Chapter 51.2
Roller coaster က တဖြည်းဖြည်းဆင်းသက်လာရင်း သူတို့ခါးပတ်ပတ်လိုက်ကြပြီးနောက် စတင်တော့မည့်ဘဲလ်သံကိုကြားလိုက်ရသည်။ ချန်ချူ ဘာမှမပြောနိုင်လိုက်ခင်တွင် ဝှစ်ခနဲ လေထဲသို့ပါသွားတော့သည်။ သူ(မ)တစ်ကိုယ်လုံး လေထဲတွင်လွင့်မျောနေသကဲ့သို့ခံစားလိုက်ရပြီး ကြောက်လန့်စွာဖြင့် အော်နေမိတော့သည်။
“အားးးးးးးးးးးး!”
“ခဏလေးနဲ့ ရပ်သွားတော့မှာ။ မကြောက်နဲ့နော်။”
ကုမြောင်အသံက လေထဲတွင်ပျံ့နှံ့နေ၏။ ချန်ချူကြောက်လန့်၍အော်ဟစ်နေသော်လည်း သူအသံကို ရှင်းရှင်းလင်းလင်းကြားနိုင်သေးသည်။ တုန်ယင်နေသောအသံဖြင့် သူ(မ)ကိုနှစ်သိမ့်ပေးနေသည်ကို ချန်ချူကြားလိုက်လေသည်။ နှလုံးခုန်မြန်နေသည့်နှလုံးသားက ဖြည်းဖြည်းချင်းငြိမ်သက်သွားတော့သည်။ နောက်ဆုံးတွင် Roller Coaster ကလည်း စမှတ်တွင်ပြန်ရပ်သွားတော့၏။
ချန်ချူ့ခြေထောက်များ နုံးချည့်သွားတော့သည်။ သို့သော် ကုမြောင်က သူ(မ)ပခုံးကိုဖက်ကာ
“သက်သာပြီလား။”
ကုမြောင်က လှေကားပေါ်မှအဆင်းတွင်သူ(မ)ကိုကူပေးလိုက်ပြီး အိတ်ထဲမှ ရေတစ်ဗူးကိုထုတ်ကာ သူ(မ)ကိုတိုက်လိုက်သည်။
“ရေသောက်ပြီး စိတ်ကိုအေးအေးဆေးဆေးထားနော်။”
ရေတစ်ငုံသောက်လိုက်ပြီးနောက် သူ(မ)အနည်းငယ်တည်ငြိမ်သွား၏။
“သက်သာပြီ။”
သူ(မ) ပင့်သက်ရှိုက်လိုက်ပြီး
“ကျိမင်ယွဲ့ ငါ့ကိုလိမ်တယ်။ ဘာမှပျော်စရာလည်းမကောင်းဘဲနဲ့။”
ကုမြောင်က သူ(မ)နောက်ကျောကိုညင်သာစွာပွတ်သပ်လိုက်ပြီး
“ဒါဆို ဒီထက်သိပ်ကြောက်စရာမကောင်းတာကို ရှာကြမလား။”
ထိုဂိမ်းများကို ချန်ချူမကစားခဲ့ဖူးကြောင်း ကုမြောင်မသိခဲ့ပေ။ ကြောက်လန့်စရာကောင်းသည့်ကစားနည်းမျိုးကို ချန်ချူသဘောကျသည်ဟုထင်ခဲ့သောကြောင့် ကုမြောင် ပြင်ဆင်မှုများစွာပြုလုပ်ခဲ့သည်။
“အိုကေ။”
ချန်ချူက ခေါင်းညိတ်၏။
နေ့လယ်ခင်းတွင် နေကပို၍ပူပြင်းလာသည်။ ကုမြောင်က အစားအစာတချို့ဝယ်လာသဖြင့် သူတို့နှစ်ယောက် Snack stall မှာခဏနားရင်း မုန့်စားကြသည်။ မုန့်စားပြီးနောက် ချန်ချူက တစ်ဖန်အသက်ဝင်လာဟန်ပင်။ ခပ်လှမ်းလှမ်းမှ ဆိုင်ငယ်လေးတစ်ခုကိုလက်ညှိုးထိုးလိုက်ပြီး
“ဟိုနားလေး သွားကြည့်ရအောင်။”
ကုမြောင်က ငြင်းဆန်ခြင်းမရှိလိုက်လျောပေး၏။ ဆိုင်၏အပြင်အဆင်မှာ ကာတွန်းဆန်လှသည်။ အရုပ်များ၊ အဆင်တန်ဆာများနှင့် အသုံးအဆောင်များကိုပြသထားသည်။ ချန်ချူက ယုန်နားရွက်လေးတစ်ခုကိုကောက်လိုက်ပြီး
“ဒီဟာလေးနဲ့ ငါနဲ့လိုက်လား။”
