Chapter 51.1
ကမ်းရိုးတန်းမြို့တွင် ဆောင်းနှင့်နွေအကူးအပြောင်းမှာ သိသိသာသာမရှိလှပေ။ ကျောင်းများပြန်ဖွင့်ပြီးမကြာခင်ပင် မြို့ကြမ်းပြင်၌ ရွက်ဝါများကြွေကျနေသည့်မြင်ကွင်းကို မြင်တွေ့ရလေသည်။
“အား။ ခက်ခဲလိုက်တာ။ ငါဘယ်လိုလုပ်ပြီး Haiyin ကိုရောက်လာလဲဆိုတာတောင် သံသယဝင်လာပြီ။”
လုကျောင်းကျောင်းက ချန်ချူနှင့်အတူ ဂီတဆောင်ထဲမှထွက်လာရင်း စောဒကတက်မိသည်။
အပြင်ဘက်မှကောင်းကင်မှာ နေဝင်ချိန်ကြောင့်နီရဲနေပြီး သစ်ပင်တို့ထံမှသစ်ရွက်တို့လည်း ယိမ်းကာကြွေကျနေသည်။ အဆောက်အအုံ၏ရှေ့တွင် အရပ်မြင့်မြင့်လူတစ်ယောက် ရပ်နေ၏။ ချန်ချူထွက်လာသည်ကိုတွေ့သောအခါ သူ့မျက်လုံးထဲတွင် အလင်းရောင်တစ်ခုပေါ်လာသည်။ လုကျောင်းကျောင်းက သူ(မ)သူငယ်ချင်း၏အင်္ကျီစကိုဆွဲလိုက်ပြီး အံ့ဩသည့်မျက်နှာထားဖြင့်
“အဲ့ဒါ ကျုံးရန်ရှီပဲ။ နင်သူ့ကိုသိတာလား။”
ချန်ချူက သက်ပြင်းချလိုက်ပြီး
“သူက အလယ်တန်းတုန်းက အတန်းဖော်ပါ။ ကျောင်းကျောင်း…နင် အိပ်ဆောင်ကိုအရင်ပြန်လိုက်ပါလား။ သူက ငါ့ကိုတွေ့ဖို့လာတာထင်တယ်။”
“ဟုတ်ပါပြီ။”
လုကျောင်းကျောင်းက စိတ်ပျက်လက်ပျက်နှင့်ခေါင်းညိတ်လိုက်သော်လည်း မသွားချင်ပေ။ အင်တင်တင်လုပ်နေပြီးမှသာ ထွက်သွားလေသည်။
ညနေခင်းရောက်နေပြီဖြစ်သော်လည်း ကြိုးစားသည့်ကျောင်းသားများက စန္ဒရားခန်းထဲတွင်လေ့ကျင့်နေကြဆဲပင်။ အဝေးမှနေ၍ စန္ဒရားသံတို့ကို ဆူဆူညံညံကြားနေရသည်။
“ချန်ချူ။”
ကျုံးရန်ရှီက ပြုံးလိုက်ပြီး
“နင် မနက်ဖြန်အားလား။”
ချန်ချူက နှုတ်ခမ်းကိုစေ့ကာ
“မနက်ဖြန် ငါ့ကောင်လေးနဲ့ချိန်းထားတယ်။”
ကျုံးရန်ရှီ၏မျက်နှာပေါ်မှအပြုံးတို့က တစ်ခဏရပ်တန့်သွားပြီး တစ်အောင့်ကြာတော့ ပြန်မေးလာည်။
“ကောင်လေး ဟုတ်လား။”
“ဟုတ်တယ်။ သူက Haishi တက္ကသိုလ်မှာတက်နေတာ။ ငါနဲ့ အထက်တန်းတုန်းက ကျောင်းနေဖက်သူငယ်ချင်း။”
ကျုံးရန်ရှီက အနည်းငယ်စိတ်ပျက်သွားပြီး မျက်လွှာချကာ
“ဪ ဟုတ်ပါပြီ။”
သူ့စိတ်ထဲတွင် အဆင်မပြေဖြစ်သွားပြီး ပြောလိုက်သောစကားများကလည်း အစီအစဥ်မကျတော့ချေ။
“ငါ့ကို သူငယ်ချင်းတစ်ယောက်က ဂီတဖျော်ဖြေပွဲလက်မှတ်(၂)စောင် ပေးထားလို့။ ငါထင်တာ…။ အင်းပေါ့ ဟုတ်ပါပြီ။”
