Chapter 56
PingCheng မှပြန်လာပြီးနောက် သူ(မ)၏”လူရိုးကြီး”မှာ ပို၍သတ္တိရှိလာသည်ကို ချန်ချူသတိထားမိသည်။ ရှက်တတ်သည့်ကောင်လေးက သူ့အချစ်ကိုတဖြည်းဖြည်းဖော်ပြတတ်လာပြီး တစ်ခါတရံတွင် အနမ်းဖြင့်၊ တစ်ခါတရံတွင် သဘောကျစေသောစကားလုံးများဖြင့် ချန်ချူ့ကိုပျော်ရွှင်စေခဲ့သည်။
ဆောင်းကုန်သည်နှင့် နွေဦးသို့ပြန်ရောက်လာသည်။ နောက်ထပ်စာသင်နှစ်တစ်ခုကိုရောက်လာပြီဖြစ်၍ သူတို့မသိလိုက်ခင်မှာပင် တတိယနှစ်သို့ရောက်သွားကြလေပြီ။ ကုမြောင်က အိမ်သစ်သို့ပြောင်းရွှေ့ခဲ့၏။ ထိုအိမ်မှာ အိမ်ကြီးအိမ်ကောင်းဖြစ်ပြီး သူတို့နှစ်ယောက်စလုံး၏ကျောင်းနှင့်နီးသည်။ ချန်ချူက တစ်ခါတရံ မြှောင်မြှောင်ကိုခေါ်၍ သွားလည်တတ်သည်။ ကုမြောင်ကလည်း ပြောင်းလဲရန်ကြိုးစားနေပေမဲ့ ယခင်အမူအကျင့်တို့ ကျန်ရှိနေသေးလေသည်။
ကောင်းကင်တွင် လပြည့်ကြီးသာနေ၏။ နွေရာသီ၏ညလေညင်းက လတ်ဆတ်မှုတို့ကိုသယ်ဆောင်လာသဖြင့် သူတို့ခန္ဓာကိုယ်များမှအပူတွေကို သက်သာစေခဲ့သည်။
“ငါနင့်ကို ကျောင်းပြန်လိုက်ပို့မယ်။”
ကုမြောင်က သော့ကိုကိုင်၍ ပြောလိုက်၏။ ရုတ်တရက် သူက တစ်စုံတစ်ခုကိုသတိရသွားပြီး အခန်းထဲသို့ပြန်ကာ ရှာဖွေပြန်သည်။ သူပြန်ထွက်လာသည့်အခါ လှပစွာထုပ်ပိုးထားသည့်အိတ်တစ်လုံးကို ကိုင်ထားသည်။ ထို့နောက် ချန်ချူ့ကိုပေးလိုက်၏။
“ရော့။”
“ဘာကြီးလဲ။”
ချန်ချူက အံ့ဩသွားပြီး အိတ်ကိုယူ၍ဖွင့်ကြည့်လိုက်သောအခါ တန်ဖိုးရှိသော Skincare product တစ်ခုကို တွေ့လိုက်ရသည်။ ၎င်းမှာ သူ(မ)သုံးနေကျ brand ဖြစ်ပြီး set တစ်ခုလုံးဆိုလျှင် ယွမ်တစ်သောင်းကျော်တန်၏။ ကုမြောင်က ခေါင်းငုံ့ကာ ရှက်နေသည့်အသံဖြင့်
“နင့်အတွက် လက်ဆောင်လေ။”
သူ(မ)ကြိုက်သည်မကြိုက်သည်ကို သူမသိချေ။ ချန်ချူက နှုတ်ခမ်းကိုစေ့ထား၏။ ထုပ်ပိုးပုံကိုကြည့်ခြင်းအားဖြင့် ကောင်တာမှဝယ်လာသည်မှာ သိသာနေသည်။ ၎င်းမှာ တိုက်ရိုက်ဝယ်ယူခြင်းထက် ပို၍စျေးများပေသည်။
