Chapter 54
တက္ကသိုလ်ကျောင်းများတွင် ဆောင်းရာသီပိတ်ရက်က ပိုစောသဖြင့် နွေဦးပွဲတော်မတိုင်မီ အချိန်အတော်ရလိုက်လေသည်။လွန်ခဲ့သောရက်များက မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် စိုထိုင်းထိုင်းဖြစ်နေပြီး လေထဲတွင်လည်း ရေငွေ့တို့ပါဝင်နေသည်။ သို့သော် ယနေ့မနက်တွင် စိုထိုင်းမှုတို့ပျောက်ကွယ်လာပြီး နေထွက်လာ၏။ မိသားစုဒရိုင်ဘာက ချန်ချူကို လေဆိပ်လိုက်ပို့ပေးခဲ့သည်။
“မမလေး။ ဒီနေရာမှာ ကားအကြာကြီးရပ်လို့မရဘူး။”
ဦးလေးဝမ်က သူ(မ)၏လက်ဆွဲအိတ်များကိုကူသယ်ပေး၏။ ချန်ချူက ခေါင်းညိတ်လျက်
“သမီးသွားတော့မှာပါ။ ဦးလေး မြန်မြန်ပြန်တော့။”
သူတို့အနောက်မှကားတစ်စီးက ဟွန်းတီးလေတော့သည်။ ချန်ချူက သူ(မ)လက်ဆွဲအိတ်ကိုမြန်မြန်သယ်ကာ check-in hall ထဲသို့ ဝင်သွားသည်။ အလိုအလျောက်တံခါးများပွင့်လာပြီး နွေးထွေးသောလေညင်းက သူ(မ)ကိုကြိုဆိုလိုက်သည်။ အထဲသို့ရောက်သည်နှင့် ချန်ချူက အံ့အားသင့်စွာဖြင့်
“နင်ဘယ်လိုလုပ်ပြီး ကြိုရောက်နေတာလဲ။”
မှန်တံခါးများမှတစ်ဆင့် နေရောင်ကဝင်ရောက်နေ၏။ ကုမြောင်မှာ နေရောင်အောက်တွင်ရပ်နေပြီး လေးနက်နေသည့်မျက်လုံးများတွင်လည်း သက်ဝင်မှုအပြည့်ဖြင့်တောက်ပနေတော့သည်။
“ငါစောစောထတာလေ။”
ကုမြောင်က ချန်ချူ့ကိုကြည့်ရင်းဖြေလိုက်သည်။ တကယ်တမ်းမှာ ယနေ့ခရီးအတွက် စိတ်လှုပ်ရှားနေသောကြောင့် တစ်ညလုံးအိပ်မပျော်ခဲ့ခြင်းပင်။ အရုဏ်တက်ခါနီးမှသာ မျက်လုံးကိုအတင်းမှိတ်၍ တစ်ခဏအိပ်စက်ခဲ့လေသည်။ သို့သော်လည်း နာရီအနည်းငယ်ကြာသော် ပြန်နိုးလာပြန်၏။
ချန်ချူက နာရီကိုငုံ့ကြည့်လိုက်ပြီး
“ငါတို့ လက်ဆွဲအိတ်တွေကိုအရင်ဆုံး check-in လုပ်ရအောင်။ မြန်မြန်လုပ်ပြီး နေရာရွေးနော်။ ငါနင်နဲ့တူတူထိုင်ချင်တယ်။”
ကုမြောင်မျက်လုံးထဲတွင် အနွေးဓာတ်တစ်ခုအရောင်လက်သွားပြီးနောက် ချန်ချူ့လက်ဆွဲအိတ်ကိုယူကာ အထဲဝင်သွားတော့သည်။
“ဟေး။”
ချန်ချူက သူ့အနောက်မှလိုက်ကာ ရုတ်တရက်သူ့ကိုဆွဲ၍ အသံတိုးတိုးဖြင့်
