Chapter 53
အခန်းတစ်ခုလုံးတိတ်ဆိတ်နေကာ ညလေညင်းတိုက်ခတ်နေသည့်အသံတွေကို ကြားနေရသည်။
ချန်ချူတစ်ယောက် မထိန်းထားနိုင်တော့ဘဲ အသံထွက်၍ရယ်လိုက်မိသောအခါ ကုမြောင်ခန္ဓာကိုယ်က တစ်ချက်တွန့်သွား၏။
“နင် ဘယ်တုန်းကနိုးနေတာလဲ။”
ကုမြောင်ကတော့ ချန်ချူရှိရာသို့လှည့်မကြည့်ဘဲ ခေါင်းကိုငုံ့ထား၏။ ရှက်လွန်းသဖြင့် နားရွက်များကလည်း နီရဲနေလေသည်။ ချန်ချူကပြန်မဖြေဘဲ ရှေ့သို့လျှောက်သွားပြီး ကုမြောင်ကို အနောက်ကနေလှမ်းဖက်လိုက်သည်။ ကုမြောင်၏ခန္ဓာကိုယ်မှာ လောင်ကျွမ်းနေသည့်မီးတောက်ကဲ့သို့ ပူပြင်းနေ၏။ ချန်ချူလှမ်းဖက်လိုက်သည့်နူးညံ့မှုကိုခံစားရသည့်အခါ သူ့နှလုံးသားထဲတွင် လှိုင်းထန်သွားတော့သည်။
“ချူချူ။”
အသံခပ်ဩဩဖြင့် သူကခေါ်လိုက်ပြီး ရှင်းပြရန်ကြိုးစားတော့သည်။
“ငါ-ငါ တစ်ယောက်တည်းကိုယ့်ဘာသာကိုယ် စကားပြောနေတာပါ။”
မြှောင်မြှောင်ကိုမနာလိုဖြစ်နေသည်မှာ သူ မဟုတ်သကဲ့သို့ပင်။ ချန်ချူက ခပ်တင်းတင်းဖက်လိုက်ပြီး သူ့လည်ပင်းအနီးတွင် ရယ်မောလိုက်လေသည်။ နွေးထွေးနေသည့်ချန်ချူ့အသက်ရှူသံက ကုမြောင်၏ပါးကိုရိုက်ခတ်နေလေရာ ကုမြောင်အား နှလုံးခုန်မြန်သွားစေသည်။နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း စကားမပြောမိအောင်ထိန်းထားခဲ့သည်။
ချန်ချူက သူ့နားရွက်နားသို့ကပ်ကာ
“အင်း။ ငါသိပါတယ်။ ငါ့ကလေးကြီးက အမြဲတမ်းသူ့ကိုယ်သူပဲ စကားတွေပြန်ပြောနေတယ်ဆိုတာ။”
ကုမြောင်၏နားရွက်များ ပို၍ပင်နီရဲသွားပြီး ခေါင်းကိုငုံ့ကာ သူ့ခါးကိုဖက်ထားသည့်လက်တစ်စုံကိုကြည့်နေမိလေသည်။ သူ့လက်ထိပ်များ တုန်ယင်နေသော်လည်း စိတ်အလိုလိုက်ကာ သူ(မ)လက်များဆီသို့ချဥ်းကပ်သွားမိတော့သည်။
“အင်း။”
သူ့အသံက မသဲမကွဲဖြစ်နေ၏။ “ကလေးကြီး”ဟူသောနာမ်စားကို တုံ့ပြန်လိုက်သကဲ့သို့ပင်။