တက္ကသိုလ်တက်စက Haishi တက္ကသိုလ်ရှိ ကွန်ပျူတာဌာနမှစီနီယာကျောင်းသားများက စီးပွားရေးစလုပ်ကြသဖြင့် ကုမြောင်ကိုလည်း အရည်အချင်းရှိသောကြောင့် ခေါ်ယူခဲ့သည်။ ထိုကုမ္ပဏီက အဆက်အသွယ်ကောင်းရှိပြီး ထိပ်တန်းကျောင်းသားများ၊ ဂုဏ်သတင်းကြီးသောကျောင်းသားများဖြင့် ပြည့်နှက်နေသည်။ စတင်တည်ထောင်ပြီးသည်နှင့် မကြာခင်တွင် major project ကြီးများစွာ လက်ခံရရှိခဲ့ပြီး စီးပွားရေးနယ်ပယ်တွင် နာမည်တစ်ခုထူထောင်နိုင်ခဲ့သည်။
ချန်ချူ့လက်ထဲမှသေတ္တာမှာ လေးလံနေ၏။ သူ(မ)နှလုံးသားထဲတွင်လည်း ကျောက်ခဲကြီးတစ်လုံးဖိထားသကဲ့သို့ပင်။ သူ(မ)မျက်လုံးထဲတွင် ခံစားချက်တချို့ကိုမြင်နေရသည်။ ကုမြောင်က သူ(မ)ထက်အလုပ်များစွာကြိုးစားသည်ကို မည်သူမျှနားမလည်နိုင်ပေ။ တစ်ခါတရံတွင် မိုးလင်းပေါက်နေတတ်ပြီး တစ်ခါတရံတွင် အိပ်ချိန်လုံလောက်စွာမရှိဘဲ တစ်လလုံးကိုဖြတ်သန်းခဲ့ရသည့်ကာလမျိုးလည်းရှိသည်။ တစ်ရက်တုန်းက သူတို့အတူမုန့်စားကြစဥ်တွင် တူကိုင်ထားသည့်သူ့လက်က တုန်ယင်နေသည်ကို ချန်ချူ သတိထားမိခဲ့သည်။ ထို့ပြင် ကုမြောင်၏မျက်မှန်ပါဝါလည်း ပိုတိုးလာခဲ့လေသည်။ ကုမြောင် သွေးနှင့်ချွေးတို့ရင်း၍ ပိုက်ဆံကို ခက်ခက်ခဲခဲ စုဆောင်းခဲ့ခြင်းဖြစ်သည်။
သူတို့တိုက်ခန်းဘေးတွင် သစ်ပင်ကြီးတစ်ပင်ရှိပြီး နွေရာသီရောက်တိုင်း ပုစဥ်းရင်ကွဲများက ဆူညံအောင်အော်မြည်တတ်သည်။ ချန်ချူက ရင်ဘတ်ထဲမှခံစားချက်ကိုဖုံးကွယ်ကာ သူ့ကိုပြုံးပြလိုက်ပြီး
“ဒါဆိုလည်း ငါလက်ခံပါ့မယ်။”
လက်ဆောင်ကို ချန်ချူလက်ခံသွားသည့်အခါ ကုမြောင်စိတ်အေးသွားတော့သည်။
“ငါသယ်ခဲ့ပေးမယ်။”
ထိုသို့ပြောလိုက်ပြီးနောက် သူက ချန်ချူ့လက်ထဲမှအိတ်အလေးကြီးကိုယူလိုက်ပြီး ကျန်လက်တစ်ဖက်က ချန်ချူ့လက်ကိုကိုင်ထားလေသည်။ ကျောင်းနှင့်နီးသဖြင့် (၁၀)မိနစ်သာ လမ်းလျှောက်လိုက်ရသည်။ ထိုနွေညမျိုးတွင် ကျောင်းဝန်းကြီးက တိတ်ဆိတ်နေ၏။ သူတို့နှစ်ယောက် လက်တွဲလမ်းလျှောက်ကြရင်း စကားပြောရင်းနှင့် သူ(မ)အိပ်ဆောင်နားသို့ရောက်လာသည်။
“Goodnight kiss”