သူတို့ဘေးမှသစ်ပင်တွင် သစ်ရွက်များကြွေကျနေ၏။ ချန်ချူက သူ့ကိုကျော်၍ မလှမ်းမကမ်းကိုလှမ်းကြည့်လိုက်သည်။ နေဝင်ချိန်အောက်တွင် သူ(မ)၏မက်မွန်ပွင့်ပုံသဏ္ဍာန်မျက်လုံးများမှာ အရောင်လက်သွားတော့သည်။
“ကုမြောင်။ ငါဒီမှာ။”
ထို့နောက် ကျုံးရန်ရှီဘက်သို့ပြန်လှည့်လိုက်ပြီး
“ငါ့ကောင်လေး ငါ့ကိုစောင့်နေပြီမို့ သွားနှင့်တော့မယ်နော်။”
အေးစက်သောလေတို့ ညင်သာစွာတိုက်ခတ်နေ၏။ ချန်ချူ၏ အသက်ဝင်နေသောပုံစံကို ငေးကြည့်ရင်း မလှမ်းမကမ်းတွင် ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ ထိုကောင်လေး၏မျက်လုံးများမှာ လေးနက်နေပြီး အောက်တိုဘာ၏ဆောင်းအငွေ့အသက်တွေကို သယ်လာသကဲ့သို့ပင်။ တစ်ခဏကြာသော် ချန်ချူ့အသံကိုလှမ်း၍ကြားလိုက်ရသည်။
“ငါတို့ ဟော့ပေါ့သွားစားကြမလား။ ကျောင်းကျောင်းပြောတာ ကျောင်းပေါက်ဝမှာအသစ်ဖွင့်တဲ့ဆိုင်အသစ်က တကယ်စားလို့ကောင်းတယ်တဲ့။”
ကျုံးရန်ရှီ၏နှလုံးသားတို့ အစိတ်စိတ်အမွှာမွှာကွဲကြေသွားတော့သည်။ ချန်ချူက သူ(မ)ကောင်လေး၏လက်ကိုလှမ်းကိုင်ကာ လက်ချင်းလွှဲ၍လမ်းလျှောက်နေသည်ကို သူမြင်လိုက်ရသည်။ အေးစက်စက်နှင့်ကောင်လေးကလည်း ချန်ချူဖက်သို့လှည့်ကာ သူ(မ)ဆံပင်များကိုသပ်ပေးလိုက်ပြီး နွေးထွေးစွာစကားပြောနေလေသည်။
“ငါ ဖုန်းနံပါတ်ရထားတယ်။ အချိန်မီသွားစားလို့ ရမယ်ထင်တယ်။”
လေညင်းတို့တိုက်ခတ်နေဆဲပင်။ ငြင်းဆိုခြင်းခံလိုက်ရသောကောင်လေးက ထိုနေရာတွင်သာရပ်နေပြီး ကြွေကျလာသောရွက်ဝါများနှင့် ဖုံးလွှမ်းနေတော့သည်။
*****
အသစ်ဖွင့်ထားသောဟော့ပေါ့ဆိုင်မှာ အလွန်နာမည်ကြီး၏။ စားသောက်ဆိုင်ထဲဝင်သွားသောအခါ ငရုတ်သီးနံ့မွှေးကြိုင်နေပြီး လူတို့ဖြင့်ပြည့်နေသည်။ ကုမြောင်က အစားအသောက်များကိုပြင်ဆင်ပေး၏။ တစ်ခဏကြာသော် လတ်ဆတ်သည့်အမဲသားတို့ကျက်သွားပြီဖြစ်ရာ ချန်ချူ့ပန်းကန်ထဲသို့ အကုန်ထည့်ပေးလိုက်တော့သည်။
ချန်ချူက
“နင်လည်းစားမှပေါ့။ ငါ့ကိုပဲထည့်ပေးမနေနဲ့လေ။”
ပူပြင်းနေသည့်အခိုးအငွေ့တို့က ကုမြောင်မျက်လုံးကိုဝေဝါးစေခဲ့သည်။ ကုမြောင်က ခေါင်းညိတ်၍ ဂေါ်ဖီတို့ကို တူနှင့်ကောက်ယူလိုက်သည်။ ချန်ချူက သူ(မ)ပန်းကန်ထဲမှအမဲသားတစ်ဝက်ကို သူ့ကိုပေးလိုက်ပြီး
