Chapter 50
ဩဂုတ်လ၏မွန်းတည့်ချိန်တွင် နေအလွန်ပူပြင်း၏။ နေ့လယ်(၂)နာရီလောက်တွင် စားသောက်ဆိုင်၌ လူရှင်းလာသည်။ ချန်ချူက စန္ဒရားအဖုံးကိုပိတ်လိုက်ပြီး ကိုက်ခဲနေသည့်လက်ကောက်ဝတ်ကို ပွတ်သပ်လိုက်သည်။ ထိုအချိန်တွင် လက်တစ်စုံက သူ(မ)အား သံပုရာရည်တစ်ခွက်ပေးလာခဲ့သည်။ သံပုရာရည်ခွက်ကိုလှမ်းယူလိုက်ပြီး တစ်ဝက်ကျသည်အထိ ချန်ချူမော့သောက်လိုက်တော့သည်။
“ငါ ရေအရမ်းဆာတာပဲ။”
သူ(မ)က ဖန်ခွက်ကိုချလိုက်ပြီး လက်ကောက်ဝတ်ကိုပွတ်ကာ စောဒကတက်လိုက်သည်။
“ဘာလို့ ငါတို့ကို ရေပေးမသောက်ရတာလဲ။”
ကုမြောင် နှလုံးသားထဲတွင်နာကျင်သွားပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ သူ့ကြောင့်သာမဟုတ်ပါက ချန်ချူ့တစ်ဘဝလုံးတွင် ယခုကဲ့သို့နေရာမျိုး၌ အလုပ်လုပ်နေရန် အကြောင်းမရှိချေ။ ကုမြောင် မျက်မှောင်ကြုတ်သွားသည်ကို သတိထားလိုက်မိသည့်ချန်ချူက ချက်ချင်းပင် ပြုံးပြလိုက်ပြီး
“နင်စားပြီးပြီလား။ ငါတော့ ဝန်ထမ်းတွေကိုကျွေးတဲ့နေ့လယ်စာကို မစားဖူးသေးဘူး။”
သူ(မ)၏ မူလအလုပ်ချိန်မှာ (၄)နာရီမှ (၁၀)နာရီအထိဖြစ်သော်လည်း ယနေ့တွင် မနက်ပိုင်းတာဝန်ယူထားသော စန္ဒရားသမားက အရေးပေါ်ကိစ္စရှိသောကြောင့် ချန်ချူကအစားဝင်ခဲ့ရခြင်းဖြစ်သည်။
“ဟိုမှာ ချက်နေတုန်းပဲ။”
ကုမြောင်က ခပ်တိုးတိုးပြောလိုက်၏။ သူ(မ)ဘေးတွင် ဖက်တီးက
“ဝန်ထမ်းနေ့လယ်စာကို အရမ်းကြီးမမျှော်လင့်ထားနဲ့ဦး။”
စားသောက်ဆိုင်မှစားဖိုမှုးများမှာ နေ့လည်စာနားချိန်တွင် ဝန်ထမ်းများအတွက် တစ်ယောက်(၃)ရက်စီ အလှည့်ကျချက်ပြုတ်ပေးကြသည်။
ထိုအချိန်တွင် ခပ်လှမ်းလှမ်းမှလူတစ်ယောက်ကလှမ်းအော်လိုက်၏။
“နေ့လယ်စာအဆင့်သင့်ဖြစ်ပြီ။ လာစားကြတော့။”
လူတစ်စုက ဝမ်းနည်းနေသည့်မျက်နှာဖြင့် မီးဖိုချောင်သို့လျှောက်သွားကြသည်။ ချန်ချူက ကုမြောင်နှင့်အတူ မီးဖိုချောင်ထဲသို့လိုက်သွားပြီး လူအုပ်ထဲတွင်ဖြည်းဖြည်းချင်းတိုးဝှေ့နေသည်။ အရောင်စုံနေသောထမင်းကြော်နှင့် အရသာကောင်းမည်ဟုထင်ရသော စွပ်ပြုတ်အိုးကြီးတစ်လုံးကို ကုမြောင်လှမ်းတွေ့လိုက်သည်။
“ဒီနေ့တော့ အမဲသားထမင်းကြော်၊ ငါးပေါင်းနဲ့ ဝက်သားဂေါ်ဖီစွပ်ပြုတ်ရမယ်။ အားလုံးပဲ တန်းစီပြီး စားစရာလာယူကြပါ။”