ချန်ချူက ကြယ်ရောင်ကဲ့သို့တောက်ပနေသည့်မျက်လုံးများဖြင့် သူ့ကိုမော့ကြည့်လိုက်သည်။ အိပ်ဆောင်နံဘေးတွင် သစ်ပင်များ၏အရိပ်တို့ထင်နေပြီး ကုမြောင်၏မျက်လုံးနက်များထဲတွင် ခံစားချက်တို့ကိုမြင်တွေ့နေရသည်။ သူ့လည်စေ့က အပေါ်အောက်လှုပ်ရှားသွားပြီးနောက် သူ(မ)ကို ညင်သာစွာနမ်းလိုက်တော့သည်။
“Goodnight”
~~~
ချန်ချူက ကျောင်းအဆောင်၏ (၄)ယောက်ခန်းတွင်နေသော်လည်း အခန်းဖော်ထဲမှတစ်ယောက်က ပထမနှစ်ကတည်းကပြောင်းသွားသဖြင့် အခန်းထဲတွင် လူ(၃)ယောက်သာကျန်ခဲ့သည်။ တံခါးကိုဖွင့်လိုက်သည့်အခါ အိပ်ဆောင်ထဲတွင် မီးများဖွင့်ထားဆဲဖြစ်လေသည်။ လုကျောင်းကျောင်းက အိပ်ရာထဲတွင်လှဲကာ ဖုန်းကြည့်နေပြီး ကျိမင်ယွဲ့က ထိုင်ခုံတွင်ထိုင်ကာ skincare လိမ်းနေသည်။
“လိုက်အိပ်ဖို့ ကျရှုံးခဲ့တယ်ပေါ့။”
ကျိမင်ယွဲ့က essence လိမ်း၍ မျက်နှာကိုပုတ်နေရင်း ချန်ချူ့ဘက်သို့လှည့်ကာမေးလိုက်သည်။ ချန်ချူကလည်း ပခုံးတွန့်ပြလိုက်ပြီး
“အောင်မြင်ဦးမှာမဟုတ်ပါဘူး။”
“ဒီလောက်ထိ သီလစောင့်တဲ့လူမျိုး ငါတစ်ခါမှမတွေ့ခဲ့ဖူးပါဘူး။”
လုကျောင်ကျောင်းက ဝင်ပြောခြင်းပင်။
“ချူချူက ဒီလောက်လှတာနော်။ သူတို့တွဲလာတာလည်း တစ်နှစ်ကျော်နေပြီကို ဘာမှမဖြစ်သေးဘူးတဲ့။”
“သူက နည်းနည်းရှက်တတ်လို့ပါ။”
ချန်ချူက skincare set ကို စားပွဲပေါ်တွင်ချကာ ညအိပ်ဝတ်စုံကိုထုတ်ရင်း ပြောလိုက်သည်။
“ငါပြောပြမယ်။ အထက်တန်းတုန်းကဆိုရင်။”
ကျိမင်ယွဲ့က တစ်ဖက်သို့လှည့်လာသောအခါ စားပွဲပေါ်မှ box ကို တွေ့သွားသဖြင့် စကားလမ်းကြောင်းပြောင်းသွားတော့သည်။
“ဝိုး။ ဒါ LaMer မဟုတ်လား။ ကုမြောင်ဆီက လက်ဆောင်ရတာလား။”
“အင်း။”
ချန်ချူက ခေါင်းညိတ်ပြ၏။
“အားကျလိုက်တာဟယ်။”
ကျိမင်ယွဲ့က ပြောလိုက်သည်။
“လင်းချီဖိန်ဆိုတဲ့ကောင်ကတော့ အရင်တစ်ခေါက်က ငါ့ကို sneaker ဝယ်ပေးတယ်လေ။ စိတ်ဆိုးလိုက်တာ အရမ်းပဲ။”
ချန်ချူက ရယ်လိုက်၏။
“နင်သိလား။ အဲ့ဖိနပ်က ဒီ set နဲ့ စျေးအတူတူလောက်ရှိတယ်။”
“အား။ နှမြောလိုက်တာ။”
ကျိမင်ယွဲ့က သက်ပြင်းချလိုက်၏။
“ဖိနပ်အစား တယောတစ်လက်ဝယ်ပေးရင်တောင် ဟုတ်ဦးမယ်။”
“နောက်တစ်ခါကျတော့ သူနဲ့စကားပြောကြည့်ပေါ့။”