“နင်ဒီနေ့ ဘာလို့စကားမပြောတာလဲ။”
ခဏအကြာတွင် ချန်ချူ့မျက်လုံးများက အပေါ်သို့ကွေးတက်သွားကာ
“ငါသိပြီ။ နင်သဝန်တိုနေတာ။ ဟုတ်တယ်မလား။”
တူကိုင်ထားသောကုမြောင်၏လက်က အနည်းငယ်လှုပ်ရှားသွားသော်လည်း ခေါင်းမာစွာဖြင့် ငြင်းဆန်နေသေးလေသည်။
“မဟုတ်ပါဘူး။”
သို့သော် သူ့မျက်လုံးများက လိမ်၍မရချေ။ သဝန်တိုသော်လည်း ချန်ချူနှင့်စကားပြောနေသည့်လူအကြောင်း သူ ကြားဝင်မပြောသင့်ဟု ကုမြောင်တွေးမိသည်။
“တကယ်ကြီးလား။”
ချန်ချူက ပြုံး၍မျက်ခုံးပင့်ကာမေးလိုက်သည်။
“ငါသူ့ကိုဘာပြောလိုက်လဲဆိုတာကို နင်မသိချင်ဘူးလား။”
ကုမြောင်က နှုတ်ခမ်းကိုစေ့ထား၏။ သူ့စိတ်ထဲတွင် အဆင်မပြေဖြစ်နေပြီး နှလုံးသားတွင်လည်း နာကျင်နေသည်။ သဘောကျနေသည့်လူတစ်ယောက်၏အကြည့်ကို သူ့ထက်ပို၍မည်သူမျှနားမလည်နိုင်ချေ။ အခိုးအငွေ့တို့ တဖြည်းဖြည်းမြင့်တက်လာပြီး အပူကိုခံစားလာရသည်။ သို့သော် သူ(မ)ကိုကြည့်နေသည့် ထိုသူ၏မျက်လုံးများကို ပြန်အမှတ်ရမိသွားကာ ချက်ချင်းအေးစက်သွားသည်။ ပိုင်ဆိုင်လိုသောစိတ်တို့ ပြင်းထန်လာသော်လည်း ထုတ်မပြမိစေရန် ကုမြောင်အကောင်းဆုံးထိန်းထားလိုက်သည်။
သူ့ရှေ့မှမိန်းကလေးမှာ မက်မွန်ပွင့်ပုံသဏ္ဍာန်မျက်၀န်းများဖြင့် သူ့ကိုကြည့်နေ၏။ သဝန်တိုကာ ရုပ်ဆိုးနေသောသူ့ပုံစံကို အထင်းသားမြင်သွားပေလိမ့်မည်။ ကုမြောင် စကားမပြောရဲချေ။ စကားပြောလိုက်ပါက သူထိန်းထားသည့်ပိုင်ဆိုင်ချင်စိတ်တို့ ပွင့်ထွက်လာမည်ကိုစိုးရိမ်မိသည်။ သူ(မ)ကို ခြောက်လှန့်မိမည်ကိုစိုးရိမ်၏။
အနီရောင်ဟော့ပေါ့အိုးက ဆူပွက်နေပြီဖြစ်သဖြင့် ပတ်ဝန်းကျင်မှဆူညံသံတို့က တဖြည်းဖြည်းချင်းပျောက်ကွယ်သွားသည်။ ဆီတို့ကလည်း အေးလာပြီး ပန်းကန်လုံးထဲတွင် ခဲလာသည်။ နောက်ဆုံးတွင် ကုမြောင်က ခေါင်းရမ်းလိုက်၏။ ချန်ချူက နှုတ်ခမ်းဆူကာ
“ကောင်းပြီလေ။”
သူတို့နှစ်ယောက် ဟော့ပေါ့စားနေကြသော်လည်း စကားတစ်ခွန်းမျှမပြောကြချေ။ စားသောက်ဆိုင်မှထွက်လာသောအခါ လမ်းမပေါ်တွင် မီးရောင်စုံများလင်းနေ၏။ ညလေကအနည်းငယ်အေးနေပြီး သစ်ရွက်များလည်း ကြွေကျနေသည်။ ကုမြောင်က ချန်ချူ့လက်ကိုကိုင်ထားပြီး လက်နှစ်ဖက်ကြားမှနွေးထွေးမှုက သူတို့နှလုံးသားများကိုပါ နွေးထွေးသွားစေခဲ့သည်။ ကုမြောင်က တုံ့ဆိုင်းစွာဖြင့် စကားတစ်ခွန်းမေးလိုက်လေသည်။
