Chapter 52
ထိုညက ကျုံးရန်ရှီ ချန်ချူ့ကိုပြောခဲ့သည့်အကြောင်းအရာကို ကုမြောင်သိသွားလေ၏။ ကုမြောင်မျက်နှာတွင် အဆင်မပြေမှုတို့ရှိနေသော်လည်း သက်ပြင်းသာချလိုက်လေသည်။ ချန်ချူက အလွန်ပျော်သွားပြီး ဗိုက်နှိပ်၍ပင်ရယ်တော့သည်။
“နင်ကဘာတွေသက်ပြင်းချနေတာလဲ။ ငါ့ကောင်လေးနဲ့ချိန်းထားတာလို့ ငါသူ့ကိုပြောလိုက်တယ်လေ။”
ကုမြောင် နှုတ်ခမ်းကိုစေ့ကာ မျက်နှာကိုတည်ထားသော်လည်း စိတ်ထဲမှ ထိန်းမရသောပျော်ရွှင်မှုကြောင့် နှုတ်ခမ်းထောင့်လေးအနည်းငယ်ကွေးသွားခဲ့သည်။
“အင်း။”
သူက ပေါ့ပေါ့ပါးပါးသာ စကားပြောလိုက်သည်။
“အိမ်ပြန်ရအောင်။”
လေထုထဲတွင် ဆောင်းဦး၏အေးမြမှုတို့ပါဝင်နေ၏။ သူတို့ Amusement Park သို့သွားပြီး ရက်အနည်းငယ်ကြာသောအခါ ဆောင်းဦးပွဲတော်ပင်ရောက်လေပြီ။
မှောင်နေသောအခန်းထဲတွင် အဝါရောင်မီးတစ်ပွင့်သာရှိ၏။ ကုမြောင်မျက်မှောင်ကြုတ်ရင်း Keyboard တွင် စာမြန်မြန်ရိုက်နေသည်။ စားပွဲပေါ်မှဖုန်းတွင် Vibrate သံမြည်နေသဖြင့် မော့ကြည့်လိုက်သောအခါ သူ့မျက်ခုံးပေါ်မှအေးစက်မှုတို့ တဖြည်းဖြည်းပျောက်ကွယ်သွားတော့သည်။
“ဆောင်းဦးပွဲတော်ကို အတူကျင်းပချင်လား။ ငါ့မိဘတွေ ခရီးထွက်သွားတယ်။”
ချန်ချူက ကုမြောင်ကိုမေးလိုက်၏။ ကုမြောင်ကလည်း ချက်ချင်းပင်
“အင်း။”
တစ်ခဏကြာသော် ချန်ချူက voice message ပို့လိုက်သောအခါ တက်ကြွနေသောကုမြောင်က ချက်ချင်းဖွင့်ကြည့်လိုက်တော့သည်။
“နင့်အိမ်မှာကျင်းပကြမလား။ ငါ နင့်အိမ်ကိုလည်းမရောက်ဖူးသေးဘူးဆိုတော့။”
ချန်ချူ့အသံက အနည်းငယ်နေရခက်နေသော်လည်း ကုမြောင်၏နှလုံးသားကို လှုံ့ဆော်လိုက်သေးသည်။
“ငါ့အိမ်ကိုလာမယ်”တဲ့
ထိုအခိုက်အတန့်တွင် ကုမြောင်နားရွက်များနီရဲသွားပြီး လက်ထိပ်များလည်း တောင့်တင်းသွားတော့သည်။ သို့သော် ချက်ချင်းပင် သူ့ကိုယ်သူစိတ်တည်ငြိမ်စေလိုက်ပြီး အခန်းကိုလှည့်ပတ်ကြည့်လိုက်သည်။ အခန်းမှာအေးစိမ့်နေပြီး ဆောင်းဦးလေတို့ဝင်ရောက်တိုက်ခတ်ခြင်းကြောင့် ပြတင်းပေါက်များကလည်း