ချန်ချူက ဝရန်တာတံခါးကိုဖွင့်လိုက်ပြီး
“နင်တို့နှစ်ယောက် အခုအိပ်တော့မှာလား။ ငါရေချိုးချင်သေးလို့။”
“မအိပ်သေးဘူး။ ရတယ်။ ချိုးမယ်ဆိုချိုး။”
သူတို့နှစ်ယောက်က တစ်ပြိုင်တည်းပြန်ဖြေလာ၏။
ချန်ချူက ခေါင်းညိတ်လိုက်ပြီး ဝရန်တာတံခါးကိုပိတ်တော့မည့်အချိန်တွင် လုကျောင်ကျောင်းကလှမ်း၍
“အိုး ဒါနဲ့ ချူချူ။ မနက်ဖြန်မနက်ကျရင် ပရော်ဖက်ဆာလင်းက သူ့ရုံးခန်းကိုလာခဲ့ပါဦးတဲ့။ နင့်ကိုပြောခိုင်းလိုက်လို့။”
ချန်ချူက များများစားစားမတွေးတော့ဘဲ သာမန်အတိုင်းပြန်ပြောလိုက်သည်။
“ဪ အင်း အင်း။”
ပရော်ဖက်ဆာလင်းမှာ Haiyin တက္ကသိုလ် စန္ဒရားဌာန၏ဌာနမှူးဖြစ်ပြီး ချန်ချူ့ကိုအမြဲတန်ဖိုးထားသည်။ ဂီတပွဲတစ်ခုခု သို့မဟုတ် အခွင့်အရေးတစ်ခုခုရှိသည့်အခါတိုင်း ချန်ချူ့ကို အခွင့်အရေးပေးတတ်သည်။ ကျောင်းအပိတ်ဂီတပွဲအတွက် ဆွေးနွေးချင်သည်ဟုသာ ချန်ချူထင်လိုက်သောကြောင့် နောက်တစ်နေ့မနက်တွင် ပူပန်ခြင်းမရှိဘဲ ပရော်ဖက်ဆာလင်းကိုသွားတွေ့ခဲ့လေသည်။
“ချန်ချူ။ လာ။ ထိုင်ပါဦး။”
သူ(မ)ရောက်သည်နှင့် ပရော်ဖက်ဆာလင်းက နွေးထွေးစွာကြိုဆိုလိုက်သည်။ ပရော်ဖက်ဆာလင်းမှာ အမြဲတည်တံ့နေပြီး ပြုံးသည်မှာခပ်ရှားရှားဖြစ်သောကြောင့် ချန်ချူ အနည်းငယ်စိတ်ပူသွားပြီး ၀င်ထိုင်လိုက်သည်။
“ပရော်ဖက်ဆာလင်း။ သမီးကို တစ်ခုခုပြောစရာရှိလို့လား။”
ပရော်ဖက်ဆာလင်းက မျက်မှန်ကိုမ,တင်လိုက်ပြီး
“အေးကွယ်။ ဆရာတို့ကျောင်းက ဒီနှစ်မှာ K တက္ကသိုလ်ကိုသွားဖို့ (၂)နှစ် exchange program တစ်ခုလုပ်ဖို့ရှိတယ်။ သမီး စိတ်ဝင်စားလား။”
“K တက္ကသိုလ်လား။”
ချန်ချူ မျက်လုံးပြူးသွား၏။
“ဟုတ်တယ်။ K တက္ကသိုလ်။”
ပရော်ဖက်ဆာလင်းက ပြုံး၍ ခေါင်းညိတ်လိုက်ပြီး
“တစ်ဌာနလုံးမှာ တစ်ယောက်ပဲသွားလို့ရတာမို့ ဆရာကသမီးကိုပြောပြလိုက်တာ။ သမီးရဲ့အချက်အလက်တွေနဲ့ solo concert က video ကိုကြည့်ရင်း သူတို့တွေက အရမ်းအထင်ကြီးသွားကြတယ်လေ။”
ချန်ချူက သဘောတူတော့မည့်ပုံစံဖြစ်နေသဖြင့် ပရော်ဖက်ဆာလင်းက ဆက်ပြောလိုက်သည်။