စားဖိုမှူးက ကြေညာလိုက်၏။ မီးဖိုချောင်ထဲတွင် လူတို့တိုးဝှေ့နေသောကြောင့် နေရာကျဥ်းကျပ်ကာ ပူအိုက်နေသည်။ ချွေးနံ့များကိုလည်း ရနေသည်။
“ငါနင့်အတွက်ယူလာပေးမယ်။ ဒီမှာကအရမ်းပူတာ။ အပြင်ဘက်မှာသွားထိုင်နေနော်။”
ကုမြောင်ကသူ(မ)ကို မီးဖိုချောင်အပြင်ဘက်သို့ထွက်သွားစေသည်။ ဆိုင်ပိတ်ချိန်တွင်ပင် အလုပ်သမားများက သူတို့အတွက်သတ်မှတ်ထားသောနေရာတွင်သာအနားယူရပြီး customer ထိုင်သည့်ထိုင်ခုံတွင် ထိုင်ခွင့်မရှိချေ။ အလုပ်သမားများအတွက်သီးသန့်နေရာတွင် air con မရှိဘဲ အပြင်ဘက်မှနေရောင်တို့ကလည်း ပြတင်းပေါက်မှတဆင့် တိုက်ရိုက်ဝင်ရောက်နေသည်။ ချန်ချူက ထိုင်ခုံနှစ်လုံးကိုရွှေ့လိုက်သော်လည်း ပလတ်စတစ်ခုံများမှာ အလွန်ပူပြင်းနေသဖြင့် အချိန်အတော်ကြာစောင့်ပြီးမှသာ ထိုင်ရလေသည်။ တစ်ဖက်တွင်လည်း ကုမြောင်က ထမင်းပန်းကန်နှစ်ချပ်နှင့် Coke အအေးတစ်ပုလင်းကိုယူလာသည်။ ပုလင်းကိုဖောက်လိုက်သည့်အခါ အမြှုပ်လေးများထွက်လာတော့သည်။
“ရော့။”
ကုမြောင်က ပိုက်တစ်ချောင်းစိုက်ပေးလိုက်ပြီး အအေးကို ချန်ချူအားပေးလိုက်၏။
“နင်ခုနက Coke သောက်ချင်တယ်လို့ပြောတယ်မလား။”
အခန်းထဲမှအပူချိန်မှာ အလွန်မြင့်မားသောကြောင့် ကုမြောင်နဖူးတွင် ချွေးများပြန်နေသည်။ ကုမြောင်အတွက် စားသောက်စရာနှင့် ပစ္စည်းများယူပေးနေရင်း ကုမြောင် မောနေခဲ့သည်။ Coke ကို လက်ဖျားနှင့်ထိကြည့်သောအခါ လန်းဆန်းစေသည့်အထိအတွေ့ကိုပေးနေသဖြင့် ချန်ချူက တစ်ငုံသောက်လိုက်ပြီး ကုမြောင်ကိုပေးလိုက်သည်။
“ရော့ နင်လည်းသောက်။”
ကုမြောင်က ခေါင်းရမ်းကာ Coke ကို ပြန်ပေးလိုက်ပြီး
“ငါမသောက်တော့ဘူး။ ငါက ဟင်းရည်ကိုပိုကြိုက်တာ။”
ပူပြင်းနေသည့်ပလတ်စတစ်ခုံပေါ်တွင်ထိုင်လိုက်ပြီး ကုမြောင်က ခေါင်းငုံ့ကာ ထမင်းစားလိုက်သည်။ ချန်ချူ့နှလုံးသားထဲတွင် အနည်းငယ် စိတ်မကောင်းဖြစ်သွားလေသည်။
ပူပြင်းလှသောနေရောင်ကြောင့် စားချင်စိတ်မရှိတော့သဖြင့် ပါးစပ်ထဲရောက်ပြီးသားထမင်းကြော်ကို စိတ်ညစ်ညစ်နှင့်ဝါးနေမိသည်။ ပန်းကန်လုံးထဲတွင် ထမင်းကြော်ကအပြည့်အလျှံဖြစ်ပါသော်လည်း ထမင်းကကြမ်းကာ အရသာမရှိပေ။ ထမင်းကြော်ဘေးမှစွပ်ပြုတ်မှာလည်း ရေကဲ့သို့ပင်။ တစ်ဇွန်းနှစ်ဇွန်း