တကျွိကျွိမြည်နေ၏။ ရိုးရှင်းသောနံရံများ၊ စားပွဲတစ်လုံး၊ သစ်သားကုတင်တစ်လုံးနှင့် အဝတ်ဗီရိုအသေးတစ်လုံးသာရှိသည်။ ၎င်းမှာ နွေရာသီတွင်အခြားသူများနှင့်အတူ စု၍နေရသောအိမ်ဖြစ်ပြီး ကျောင်းပြန်ဖွင့်သည့်အခါ coding projects များလုပ်ရသောကြောင့် အခန်းဖော်များအနှောင့်အယှက်မဖြစ်စေရန် ထိုအိမ်ကိုဆက်ငှားထားခဲ့သည်။ သူ မပြောင်းလာခင်ကတည်းက အဖြူရောင်နံရံပေါ်တွင် ခဲရောင်အစက်များရှိနေ၏။ တစ်ခါတစ်ရံ နံရံကိုမတော်တဆထိမိသည့်အခါ ပြိုကျတတ်သေးသည်။
သက်ပြင်းချလိုက်ပြီးနောက် ကုမြောင်က Alipay ကိုဖွင့်ကာ လက်ကျန်ငွေကိုစစ်ဆေးကြည့်လိုက်သည်။ ပြီးမြောက်ထားသော project မှ လစာဖြင့် ဖုန်းတစ်လုံးချက်ချင်းသွားဝယ်ခဲ့သဖြင့် ကျန်ရှိနေသောပိုက်ဆံမှာ ပိုကောင်းသောနေရာတစ်ခုကိုငှားရန် လုံလောက်ပေလိမ့်မည်။
Haishi တက္ကသိုလ်တွင် ကုမြောင်၏အတန်းဖော်များသာမက စီနီယာများကပင် သဘောကောင်းကြ၏။ ဌာနတစ်ခုလုံး၏ အမှတ်အများဆုံးဖြစ်သောကုမြောင်ကို ပရော်ဖက်ဆာများကလည်း ချစ်ခင်ကြသည်။ ငွေကြေးအခက်အခဲရှိသည်ကိုသိသည့်စီနီယာများက ကုမြောင်ကို အလုပ်များစွာစပ်ပေးကြလေသည်။
ညနောက်ကျချိန်တွင် မိုးရွာသောကြောင့် လေထဲတွင်စိုစွတ်မှုတို့ကျန်ရစ်နေသည်။ သို့သော် ကောင်းကင်တွင် တိမ်ကင်းစင်နေပြီး နွေးထွေးသောနေရောင်တစ်ခုတည်းသာရှိလေသည်။
~
ဆောင်းဦးပွဲတော်နေ့တွင် ရာသီဥတုကပြီးပြည့်စုံနေ၏။ ဆောင်းဦးညတွင် ရာသီဥတုကြမ်းတမ်းခြင်းမရှိသောကြောင့် လူတို့အဆင်ပြေကြသည်။
ကုမြောင်က Laptop ရှေ့တွင်ထိုင်နေသော်လည်း အချိန်အတော်ကြာကြာ စာတစ်လုံးကိုမျှမရေးဘဲ ဗလာဖြစ်နေသော screen ကိုသာ ကြည့်နေလေသည်။
“ဒင်း ဒေါင် ဒင်း ဒေါင်။”
တံခါးမှ ခေါင်းလောင်းသံမြည်လာ၏။ ကုမြောင် ထိုင်ခုံပေါ်မှအမြန်ထကာ တံခါးဆီသို့ပြေးသွားသည်။ အေးစက်စက်ဆောင်းဦးလေညင်းက အခန်းထဲသို့တိုက်ခတ်နေသည်။ တံခါးတွင်ရပ်နေသောမိန်းကလေးမှာ ပန်းရောင်ဂါဝန်နှင့် သိုးမွေးအပေါ်ထပ်ကိုဝတ်ဆင်ထားပြီး ကျက်သရေရှိကာလှပနေ၏။ ဆံပင်ရှည်အကောက်လေးကိုလည်း သပ်သပ်ရပ်ရပ်ချထားပြီး မက်မွန်ပွင့်ပုံသဏ္ဍာန်မျက်လုံးများတွင် အပြုံးများဖြင့်ပြည့်နှက်နေလေသည်။