“အိမ်ပြန်ပြီး မိဘတွေဆီကခွင့်ပြုချက်တောင်းလိုက်ဦး။ သူတို့တွေက ခွင့်ပြုတယ်ဆိုရင် စလို့ရပြီ။”
“ဒါက လျှောက်လွှာ။ ကျောင်းအကြောင်းမိတ်ဆက်တာတွေဘာတွေလည်းရှိတယ်ဆိုပေမဲ့ K တက္ကသိုလ်ရဲ့အကြောင်းကိုတော့ သိပ်အများကြီးပြောစရာမလိုဘူးလို့ ထင်တာပဲ။”
ပရော်ဖက်ဆာလင်းက စာရွက်တချို့ကိုလှမ်းပေး၏။ စာရွက်တချို့သာဖြစ်သော်လည်း ကီလိုဂရမ်များစွာ လေးလံနေသကဲ့သို့ခံစားလိုက်ရသည်။ ရုံးခန်းထဲမှထွက်လာသည့်အခါ စင်္ကြံလမ်းတွင် air con မရှိသောကြောင့် လေပူများတိုက်ခတ်နေသည်။ အိပ်ဆောင်သို့ပြန်ရောက်သော် လုကျောင်းကျောင်းက သတင်းကိုဘယ်ကကြားသည်မသိဘဲ အိပ်ရာပေါ်တွင် ပျော်ရွှင်စွာခုန်ပေါက်နေတော့သည်။ လုကျောင်းကျောင်းမှာ သေးငယ်သောပြည်နယ်တစ်ခုမှဖြစ်ပြီး ချမ်းသာသောမိသားစုမှမဟုတ်ချေ။ တစ်နိုင်ငံလုံး၏ထိပ်တန်းဂီတကျောင်းဖြစ်သော Haiyin တက္ကသိုလ်ကိုဝင်နိုင်ရန်အတွက် သူ(မ) အလွန်အားစိုက်၍ကြိုးစားခဲ့ရသည်။ ထိုကျောင်းတော်ကြီးတွင် ရွက်ပုန်းသီးများစွာရှိနေ၏။ မြို့ကြီးကိုစရောက်ခဲ့စဥ်က နေသားမကျသောပတ်ဝန်းကျင်နှင့် ကျောင်းမှဖိအားတို့ကြောင့် သူ(မ)အတော်ခက်ခဲခဲ့သည်။ အိပ်ဆောင်မှသူငယ်ချင်းနှစ်ယောက်ကိုသာအားကိုး၍ နေထိုင်ခဲ့ရသည်။ ထို့ကြောင့် ချန်ချူ ထိုအခွင့်အရေးကိုရသည့်အခါတွင်လည်း သူ(မ)က မနာလိုမဖြစ်ဘဲ အမှန်တကယ်စိတ်ရင်းဖြင့် ဝမ်းသာနေခြင်းဖြစ်သည်။ သို့သော် ချန်ချူ့မျက်နှာထားကိုမြင်သည့်အခါ သူ(မ)အပြုံးတို့လည်း ပျောက်ကွယ်သွားခဲ့သည်။
“ချူချူ။ နင်မသွားဘူးလို့ တွေးနေတာတော့မဟုတ်ဘူးမလား။”
လုကျောင်းကျောင်း အံ့အားသင့်နေ၏။
“K တက္ကသိုလ်နော်။ လူတိုင်းမရနိုင်တဲ့အခွင့်အရေးကြီး။ နင် exchange program (၂)နှစ်သွားပြီး ပြန်လာတဲ့အခါကျရင် နင့်ကိုလိုချင်လို့ဆိုပြီး orchestra တွေက လုနေကြမှာ။”
သူ(မ)က အသံကိုနှိမ့်ပြောလိုက်ပြီး ထိုင်ခုံတွင် တိတ်တဆိတ်ထိုင်လိုက်သည်။ အိပ်ဆောင်မှာ အလွန်တိတ်ဆိတ်နေ၏။ Aircon သံကိုသာကြားနေရသည်။ အချိန်အတော်ကြာသွားသည်ဟုလည်း သူ(မ)ခံစားလိုက်ရသည်။