ယနေ့ညတွင် လေက သိပ်မအေးဘဲ သူတို့နှလုံးသားများဆီသို့ အနွေးဓာတ်ကိုသယ်ဆောင်လာသည်။ ချန်ချူက သူ့နောက်ကျောပေါ်တွင်မှီကာ အသက်ကိုဖြည်းဖြည်းရှူ၍ ကုမြောင်ကိုမထိတထိကျီစယ်နေ၏။ ထိုအခါ သူ့အသက်ရှူသံများမှာ တဖြည်းဖြည်းမြန်ဆန်လာပြီး လည်စေ့ကလည်း အပေါ်အောက်လှုပ်ရှားနေတော့သည်။ သူ့တစ်ကိုယ်လုံးတွင် အတွင်းနှင့်အပြင်ဟူ၍ နှစ်ခြမ်းကွဲသွားပြီး အတွင်းပိုင်းက ချန်ချူ့အချစ်များထဲတွင်နစ်ဝင်သွားသကဲ့သို့ နူးညံ့မှုကိုခံစားနေရပြီး အပြင်ပိုင်းတွင်မူ သူ(မ)၏ကျီစယ်မှုကြောင့် တစ်ကိုယ်လုံးတောင့်တင်းနေတော့သည်။
“ချူချူ။”
ကုမြောင် သူ့ကိုယ်သူပြန်ထိန်းထားလိုက်ပြီး ချန်ချူ့လက်ကိုဆွဲကာ သူ(မ)ဘက်သို့ကိုယ်ကိုလှည့်လိုက်ရင်း
“ငါ ဟင်းသွားချက်လိုက်ဦးမယ်။”
“ငါကူပေးမယ်လေ။”
ချန်ချူ ပြုံးပြလိုက်သည်။ သူ(မ)အသံမှာ နွေရာသီမှ တောင်ကျရေကဲ့သို့ကြည်လင်နေပြီး သူ့နှလုံးသားထဲသို့စီးဝင်ကာ မည်သူ့ကိုမှထုတ်မပြသည့်ညစ်ပတ်သောအတွေးတို့ကို ရောင်ပြန်ဟပ်စေတော့သည်။ ကုမြောင်မှာတော့ နှုတ်ခမ်းကိုစေ့ကာ အောက်ငုံ့ကြည့်လိုက်ပြီး ဖုဖောင်းနေသည့်အရာကြောင့် ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်မှုဖြင့် သက်ပြင်းချလိုက်မိလေသည်။ ထို့နောက်
“မလိုပါဘူး။ နင်အပြင်မှာ မြှောင်မြှောင်နဲ့သွားဆော့နေလေ။ ခဏလောက်ပဲကြာမှာပါ။”
မီးဖိုချောင်တံခါးမှာ ၀ုန်းခနဲပိတ်သွား၏။ ထို့နောက် ကုမြောင် သူ(မ)ကိုကျောပေးထားလိုက်တော့သည်။
“တစ်ခုခုလိုတာရှိရင် ငါ့ကိုပြောနော်။”
ချန်ချူက ခေါင်းလေးစောင်းကာ လှမ်းပြောလိုက်သေးသည်။
“ဟုတ်ပါပြီ။”
အောက်ပိုင်းမှတောင့်တင်းနေမှုကြောင့် ကုမြောင်ခေါင်းမမော့ရဲဘဲ တိတ်တဆိတ်သာခေါင်းညိတ်ပြလိုက်သည်။
ညစာမှာ အလွန်များပြား၏။ မြှောင်မြှောင်ကိုလည်း ခွေးစာတစ်ပန်းကန်အပြင် စည်သွပ်ဗူးထဲမှအစာကိုပါ ထပ်ကျွေးခဲ့သေးသည်။ ရွှေရောင်ခွေးလေးမှာ ပန်းကန်လုံးထဲတွင်ခေါင်းကိုစိုက်၍ အတော်နှင့်ပြန်မပေါ်လာတော့ချေ။
ညစာစားပြီးနောက် ကောင်းကင်တွင်လပြည့်ကြီးကိုမြင်တွေ့နေရပြီဖြစ်သည်။ သူတို့နှစ်ယောက်မှာ ဝရံတာထိုင်ခုံများပေါ်တွင်မှီ၍ထိုင်လျက် သာယာသည့်လရောင်ကိုခံစားနေကြလေသည်။