ချန်ချူ့ပါးများမှာ နီမြန်းနေပြီး နှာခေါင်းတွင်လည်းချွေးစက်များရှိနေသည်။ သူ(မ)မျက်လုံးထဲတွင်တော့ မျှော်လင့်ချက်များစွာပြည့်နှက်နေသည်။ သူ(မ)၏လှုပ်ရှားမှုတိုင်းတွင် ယုန်နားရွက်ကလှုပ်နေပြီး အတော်လေးချစ်စရာကောင်းနေသည်။ ကုမြောင်က တံတွေးမျိုချလိုက်ပြီး အက်ရှရှအသံဖြင့်
“ချစ်ဖို့ကောင်းတယ်။”
ကုမြောင် သဘောကျနှစ်သက်မှုများဖြင့် သူ(မ)ကိုကြည့်ကာ သူ(မ)ထံမှ အကြည့်မခွာနိုင်တော့ပေ။ ထိုစကားလုံးကြောင့် ချန်ချူ့ပါးများနီရဲလာပြီး စင်ပေါ်မှကြောင်နားရွက်ကိုလှမ်းယူလိုက်ချိန်တွင် သူ(မ) လက်တုန်နေခဲ့သည်။ ထို့နောက် သူ(မ)က ခြေဖျားထောက်ကာ ကြောင်နားရွက်ကိုကုမြောင်ခေါင်းပေါ်တွင် တပ်ပေးလိုက်၏။ ခပ်မိုက်မိုက်ကောင်လေးမှာ ယခုတွင် အမွေးပွကြောင်နားရွက်လေးနှင့် ချစ်စရာကောင်းသွားတော့သည်။
“ချစ်စရာလေး။”
ချန်ချူက ပြုံးလိုက်၏။ ဆောင်းဦးရောက်ပြီဖြစ်သော်လည်း ဆိုင်ထဲတွင် Air con ရှိလေသည်။ ကုမြောင်မျက်လုံးများတွင် ရှက်ကြောက်မှုတို့ပါဝင်နေပြီး နားရွက်များကလည်း နီရဲနေတော့သည်။ သူ ခေါင်းငုံ့ကာ ဖုံးကွယ်ရန်ကြိုးစားလိုက်သော်လည်း ကြောင်နားရွက်များက လှုပ်ရှားသွားသည်။ နောက်ဆုံးတွင် ကြောင်လေးနှင့် ယုန်မလေးတို့ လက်ချင်းတွဲကာ ဆိုင်ထဲမှထွက်ခဲ့လေတော့သည်။
Amusement Park တွင် လူတိုင်း၏ inner child ကို ဖော်ထုတ်ပေးနိုင်သော ထူးခြားစွမ်းအင်တစ်မျိုးရှိပေမည်။ များပြားလှသောလူအုပ်ထဲတွင် လူအများစုက တိရိစ္ဆာန်နားရွက်များကိုတပ်ဆင်ထားကြသော်လည်း သူတို့နစ်ယောက်မှာ အလွန်ကြည့်ကောင်းသဖြင့် လူတို့၏အာရုံစိုက်မှုကိုခံရလေသည်။
“ငါ သန့်စင်ခန်းသွားချင်တယ်။”
ချန်ချူကပြောလာသဖြင့် ကုမြောင် သူ(မ)အိတ်ကိုယူလိုက်သည်။ သူ့ခေါင်းပေါ်မှကြောင်နားရွက်များကလည်း လှုပ်ခါသွားပြန်၏။
“ငါဒီကနေစောင့်နေမယ်။”
သခင်အိမ်ပြန်လာသည်ကိုစောင့်နေသောကြောင်တစ်ကောင်ကဲ့သို့ နူးညံ့သောအကြည့်တို့ဖြင့် ကုမြောင်ကပြောလိုက်သည်။ ချန်ချူက သူ့ကိုအသည်းယားလွန်းသဖြင့် ကြောင်နားရွက်များကို လက်ဖြင့်လှမ်းထိလိုက်ပြီး
“ချက်ချင်းပြန်လာခဲ့မယ်။”
ဆောင်းဦးလေညင်းတို့ ညင်သာစွာတိုက်ခတ်နေ၏။ ကုမြောင်က စတော်ဘယ်ရီရေခဲမုန့်ဝယ်ကာ ချန်ချူ့ကိုရပ်စောင့်နေသည်။ ကုမြောင်မှာ အဖြူရောင်ရှပ်အင်္ကျီကိုဝတ်ဆင်ထားသည့် အရပ်ရှည်ရှည်ခပ်ချောချောကောင်လေးဖြစ်သည်။ သူ့မျက်နှာပေါ်တွင် အေးစက်မှုတို့ရှိနေသော်လည်း ခေါင်းပေါ်တွင် ပန်းနုရောင်ကြောင်နားရွက်နှင့် လက်ထဲတွင် စတော်ဘယ်ရီရေခဲမုန့်ကိုကိုင်ထားသည်။ အနီးအနားမှဖြတ်သန်းသွားသောမိန်းကလေးများက ခေါင်းလှည့်ကြည့်ကြပြီး အသံခပ်တိုးတိုးဖြင့် စကားပြောဆိုကြလေသည်။