ချန်ချူက နှုတ်ခမ်းကိုစေ့ကာ ခက်ခက်ခဲခဲဖြင့်စကားဆိုလာသည်။
“မသိတော့ပါဘူး။”
လုကျောင်းကျောင်းက တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
“နင့်ကောင်လေးကြောင့် မသွားချင်တာတော့မဟုတ်ဘူးမလား။ (၂)နှစ်လောက်က ခဏလေးနဲ့ကုန်သွားမှာ။ နင်သူနဲ့စကားပြောကြည့်ပေါ့။ သူကလည်း နင့်ကိုသွားစေချင်မှာပါ။ ဒီလောက်ကောင်းတဲ့အခွင့်အရေးပဲကို။”
ချန်ချူ ခေါင်းငုံ့ကာ လက်သီးဆုပ်လိုက်သဖြင့် လက်သည်းများက အသားကိုထိုးကာ နာကျင်နေသည်။ သို့သော် စိတ်ပူပန်နေသည့်သူ(မ)နှလုံးသားထဲတွင် မျှော်လင့်ချက်တစ်ခုပေါ်လာသည်။
‘(၂)နှစ်ဆိုတဲ့အချိန်က မကြာဘူးဆိုတာဟုတ်ပေမဲ့ ခဏလေးလည်းမဟုတ်ပြန်ဘူး။ သူ နားလည်ပေးပါ့မလား။’
***
နွေရာသီညနေခင်းမှာ လှပနေ၏။ ကောင်းကင်တွင် ကြက်သွေးရောင်တိမ်တိုက်များရှိနေရာ နတ်သမီးပုံပြင်ထဲကအတိုင်းပင်။ သစ်ပင်များကလည်း ကောင်းမွန်သောအရိပ်ကိုပေးစွမ်းနေသည်။ ထိုအရိပ်အောက်တွင် လူကြီးတချို့ထိုင်ကာ စစ်တုရင်ကစားရင်း အော်ဟစ်နေကြသည်။ ကုမြောင်က အဆောက်အအုံ၏အပြင်ဘက်တွင်ရပ်၍ သူ(မ)ကိုစောင့်နေ၏။ နူးညံ့သောနေဝင်ချိန်တွင် ကုမြောင်၏အရိပ်က ရှည်လျားနေလေသည်။
ချန်ချူ့ပုံရိပ်ကို အဝေးမှလှမ်းမြင်လိုက်ရချိန်တွင် မျက်မှောင်ကြုတ်ထားသည့်မျက်နှာထားတို့ ပြေလျော့သွားသည်။ အိမ်ကို သန့်ရှင်းသပ်ရပ်စွာရှင်းလင်းထား၏။ ကုမြောင်က တံခါးကိုတွန်းဖွင့်လိုက်ပြီး
“ဒီနေ့ မြှောင်မြှောင်ကိုခေါ်လာမယ်ဆို။ ငါသူ့အတွက် အစာလုပ်ထားပေးတယ်။”
“အင်း။”
ချန်ချူက ဘာသိဘာသာ ပြန်ဖြေလိုက်၏။
“ငါမေ့သွားတာ။ ဆောရီး။”
ကုမြောင် ခေါင်းငုံ့လိုက်၏။ သူ့မျက်လုံးအောက်မှ မျက်ကွင်းညိုများမှာ အတော်သိသာနေသည်။ မနေ့ညက မိုးလင်းပေါက်အလုပ်လုပ်ခဲ့သဖြင့် နာရီအနည်းငယ်သာအိပ်ချိန်ရခဲ့ပြီး အတန်းသွားရန်ထခဲ့ရလေသည်။ အတန်းပြီးသည့်အခါ စျေးသို့သွား၍ မြှောင်မြှောင်ကြိုက်တတ်သော အမဲသားကိုဝယ်လာခဲ့သည်။
“ရပါတယ်။”
ကုမြောင်က အသံကိုနှိမ့်၍
“ခဏစောင့်ဦးနော်။ မြှောင်မြှောင်အတွက် ယူသွားလို့ရအောင် ထည့်ပေးလိုက်မယ်။”