စားလိုက်ပြီးနောက် သူ(မ) ထပ်မစားနိုင်တော့ချေ။ တစ်ဖက်တွင်လည်း သူ(မ)ရှေ့တွင်ထိုင်နေသောကုမြောင်မှာ ထမင်းတစ်ဝက်ကုန်သွားပြီဖြစ်ပြီး ရေကဲ့သို့စွပ်ပြုတ် တစ်ခွက်လုံးကိုလည်း သောက်ပြီးသွားခဲ့သည်။ ဝန်ထမ်းတို့၏နေရာမှာ ကျဥ်းမြောင်းကျပ်သိပ်နေပြီး ချွေးနံ့များဖြင့်ပြည့်နှက်နေသည်။ ကုမြောင်က ချန်ချူ့ပန်းကန်ကိုလှမ်းကြည့်လိုက်ပြီး
“မစားနိုင်ဘူးလား။ ငါ မီးဖိုချောင်ထဲသွားပြီး နင့်အတွက်တစ်ခုခုရှိမလား သွားကြည့်လိုက်မယ်။ နင့်ကို ငါတစ်ခုခုလုပ်လာပေးမယ်။”
“မလိုပါဘူး ရတယ်။”
ချန်ချူက သူ့လက်ကိုမြန်မြန်လှမ်းဆွဲလိုက်ပြီး ထမင်းကိုမျိုချကာ အတင်းပြုံးပြလိုက်တော့သည်။
“တကယ်ရတယ်။ နည်းနည်းလေး ပေါ့ရွှတ်ရွှတ်ဖြစ်နေတာပါ။ နင်ငါ့ကို ငံပြာရည်နည်းနည်းလောက်နဲ့ ပြင်ပေးလို့ရလား။”
ကုမြောင်က ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး
“ငါသွားယူလိုက်မယ်။”
သူထွက်သွားသည်နှင့် ဖက်တီးရောက်လာပြီး
“ချန်ချူ။ နင်တော့ဒီနေ့ ပွဲကြီးပွဲကောင်းကို လွတ်သွားတာ။ ငါပြောပြမယ်။ ကုမြောင်ရဲ့ဟင်းချက်လက်ရာက တကယ်ကောင်းတာသိလား။ နင်စားဖူးလား။”
ချန်ချူက ခေါင်းရမ်းလိုက်၏။ ဖက်တီးက ရေတစ်ငုံသောက်လိုက်ပြီး စိတ်အားတက်ကြွစွာဖြင့်
“ငါပြောပြမယ်။ အစ်ကိုမြောင်ရဲ့ sauce က တကယ့် masterpiece ပဲ။ ဒီထမင်းထဲကို သူ့ sauce တစ်ဇွန်းသာထည့်ပေးကြည့် ငါနှစ်ပန်းကန်လောက်ကို ချက်ချင်းကုန်အောင်စားနိုင်တယ်။”
လူများနေသည့်အခန်းထဲတွင် အများစုက ထမင်းစားပြီးသွားကြပြီး ပန်းကန်ဆေး၊ ပစ္စည်းသိမ်းရင်း စကားပြောနေကြသည်။ ကုမြောင်ပြန်လာသောအခါ ချန်ချူ့အနားတွင် ရွှင်ပြနေသောမျက်နှာဖြင့် ဖက်တီးရောက်နေသည်ကိုတွေ့လေရာ ခပ်သွက်သွက်လျှောက်လာတော့သည်။
“ကုမြောင်။ ရောက်လာပြီလား။”
ချန်ချူကပြုံး၍ မော့ကြည့်လိုက်သည်။ ကုမြောင်မှာ ပန်းကန်ပြားလေးကိုကိုင်ထားဆဲဖြစ်ပြီး လေးနက်နေသည့်သူ့မျက်နှာထားက အနည်းငယ်ပြေလျော့သွားသည်။
“ငါ မီးဖိုချောင်ထဲမှာသွားမေးကြည့်တော့ သူတို့က ကြက်ဥပဲရှိတယ်ဆိုလို့ ငါနင့်အတွက် ကြက်ဥတစ်လုံးကြော်လာတယ်။ စားကြည့်ပါဦး။”
ကုမြောင်က ပန်းကန်ပြားလေးကို ချန်ချူ့အားလှမ်းပေးလိုက်၏။ ကြက်သွန်မြိတ်နှင့်ကြော်ထားသော ကြက်ဥမွှေကြော်၏ရနံ့တို့ လျင်မြန်စွာပျံ့နှံ့သွားသည်။ ဖက်တီးက ဘေးမှနေ၍