“ဓာတ်ပုံတစ်ပုံလောက်ရိုက်ရအောင်။”
ချန်ချူက ကင်မရာကိုဖွင့်ကာ selfie mode သို့ပြောင်းလိုက်၏။ သူ(မ)ဘေးမှကုမြောင်ကတော့ ဓာတ်ပုံရိုက်လေ့မရှိသောကြောင့် ချောမောနေသည့်မျက်နှာက အေးစက်စက်နှင့်ခံစားချက်မဲ့နေလေသည်။
“ပြုံးထားလေ။”
ချန်ချူက တစ်ဖက်သို့လှည့်ကာ ကုမြောင်၏နှုတ်ခမ်းထောင့်နှစ်ခုကို လက်ညှိုးဖြင့်ပင့်တင်ပေးလိုက်သည်။ ချောမောသည့်ကုမြောင်မျက်နှာပေါ်တွင် ခပ်တောင့်တောင့်အပြုံးတစ်ခုပေါ်လာသော်လည်း မျက်လုံးများက မပြုံးလာသောကြောင့် ကြောက်စရာကောင်းသည့်အပြုံးမျိုးဖြစ်နေလေသည်။ ထိုအခါ ချန်ချူက
“ငါ့လိုမျိုး ပျော်ပျော်လေးပြုံးမှပေါ့။”
ချန်ချူက မျက်ခုံးပင့်လိုက်ပြီး နှုတ်ခမ်းထောင့်လေးများကိုကွေးကာပြုံးပြလိုက်သောအခါ အသက်ဝင်သောအပြုံးလေးတစ်ခုဖြစ်တည်လာသည်။ကြည်လင်တောက်ပနေသောမျက်၀န်းလေးများတွင် လခြမ်းကွေးလေးကဲ့သို့ နွေးထွေးသည့်လရောင်လည်းရှိနေလေသည်။ ထိုအပြုံးကိုမြင်သောအခါ ည၏အမှောင်ထုတို့ ချက်ချင်းလင်းလက်သွားသလို ကုမြောင်ခံစားလိုက်ရသည်။ သို့သော် ဘဝ၏ခါးသက်မှုများကြောင့် ထိုသို့အပူအပင်ကင်းသည့်အပြုံးမျိုးကို ကုမြောင်မပြုံးနိုင်ခဲ့ချေ။
ညလေပြည်က ချန်ချူ့နဖူးပေါ်သို့တိုက်ခတ်သွားသဖြင့် ဆံပင်တို့လွင့်စဥ်ကုန်သည်။ ကုမြောင်က ဖြည်းဖြည်းချင်းလက်လှမ်းလိုက်ပြီး ဆံပင်စလေးကို သူ(မ)နားရွက်နောက်သို့သပ်တင်ပေးလိုက်သည်။ ချန်ချူ့ကိုငုံ့ကြည့်လိုက်သည်နှင့် စိတ်ထဲတွင်နွေးထွေးမှုကိုခံစားလိုက်ရပြီး သွေးခုန်နှုန်းများလည်း မြန်ဆန်လာတော့သည်။ လရောင်က စက်ဝန်းကဲ့သို့ဖြာကျနေကာ ကုမြောင်မနေနိုင်တော့ဘဲ ပြုံးလိုက်မိလေသည်။
“ဟုတ်တယ်။ အဲ့လိုပြုံးမှ ပြည့်စုံသွားတာ။”
ချန်ချူက ထိုသို့ပြောလိုက်ပြီးနောက် ကုမြောင်လက်မောင်းကိုလက်တွဲလိုက်ပြီး ဓာတ်ပုံရိုက်၏။ ဓာတ်ပုံထဲတွင် ချန်ချူ့အပြုံးမှာ ပွင့်လန်းနေသည့်ပန်းတစ်ပွင့်ကဲ့သို့တောက်ပနေပြီး ဖြူဖွေးနေသည့်သူ(မ)မျက်နှာကလည်း လမင်းကြီးကဲ့သို့လှပနေတော့သည်။