“အင်း။”
ချန်ချူ ခေါင်းညိတ်လိုက်သည်။ ကုမြောင်က သူ(မ)၏မကြည်လင်သောမျက်လုံးများကိုကြည့်ကာ
“ဘာဖြစ်လို့လဲ။ စိတ်ညစ်စရာရှိနေလို့လား။ ငါဒီနေ့ ရေချိုပုစွန်ဝယ်လာတယ်။ တစ်ဝက်ကို နင့်အတွက်ခွာထားပေးတယ်။ နင်ဗိုက်ဆာပြီဆိုရင် အရင်စားနှင့်လေ။”
တက်ကြွနေသောမိန်းကလေးများတွင်ပင် ဝမ်းနည်းရသည့်အခိုက်အတန့်တို့ရှိတတ်သော်လည်း တစ်ခုခုကိုစားလိုက်ရပါက တက်ကြွမှုတို့ပြန်လည်ပြည့်တင်းလာတတ်သည်။ သို့သော် ယခုတစ်ကြိမ်မှာ ယခင်နှင့်မတူပေ။
ကုမြောင်တစ်ယောက် မီးဖိုချောင်ထဲတွင်ရပ်ကာ မှန်တံခါးမှတစ်ဆင့် အပြင်ကိုလှမ်းကြည့်နေခဲ့သည်။အပြင်ဘက်တွင် မြူများကြောင့် အနည်းငယ်မှုန်ဝါးနေ၏။ ချန်ချူက ခေါင်းကိုငုံ့ထားပြီး သူ(မ)အပြုအမူများကလည်း သတိလက်လွတ်ဖြစ်နေသည်။ ကုမြောင်၏လက်တို့ တုံ့ဆိုင်းသွားပြီး ခက်ခဲမှုတစ်ခုကိုခံစားလိုက်ရသည်။ သူ့ပင်ပန်းမှုကိုမျိုသိပ်ကာ မီးဖိုကိုအမြန်ပိတ်လိုက်ပြီး နောက်ဆုံးဟင်းလျာကိုပန်းကန်ထဲထည့်လိုက်သည်။ တိတ်ဆိတ်နေသဖြင့် ကြွေပန်းကန်လုံးတို့ကိုစားပွဲပေါ်တင်လိုက်သည့်အခါ အသံကျယ်သွားလေသည်။
“နင်ဒီနေ့ဘာဖြစ်နေတာလဲ။ စိတ်ညစ်စရာတစ်ခုခုရှိနေတာလား။”
ကုမြောင် သူ(မ)ဘေးတွင်၀င်ထိုင်ကာ သတိထားနေသည့်အသံဖြင့်မေးလိုက်သည်။ သူ(မ)က တုံ့ဆိုင်းစွာဖြင့် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ လက်သီးဆုပ်ထားလေသည်။ သူ(မ)ပြန်မဖြေသဖြင့် ကုမြောင်လည်း တွန်းအားမပေးတော့ဘဲ စားပွဲပေါ်မှစာစောင်ကိုလှမ်းယူကာ သူ(မ)ကိုပေးလိုက်သည်။
“ဒါဘာကြီးလဲ။”
ချန်ချူငုံ့ကြည့်လိုက်သောအခါ အိမ်ခြံမြေတိုးတက်ရေးအတွက် လက်ကမ်းစာစောင်တစ်ခုဖြစ်ကြောင်း သိလိုက်ရသည်။ ကုမြောင်က လည်ချောင်းရှင်းလိုက်ပြီး နေရခက်သည့်ပုံစံဖြင့် နှာခေါင်းကိုတို့ကာ
“ဒီစာစောင်ကို နင်ဘယ်လိုထင်လဲ။”
ကုမြောင်က စာမျက်နှာကိုဖွင့်လိုက်ပြီး သူ့လက်ချောင်းတွေက စာရွက်၏ထောင့်ကိုထိထားသည်။
“နင်အိမ်ဝယ်မလို့လား။”
ချန်ချူက မေးလာ၏။ ကုမြောင်လည်း အသံကိုနှိမ့်ကာ
“ပိုက်ဆံစုနေတုန်းပါ။”
