Chapter 57
Haishi မြို့၏နွေရာသီမှာ အလွန်ပူပြင်း၏။ ပြင်သစ်ပြတင်းပေါက်များမှတဆင့် နေ၏အပူချိန်ကို ခံစားနေရသည်။
ဖုရုန်းက ကော်ဖီခွက်ကိုကိုင်ထားပြီး သူ(မ)၏အနီရောင်လက်သည်းများကလည်း တလက်လက်တောက်ပနေသည်။ ကော်ဖီတစ်ငုံသောက်လိုက်ပြီးနောက် သူ(မ)က
“ချူချူ။ မနေ့က လက်ထောက်ကျုံးဆီကကြားတယ်။ သမီးပစ္စည်းတွေ အဆင်သင့်မဖြစ်သေးဘူးဆို။”
ချန်ချူက သူ(မ)ဘေးတွင်ထိုင်နေပြီး စကားတစ်ခွန်းမျှပြန်မပြောချေ။ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်နေရင်း “crack” ဟူသော အသံကျယ်ထွက်ပေါ်လာသည့်အခါ သူ(မ)အသိစိတ်ဝင်လာပြီး ဆိုဖာပေါ်မှထလိုက်သည်။ လက်ဖက်ရည်ခွက်မှာ စားပွဲပေါ်တွင်ဖိတ်ကျသွားပြီး တုန်ခါနေသေးသည်။ ချန်ချူက အတွေးပင်လယ်ထဲမှနိုးထလာပြီး
“အမေ ခုနကဘာပြောလိုက်တာလဲ။”
ချန်ချူ၏ မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများတွင် တောက်ပမှုမရှိဘဲ တိမ်တိုက်များဖုံးလွှမ်းနေသကဲ့သို့ မှိုင်းညှို့နေလေသည်။ ဖုရုန်းက သက်ပြင်းချလိုက်ပြီး ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။
“ချူချူ။”
သူ(မ) သက်ပြင်းချကာ စိတ်လေးလံနေသည့်အသံဖြင့်
“နောက်တစ်လနှစ်လဆိုရင် သမီးတစ်ယောက်တည်း နိုင်ငံခြားကိုသွားရတော့မှာ။ သမီးဒီလိုပုံစံဖြစ်နေရင် အမေတို့ကဘယ်လိုလုပ် စိတ်ဖြောင့်တော့မှာလဲ။”
ချန်ချူက နှုတ်ခမ်းကိုစေ့ကာ အသံတိုးတိုးဖြင့်
“အမေ။ သမီးအဆင်ပြေပါတယ်။ ဒီနောက်ပိုင်း နည်းနည်းပင်ပန်းလို့ပါ။”
“အမေသိပါတယ်။”
ဖုရုန်းက ချန်ချူ့နောက်ကျောကိုညင်သာစွာပွတ်သပ်ပေးလိုက်ပြီး
“အရင်တုန်းက အမေမှားသွားခဲ့တယ်။ သမီး စန္ဒရားတီးတာကို အမေ မကန့်ကွက်ခဲ့သင့်ဘူး။ အခုတော့ သမီးက သမီးအိပ်မက်ကိုအကောင်းဆုံးလျှောက်လှမ်းနိုင်ပြီဆိုတာ အမေသိပါပြီ။”
ချန်ချူကတော့ မျက်တောင်အသာအယာခတ်လိုက်ပြီးသာ တုံ့ပြန်လိုက်သည်။