“အစ်ကိုမြောင်။ အစ်ကိုကောင်းတစ်ယောက်အနေနဲ့ ကျွန်တော့်အတွက်လည်းကြော်လာပေးသင့်တာပေါ့။”
ကုမြောင်က သူ့ကိုတစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် ဖန်ပုလင်းလေးတစ်ခုကိုထုတ်ကာ ချန်ချူ့ကိုပေးလိုက်သည်။
“ဒါက ငါလုပ်ထားတဲ့ sauce။ ရှေ့ရက်တွေတုန်းက ငါယူလာပြီး ပြန်ယူသွားဖို့မေ့နေတာ။ ဒါကို ထမင်းနဲ့နယ်ပြီး စားကြည့်။”
ဖက်တီးက အော်ငိုချင်လောက်အောင်ပျော်ရွှင်သွားပြီး
“မြန်မြန်လေး။ မြန်မြန်လေး။ ငါ့ကိုလည်းတစ်ဇွန်းလောက်။”
သို့သော် ကုမြောင်က သူ့ကိုတစ်ချက်ပင်လှည့်မကြည့်ချေ။ ဝန်ထမ်းတို့၏နားနေခန်းက တဖြည်းဖြည်း တိတ်ဆိတ်လာပြီး အချို့ကမူ သူတို့ထိုင်ခုံပေါ်တွင်လှဲလျောင်းကာအိပ်ပျော်ကုန်ကြသည်။ ချန်ချူက Sauce ကိုခပ်လိုက်ပြီး ထမင်းနှင့်နယ်လိုက်သည်။ စူးရှသည့် spicy အနံ့က သူ့နှာခေါင်းထဲသို့ဝင်လာတော့သည်။
“မွှေးနေတာပဲ။”
ချန်ချူ ထမင်းတစ်ဇွန်းစားလိုက်သောအခါ ငရုတ်သီးနှင့် နှမ်းအနံ့ လည်ချောင်းထဲသို့ချက်ချင်းဝင်ရောက်သွားတော့သည်။ ကုမြောင်က ခေါင်းငုံ့လိုက်ပြီး သူ့မျက်နှာမှာ အနည်းငယ်သက်သောင့်သက်သာရှိနေခဲ့သည်။ သူတို့ဘေးမှဖက်တီးကလည်း
“ငါ့ကိုတစ်ဇွန်းလောက်ပေးပါ။ ငါဘယ်လောက် ခခယယတောင်းနေတယ်ဆိုတာကြည့်ပါဦး။ ကျေးဇူးပြုပြီးတော့။”
ချန်ချူက ဖန်ပုလင်းလေးကို ဖက်တီးကိုလှမ်းပေးလိုက်သည်။ ဖက်တီးက ချက်ချင်းပင် နှုတ်ခမ်းသပ်လိုက်ပြီး
“ကျေးဇူးပါ မမလေး။”
Sauce ကိုထည့်လိုက်ရင်း ဖက်တီးက complain တက်တော့သည်။
“အစ်ကိုတစ်ယောက်မပီသလိုက်တာ။ ချီးကျူးပေးတာကိုတောင် မင်းကငါ့ကိုဒီလိုဆက်ဆံတယ်။”
ကုမြောင်ကမူ သူ့ကိုဂရုမစိုက်ဘဲ အေးအေးဆေးဆေးသာရှိနေသည်။ ပြတင်းပေါက်အပြင်ဘက်တွင် ပုစဥ်းရင်ကွဲများ အော်မြည်နေ၏။ ချန်ချူက ထမင်းတစ်ဇွန်းစားလိုက်ပြီး ခေါင်းမော့ကာ
“ဖက်တီးက ခုလေးတင် နင်ဟင်းချက်ကောင်းကြောင်း ချီးကျူးနေတာ။ ငါက နင်ချက်ကျွေးတာကို အခုမှပထမဆုံးစားဖူးတာလေ။”
ချန်ချူ ခေါင်းပြန်ငုံ့ကာ တူဖြင့်ကြက်ဥကြော်ကိုကောက်ယူလိုက်သည်။ ကြက်ဥမှာ နူးညံ့နေပြီး ကြော်ထားသည့်အနေအထားကလည်း အံကိုက်ဖြစ်နေသည်။