“ရောက်ပြီလား။”
ကုမြောင်က တံခါးလက်ကိုင်ကိုကိုင်ထားရင်း ဘေးဖက်သို့ဖယ်ပေးကာ ချန်ချူကိုင်လာသောအိတ်တို့ကို လှမ်းယူလိုက်သည်။ ချန်ချူကလည်း ဖိနပ်ချွတ်ရင်း သူ့လက်ထဲမှကြိုးကို ကုမြောင်ကိုပေးလိုက်သည်။
“သူ့ကိုတစ်ချက်ကိုင်ထားပေးပါလား။”
ကြိုး၏အနောက်ကိုလိုက်၍ အပြင်ဘက်သို့ကြည့်လိုက်သောအခါ စင်္ကြံလမ်းပေါ်တွင် ခွေးဝဝတစ်ကောင်ထိုင်နေပြီး ကုမြောင်ကို မျက်လုံးဝိုင်းကြီးဖြင့်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကုမြောင်နှင့်ခွေးတို့အကြည့်ဆုံသည့်အခါ ခွေးက ကျယ်လောင်စွာဟောင်လိုက်သဖြင့် ကုမြောင် မျက်မှောင်ကြုတ်လိုက်တော့သည်။
‘ဒီကောင်က ဘယ်လိုပါလာတာလဲ။’
လေကြောင့် တံခါးကအနည်းငယ်လှုပ်ရှားသွား၏။ ကုမြောင်ပေးသည့်ဖိနပ်ကိုစီးကာ ချန်ချူက အိမ်ထဲဝင်ရင်း သူ(မ)ခွေးလေးကိုလည်း ခေါ်လာလိုက်သည်။
“ဆောရီးပါဟာ။ အစက ငါတစ်ယောက်တည်းလာမလို့ပဲ။ ဒါပေမဲ့ အိမ်ကအန်တီကလည်း ဒီနေ့အလုပ်နားတာရယ် လင်းချီဖိန်လည်း သူ့အိမ်မှာမရှိတာရယ်ကြောင့် မြှောင်မြှောင်လေးကို အိမ်မှာတစ်ယောက်တည်းမထားခဲ့ချင်လို့။”
သူ(မ)က အသံကိုနှိမ့်လိုက်ပြီး မက်မွန်ပွင့်ပုံသဏ္ဍာန်မျက်လုံးများဖြင့် သူ့ကိုကြည့်ကာ
“နင်စိတ်မဆိုးဘူးမလားဟင်။”
အခန်းတစ်ခုလုံးတိတ်ဆိတ်သွား၏။ တစ်ခဏကြာမှ ကုမြောင်က အင်တင်တင်ဖြင့်
“ရပါတယ်။”
ချန်ချူ ပြုံးလိုက်ပြီးစကားပြောမည်ပြုသည့်အချိန်တွင် သူ(မ)လက်ထဲမှကြိုးက လွတ်သွားလေတော့သည်။ မြှောင်မြှောင်က ကြိုးထံမှထွက်ပြေးသွားပြီး ခုံတစ်ခုံအောက်တွင်ဝင်ပုန်းလေသည်။
“ပတ်ဝန်းကျင်အသစ်ကို ကျင့်သားမရသေးလို့ထင်တယ်။”
ကုမြောင်၏ တွေဝေနေသောအကြည့်ကြောင့် ချန်ချူကရှင်းပြလာသည်။ ကုမြောင်လည်း ခေါင်းညိတ်ပြလိုက်ပြီး မြှောင်မြှောင်ကို စိတ်ထဲမထားတော့ချေ။ ထို့နောက် ချန်ချူ့ကိုကြည့်၍
“နင် မနက်စာစားပြီးပြီလား။”