“ငါတို့ လမ်းမှားနေပြီ။ ဒါက Business Class နဲ့ First Class အတွက်လမ်း။”
ကုမြောင်က ခဏရပ်လိုက်ပြီး သူ(မ)ဘက်သို့လှည့်ကာ
“လမ်းမမှားပါဘူး။ မှတ်ပုံတင်သာထုတ်ထား။”
ထို့နောက် သူက ချန်ချူ့လက်ကိုဆွဲကာ တစ်ဖက်က လက်ဆွဲအိတ်ကိုကိုင်ပြီး ရှေ့ဆက်သွားလေသည်။ Business Class နှင့် First Class တွင် check-in လုပ်သူသိပ်မများသောကြောင့် မကြာမီပင် သူတို့နှစ်ယောက်အလှည့်သို့ရောက်သွားသည်။ လမ်းတစ်လျှောက်လုံးတွင် ချန်ချူက တိတ်ဆိတ်နေပြီး စိတ်ထဲတွင် first class အတွက်ကုန်ကျစရိတ်ကိုတွက်ချက်နေမိသည်။ ယခုအချိန်မှာ ခရီးသွားရာသီဖြစ်သဖြင့် First Class လေယာဥ်လက်မှတ်များမှာ economy class ထက် (၃)ဆ သို့မဟုတ် (၄)ဆ ပိုများနေမည်ပင်။
လုံခြုံရေးစစ်ဆေးမှုအဆင့်ကိုဖြတ်ကျော်ပြီးနောက် သူတို့နှစ်ယောက် VIP lounge ထဲသို့ ဝင်သွားလေသည်။ ထိုအခါမှသာ ချန်ချူတစ်ခုခုဖြစ်နေသည်ကို ကုမြောင် သတိထားမိလေ၏။
“ဘာဖြစ်လို့လဲ။ ဗိုက်ဆာလို့လား။ တစ်ခုခု သွားဝယ်ပေးမယ်။”
ချန်ချူက ခေါင်းရမ်း၏။ VIP lounge မှာ မနက်စောစောတွင်တိတ်ဆိတ်နေပြီး လူအနည်းငယ်သာရှိသည်။ ကုမြောင်က သူ(မ)လက်ကိုညင်သာစွာကိုင်လိုက်ပြီး
“project တွေကနေ ငါပိုက်ဆံရထားတာမို့ ဒီလေယာဥ်လက်မှတ်ဖိုးက ကိစ္စမရှိပါဘူး။”
ထို့နောက် သူ့လက်ဖြင့် ချန်ချူ့ခေါင်းကိုပွတ်သပ်ကာ နှစ်သိမ့်ပေးလိုက်သည်။ မျက်နှာကြက်ပေါ်မှအလင်းရောင်က ညင်သာစွာဖြာကျနေ၏။ ချန်ချူ့ဆံပင်ရှည်များကိုငေးကြည့်နေရင်း ကုမြောင်စိတ်ထဲတွင် အရည်ပျော်နေတော့သည်။ သူ(မ)က ကုန်ကျစရိတ်ကိုစိတ်ပူနေခြင်းဖြစ်ကြောင်း သူသိလေသည်။
“ဟိုတယ်ခကို နင်ပေးထားပြီးပြီမလား။ ငါပိုက်ဆံတွေအများကြီးကုန်သွားတာ မဟုတ်ပါဘူး။ နော်။”
ကုမြောင်က ချော့ပြောသဖြင့် ချန်ချူ ခေါင်းညိတ်လိုက်သည်။
“နင်စိတ်ပူနေသေးတယ်ဆိုရင် နောက်ရက်ကျရင် နင့်ကို ငါ့အကောင့်ပြမယ်လေ။”
ချန်ချူက ချက်ချင်းပြန်ပြောလိုက်၏။
“စိတ်မပူပါဘူး။ ငါက နင့်ပိုက်ဆံတွေကိုမဖြုန်းပစ်ချင်လို့ပါ။”
ကုမြောင်ခက်ခက်ခဲခဲကြိုးစား၍ ငွေရှာထားရသည်ကို သူ(မ)အသိဆုံးပင်။