ချန်ချူကပြုံးလိုက်ပြီး
“ဖက်တီးပြောတာမှန်တယ်ထင်တယ်။ နောက်တစ်ခါဆိုရင်တော့ နင်ချက်ကျွေးတော့နော်။ ငါ့အိမ်လိုက်လာပြီး ဟင်းလာချက်ပေါ့။”
သူ(မ)မျက်လုံးများမှာ လခြမ်းကွေးများကဲ့သို့ကွေးသွားပြီး ပါးချိုင့်နှစ်ဖက်ကလည်းထင်းသွားလေသည်။ ချန်ချူကချီးကျူးလိုက်သဖြင့် ကုမြောင်လက်ထိပ်များတုန်ယင်သွားပြီး နားရွက်များ နီရဲသွားတော့သည်။
“မဟုတ်-မဟုတ်တာ။”
ဘေးဘက်တွင် တိတ်ဆိတ်နေ၏။ ကုမြောင်က ထိုင်လိုက်ရင်း ချန်ချူ့ကိုတီးတိုးပြောလိုက်သည်။
“နောက်တစ်ခါဆိုရင် ငါနင့်အတွက်ချက်လာပေးမယ်။”
~
ထိုနေ့လယ်က ချန်ချူမှာ ကုမြောင်ထံမှ sauce ဖြင့် ထမင်းပန်းကန်ကြီးတစ်လုံးကို ကုန်အောင်စားနိုင်ခဲ့သည်။ ကုမြောင်က သူ(မ)ကိုပန်းကန်ဆေးရန်ကူညီလိုက်ရင်း သူ(မ) သမ်းဝေလိုက်သည်ကို သတိထားမိသွားသည်။
“နင်ပင်ပန်းနေပြီလား။”
ချန်ချူက မျက်လုံးကိုပွတ်ကာ ညင်သာသောအသံဖြင့်ပြန်ဖြေလိုက်သည်။
“နည်းနည်းပါ။”
ပင်ပန်းသော်လည်း ချန်ချူက အခြားသူများကဲ့သို့ ထိုင်ခုံပေါ်တွင်မအိပ်ချင်ပေ။ တစ်ခဏတွေးတောလိုက်ပြီးနောက် သူ(မ)က
“ငါခဏလောက်လှဲဦးမယ်။”
အခန်းတစ်ခုလုံးတိတ်ဆိတ်နေ၏။ ပြတင်းပေါက်မှ လေအချို့တိုက်ခတ်နေသည်။ ကုမြောင်က သူ့ခုံကိုဖြည်းဖြည်းရွှေ့ကာ ချန်ချူ့ဘေးတွင်ထိုင်လိုက်သည်။ ထို့နောက် ကုမြောင် လက်သီးဆုပ်ကာ ရင်ခုန်သံမြန်နေခဲ့သည်။
“ဒါမှမဟုတ် နင် ငါ့ပေါ်မှာမှီပြီးအိပ်မလား။”
ချန်ချူက စားပွဲသုတ်နေရင်း ကုမြောင်စကားသံကြောင့်မှင်တက်မိသွားသည်။ မော့ကြည့်လိုက်သောအခါ သူ(မ)ရှေ့တွင် ကုမြောင်ကိုမြင်နေရ၏။ နေရောင်မှာ မစူးရှတော့သော်လည်း ပြတင်းပေါက်မှတစ်ဆင့် အလင်းဝင်နေသေးလေသည်။ ကုမြောင်က အနည်းငယ်ရှက်ကာ နှုတ်ခမ်းကိုက်ထားသည်။ ချန်ချူ့ထံမှ ပြန်ဖြေသည့်အသံကိုမကြားရသဖြင့် မိမိကိုယ်ကိုယ် စိတ်ပျက်နေမိသည်။ ထို့နောက် Tissue အချို့ကိုလမ်းယူလိုက်ပြီး
“နင်မအိပ်ချင်ဘူးဆိုလည်း ငါစားပွဲတွေကူသုတ်ပေးပါ့မယ်။ နင်နားလိုက်လေ။”
ချန်ချူက သူ့လက်ထဲမှ tissue ကိုလှမ်းယူကာ သူ့လက်ကိုဆွဲလိုက်ရင်း
“ငါမအိပ်ချင်ဘူးလို့ ဘယ်သူပြောလို့လဲ။”