“အဲ့ဒီ့ဓာတ်ပုံလေး ငါ့ကိုလည်းပို့ပေးပါလား။”
ကုမြောင်က မေးလိုက်၏။ ချန်ချူက ချက်ချင်းပင်လှမ်းပို့လိုက်ပြီး
“ရောက်လား။”
အိတ်ကပ်ထဲတွင် ကုမြောင်ဖုန်းက vibrate သံမြည်လာပြီး ဖုန်းကိုယူကြည့်လိုက်သောအခါ ဓာတ်ပုံရောက်လာပြီဖြစ်သဖြင့် ပုံကို save လိုက်တော့သည်။ သို့သော် ဖုန်းကိုပြန်မချခင်တွင် သူ့လက်ချောင်းများကတုံ့ဆိုင်းနေ၏။ ထို့နောက် ကုမြောင်က ထိုဓာတ်ပုံကို Wallpaper ထားလိုက်လေသည်။
ထိုညက ကုမြောင်တစ်ယောက် ဖုန်းကိုကိုင်၍အိပ်ရာထဲတွင်လဲလျောင်းနေခဲ့သည်။ screen က မှောင်၍ပိတ်သွားသည့်အခါတွင်တောင် ပြန်ဖွင့်ပြီး ဖုန်းကိုကြည့်နေမိသည်။ ဖုန်းမျက်နှာပြင်ပေါ်တွင်ရှိနေသည့်မိန်းကလေးကို အချိန်ကြာကြာစိုက်ကြည့်နေပြီးမှ သူ အိပ်ပျော်သွားလေတော့သည်။
*
ဆောင်းဦးပွဲတော်ပြီးသွားသည့်အခါ ရာသီဥတုက သိသိသာသာအေးလာ၏။ ကမ်းရိုးတန်းမြို့မှဆောင်းရာသီမှာ အေးစိမ့်သကဲ့သို့ စိုစွတ်မှုလည်းရှိပြီး တိုက်ခတ်လာသောလေတို့ကလည်း အရိုးထဲစိမ့်အောင်အေးလေသည်။ ဆောင်းရာသီပိတ်ရက်ရောက်တော့မည်ဖြစ်သဖြင့် ဖုရုန်းက ချန်ချူ၏အစီအစဥ်တို့ကိုမေးမြန်းလိုက်သည်။
“သမီး အိမ်မှာပဲနေပြီးစန္ဒရားကျင့်မှာပါ။”
ချန်ချူက ဖုန်းဆော့နေရင်းဖြေလိုက်၏။ ဖုရုန်းက သူ(မ)ကိုလှမ်းကြည့်ကာ အကြံပြုလိုက်သည်။
“New Year ကျရင် Switzerland ကိုသွားကြမလား။ ကျင်ကျင်တို့မိသားစုလည်း သွားကြမယ်ပြောတယ်။”
“သမီးမလိုက်တော့ဘူး။”
ချန်ချူက ပြတ်ပြတ်သားသားငြင်းလိုက်တော့သည်။ စဥ်းစားကြည့်သော် ကုမြောင်မှာ ယခုနှစ် New Year တွင် တစ်ယောက်တည်းဖြစ်နေလိမ့်မည်။ ထို့ကြောင့် သူ့ကိုတစ်ယောက်တည်းမထားခဲ့နိုင်ပေ။
“သမီးကလေ ကလေးဖြစ်ပြီးတက်တက်ကြွကြွကိုမရှိဘူး။ ပျင်းဖို့ကောင်းလွန်းတယ်။ အမြဲတမ်း အိမ်မှာပဲနေပြီး စန္ဒရားကျင့်နေတာ။ အပြင်လေးဘာလေးထွက်ပြီး မိတ်ဆွေသစ်ရှာမယ်မရှိဘူး။”