သို့သော် ကုမြောင်မှာ မသေချာပါက မည်သည့်အရာကိုမှထုတ်မပြောတတ်သည်ကို ချန်ချူသိလေသည်။
နွေရာသီညလေညင်းမှာ အေးမြနေပြီး ပြတင်းပေါက်မှလိုက်ကာများကို၀ဲလွင့်နေစေသည်။ နက်နဲနေသောသူ့မျက်လုံးများတွင် အရောင်မှိန်မှိန်တစ်ခုရှိနေသည်။
“ဒီပတ်ဝန်းကျင်က အတော်လေးကောင်းတယ်။ နင့်ကျောင်းနဲ့လည်းနီးပြီးတော့ ဒီအခန်းတွေထဲကတစ်ခန်းကို နင့်ဂီတခန်းလုပ်လို့ရတယ်။”
တိတ်ဆိတ်နေသည့်ညတွင် ကုမြောင်အသံကလည်း ခပ်တိုးတိုးပင်။
“တကယ်လို့။ တကယ်လို့ နင် ကျောင်းအိပ်ဆောင်ကိုမသွားချင်တော့ရင် နင်-နင်ဒီမှာနေလို့ရတယ်။”
ကုမြောင်မှာ အတော်လေးရှက်နေပြီး ထိုစကားများကိုပြောပြီးနောက် ခေါင်းငုံ့လိုက်တော့သည်။ အလင်းရောင်ကြောင့် သူ၏နီရဲနေသောနားရွက်များကို သေသေချာချာမြင်နေရသည်။ တိတ်ဆိတ်နေသောညဖြစ်သဖြင့် ပုစဥ်းရင်ကွဲများ၏အသံမှာလည်း သိသိသာသာပင်။ ကုမြောင်မှာ နှလုံးသားတစ်ခုလုံးမျောလွင့်နေသကဲ့သို့ခံစားနေရပြီး လေအေးကြောင့် အနည်းငယ်တုန်ယင်သွားလေသည်။ အမြဲတမ်း သူ့ဘက်ကအစပျိုးရမည်ဟုလည်း ခံစားလိုက်ရသည်။ လက်ရှိသူနေထိုင်သောတိုက်ခန်းက ကျယ်ပြောသော်လည်း အခန်းတစ်ခန်းသာရှိသောကြောင့် သူ(မ)ကိုအတူနေခိုင်းရန်မသင့်တော်ချေ။ သို့သော် ယခုဝယ်မည့်တိုက်ခန်းအသစ်မှာ အလွန်ကျယ်ပြီး အခန်းလည်းများပေသည်။ သူ(မ)သာဆန္ဒရှိပါက…
‘သူ(မ)ဘာလို့စိတ်ညစ်နေတာပါလိမ့်။ ငါဒီအကြောင်းပြောပြလိုက်ရင်တော့ သူ(မ) ပျော်သွားမယ်ထင်တယ်။’
ကောင်းကင်တွင် ကြယ်အချို့အထီးကျန်နေကြ၏။ ကုမြောင်က မျှော်လင့်ချက်ပြည့်နှက်နေသည့်မျက်လုံးများဖြင့် သူ(မ)ကိုကြည့်လိုက်ပြီး ချက်ချင်းပင်ခေါင်းပြန်ငုံ့ကာ တုန်ယင်နေတော့သည်။ ညလေညင်းက အေးမြမှုကိုသယ်ဆောင်လာပြီး ချန်ချူ့နှလုံးသားကလည်း ခံစားချက်များနှင့်ပြည့်နှက်နေခဲ့သည်။ မျိုသိပ်ထားသောစကားလုံးများက တစ်နေ့လုံး သူ(မ)ရင်ထဲတွင်မွန်းကျပ်နေတော့သည်။ ကုမြောင်က သူတို့၏အနာဂတ်ကိုစီစဥ်နေပေသည်။ သို့သော် သူ(မ)ကတော့ ထွက်သွားမည့်အကြောင်းကိုသာတွေးနေမိသည်။
*****
Aurora Novel Translation Team