“နွားနို့နည်းနည်းတော့သောက်လာတယ်။ ဘာလို့လဲ။”
မျှော်လင့်ချက်များစွာဖြင့် ကုမြောင်မျက်လုံးများ အရောင်လက်သွား၏။ ထို့နောက် သူ့လည်စေ့က အပေါ်အောက်လှုပ်ရှားသွားကာ
“ငါ mooncake တွေလုပ်ထားတယ်။ နင်စားကြည့်မလား။”
“mooncake ဟုတ်လား။”
ချန်ချူ့မျက်လုံးများ အရောင်လက်သွားပြီး အံ့အားသင့်စွာဖြင့်
“နင်က mooncake လည်း လုပ်တတ်တာပဲလား။ မိုက်လိုက်တာ။”
ရိုးရှင်းလှသောချီးကျူးမှုကြောင့် ကုမြောင်နှလုံးသားတစ်ခုလုံး ချိုမြိန်သွားခဲ့သည်။ ရှက်သွားသဖြင့် ကုမြောင်ကခေါင်းငုံ့လိုက်ပြီး သူ့မျက်လုံးထဲမှပျော်ရွှင်မှုတို့ကိုဖုံးကွယ်ထားလိုက်သည်။
“ငါက ဒီတိုင်းပဲလုပ်လိုက်တာပါ။”
“မြန်မြန်လုပ်။ ငါစားကြည့်ချင်နေပြီ။”
ချန်ချူက မျက်ခုံးပင့်ပြလိုက်ပြီး တက်ကြွနေလေ၏။ ချန်ချူ့စကားနားထောင်သည့်ကုမြောင်ကလည်း ချက်ချင်းပင် မီးဖိုချောင်ထဲသို့ဝင်သွားကာ ပန်းကန်တစ်ချပ်ကိုင်၍ပြန်ထွက်လာခဲ့သည်။ လေထဲတွင် ထောပတ်နံ့တို့မွှေးပျံ့နေပြီး သူ့လက်ထဲမှကန်းကန်ထဲတွင် Mooncake (၄) ခုကို သေသေချာချာစီ၍ထည့်ထားသည်။
“သေးသေးလေးတွေလုပ်ထားတယ်။ နင်အရသာကို တစ်ခုချင်းစားကြည့်လို့ရအောင်လို့။”
ကုမြောင်က ထိုသို့ပြောလိုက်သောအခါ ချန်ချူက ကိတ်တစ်ခုကိုကောက်ယူလိုက်သည်။ oven ထဲကနေ ယခုမှထုတ်လာခြင်းဖြစ်တာကြောင့် မုန့်ကနွေးနေသေး၏။ တစ်ကိုက်ကိုက်ကြည့်လိုက်သော် မုန့်အသားကကြွပ်ရွနေပြီး အရသာက သူ(မ)ပါးစပ်ထဲတွင်ပျော်ဝင်သွားတော့သည်။
“အရမ်းစားလို့ကောင်းတာပဲ။”
ချန်ချူက အံ့အားသင့်စွာဖြင့် mooncake တစ်ခုလုံးကိုစားလိုက်လေသည်။ သူ(မ)မျက်လုံးများတွင်လည်း ဝမ်းသာပျော်ရွှင်ခြင်းကြောင့် အရောင်လက်နေ၏။
“နင်က အချက်အပြုတ် မီးဖိုချောင်ကိစ္စတွေမှာ တကယ်ပါရမီပါတာပဲ။”