“တကယ်ဘာမှမဖြစ်တာပါ။ ပျော်ဖို့ခရီးသွားတာ ပျော်ပျော်သာနေ။ ဟုတ်ပြီလား။”
ချန်ချူမှာ ချမ်းသာသောမိသားစုမှဖြစ်ပြီး Economy Class တွင်စီးဖူးလိမ့်မည်မဟုတ်သည်ကို ကုမြောင်သိသောကြောင့် ထိုလက်မှတ်ကစျေးကြီးလျှင်ပင် သူ(မ)မခက်ခဲစေရန်အတွက် အံကိုကြိတ်ကာ သေချာပေါက်ဝယ်ပေးမည်ဖြစ်သည်။
ချန်ချူက သက်ပြင်းချ၍
“အင်းပါ အင်းပါ။ ဆက်မငြင်းတော့ပါဘူး။”
ရုတ်တရက် သူ(မ)မျက်လုံးထဲတွင် ပြုံးရိပ်သန်းလာပြီး သူ့ကိုတည့်တည့်ကြည့်ကာ စနောက်ချင်လာတော့သည်။
“အရင်တုန်းကလည်း စကားတစ်ခွန်းကို အဲ့လိုပဲအပိုင်းတွေခွဲပြီးပြောတတ်တာလား။ ဘယ်လိုလုပ်ပြီးတော့ ဖျောင်းဖျတဲ့နေရာမှာ ငါ့ထက်တောင်ပိုပြီးတော်နေရတာလဲ။”
ကုမြောင်က နေရခက်သဖြင့် နှာခေါင်းကိုပွတ်သပ်လိုက်ပြီး ချက်ချင်းပင် စကားလမ်းကြောင်းလွှဲလိုက်တော့သည်။
“နင်စားဖို့ တစ်ခုခုသွားဝယ်လိုက်ဦးမယ်။”
VIP ခန်းထဲတွင်ပြင်ဆင်ပေးထားသည့်ကိတ်လေးများမှာ စားကောင်းပေသည်။ ချန်ချူမှာ မူလကစားချင်စိတ်မရှိနေသော်လည်း ကိတ်နံ့ကိုရလိုက်ပြီးနောက် (၃)၊ (၄) ခု စားလိုက်မိသည်။ ကုမြောင်ယူလာပေးသည့် မုန့်တစ်ပန်းကန်ကိုကုန်အောင်စားလိုက်ပြီးနောက် လေယာဥ်ပေါ်တက်ရမည့်အချိန်ရောက်လာတော့သည်။
လေယာဥ်ပေါ်တက်ရာတွင် First Class passenger များကို ဦးစားပေး၏။ ကုမြောင်တစ်ယောက် လေယာဥ်ပေါ်ရောက်သည်နှင့် လေယာဥ်၏ရွေ့လျားနေခြင်းကို နေရခက်လာသဖြင့် မျက်လုံးမှိတ်ထားလိုက်တော့သည်။ PingCheng သို့ရောက်ရန် အချိန် (၃)နာရီသာကြာ၏။ ကုမြောင် ပြန်နိုးလာသည့်အခါ သူ့ကိုယ်ပေါ်တွင် နူးညံ့သောစောင်တစ်ထည်ကိုခြုံလျက်သားရှိနေပြီး သူ့နှာခေါင်းတွင်လည်း မိန်းကလေး၏မွှေးရနံ့ကိုရလိုက်လေသည်။
“နိုးပြီလား။”
ချန်ချူက စာအုပ်ကိုပိတ်လိုက်ပြီး သူ့ကိုကြည့်လာသည်။ လေယာဥ်၏ဆူညံသံကြောင့် ကုမြောင် နားငြီးသဖြင့် မျက်မှောင်ကြုတ်ထားကာ အသံတိုးတိုးလေးနှင့် စကားပြန်ပြောလိုက်သည်။
“နားနာလို့လား။ ရေနည်းနည်းသောက်လိုက်။ အဆင်ပြေသွားလိမ့်မယ်။”