ဖုရုန်းက သက်ပြင်းချလိုက်သော်လည်း တစ်ဖန်ထပ်မေးလိုက်၏။
“သမီးကျောင်းမှာ ကောင်လေးရနေပြီလား။”
ချန်ချူလန့်ဖျပ်သွားပြီး နှလုံးခုန်မြန်သွား၏။ ထို့နောက် ချက်ချင်းပြန်ဖြေလိုက်သည်။
“မရပါဘူး။”
“ဘာ။”
ဖုရုန်းက ချက်ချင်းပင်ဆိုဖာပေါ်မှထထိုင်လိုက်ပြီး
“သမီးကိုလိုက်နေတဲ့သူ တစ်ယောက်မှတောင်မရှိဘူးလား။”
“မရှိဘူး။”
ချန်ချူကလည်း ပြတ်ပြတ်သားသားပြန်ဖြေလိုက်၏။
“မဖြစ်နိုင်တာ။ အမေ့ကိုလိမ်နေတာမဟုတ်လား။”
ဖုရုန်းက သံသယဖြင့် ချန်ချူ့မျက်နှာကိုကိုင်ကြည့်လိုက်ပြီး
“အထက်တန်းကျောင်းမှာတုန်းက သမီးကိုလိုက်တဲ့သူတွေက ခြေလှမ်းတိုင်းမှာရှိနေတယ်ဆိုတာ အမေမှတ်မိပါသေးတယ်။”
ချန်ချူက နှုတ်ခမ်းကိုတင်းတင်းစေ့ထားပြီး ဖုရုန်း၏စကားကို ပြန်မဖြေလိုက်ချေ။ သို့သော် ဖုရုန်းက လက်မလျှော့ဘဲ အိမ်နီးချင်းလင်းချီဖိန်က သူ့ကောင်မလေးကိုအိမ်သို့ခေါ်ကာ မိဘများနှင့်တွေ့ပေးသည့်အကြောင်းနှင့် တခြားမိသားစုမှ လက်ထပ်တော့မည့်သမီးအကြောင်းတို့ကို ဆက်ပြောနေလေသည်။ ချန်ချူက ကျောင်းပိတ်ရက်တွင် အိမ်ပြန်၍အနားယူမည်ဟု မူလကစိတ်ကူးထားသော်လည်း ယခုတွင် သူ(မ)ပို၍ပင်ပန်းသွားတော့သည်။ ထို့နောက် သူ(မ) ခြေဆောင့်ကာထလိုက်ပြီး
“သမီးပင်ပန်းနေပြီ။ အိပ်တော့မယ်။”
သူ(မ)အသံမှာ တံခါးကြောင့်ဝိုးတဝါးဖြစ်နေ၏။ ပတ်ဝန်းကျင်တွင်လည်း တိတ်ဆိတ်နေပြီး ဥယျာဥ်မှအလင်းရောင်သာရှိသည်။ ချန်ချူက အိပ်ရာတွင်လဲလျောင်းကာ သက်ပြင်းချလိုက်မိတော့သည်။
ထိုအခါ သူ(မ)ဖုန်းတွင် vibrate သံမြည်လာသောကြောင့် ချန်ချူ့စိတ်အခြေအနေတို့ ပြောင်းလဲသွားလေသည်။
“ငါ့ကိုလွမ်းလို့လား။”
ချန်ချူ အိပ်ရာပေါ်တွင်လှိမ့်၍ မေးလိုက်သည်။ ဖုန်း၏အခြားတစ်ဖက်တွင်မူ စက္ကန့်ပိုင်းလောက်ငြိမ်သက်သွားပြီးမှ “အင်း” ဟူသော တုံ့ပြန်သံကိုကြားလိုက်ရသည်။ ကုမြောင်တစ်ယောက် ရှက်သွားပြီး နားရွက်များနီရဲသွားမည့်မြင်ကွင်းကိုမြင်ယောင်ကာ ချန်ချူ ပြုံးပျော်နေလေသည်။
“ဘာပြောမလို့လဲ။”