ကုမြောင် နှလုံးခုန်မြန်နေ၏။ ဘေးတွင်ချထားသည့်လက်နှစ်ဖက်ပင် ပျော်ရွှင်မှုကြောင့်တုန်ယင်နေလေသည်။ သူခေါင်းငုံ့လိုက်သောအခါ သူ့မြင်ကွင်းထဲဝင်ရောက်လာသော ချန်ချူ၏ချယ်ရီကဲ့သို့နီမြန်းစိုစွတ်နေသောနှုတ်ခမ်းပါးတို့ကို ငေးကြည့်လိုက်မိသည်။ ကိတ်စားပြီးနောက် ချန်ချူက နှုတ်ခမ်းကိုလက်ဖြင့်သုတ်လိုက်၏။ ထို့နောက် မော့ကြည့်လိုက်သောအခါ ကုမြောင်၏လေးနက်သောမျက်လုံးများနှင့် အကြည့်ချင်းဆုံမိသွားသည်။ ထိုမျက်ဝန်းတစ်စုံမှာ အနက်ရောင်ဝဲဂယက်ကြီးကဲ့သို့ သူ(မ)ကိုစုပ်ယူဆွဲငင်နေတော့သည်။
ဆောင်းဦးလေမှာ အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်စေ၏။ ခန်းဆီးစများလည်း လေထဲတွင်လွင့်နေသည်။ သူတို့နှစ်ယောက် အကြည့်ချင်းဆုံကြသည့်အခါ မီးတောက်တစ်ခုတောက်လောင်သွားသကဲ့သို့ပင်။ ချန်ချူလည်း နှလုံးခုန်မြန်လာပြီး သူ့အကြည့်ထံမှခံစားချက်တို့ကို ခံစားမိလာသည်။
“ဘာဖြစ်လို့လဲ။”
သူ(မ)အသံမှာ အားနည်းနေပြီး စိတ်လှုပ်ရှားမှုတို့ပါဝင်နေသည်။ မျက်လုံးထဲမှမီးတောက်တို့က နှလုံးသားထဲအထိလောင်ကျွမ်းနေပြီး ကုမြောင်အား အသိစိတ်များလွတ်သွားစေခဲ့သည်။ ထို့နောက် ကုမြောင်၏လည်စေ့က အပေါ်အောက်လှုပ်ရှားသွားပြန်ကာ သူ(မ)အနားသို့ကပ်သွားပြီး နှုတ်ခမ်းကိုဖိနမ်းလိုက်တော့သည်။
ချန်ချူ လက်သီးကိုဆုပ်ထားမိ၏။ ကုမြောင်နှုတ်ခမ်းများက ညင်သာစွာဖြင့် သူ(မ)နှုတ်ခမ်းကိုထိတွေ့စုပ်ယူနေလေသည်။ စမ်းရေနွေးထဲတွင် စိမ်နေရသကဲ့သို့ခံစားနေရပြီး သူ(မ)ခန္ဓာကိုယ်တစ်ခုလုံး အရည်ပျော်ကျသွားသလိုပင်။ သူ(မ)မသိလိုက်ခင်မှာပင် သူ(မ)လက်များက ကုမြောင်လည်ပင်းပေါ်သို့ရောက်နှင့်နေပြီဖြစ်ပြီး ခြေဖျားထောက်ကာ ကုမြောင်၏အနမ်းကို အလိုက်သင့်စွာတုံ့ပြန်နေခဲ့လေသည်။
မနေ့ညက မိုးကြီးခဲ့သောကြောင့် လေထုကစိုစွတ်နေလေသည်။ နံရံပေါ်မှနာရီလက်တံက အသံမြည်လျက်ရွေ့လျားနေကာ နောက်ဆုံးတွင် သူတို့နှစ်ယောက် နမ်းနေရာမှလူချင်းခွာလိုက်တော့သည်။
“ငါ-ငါ နေ့လယ်စာသွားပြင်လိုက်ဦးမယ်။”
ကုမြောင်တစ်ယောက် မျက်နှာတစ်ခုလုံးနီရဲနေပြီး စကားလည်းထစ်နေ၏။ ထို့နောက် မီးဖိုချောင်ထဲသို့ ထွက်ပြေးသွားတော့သည်။ ကုမြောင်ရှက်နေသည့်ပုံစံကိုကြည့်ကာ ချန်ချူမနေနိုင်ဘဲ ရယ်မိတော့သည်။