ချန်ချူ့လက်မှာ နူးညံ့နေ၏။ ကုမြောင်နှလုံးသားမှာ ခုန်ပေါက်နေသည့်ယုန်တစ်ကောင်ကဲ့သို့ ဆောက်တည်ရာမရဖြစ်သွားခဲ့သည်။ နွေရာသီတွင် လေနွေးနွေးလေးတိုက်ခတ်နေသော်လည်း အချိန်အတော်ကြာမှသာ ကုမြောင်နှလုံးသားတို့ ပြန်လည်တည်ငြိမ်သွားသည်။ ချန်ချူ့အသက်ရှူသံမှာ အလွန်နူးညံ့ညင်သာနေပြီး သူ(မ)ရှူထုတ်လိုက်သည့်လေတို့က သူ့လည်ပင်းကိုပွတ်သပ်သွားတော့သည်။
“ဒါဆို ငါအိပ်တော့မယ်နော်။”
ထိုသို့ပြော၍ ချန်ချူကမှီလိုက်သည်နှင့် သူ(မ)ဆံပင်တို့က ကုမြောင်၏ပါးကိုပွတ်သပ်မိတော့သည်။ ကုမြောင် မှက်တက်မိနေပြီး ချန်ချူ့ထံမှကိုယ်သင်းနံ့တို့ကို နှလုံးသားထဲတွင်သိမ်းဆည်းထားလိုက်တော့သည်။ အချိန်အနည်းငယ်ကြာသွားသည်နှင့် သူ(မ)၏အသက်ရှူသံမှာတည်ငြိမ်လာပြီး ကုမြောင်၏နှလုံးခုန်သံတို့လည်း တည်ငြိမ်သွားသည်။ ကုမြောင် ခေါင်းကိုတစ်ဖက်လှည့်ကာ ကြည့်လိုက်၏။ နေ့လယ်ခင်းနေရောင်အောက်တွင် ချန်ချူ့ပါးနှစ်ဖက်မှာ မက်မွန်သီးများကဲ့သို့ နီရဲ၍ချစ်စရာကောင်းနေပြီး နှာခေါင်းပေါ်တွင်လည်း ချွေးစက်များတင်နေသည်။ ကုမြောင်နှလုံးသားတွင် နွေးထွေးသောခံစားချက်တစ်ခုပျံ့နှံ့သွားပြီး ထိုမိန်းကလေးမှာ အသက်ရှူလိုက်တိုင်း သူ့အာရုံများအားလုံးကိုဖမ်းစားသွားသကဲ့သို့ ကုမြောင်ခံစားလိုက်ရလေသည်။ လက်ထိပ်များတုန်ယင်နေသော်လည်း ချန်ချူ့လက်ကိုကိုင်ထားခဲ့သည်။ ဧည့်ခန်း၏အပြင်ဘက်တွင် သစ်ပင်ပန်းမန်များစွာရှိနေသဖြင့် လေတစ်ချက်တိုက်လိုက်သည်နှင့် ပန်းရနံ့များ အခန်းထဲတွင်ပြည့်နှက်သွားသည်။
ချန်ချူက အိပ်ချင်မူးတူးနှင့်နိုးလာသော်လည်း အိပ်မက်ထဲမှခံစားချက်ကို ခံစားမိနေသေးသည်။ ဖြည်းဖြည်းချင်း အသက်ရှူလိုက်ပြီး သူ(မ) ခေါင်းထောင်လိုက်တော့သည်။
“နိုးပြီလား။”
ကုမြောင်က သူ့ဒူးပေါ်တွင်တင်ထားသောစာအုပ်ကိုပိတ်လိုက်၏။ လှည့်ကြည့်လိုက်သောအခါ ချန်ချူက မျက်မှောင်ကြုတ်ထားသည်ကို တွေ့ရသည်။ ထိုအခါ လန့်သွားသည့်အသံဖြင့် ကုမြောင်က
“ကောင်းကောင်းအိပ်မပျော်ဘူးလား။”
ချန်ချူက ပြုံးပြလိုက်ပြီး “မဟုတ်ပါဘူး။”
ချန်ချူ ခေါင်းငုံ့လိုက်သည်။ သူ(မ) အိပ်ရာမှအပြည့်အဝမနိုးသေးခြင်းလည်း ဖြစ်ပေမည်။ မက်မွန်ပွင့်ပုံသဏ္ဍာန်မျက်လုံးများမှာ အိပ်ချင်မူးတူးဖြစ်နေသေးပြီး မျက်ရည်များလည်းဝဲနေသည်။
“နင်ဘာစာအုပ်ဖတ်နေတာလဲ။”
သူ(မ)ကမေးလိုက်၏။