ချန်ချူက လေယာဥ်မယ်ယူလာပေးသည့်ဖျော်ရည်ကို ကုမြောင်အား လှမ်းပေးလိုက်၏။ ပလတ်စတစ်ခွက်အကြည်ပေါ်တွင် ပန်းရောင်နှုတ်ခမ်းနီရာတစ်ခုက ခပ်မှိန်မှိန်ကျန်နေဆဲဖြစ်သည်။ လေယာဥ်ပေါ်တွင် air con လည်းဖွင့်ထားသော်လည်း သူ့နားရွက်များက ပူလာလေသည်။ ထို့နောက် တောင့်တင်းနေသောလက်ဖြင့် ခွက်ကိုလှမ်းယူလိုက်ပြီး ဖျော်ရည်တစ်ငုံသောက်လိုက်သည့်အခါ သူ့နှုတ်ခမ်းနှင့် နှုတ်ခမ်းနီရာတို့ တွေ့ဆုံမိသွားကြသည်။
“ကောင်းသွားပြီလား။”
ချန်ချူက သူ့ဘက်သို့မှီလာပြီး ကပ်ပြောလိုက်သည်။ ကုမြောင်လှည့်ကြည့်လိုက်သည့်အခါ သူ(မ)နှင့်အကြည့်ချင်းဆုံတော့သည်။ သူ(မ)မျက်လုံးထဲမှမျက်ရည်ကြည်များက ကြယ်ရောင်လေးများကဲ့သို့ တောက်ပနေလေသည်။ ထိုကြယ်ရောင်များက ကုမြောင်မျက်လုံးထဲတွင်ရောင်ပြန်လာပြီး သူ့နှလုံးသားကို နွေးထွေးသွားစေသည်။ ရုတ်တရက် နှုတ်ခမ်းနီရာလေးကိုတွေးမိသွားသည့်အခါ သူ့နှလုံးသားထဲတွင် ဖုံးကွယ်ထားသောစိတ်ခံစားချက်တို့ မွှေနှောက်လာလေ၏။ လေယာဥ်၏ဆူညံသံကလည်း နားထဲသို့ဝင်ရောက်ကာ သူ့သွေးခုန်နှုန်းတို့ကိုလျင်မြန်စေခဲ့သည်။ ကုမြောင် သူ(မ)ပြောသည်ကိုမကြားခြင်းဖြစ်မည်ဟုထင်ကာ ချန်ချူက ပို၍အနားကပ်လာတော့သည်။
“ကောင်းသွားပြီလားလို့။”
ချယ်ရီရောင်နှုတ်ခမ်းများကို သူ့နှုတ်ခမ်းနှင့်ထိကပ်လိုက်မိသည်။ ရုတ်တရက်အနမ်းဖြစ်သောကြောင့် ရင်ခုန်နှုန်းများ လျင်မြန်စွာပျံ့နှံ့လာ၏။ ချန်ချူ့ပါးများနီရဲသွားသော်လည်း သူ(မ)နှုတ်ခမ်းပေါ်တွင် ချိုမြိန်သည့်လှိုင်းတစ်ခု ဖြတ်သန်းသွားသည်။
‘ငါသူ(မ)ကို အလေးအနက်မထားသလိုဖြစ်သွားပြီလား။’
ကုမြောင်ခေါင်းငုံ့လိုက်ကာ သတိထားနေသောလေသံဖြင့်
“ငါတောင်းပန်ပါတယ်။ နင်မကြိုက်ဘူးဆိုရင်…”
ကုမြောင်စကားမဆုံးခင်တွင် ချန်ချူက ဝင်ပြောလိုက်၏။
“ငါကြိုက်တယ်။”
ကုမြောင် ရုတ်တရက် သူ(မ)ကိုကြည့်လိုက်သည်။ လှပသောသူ(မ)မျက်လုံးများက သူ့နှလုံးသားကို အရည်ပျော်သွားစေပြီး သူ(မ)မျက်လုံးထဲမှအလင်းတို့က သူ့နှလုံးသားထဲမှအမှောင်ထုကိုဖယ်ရှားပေးလိုက်သည်။ ချန်ချူက အသံကိုနှိမ့်ကာ ခပ်တိုးတိုးလေးကပ်ပြောလာ၏။