နေ့လယ်စာမှာ စားသောက်ပွဲကြီးတစ်ခုကဲ့သို့ပင်။ ကုမြောင်၏အချက်အပြုတ်လက်ရာမှာ အမြဲထိပ်တန်းဖြစ်သောကြောင့် ချန်ချူကသူ့အား “အချက်အပြုတ်ဆရာကြီး”ဘွဲ့ပေးထားလေသည်။
လေထုမှာ နွေးထွေး၍ နေလို့ကောင်း၏။ ယခင်က ကုမြောင်မှာ အားလပ်ရပ်များကိုအလွန်မုန်းတီးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန်များတွင် မိသားစုနှင့် သူငယ်ချင်းမရှိသဖြင့် အမြဲအထီးကျန်ရသောကြောင့်ပင်။
ဆောင်းဦးလေကလည်း ညင်သာစွာတိုက်ခတ်နေ၏။ သူ့ရှေ့မှမိန်းကလေးကိုကြည့်နေရင်း သူ့မျက်လုံးထဲတွင် အနွေးဓာတ်လေးရှိနေခဲ့သည်။ နောက်ဆုံးတော့ သူတစ်ယောက်တည်းမဟုတ်တော့ချေ။
~
နေ့လယ်စာစားပြီးနောက် သူတို့နှစ်ယောက် ဆိုဖာပေါ်တွင်ထိုင်ကာ TV အတူတူကြည့်နေကြသည်။
“အာ ဟုတ်သားပဲ။”
ရုတ်တရက် ချန်ချူ ထရပ်လိုက်၏။
“မြှောင်မြှောင်က ဘာမှမစားရသေးဘူးလေ။”
မြှောင်မြှောင်မှာ စရောက်ကတည်းက ထိုင်ခုံအောက်တွင်သာပုန်းနေပြီး အသံလည်းမပေးချေ။ ချန်ချူက သူ(မ)အိတ်ထဲမှ မြှောင်မြှောင်၏ပန်းကန်လုံးကိုထုတ်ကာ ပြင်ဆင်လာသည့်ခွေးစာကို လောင်းထည့်ပေးလိုက်တော့သည်။ ထို့နောက် ထိုင်ခုံ၏နံဘေးတွင် ထိုင်ချလိုက်ပြီး ပန်းကန်လုံးကို မြှောင်မြှောင်ထံသို့တွန်းပေးလိုက်သည်။ သို့သော် နှာခေါင်းမည်းလေးကအနံ့ခံပြီးနောက် ပန်းရောင်ပန်းကန်လုံးကို တွန်းထုတ်လိုက်လေသည်။ မြှောင်မြှောင်မှာ ဒေါသထွက်နေသကဲ့သို့ပင်။
“ဘာဖြစ်လို့လဲ။”
ချန်ချူက ညင်သာစွာမေးလိုက်၏။
“စိတ်ကောက်နေတာလား။”
မြှောင်မြှောင်က ကျယ်လောင်စွာဟောင်တော့သည်။ ကုမြောင်ကိုသဘောမကျသောကြောင့် ကုမြောင်၏အိမ်တွင် မနေချင်သကဲ့သို့ပင်။ ချန်ချူက ခုံအောက်သို့လက်လှမ်းကာ မြှောင်မြှောင်၏ခေါင်းကိုပွတ်သပ်ပေးလိုက်ပြီး
“ကလေးရယ်။ ဒီနေ့အစာထဲမှာ အမဲသားပါတယ်လေ။ အမဲသားကြိုက်တယ်မဟုတ်လား မြှောင်မြှောင်က။”
ထိုသို့ပြောလိုက်ပြီးနောက် ချန်ချူက ပန်းကန်လုံးကိုပြန်ထည့်ပေးလိုက်သော်လည်း မြှောင်မြှောင်က ခေါင်းမာစွာဖြင့်ပြန်တွန်းထုတ်လေသည်။
