့ရသည်။
“သွားစို့။”
ချန်ချူက သူ(မ)၏နူးညံ့သောပါးပြင်ကို သူ့နောက်ကျောပေါ်တွင်မှီလိုက်သည်။ သူ(မ)အသံမှာ ညလေညင်းနှင့်အတူ အေးဆေးညင်သာနေ၏။ ကုမြောင်လည်း ရင်ခုန်သံကိုထိန်းလိုက်ပြီး ခြေနင်းပေါ်တွင်ခြေထောက်တင်ကာ လရောင်အောက်တွင် ခရီးနှင်တော့သည်။
နွေရာသီညတစ်ညတွင် လေညင်းက အေးမြမှုကိုသယ်ဆောင်လာပြီး ကုမြောင်နှလုံးသားကို ရိုက်ခတ်သွားသည်။ တိမ်ပေါ်တွင်ရောက်နေသကဲ့သို့ ကုမြောင် ခံစားနေရလေသည်။ သူတို့ဦးတည်နေသည့်နေရာမှာ ချန်ချူ့အိမ်နှင့် အလွန်နီး၏။ (၁၀)မိနစ် လမ်းလျှောက်ရုံနှင့် ရောက်နိုင်လေသည်။ လရောင်က သစ်ပင်များပေါ်သို့လည်းဖြာကျနေသဖြင့် မြေပြင်ပေါ်တွင် အရိပ်တို့ထင်နေသည်။ တိတ်ဆိတ်မှုမှာ နှုတ်ဆက်ရန်အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း လေညင်းကလည်း နားလည်နေသလိုပင်။ သူတို့နှစ်ယောက်စလုံး စကားမပြောကြချေ။
အချိန်အတော်ကြာသောအခါ သူတို့အနောက်မှ ကားဟွန်းသံကြီးကိုကြားလိုက်ရ၏။ စိတ်ကူးယဥ်အိပ်မက်ထဲမှ ရုတ်တရက်နိုးသွားသကဲ့သို့ သူတို့စက်ဘီးကို လမ်းဘေးသို့ချလိုက်သည်။ အကွာအဝေးတစ်ခုမှနေ၍ Villa ၏အလင်းရောင်ကို မြင်နေရပြီး လူအများစုက မီးများကိုပိတ်ထားပြီဖြစ်ရာ လမ်းမီးများကိုသာမြင်ရတော့သည်။
ချန်ချူက မော့ကြည့်လိုက်ပြီး
“ငါအရင်သွားရမလား။”
ကုမြောင် ဝမ်းနည်းသွားပြီး သူ့မျက်လုံးများကလည်း အထီးကျန်နေသည့် ခွေးလေးတစ်ကောင်ကဲ့သို့ဖြစ်သွားသည်။ ချန်ချူက လမ်းတစ်ဝက်မှပြန်လှည့်လာပြီး
“Goodnight Kiss ပေးဦးလေ။”
ကုမြောင် ခေါင်းပြန်ထောင်လာပြီး မျက်လုံးများက ချက်ချင်းလင်းလက်သွားသည်။ အဆုံးမဲ့သောညတွင် ချန်ချူတစ်ယောက် မျက်လုံးမှိတ်ထားရင်း မျက်တောင်များက တုန်ယင်နေခဲ့သည်။ သူ(မ)၏ချယ်ရီရောင်နှုတ်ခမ်းများမှာ ရှက်သွေးဖြာမှုတို့ ပြည့်နှက်နေ၏။ ပန်းရနံ့တစ်ခုရလိုက်သည့်အခါ ကုမြောင် ပို၍ နှလုံးခုန်မြန်လာသည်။ အနားကပ်လိုက်သည်နှင့် သူ့လက်များတုန်ယင်သွားသော်ငြားလည်း သူ(မ)ကို သဘောကျစွာနမ်းလိုက်မိတော့သည်။
“Goodnight ချူချူ။”
ကုမြောင် တစ်နေ့လုံးသင်ယူထားခဲ့သည့် အချစ်စကားလေးတစ်ခွန်းမှာ
“မျက်လုံးမှိတ်ထားတာတောင်မှ နင်အရမ်းလှနေတုန်းပဲ။”
*****
Aurora Novel Translation Team