“နင့်ဘက်ကစလာတာမျိုးဆို ငါသဘောကျတယ်။”
သူ(မ)ကိုစနမ်းလိုက်ပြီးနောက် သူရှက်သွားပြီးအကြည့်လွှဲသွားသည့်ပုံစံမှာ အလွန်ချစ်စရာကောင်းလွန်းသဖြင့် ချန်ချူ့နှလုံးသားများပင် အရည်ပျော်ကျလုမတတ်ဖြစ်ခဲ့သည်။
“နောက်ဆို နင်ပိုပြီး သတ္တိရှိရှိနေသင့်တယ်။’
ချန်ချူက သူ့အနားကပ်ကာ သူ့ပါးကိုနမ်းလိုက်ရင်း
“ဒါက သတ္တိရှိလို့ ဆုချတာ။”
ထိုအချိန်တွင် ကုမြောင်နားရွက်တို့ထံမှနီမြန်းမှုက ပါးပြင်သို့ပါ ချက်ချင်းကူးစက်လာတော့သည်။ သူ့မျက်ဝန်းနက်များထဲတွင် မီးရှူးမီးပန်းများဖောက်နေသလိုပင်။ သူ မျက်လွှာချလိုက်ပြီး မျက်တောင်များတုန်ယင်နေလျက်
“အင်း။”
ယခုအချိန်မှစ၍ ပို၍သတ္တိရှိစေရန် သူကြိုးစားသင့်ပေသည်။
~~~
လေယာဥ်ပေါ်မှအချိန်(၃)နာရီမှာ တစ်ခဏနှင့်ကုန်သွား၏။ လေဆိပ်မှထွက်လာသောအခါ သီးသန့်ခေါ်ထားသည့်ဒရိုင်ဘာတစ်ဦးက သူတို့နှစ်ယောက်ကိုနှုတ်ဆက်လာပြီး လက်ဆွဲအိတ်များကိုသယ်ပေးလေသည်။
ချန်ချူက
“Seaside Hotel ကို ပို့ပေးပါ။”
PingCheng မြို့ပေါ်မှလမ်းများမှာ ကမ်းရိုးတမ်းမြို့ပေါ်မှလမ်းများလောက် မကျယ်လှပေ။ မနေ့ညက နှင်းကျထားသောကြောင့် လမ်းဘေးတွင်ရှိသော သစ်ပင်သစ်ကိုင်းများတွင်လည်း နှင်းများဖုံးလွှမ်းနေပြီး အအေးဓာတ်တစ်ခုကိုထိန်းသိမ်းထားသည်။
“ဟိုမှာကြည့်ပါဦး။”
ချန်ချူက ကားပြတင်းပေါက်မှတစ်ဆင့် နေရာတစ်ခုကိုလှမ်းပြလိုက်၏။ ကားက လမ်းငယ်တစ်ခုထဲသို့ ကွေ့ဝင်သွားပြီး အကွာအဝေးတစ်ခုတွင် နှင်းများဖြင့်ဖုံးလွှမ်းနေသောပန်းခြံကိုလှမ်းတွေ့လိုက်ရလေသည်။ ထိုမြင်ကွင်းထဲတွင် နှင်းလူသားရုပ်တုကြီးများလည်း များစွာရှိနေသည်။
ဒရိုင်ဘာက မြောက်ပိုင်းအသံဖြင့် မေးလာ၏။
“မင်းတို့နှစ်ယောက်က sightsee ကြည့်ဖို့လာကြတာလား။ ဒါဆိုရင်တော့ မြို့တောင်ပိုင်းက ရေခဲနဲ့နှင်းကမ္ဘာကို သွားသင့်တယ်။ အဲ့ဒီနေရာကနှင်းရုပ်တုတွေက ဒီနှင်းလူသားတွေထက် အများကြီးပိုပြီးခမ်းနားတာပေါ့။”
“ရပါတယ်။ ကျွန်မတို့မှာ အစီအစဥ်ရှိပြီးသားပါ။”