နေ့လယ်ခင်းရောက်သောအခါ ချန်ချူအနည်းငယ်ပင်ပန်းလာသဖြင့် သူ(မ)မျက်လုံးများတွင် အိပ်ချင်မူးတူးအရိပ်အယောင်တို့ပေါ်လာသည်။ ထို့နောက် သူ(မ)က
“အရင်ဆုံး တစ်ရေးအိပ်ချင်လား။”
ကုမြောင်ရောက်လာပြီး ရေကိုစစ်ဆေးလိုက်သည်။ သို့သော် ချန်ချူက ခုံအောက်တွင်ပုန်းနေဆဲဖြစ်သောမြှောင်မြှောင်ကိုသာကြည့်နေဆဲဖြစ်ပြီး သူ(မ)မျက်လုံးများတွင် စိတ်ပူမှုတို့ထင်ဟပ်နေလေသည်။
“ခွေးစာကို ဒီတိုင်းပဲချထားလိုက်ပါလား။ ခဏနေဗိုက်ဆာလာရင် သူ့ဘာသာသူစားလို့ရတာပေါ့။”
ကုမြောင်က ပန်းကန်လုံးကိုယူကာ အောက်ငုံ့လိုက်ပြီး မြှောင်မြှောင်ပုန်းနေသည့်ထိုင်ခုံနံဘေးတွင် ချထားပေးလိုက်သည်။ ထိုခွေးက သူ့အား ရန်လိုနေသည်ကိုသိသောကြောင့် သူ့အိမ်တွင် သတိထားနေသည်ကို ကုမြောင်သိလေသည်။
နေ့ခင်းနေရောင်က ဆောင်းဦး၏အအေးဓာတ်ကိုဖယ်ရှားပေးလိုက်သည်။ နောက်ဆုံးတွင် ကုမြောင်၏ဖျောင်းဖျမှုကြောင့် ချန်ချူ အိပ်ရာထဲတွင်အနားယူလိုက်တော့သည်။ သူ(မ)နှာခေါင်းတွင်လည်း ကုမြောင်၏ဆပ်ပြာအနံ့ကိုသာ ရှူရှိုက်မိနေသည်။ သူ(မ) တစ်ခဏလောက်ရှက်နေသေး၏။ ထို့နောက် မျက်ခွံများလေးလံလာပြီး အိပ်ပျော်သွားတော့သည်။ နိုးလာသောအခါ ညနေခင်းတိမ်တိုက်များက ကောင်းကင်တွင် ပျံ့နှံ့နေချေပြီ။ ချန်ချူအိပ်ရာမှထလိုက်သော်လည်း အနည်းငယ်ခေါင်းမူးနေသေး၏။ ဖိနပ်ပါးကိုကောက်စီးကာ အခန်းတံခါးကို ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
ဧည့်ခန်းတွင် အလင်းရောင်သိပ်မရှိ။ ပြတင်းပေါက်မှထိုးဖောက်ဝင်ရောက်နေသော နေဝင်ချိန်၏အလင်းရောင်သာရှိသည်။ ဧည့်ခန်းထဲတွင် ကုမြောင်က ကြမ်းပေါ်တွင်ထိုင်နေ၏။ သူ့နောက်ကျောမှာ ပိန်ပါးနေသည်။ သူ့လက်ထဲတွင် ရေဗူးတစ်ဗူးကိုင်ထားပြီး ကြွေပန်းကန်လုံးတစ်လုံးထဲသို့ ရေလောင်းထည့်နေသည်။ ပတ်ဝန်းကျင်တစ်ခုလုံးက တိတ်ဆိတ်လျက်ပင်။ ကုမြောင်က ရေထည့်ထားသည့်ပန်းကန်လုံးကို ထိုင်ခုံအောက်သို့ထည့်ပေးလိုက်ပြီး ချော့မြှူနေသောအသံဖြင့်
“ရေသောက်လိုက်ဦး။”