“ကြောင်နားရွက်နဲ့ကောင်ချောလေးကိုတွေ့လား။ အရမ်းချစ်စရာကောင်းတာပဲ။”
“လက်ထဲမှာ စတော်ဘယ်ရီရေခဲမုန့်တောင် ကိုင်ထားသေးတယ်။ ချစ်စရာလေး။”
“သူ့ WeChat ကို သွားမေးကြမလား။”
“သူ့ပုံစံက သူ့ကောင်မလေးကိုစောင့်နေတဲ့ပုံပဲ။ သွားမေးဖို့မသင့်တော်ဘူးထင်တယ်။”
“သူ့ညီမလေးနဲ့လာတာလည်းဖြစ်နိုင်တာပဲဟာ။ မေးကြည့်လိုက်တော့ဘာဖြစ်မှာမို့လဲ။ နင်မသိပါဘူး။”
သူငယ်ချင်းကတွန်းပို့လိုက်သဖြင့် မိန်းကလေးတစ်ယောက် ကုမြောင်ရှေ့သို့ရောက်လာသည်။
“အမ်။ ဟယ်လို။”
ကုမြောင်က ငုံ့ကြည့်လိုက်ပြီး သူ့မျက်လုံးထဲတွင်အေးစက်မှုတို့ရှိနေသည်။ ထိုမိန်းကလေးက အနည်းငယ်တုန်ယင်သွားသော်လည်း ကုမြောင်ခေါင်းပေါ်မှကြောင်နားရွက်များကိုတွေ့သည့်အခါ ကြောက်စိတ်အနည်းငယ်ပြေလျော့သွားသည်။ သူ(မ)က နှုတ်ခမ်းကိုက်ကာ သတ္တိမွေးလိုက်ပြီး
“WeChat အကောင့်လေး သိလို့ရမလား။”
ထိုအချိန်တွင်လေထုတစ်ခုလုံး ငြိမ်သက်သွားသကဲ့သို့ပင်။ ကုမြောင်ပြန်မဖြေလိုက်ခင်တွင် တစ်စုံတစ်ယောက်က ကြားဖြတ်ဝင်ဖြေလိုက်တော့သည်။
“သူ့မှာ WeChat မရှိဘူး။”
ချန်ချူက လက်ပိုက်၍ အေးစက်စက်ဝင်ဖြေလိုက်ခြင်းပင်။
“ငါက သူ့ကောင်မလေးပဲ။ တစ်ခုခုလိုအပ်တာရှိရင် ငါ့ WeChat ကိုအပ်လို့ရတယ်။”
ကောင်မလေးနှစ်ယောက်က နောက်လှည့်ကြည့်လိုက်သောအခါ ယုန်နားရွက်တပ်ထားသည့်မိန်းမလှလေးကို တွေ့လိုက်ရသည်။ ထိုမိန်းမလှလေးမှာ နူးညံ့ညံ့ပုံစံလေးနှင့် ချစ်စရာကောင်းသည့်ပုံစံပင်။ထိုအခါ သူတို့က နေရခက်ကာ ရယ်မောလိုက်ပြီး
“ဆောရီးပါနော်။ စိတ်မရှိပါနဲ့။”
ထိုသို့ပြောကာ သူတို့ချက်ချင်းထွက်သွားတော့သည်။ ချန်ချူက ကုမြောင်ထံသို့လျှောက်လာပြီး သူ(မ)အိတ်ကိုပြန်ယူကာ အေးအေးဆေးဆေးဖြင့်
“သွားမယ်လေ။”
ကုမြောင်က သူ့လက်ထဲမှစတော်ဘယ်ရီရေခဲမုန့်ကို ချန်ချူအားပေးလိုက်သော်လည်း သူ(မ)ကမယူခဲ့ချေ။
“ငါမစားချင်ဘူး။”
ထို့နောက် သူ(မ)အိတ်ကိုလွယ်ကာ သူ့လက်ကိုလည်းမကိုင်တော့ဘဲ တစ်ယောက်တည်းရှေ့မှလျှောက်သွားတော့သည်။ ကုမြောင်စိတ်ထဲတွင်ပျာယာခတ်သွားပြီး အမြန်ပြေးလိုက်ကာ ရှင်းပြတော့သည်။
“ငါသူတို့နှစ်ယောက်ကိုမသိဘူး။ သူတို့ဘာလို့ရောက်လာတယ်ဆိုတာလည်း ငါမသိဘူးနော်။”