ချန်ချူ ပြုံး၍ပြန်ဖြေလိုက်သည်။ သူ(မ)က အပေါ်ထပ်အင်္ကျီအရှည်ကို လုံခြုံနွေးထွေးစွာဝတ်ဆင်ထား၏။ ဖြူဖွေးနူးညံ့နေသည့်မျက်နှာလေးကိုသာမြင်နေရပြီး သူ(မ)မျက်လုံးများကလည်း တောက်ပနေလေသည်။ မီးနီကိုစောင့်နေသည့်အချိန်တွင် ဒရိုင်ဘာက နောက်ကြည့်မှန်မှတစ်ဆင့် ချန်ချူ့ကိုခဏခဏလှမ်းကြည့်တတ်သည်။ ထိုသို့လှပသောမိန်းကလေးကို သူပထမဦးဆုံးမြင်ဖူးခြင်းပင်။
“နေရာလဲထိုင်မလား။”
ကုမြောင်က မျက်မှောင်ကြုတ်၍ ရုတ်တရက် စကားပြောလိုက်သည်။
“Heater ရှေ့မှာထိုင်ရတာ အရမ်းပူနေလား။”
“ဟင့်အင်း။ ရတယ်။”
ချန်ချူက အပြစ်ကင်းစင်သောမျက်လုံးများဖြင့် သူ့ကိုပြန်ကြည့်၏။ ကုမြောင်က “အင်း”ဟု ဝိုးတဝါးပြန်ဖြေလိုက်ပြီးနောက် ကားတစ်စီးလုံးတိတ်ဆိတ်သွားတော့သည်။ ကုမြောင်၏စူးရှသောအကြည့်ကို သတိထားမိသည့်ဒရိုင်ဘာက နောက်သို့ခဏခဏလှမ်းမကြည့်ရဲတော့ချေ။
ချန်ချူက five star hotel တစ်ခုတွင် ဧည့်ခန်းပါသည့် Suite ကို booking ယူခဲ့သည်။ အနီးအနားတွင် Shopping mall များနှင့် မီးရထားဘူတာတို့ရှိသောကြောင့် အလွန်အဆင်ပြေလှ၏။ check-in ဝင်ရန် ရှေ့စားပွဲသို့သွားလိုက်သည့်အခါ သာမန်အခန်းများနှင့်မတူသည့် couple suite ကို booking လုပ်ထားခဲ့ခြင်းဖြစ်ကြောင်း သူသိလိုက်ရသည်။ ထို couple suite တွင် အိပ်ရာတစ်လုံးသာပါလေသည်။
သူ(မ)ဘေးတွင်ရပ်နေသောကုမြောင်ကတော့ မှင်တက်နေပြီး ခန္ဓာကိုယ်ကလည်း ကျောက်ရုပ်လိုဖြစ်သွားတော့သည်။ နှလုံးခုန်သံကို တစ်ခဏထိန်းလိုက်ပြီးနောက် ကုမြောင်က
“တခြားအခန်းတွေရော ရနိုင်သေးလား။”
“ဆောရီးပါရှင်။ ကျွန်မတို့ဟိုတယ်မှာ အခန်းအားလုံးကို booking ယူပြီးသားဖြစ်သွားပါပြီ။ ဧည်သည်တို့ယူထားတဲ့ couple suite က sea view လည်းပါတာမို့ နာမည်ကြီးတဲ့အခန်းမျိုးပါပဲ။”
ချန်ချူက ခေါင်းညိတ်၍
“ကိစ္စမရှိပါဘူး။ check-in process ကိုပဲ မြန်မြန်လုပ်ပေးပါ။”
ထို့နောက် အခန်းသော့ရလာသဖြင့် တွေဝေနေသည့်ကောင်လေးကို ဓာတ်လှေကားဆီသို့ ချန်ချူဆွဲခေါ်သွားလိုက်သည်။ ဓာတ်လှေကားက ဖြည်းဖြည်းချင်း အပေါ်တက်နေပြီး အသံတိုးတိုးလည်းမြည်နေ၏။