“နင်မနက်ဖြန်အားလား။”
“အားတယ်။”
ချန်ချူက သူ့ဖက်ကိုခေါင်းလှည့်လာပြီး မျက်လုံးထဲတွင်တောက်ပနေသောအရောင်များဖြင့်
“နင်ရော မနက်ဖြန်အားလား။”
မနက်ဖြန်မှာ စနေ၊ တနင်္ဂနွေပိတ်ရက်ဖြစ်သဖြင့် ထိုနေ့မျိုးတွင် ကုမြောင်ကအလုပ်များလေ့ရှိသည်။ ကျောင်းဆင်းပါက ကုမြောင်မှာ Coding jobs အချို့ကို လုပ်ကိုင်လေသည်။ ထိုအလုပ်များမှာ အနောက်တိုင်းစားသောက်ဆိုင်ကဲ့သို့ လူပင်ပန်းခြင်းမရှိသော်လည်း စိတ်အာရုံက ပို၍အာရုံစိုက်ရလေသည်။
“အားတယ်။”
ကုမြောင်က ခေါင်းညိတ်၏။
“ငါအလုပ်ပြီးရင် နင်သွားချင်တဲ့နေရာတွေ သွားကြမယ်လေ။”
ချန်ချူက ပျော်ရွှင်စွာဖြင့် သူ့လက်ကိုဆွဲလိုက်ပြီး
“ငါ amusement park ကို သွားချင်တယ်။ မင်ယွဲ့နဲ့လင်းချီဖိန်က ဟိုရက်ကသွားကြတာ။ အရမ်းပျော်စရာကောင်းတယ်လို့ပြောတယ်။”
“ဟုတ်ပါပြီ။” ကုမြောင်က သဘောတူ၏။
“ငါအခုပဲ လက်မှတ်တွေသွားဝယ်လိုက်မယ်။”
ရွက်ဝါများကြွေကျနေသည့်လမ်းပေါ်တွင် သူတို့နှစ်ယောက်လျှောက်သွားခဲ့ကြသည်။ လရောင်အောက်တွင် သူတို့နှစ်ယောက်၏အရိပ်တို့က ထင်ရှားနေလေတော့သည်။
*****
နောက်တစ်နေ့ရောက်သော်…
ကောင်းကင်က ကြည်လင်လှပနေ၏။ ဆောင်းဦး၏နေရောင်က မစူးရှတော့သော်လည်း အရေပြားပေါ်တွင် အနည်းငယ်ဖြာကျနေသေးသည်။
Amusement Park တွင် လူများနေပြီး နေရာတိုင်းတွင်လည်းတန်းစီနေသည့်လူတန်းရှည်ကြီးကိုတွေ့ရသည်။ ချန်ချူက မြေပုံကိုကိုင်ကာ သေချာကြည့်နေသော်လည်း လမ်းကြောင်းများကိုသေချာမသိသေးချေ။
“ဒါဆို ငါတို့က အခုဒီနားမှာ။”
မြေပုံပေါ်မှကြယ်လေးကို သူ(မ)ထောက်ပြလိုက်၏။
“ပြီးရင် ငါတို့က Roller Coaster သွားစီးမှာဆိုတော့ ညာဖက်ကိုသွားရမှာ။ ဟုတ်တယ်မလား။”
ကုမြောင်က ချန်ချူ့အနားသို့ကပ်ကာ မြေပုံကြည့်လိုက်ပြီး
“မဟုတ်ဘူးထင်တယ်။ ဘယ်ဖက်ကိုသွားရမှာ။”
“ဘယ်လို။”
ချန်ချူက သူ(မ)လက်ထဲကမြေပုံကိုတစ်ပတ်လှည့်ကြည့်လိုက်ပြီးမှ နားလည်သွားတော့သည်။
“အိုး ဟုတ်သားပဲ ဘယ်ဖက်ကိုသွားရမှာ။”
သူ(မ)က မြေပုံကို ကုမြောင်အားပေးလိုက်ပြီး