မြှောင်မြှောင်က ပန်းကန်လုံးကိုလည်းတွန်းလိုက်ပြန်၏။ အစာခွက်ထဲတွင်လည်း အစာများကိုမစားထားပေ။ ကုမြောင် သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူ့အသံမှာ ပို၍တိုးသွားပြီး တောင်းပန်နေသည့်လေသံမျိုးဖြစ်သွားလေသည်။
“မင်းဘာမှမစားရသေးဘူးလေ။ ချူချူက မင်းကိုတကယ်စိတ်ပူနေတာ သိရဲ့လား။”
ကုမြောင်အသံ၏ညင်သာမှုကိုသတိထားမိသွားသည့်မြှောင်မြှောင်က တအီအီအသံတစ်ခုပြုလာသည်။ ထိုအခါ ကုမြောင်က အသံကိုနှိမ့်ကာ ဆက်ပြော၏။
“ငါတို့တွေက သူ(မ)ကိုပျော်စေချင်တဲ့သူတွေပဲလေ။ ဟုတ်တယ်မလား။”
မြှောင်မြှောင်က သဘောတူသည့်အတိုင်း ဟောင်သံတစ်ချက်ပြုလေသည်။ နေကလည်း တောင်တန်း၏အကွယ်သို့ရောက်သွားချေပြီ။ ကုမြောင်အသံမှာ ညင်သာနေပြီး လေထဲတွင်မျောလွင့်နေသကဲ့သို့
“မင်းငါ့ကိုသဘောမကျတာ ငါသိပါတယ်။ ငါကလည်း အရင်တုန်းက မင်းကိုကောင်းကောင်းမဆက်ဆံခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါတို့နှစ်ယောက်လုံးက ချူချူ့ကိုချစ်ကြတယ်မဟုတ်လား။ သူ(မ)ကို ပျော်စေချင်တာမလား။”
ခုံအောက်မှ နှာခေါင်းမည်းလေးပြူထွက်လာ၏။ ကုမြောင်က ပန်းကန်လုံးလေးကို ပြန်တွန်းပေးလိုက်သောအခါ မြှောင်မြှောင်က မတွန်းထုတ်တော့ဘဲ ဟောင်သံတစ်ချက်ပြုကာ အစာစားတော့လေသည်။ ထိုအခါ ကုမြောင်က ရေထည့်ထားသည့်ပန်းကန်လုံးကိုလည်း ထပ်၍တွန်းထည့်ပေးလိုက်သည်။ မြှောင်မြှောင်က ခုံအောက်မှထွက်လာပြီး ပန်းရောင်လျှာလေးကိုထုတ်ကာ ရေကိုသောက်တော့သည်။ ကုမြောင်မျက်လုံးများတွင် လေးနက်မှုတို့ရှိနေပြီး အမွေးပွခွေးလေး၏ခေါင်းကို လှမ်း၍ပွတ်သပ်လိုက်သည်။ မြှောင်မြှောင်က တစ်ချက်တွန့်သွားသော်လည်း တစ်ခဏကြာသော် ကုမြောင်၏လက်ကို ပြန်လည်ကာပွတ်သီးပွတ်သပ်လုပ်လာသည်။
ကုမြောင်၏နှုတ်ခမ်းထောင့်လေးများကွေးသွားပြီး အမွေးပွခွေးလေးကိုငုံ့ကြည့်ကာ
“ဒါပေမဲ့ ချူချူက မင်းကိုပိုချစ်တယ်ထင်တယ်။ သူက မင်းကို ကလေးလေးလို့ခေါ်တယ်လေ။”
‘ငါ့ကိုတော့ ကလေးလေးလို့တစ်ခါမှမခေါ်ဖူးဘူး။”
*****
Aurora Novel Translation Team