“Introduction to Database Systems ဆိုတဲ့စာအုပ်။”
ချန်ချူက မျက်လုံးများကိုပွတ်လိုက်ပြီး
“တက္ကသိုလ်မှာသင်မဲ့စာတွေကို ကြိုလေ့လာနေတာလား။”
ကုမြောင်က ခေါင်းညိတ်လိုက်ပြီး လေးနက်သောမျက်လုံးများတွင် အလင်းရောင်တစ်ခုကိုမြင်လိုက်ရသည်။ ချန်ချူအိပ်ထားသဖြင့် ပါးပေါ်တွင် အစင်းရာများထင်နေပြီး နှာခေါင်းတွင်လည်း ချွေးစက်လေးများရှိနေ၏။ မျက်နှာပေါ်တွင် ဆံပင်အချို့လည်းကပ်နေသေးသည်။ ကုမြောင်က ခေါင်းငုံ့ကာ လက်သီးဆုပ်ထားမိသည်။
အပြင်ဘက်မှနေရောင်က မြေပြင်တွင်ဖြာကျနေသော်လည်း ကုမြောင်နှလုံးသားထဲတွင်တော့ မိမိကိုယ်ကိုယ်အပြစ်တင်စိတ်သာရှိနေခဲ့သည်။ သူ(မ)မှာ သူ(မ)မိသားစု၏အသည်းနှလုံး၊ မင်းသမီးလေးဖြစ်၏။ သူ့ကြောင့်သာမဟုတ်ပါက ဆိုးဝါးသောနေ့လယ်စာကိုစားကာ ထိုသို့ဒုက္ခခံနေရမည်မဟုတ်ချေ။
တိုက်ခတ်လာသောလေမှာလည်း ပူခြစ်နေလေသည်။ ချန်ချူက သူ့ပေါ်သို့မှီလိုက်ပြီး သူ့လက်ကိုဆွဲကာ ညင်သာသောအသံဖြင့်
“ဘာဖြစ်လို့လဲ။”
ကုမြောင်က သူ(မ)လက်ကိုတင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး ခေါင်းရမ်းပြလိုက်သည်။ ချန်ချူက သူ့ပခုံးပေါ်တွင် ခေါင်းမှီထားရင်း
“နင်က အမြဲတမ်း ခံစားချက်တွေကိုစိတ်ထဲမှာပဲသိမ်းထားတယ်နော်။ တစ်ခါတလေဆို နင်ဘာတွေတွေးနေလဲဆိုတာ ငါမသိဘူး။ နောက်ဆုံးတစ်ခေါက်တုန်းကဆို နင် တိတ်တိတ်လေးထွက်သွားဖို့လုပ်ခဲ့တာလေ။ အဲ့ဒါကငါ့ကို အချိန်အကြာကြီး ဝမ်းနည်းသွားစေခဲ့တယ်။”
ကုမြောင် စိတ်မကောင်းဖြစ်သွားပြီး
“ငါတောင်းပန်ပါတယ်။”
“အမြဲတမ်း တောင်းပန်တယ်ဆိုတဲ့စကားကို မပြောနဲ့။”
ချန်ချူက သူ့ပခုံးပေါ်ကိုမှီထားရင်းစကားပြောနေသဖြင့် သူ(မ)အသံက သူ့နှလုံးသားထဲသို့ တိုက်ရိုက်စီးဝင်သွားလေသည်။
“ငါတို့ကအခုဆို ရည်းစားတွေဖြစ်နေပြီလေ။ တစ်ယောက်နဲ့တစ်ယောက် ရိုးသားရမှာပေါ့။ တစ်ခါတလေဆို ငါ့ကို နင်တိတ်တိတ်လေးထွက်သွားမလားဆိုတဲ့အိပ်မက်ဆိုးတွေက ခြောက်လှန့်နေတာ။”
ချန်ချူရှိုက်လိုက်ရင်း သူ(မ)မျက်တောင်များတွင် မျက်ရည်များတွယ်ကပ်နေတော့သည်။
“အစ်ကိုမြောင်။ နင့်စိတ်ထဲကအကြောင်းအရာတွေကို ငါသိချင်တယ်။ ပြီးတော့ နင်ဘာလို့ မပျော်ရတာလဲဆိုတာကိုရော။”