“နင်ကိုင်ထားလိုက်။ ငါက ဒီနေရာမှာသိပ်မတော်ဘူးဆိုတာ သိသွားပြီ။ အဲ့တော့ အခုကစပြီး နင်ပဲဦးဆောင်ခေါ်သွားတော့။”
ကုမြောင်ကလည်း ချန်ချူပြောသည့်အတိုင်းဦးဆောင်ကာ လမ်းကြောင်းကိုသေချာကြည့်လေသည်။ ဆောင်းဦးလေက နွေးထွေးစွာတိုက်ခတ်နေပြီး Amusement Park တွင်လည်း ကစားစရာမျိုးစုံဖြင့် အလှဆင်ထားသည်။ လူချင်းကွဲသွားမည်ကိုစိုးရိမ်သဖြင့် သူတို့နှစ်ယောက် လက်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားကြလေသည်။
“ဟေး မတွန်းနဲ့လေ။”
လူတစ်ယောက်က ခလုတ်တိုက်ကာ ချန်ချူ့ကိုအဝေးသို့တွန်းလိုက်သည်။ ကံကောင်းစွာဖြင့် ကုမြောင်က သူ(မ)ကိုလျင်မြန်စွာဖမ်းထားနိုင်ခဲ့လေသည်။
“ရရဲ့လား။”
ကုမြောင်အသံမှာ စိတ်ပူနေသောလေသံဖြစ်၏။ ချန်ချူကပြုံးကာ ခေါင်းရမ်းလိုက်ပြီး
“ရပါတယ်။ ဘာမှမဖြစ်ဘူး။”
သူ(မ)က ဖြည်းဖြည်းချင်း ကုမြောင်၏လက်ကိုလွှတ်လိုက်သည်။ သူတို့ဘေးမှကလေးများမှာ ကျယ်လောင်စွာအော်ဟစ်နေကြသဖြင့် ကုမြောင်စိတ်ရှုပ်နေ၏။ သို့သော် နွေးထွေးနေသောချန်ချူ့လက်များနှင့် တစ်ဖန်ပြန်ထိလိုက်သောအခါ ကုမြောင်၏နှလုံးသားတစ်ခုလုံး နွေးထွေးသွားတော့သည်။ သူတို့နှစ်ယောက်၏ လက်(၁၀)ချောင်းက တင်းကျပ်စွာဆုပ်ကိုင်ထားလေသည်။
“ဒီလိုမျိုး လက်ကိုတင်းတင်းလေးကိုင်ထား။”
မော့ကြည့်လာသောသူ(မ)မျက်လုံးများမှာ ကုမြောင်၏နှလုံးသားကိုတိုက်ခတ်သွားသော လေပြည်ကဲ့သို့ပင်။ ကုမြောင် တံတွေးမျိုချလိုက်ရင်း ထိုနွေးထွေးမှုတွေ သူ့တစ်ကိုယ်လုံးတွင်ပျံ့နှံ့နေသည်ကို ခံစားလိုက်ရသည်။
“အင်း။”
ကုမြောင်က အနည်းငယ်အားထည့်ကာ သူ(မ)လက်ဖဝါးကိုဖိလိုက်သည်။
ကောင်းကင်တွင် ပြန့်ကျဲနေသောတိမ်တိုက်တို့ တဖြည်းဖြည်းစုဝေးလာ၏။ သူတို့နှစ်ယောက် Roller Coaster ဆီသို့ရောက်သောအခါ တန်းစီနေသောလူတန်းကြီးမှာ နဂါးကြီးတစ်ကောင်ကဲ့သို့ရှိနေလေသည်။
“အာ… ငါတို့ ဘယ်လောက်တောင်စောင့်ရဦးမှာလဲ။”
ချန်ချူကခြေဖျားထောက်ကာ လူတန်းကြီး၏အဆုံးကိုလှမ်းကြည့်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ကုမြောင်က အိတ်ကပ်ထဲမှဖုန်းကိုထုတ်ယူလိုက်ပြီး ချန်ချူ့ကိုလည်း လက်တစ်ဖက်က သေသေချာချာလက်တွဲထားသည်။
“ငါ Fast pass ဝယ်ထားတာဆိုတော့ ငါတို့တွေ အမြန်လမ်းကိုရွေးလို့ရတယ်။”