ပေါ့ပါးတက်ကြွနေသည့်အသံဖြင့် သူ(မ) မေးလိုက်၏။ တစ်ခဏရပ်တန့်သွားပြီးမှ ကုမြောင်က
“ဆောင်းရာသီပိတ်ရက်အတွက် ဘာအစီအစဥ်တွေရှိလဲ။”
ဖုရုန်းနှင့်အတူ Switzerland သွားမည့်ခရီးကိုငြင်းဆန်လိုက်ခြင်းမှာ ကံကောင်းသည်ဟု ချန်ချူတွေးမိသွားသည်။ ထို့နောက် သူ(မ)ကပြုံး၍
“မရှိသေးဘူး။”
“PingCheng ကိုသွားပြီး နှင်းသွားကြည့်ချင်လား။”
ဖုန်းထဲမှကုမြောင်အသံမှာ ပုံမှန်ထက်ပို၍ ဩရှရှဖြစ်နေသောကြောင့် ချန်ချူ ရင်ခုန်မိနေတော့သည်။ ဥယျာဥ်ထဲမှပန်းပွင့်တို့လည်း စတင်ပွင့်လန်းလာပြီး အေးစက်သည့်ဆောင်းညကို အလင်းရောင်ပေးနေသည်။ လွန်ခဲ့သောဆောင်းက PingCheng သို့အတူသွားကာ နှင်းကြည့်မည်ဟု သူတို့နှစ်ယောက်ကတိပေးထားသည်ကို ချန်ချူရုတ်တရက်မှတ်မိသွားသည်။ ကုမြောင်က ထိုသို့မှတ်သားထားလိမ့်မည်ဟုတော့ သူ(မ)မထင်ထားခဲ့ချေ။
ချန်ချူ့မျက်လုံးများတွင် ပြုံးရိပ်သန်းလာပြီး နှလုံးသားတစ်ခုလုံးရွှင်မြူးနေမိလေ၏။ လဲလျောင်းနေရာမှ ခြေထောက်များကိုလေပေါ်သို့လှမ်းကန်လိုက်ပြီး
“သွားမှာပေါ့။ ငါသွားချင်နေတာ။”
တစ်ဖက်တွင်လည်း ကုမြောင်က လက်သီးဆုပ်ကိုပြန်ဖြည်လိုက်သည်။ ဝရန်တာတွင်ရပ်နေရင်း သူ့မျက်လုံးများထဲတွင် အဝေးမှမီးရောင်တို့ရောင်ပြန်ဟပ်နေတော့သည်။
“ဟုတ်ပြီ။ ဒါဆို ငါအခုပဲ လေယာဥ်လက်မှတ်ဝယ်လိုက်တော့မယ်နော်။”
ကုမြောင်က စိတ်အားထက်သန်နေသည့်အသံဩဩဖြင့် ပြောလိုက်သည်။
“မဟုတ်သေးဘူးလေ။ အမြဲတမ်းနင့်ဘက်ကပဲ အကုန်အကျခံနေလို့ဘယ်ဖြစ်မလဲ။”
ကုမြောင်ဖုန်းချတော့မည်ကိုသိသဖြင့် ချန်ချူက ချက်ချင်းကြားဖြတ်ပြောလိုက်၏။ ကုမြောင်က နှုတ်ခမ်းကိုသာတင်းတင်းစေ့၍ ဖုန်းမချဘဲဆက်ကိုင်ထားသည်။ ထို့နောက် ခေါင်းကိုငုံ့ကာ မျက်လုံးထဲမှ ခံစားချက်တို့ကိုဖုံးကွယ်ထားလေသည်။
“ချူချူ။”
ကုမြောင် စကားပြောတော့မည့်အချိန်တွင် ချန်ချူက နောက်တစ်ကြိမ် ဝင်ပြောလိုက်ပြန်သည်။