သူက ကူကယ်ရာမဲ့စွာဖြင့် အသံကိုနှိမ့်လိုက်ပြီး
“စိတ်မဆိုးပါနဲ့။”
ချန်ချူက သူ့ဖက်သို့လှည့်လာ၏။ ကုမြောင်က ခေါင်းငုံ့ထားရာ သူ့ခေါင်းပေါ်မှကြောင်နားရွက်များကလည်း သနားစရာကောင်းနေလေသည်။ ချန်ချူက နှုတ်ခမ်းဆူထားရင်း သူ့လက်ထဲမှစတော်ဘယ်ရီရေခဲမုန့်ကိုယူကာ စားလိုက်ပြီး
“ရပါတယ်။ နင်အမှားလုပ်ထားတာမှမဟုတ်တာ။”
သူ(မ)က ရေခဲမုန့်ကိုင်ထားသည့်လက်ကို ရှေ့သို့ထုတ်လိုက်ပြီး
“နင်လည်းစားလေ။”
ကုမြောင်မျက်နှာမှာ ရုတ်တရက်နီရဲသွားပြီး ခေါင်းငုံ့ကာ ရေခဲမုန့်ကိုစားလိုက်၏။ ရေခဲမုန့်၏ချိုမြမှုက သူ့နှလုံးသားထဲသို့ပျံ့နှံ့သွားတော့သည်။ ထို့နောက် ကုမြောင်၏စိတ်ထဲမှအပျော်တို့ ပျောက်မသွားခင်တွင် ချန်ချူက စကားတစ်ခွန်းထပ်ပြောလာသည်။
“ငါက ဒီတိုင်း သဝန်တိုသွားတာပါ။”
ကုမြောင် သူ(မ)ကိုကြည့်လိုက်သည့်အခါ ကြည်လင်တောက်ပနေသော မက်မွန်ပွင့်ပုံသဏ္ဍာန်မျက်၀န်းများနှင့် အကြည့်ချင်းဆုံမိသွားသည်။ ထိုမျက်လုံးများမှာ တောက်ပနေသော်လည်း ကုမြောင်၏အရိပ်တစ်ခုတည်းသာရှိနေသည်။ ချန်ချူက နှုတ်ခမ်းကိုစေ့ကာ
“ငါကတော့ သဝန်တိုပါတယ်ဆိုပြီး သတ္တိရှိရှိဝန်ခံရဲတယ်။ နင်ကရော။”
ကုမြောင်မှာ အမြဲတမ်း ကိစ္စများကိုစိတ်ထဲတွင်သာသိမ်းထားတတ်ကြောင်း သူ(မ)သိသည်။ မနေ့ညက ကျုံးရန်ရှီ၏မျက်လုံးများနှင့်ဆုံမိစဥ်က ကုမြောင်စိတ်ထဲတစ်မျိုးဖြစ်သွားလေသည်။ သို့သော် ၎င်းကို ဝန်မခံဘဲ စိတ်ထဲတွင်သာသိမ်းထားခဲ့သည်။ ဆူညံနေသောပတ်ဝန်းကျင်တွင် မိုးပျံပူဖောင်းတစ်လုံးက မိုးပေါ်သို့ပျံတက်သွား၏။ ကုမြောင်တစ်ယောက် ခေါင်းငုံ့ထားကာ လက်များကတုန်ယင်နေသည်။ ထို့နောက် တုံ့ဆိုင်းစွာဖြင့် ချန်ချူ့လက်ကိုကိုင်လိုက်ပြီး သူ၏သဝန်တိုမှုကို ပထမဆုံးအကြိမ်ဝန်ခံလိုက်တော့သည်။
“ငါလည်း သဝန်တိုတယ်။”
ချန်ချူ့နှုတ်ခမ်းထောင့်များ ကွေးတက်သွား၏။ သူ(မ)အသံမှာလည်း ကောင်းကင်တွင်ကခုန်နေသောငှက်များကဲ့သို့ ရွှင်မြူးသွားတော့သည်။
“နောက်ဆို နင်သဝန်တိုရင် သဝန်တိုတယ်လို့ဝန်ခံရမယ်နော်။ ဟုတ်ပြီလား။ ဘာမှအပန်းကြီးတာမှမဟုတ်တာ။”
ကုမြောင်ကလည်း ညင်သာစွာပြန်ပြောလိုက်၏။
“အင်းပါ။ ငါသိပါပြီ။”
ကုမြောင်ရင်ထဲတွင် ပြန်၍ငြိမ်သက်သွားပြီးနောက် ခဏအကြာတွင် တုံ့ဆိုင်းစွာဖြင့် မေးလိုက်လေသည်။
“ဒါဆို မနေ့တုန်းက သူနင့်ကိုဘာတွေပြောနေတာလဲ။”
*****
Aurora Novel Translation Team