“အဲ့လိုမျိုးလည်းရှိသေးတာလား။”
ချန်ချူ့မျက်လုံးများက ချက်ချင်းအရောင်လက်လာတော့သည်။
“မိုက်လိုက်တာ။”
ချန်ချူမှာ Amusement Park ကို ယခင်က တစ်ခါမျှမရောက်ခဲ့ဖူးသောကြောင့် ထိုသို့အခြေအနေများရှိသည်ကို သူ(မ)မသိချေ။ ချန်ချူ့စကားသံထဲမှသဘောကျမှုမှာ သူ့ထံသို့တိုက်ရိုက်ရောက်လာခြင်းမဟုတ်သော်လည်း စိတ်ထဲတွင်ချိုမြိန်မှုကို ကုမြောင်ခံစားလိုက်ရသည်။ သူ့နားရွက်များတွင် ပူပြင်းမှုကိုခံစားလိုက်ရပြီး နှလုံးသားထဲမှပျော်ရွှင်မှုကိုဖုံးကွယ်ထားရန် ခေါင်းကိုငုံ့ထားတော့သည်။
“အင်း။ အဲ့လိုတွေရှိတယ်။ ဘေးကလမ်းသေးသေးလေးကနေ ငါတို့ဝင်လို့ရတယ်။”
သူတို့နှစ်ယောက် လက်တွဲထားရင်း အမြန်လမ်းသို့လျှောက်သွားကြသည်။ (၅)မိနစ်ပင်မကြာလိုက်ဘဲ သူတို့နှစ်ယောက် Waiting area သို့ ဝင်သွားနိုင်ကြသည်။ Roller Coaster မှာလေနှင့်အတူဝဲနေပြီး အော်သံများနှင့်အတူ လေသံတဝှီဝှီကိုပါ ကြားနေရသည်။
“ငါနည်းနည်းကြောက်လာသလိုပဲ။ ဘယ်လိုလုပ်ရမလဲ။”
ချန်ချူက ကုမြောင်လက်မောင်းနားသို့ ကပ်၍မှီလိုက်၏။ သူ(မ)အသံမှာ ထူးဆန်းမှုတစ်မျိုးဖြင့် နူးညံ့နေသည်။ ထိုအချိန်တွင် ကုမြောင်နှလုံးသားထဲတွင်တော့ မီးတောက်တစ်ခုတောက်လောင်သွားတော့သည်။
“ငါမကြောက်ဘူး။”
ကုမြောင်က ချန်ချူ့ကိုငုံ့ကြည့်လိုက်ပြီး ဆံပင်ကိုသပ်ပေးလိုက်ရင်း
“နင်ကြောက်ရင် ငါ့လက်ကိုမလွှတ်ဘဲကိုင်ထားလေ။”
ချန်ချူက နှုတ်ခမ်းကိုစေ့ကာ ကုမြောင်အနားသို့ကပ်၍ ခေါင်းညိတ်ပြလိုက်သည်။ သို့သော် သူတို့ Roller Coaster ပေါ်သို့တက်ရတော့မည့်အချိန်တွင် ဝန်ထမ်းတစ်ယောက်ကအော်လံဖြင့် လှမ်းအော်လာ၏။
“အားလုံးပဲ။ လက်တွေကိုလေထဲမြှောက်ထားကြပါ။”
ရှေ့တစ်ခေါက်ကလူတို့ဆင်းလာချိန်တွင် ခြေလှမ်းများဒယိမ်းဒယိုင်ဖြစ်နေသည်ကိုကြည့်ကာ ချန်ချူ စိတ်ပူလာတော့သည်။
“မြောင်ကော။” (မြောင်ကော = အစ်ကိုမြောင်)
သူ(မ) ကုမြောင်လက်ကိုလွှတ်ကာ သူ့ကိုခေါ်လိုက်၏။
“မကြောက်နဲ့။”
ချန်ချူ၏အားကိုးသောအကြည့်များက သူ့နှလုံးသားကိုပို၍နူးညံ့သွားစေခဲ့သည်။
“ငါရှိတယ်။”
*****
Aurora Novel Translation Team
R and J
Kyaaaaa ချစ်စရာလေးတွေ
Aurora
🥰🥰