အခန်းတစ်ခုလုံးတိတ်ဆိတ်သွားတော့သည်။ ကုမြောင်က နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း သူ့နှုတ်ခမ်းများက ဖျော့တော့လာသည်။ လက်သီးကိုလည်းကျစ်ကျစ်ဆုပ်ထားရင်း သူ့မျက်လုံးထဲတွင် ဝမ်းနည်းမှုတို့ဖြင့်ပြည့်နှက်နေသည်။ အချိန်အတော်ကြာသွားသကဲ့သို့ခံစားရသော်လည်း တစ်ခဏကြာသော် ကုမြောင် စကားပြောလာခဲ့သည်။
“ချူချူ။ ငါက နင့်အတွက် မပြည့်စုံသေးပါဘူး။”
သူ့ဘဝတွင် အချိန်ကြာကြာဖုံးကွယ်ထားခဲ့သောစိတ်မလုံခြုံမှုများကို တိုက်ရိုက်ထုတ်ပြောသည်မှာ ယခုက ပထမဆုံးသာဖြစ်သည်။
“ငါ့မှာ ဘာမှမရှိဘူး။ မိသားစုလည်းမရှိ၊ ပိုက်ဆံလည်းမရှိ။ ငါနင့်ကိုပေးနိုင်တာဆိုလို့ ဘာမှမရှိဘူး။”
ကုမြောင်အသံတွင် ကူကယ်ရာမဲ့နေသည့်ခံစားချက်တို့ပါဝင်နေသည်။
“ငါနဲ့ဆိုရင် နင်အမြဲဆင်းရဲဒုက္ခကိုပဲခံရမှာ။”
“မဟုတ်ဘူး။”
ချန်ချူက ခေါင်းရမ်းလိုက်၏။
“ငါဒုက္ခမရောက်ပါဘူး။ နင်နဲ့အတူရှိရတဲ့နေ့တိုင်းက ပျော်စရာတွေချည်းပဲ။”
ချန်ချူ တစ်ခဏနားလိုက်ပြီး ဆက်ပြောသည်။
“နင်ငါ့ကိုပေးခဲ့တဲ့အရာတွေက ငါစိတ်ကူးထားတာတွေထက်တောင် ပိုပြီးများနေပါသေးတယ်။”
ချန်ချူ့စကားလုံးများမှာ မီးတောက်တစ်ခုကဲ့သို့ သူ့နှလုံးသားကိုတောက်လောင်သွားစေသည်။ ထိုအပူရှိန်ကြောင့် ကုမြောင် တစ်ခဏလောက် အသက်ရှူရပ်သွားသလိုပင်။
“ပြီးတော့။”
ချန်ချူက ရုတ်တရက် သူ့ရင်ခွင်ထဲမှထလာပြီး သူ့ကိုကြည့်ကာ
“နင်က နောင်အနာဂတ်မှာ အရမ်းတော်ပြီး ပြည့်စုံတဲ့သူဖြစ်လာမှာ။”
တစ်ချိန်ကျလျှင် ကုမြောင်မှာ အလွန်စွမ်းအားကြီးသူတစ်ဦးဖြစ်လာပြီး သူခြေတစ်ချက်ဆောင့်လိုက်ရုံနှင့် တစ်မြို့လုံးတုန်ယင်သွားနိုင်လောက်သည်အထိ ဖြစ်လာမည်ပင်။
တိတ်ဆိတ်နေသည့်နွေရာသီနေ့လယ်ခင်းတစ်ခုတွင် ချန်ချူ့မျက်လုံးထဲမှအလင်းတစ်ခုက ကုမြောင်၏မှောင်မည်းနေသောနှလုံးသားကို အလင်းပြပေးခဲ့သည်။ ကုမြောင် လည်ချောင်းခြောက်လာပြီး နှလုံးခုန်မြန်နေသဖြင့် တစ်ခဏလောက် စကားမပြောနိုင်ခဲ့ပေ။ သို့သော် ထိုအခိုက်အတန့်တွင် ချန်ချူ့စကားလုံးများကြောင့် သူ့စိတ်ထဲမှဆုံးဖြတ်ချက်နှင့်သတ္တိတို့ ပို၍အားကောင်းလာခဲ့ကြောင်း ကုမြောင်နားလည်သွားတော့လေသည်။
‘ငါအလုပ်ကြိုးစားမယ်။ သူ(မ)ကို ဘယ်တော့မှ ဒုက္ခမခံစေရဘူး။’
*****
Aurora Novel Translation Team