“ငါ-ငါ-ငါ ဆိုဖာပေါ်မှာအိပ်လိုက်ပါ့မယ်။”
ပူပန်စိတ်များကြောင့် ကုမြောင် စကားထစ်နေပြီး ချန်ချူ့ကိုလှမ်းကြည့်လိုက်သည်။ ချန်ချူက သူ့ကိုစိုက်ကြည့်နေပြီး စကားတစ်ခွန်းမျှမပြောချေ။
“Ding”
ဓာတ်လှေကားတံခါးပွင့်သွားသဖြင့် သူတို့နှစ်ယောက် အခန်းထဲသို့ဝင်သွားကြသည်။ Couple Suite က နေရာကျယ်ပြောပြီး ပြတင်းပေါက်များကလည်း မျက်နှာကြက်မှကြမ်းပြင်အထိ ကျယ်ပြောရှင်းလင်းနေသောကြောင့် ပင်လယ်မြင်ကွင်းကိုမြင်ရလေသည်။ ညနေခင်းမြင်ရသည့်ပင်လယ်မှာ ကြည်လင်နေပြီး နေဝင်ချိန်ကိုလည်း လှပစွာတွေ့မြင်ရသည်။ ကုမြောင်က စောင်ကိုယူပြီး ဧည့်ခန်းမှဆိုဖာထံသို့ လျှောက်သွားလေသည်။ ချန်ချူက သူ့နောက်ကျောကိုလှမ်းကြည့်နေရင်း သက်ပြင်းချလျက်
“အခန်းက အရမ်းကြီးတယ်။ ငါတစ်ယောက်တည်းမအိပ်ရဲဘူး။”
ချန်ချူလည်း သူ့နောက်မှဖြည်းဖြည်းချင်းလိုက်သွားကာ ညင်သာသောအသံဖြင့်ပြောလိုက်သည်။ ထိုအချိန်တွင် ချန်ချူ့ကိုကျောပေးထားသော ကုမြောင်၏တစ်ကိုယ်လုံးတောင့်တင်းသွားလေသည်။
ချန်ချူက စကားဆက်ပြောလိုက်သည်။
“နင်ဘာလို့ အခန်းထဲကဆိုဖာမှာမအိပ်တာလဲ။”
ကုမြောင်က နှုတ်ခမ်းကိုစေ့ကာ မျက်မှောင်ကြုတ်၍ တုံ့ဆိုင်းနေသည့်ပုံစံပင်။
ချန်ချူက သူ့ထံသို့လျှောက်လာပြီး ကုမြောင်၏အင်္ကျီစကိုဆွဲကာ
“မြောင်ကော… ညကျရင် တစ်ယောက်တည်းမအိပ်ရဲဘူးလို့။”
ချန်ချူ့အသံမှာ ညင်သာနေသော်လည်း ကုမြောင်နှလုံးသားထဲသို့ လျှပ်စီးကြောင်းများထုတ်လွှတ်ပေးနေသကဲ့သို့ပင်။ ကုမြောင် ခုခံထားပေမဲ့ နောက်ဆုံးတွင် သူ(မ)၏ “မြောင်ကော”ဟူသော ခေါ်သံကို မခုခံထားနိုင်တော့ချေ။ ခန္ဓာကိုယ်ထဲမှအပူချိန်ကြောင့် သူ့မျက်နှာ နီရဲလာ၏။ နောက်ဆုံးတွင် ကုမြောင် အင်တင်တင်ဖြင့်ခေါင်းညိတ်ပေးလိုက်တော့သည်။
‘နောက်ပိုင်းတွေမှာ ငါ့ဘက်ကစတင်ဖို့ စိတ်ပြင်ဆင်ထားတယ်ဆိုပေမဲ့ တစ်အိပ်ရာထဲမှာအတူတူအိပ်ဖို့ကတော့ မဟုတ်သေးဘူးလေ။’
*****
Aurora Novel Translation Team