“ကုမြောင်။ ငါတို့တွေ ခုနောက်ပိုင်း အပြင်သွားပြီး ကစားတာတွေရော လျှောက်စားတာတွေရော အတော်များနေပြီ။ အမြဲတမ်းလည်း နင်ပဲအကုန်အကျခံနေတာ။ တစ်ခါတလေလောက် ငါ့ကိုပေးခိုင်းလို့လည်းရပါတယ်။”
ကုမြောင်မှာ ခက်ခက်ခဲခဲပိုက်ဆံစုနေရသည်ကိုသိသဖြင့် သူ(မ)က စိတ်မကောင်းဖြစ်မိလေသည်။ ဖုန်း၏အခြားတစ်ဖက်တွင်မူ အသက်ရှူသံတစ်ခုမှတစ်ပါး ဘာစကားသံမှထွက်ပေါ်မလာခဲ့ပေ။ ထိုအခါ ချန်ချူက အကြံတစ်ခုပြုလိုက်သည်။
“ဒီလိုလုပ်ပါလား။ နင်က လေယာဥ်လက်မှတ်ဖိုးစိုက်လိုက်။ ငါက ဟိုတယ်ခရှင်းလိုက်မယ်။ ရလား။”
ကုမြောင်က သက်ပြင်းချ၍ အသံတိတ်နေ၏။ သူ(မ)ကိုမည်သို့ဖျောင်းဖျရမည်ကို တွေးနေသည့်ပုံပင်။ သို့သော် ချန်ချူက သူ့ကိုအခွင့်အရေးမပေးခဲ့ဘဲ သူ(မ)ကသာ အသံချိုချိုလေးဖြင့် ပြန်ဖျောင်းဖျလိုက်တော့သည်။
“နော် မြောင်ကော။”
ထိုအခိုက်အတန့်တွင် ဖုန်း၏အခြားတစ်ဖက်မှ အသက်ရှူသံတို့ လျင်မြန်လာတော့သည်။ ချန်ချူကလည်း ထပ်ပြီး
“နော်လို့။”
သူ(မ)အသံမှာ စမ်းရေအေးကဲ့သို့ နူးညံ့ညင်သာနေသဖြင့် ကုမြောင်၏လက်ထိပ်များကိုပင် တုန်ယင်စေခဲ့သည်။ ဝရန်တာတွင် လေအေးများတိုက်ခတ်နေချိန် ရှပ်အင်္ကျီအပါးတစ်ထည်သာဝတ်ထားသော်လည်း လွန်ဆန်၍မရနိုင်သော နှလုံးသားထဲမှအနွေးဓာတ်ကို ကုမြောင်ခံစားနေရလေသည်။
“နော် နော် နော်။”
ချန်ချူက ဆက်တိုက်တောင်းဆိုနေတော့သည်။ ထိုအခါ ကုမြောင်က မျက်လုံးကိုမှိတ်လိုက်ပြီး ညင်သာသောအသံဖြင့်
“အင်းပါ။”
ကုမြောင်၏အခန်းဖော်မှာ သူ့ကောင်မလေး၏ ယနေ့ နှုတ်ခမ်းနီလိုချင်၊ မနက်ဖြန် မိတ်ကပ်လိုချင် စသည့် ပူဆာမှုများကြောင့် ခေါင်းစားနေခဲ့ရသည်ကို ကုမြောင်တွေးမိသွားသည်။ ချန်ချူကမူ ကုမြောင်၏ငွေကြေးအခြေအနေကိုနားလည်သဖြင့် မည်သည့်ပူဆာမှုကိုမျှ မပြုလုပ်ခဲ့ဖူးချေ။ ဆောင်းည၏အအေးဓာတ်က သူ့နှလုံးသားထဲသို့စိမ့်ဝင်လာ၏။ ကုမြောင်မှာ သူ့ထံတွင်ရှိသမျှအရာအားလုံးကို ချန်ချူအား ပေးလိုသည်။
ထို့နောက် သူ ဖုန်းကိုဖွင့်ကာ လေယာဥ်လက်မှတ်ကို အေးအေးဆေးဆေးရှာဖွေတော့သည်။
*****
Aurora Novel Translation Team