ခြံဝန်းထဲတွင် နွေအခါ၌ ပုစဥ်းရင်ကွဲသံညံလေ့ရှိသော သရက်သီးပင်တစ်ပင်ရှိ၏။ ချန်ချူ ခံစားချက်မကောင်းနေခြင်းကြောင့် မည်သည်ကိုမှစိတ်မပါသည်ကိုသိသဖြင့် ဖုရုန်းက သူ(မ)ကိုပြန်နားခိုင်းလိုက်သည်။ နေ့လယ်သို့ရောက်သော် ခန်းစီးများကိုချလိုက်သောကြောင့် အခန်းကမှောင်ကျသွား၏။ ချန်ချူ အိပ်ရာထဲတွင်လှဲနေသော်လည်း အိပ်မပျော်ချေ။ သူ(မ)က အမြဲတစေ ဆုံးဖြတ်ချက်ပြတ်သားပြီး သတ္တိရှိသူတစ်ဦးဖြစ်ခဲ့သော်လည်း ယခုတွင်မူ ပစ္စည်းထုပ်ပိုးခြင်းကဲ့သို့ ရိုးရှင်းသောအရာကိုပင် ရက်သတ္တပတ်များစွာကြာသည်အထိ အချိန်ဆွဲနေမိသည်။ ထိုအချိန်တွင် စားပွဲပေါ်၌ အလင်းတစ်ခုဖျတ်ခနဲလင်းသွားသဖြင့် ဖုန်းကိုလှမ်းယူလိုက်သည်။ ၎င်းမှာ ပရော်ဖက်ဆာလင်းဆီမှ message ပင်။ ပရော်ဖက်ဆာလင်းက WeChat သုံးလေ့မရှိသောကြောင့် text message မှတစ်ဆင့်သာ စာပို့တတ်သည်။
“ချန်ချူ။ K တက္ကသိုလ်အတွက် ပစ္စည်းတွေ ဒီရက်ပိုင်းမှာပေးရတော့မှာနော်။ တခြားဌာနတွေက အပ်ပြီးကုန်ပြီ။ သမီးအိမ်က သဘောမတူလို့ခုထိအဆင်သင့်မဖြစ်သေးတာဆိုရင် ဆရာလိုက်ပြောပေးလို့ရတယ်။ ဒီအခွင့်အရေးက တကယ်ကိုရှားရှားပါးပါးမို့။ ပြီးတော့ သမီးအနာဂတ်နဲ့လည်း ဆိုင်နေတာဆိုတော့ သေသေချာချာစဥ်းစားစေချင်တယ်။”
ချန်ချူ့လက်များ တုံ့ဆိုင်းနေ၏။ အခန်းတစ်ခုလုံး တိတ်ဆိတ်နေပြီး နာရီလက်သံရွေ့လျားနေသည့်အသံကိုပင် ကျယ်လောင်စွာကြားနေရသည်။ အချိန်ကလည်း အလွန်ကြာနေသယောင်။ လျင်မြန်နေသောသွေးခုန်နှုန်းများက ထိုအခိုက်အတန့်တွင် ငြိမ်သက်သွားသည်။ သူ(မ) တွေဝေနေပြီး ဖုန်းကိုငုံ့ကြည့်လိုက်သည်။
“ပရော်ဖက်ဆာလင်း။ ခက်ခဲသွားအောင်လုပ်မိတဲ့အတွက် သမီးတောင်းပန်ပါတယ်။ မနက်ဖြန်ကျရင် အဖြေပြန်ပြောပါ့မယ်နော်။”
ထို message ကိုပို့လိုက်ပြီးနောက် သူ(မ) ဖုန်းကိုချကာ ခန်းစီးများကိုဆွဲဖွင့်လိုက်တော့သည်။
~~~
နေ့လယ်ခင်းနေရောင်မှာ အလွန်စူးရှနေ၏။ ကုမြောင်က သစ်သားစားပွဲပေါ်တွင်ထိုင်နေပြီး သူ့ရှေ့တွင် တစ်ဝက်သောက်ထားပြီးသော အမေရီကာနိုတစ်ခွက်ရှိနေသည်။ သူ့လက်ချောင်းများမှာ ကီးဘုတ်ပေါ်တွင်ရွေ့လျားနေပြီး တံခါးခေါင်းလောင်းအသံမြည်လာသည့်အခါ သူ တစ်ခဏတွေဝေသွားခဲ့သည်။
‘ဒီအချိန်ကြီး ဘယ်သူလာတာပါလိမ့်။’
“Ring, ring, ring.”
ခေါင်းလောင်းသံက အကြိမ်ပေါင်းများစွာမြည်နေသဖြင့် တံခါးဖွင့်ပေးရန်ထလိုက်သည်။ စင်္ကြံလမ်းတွင် နေရောင်ကြောင့်လင်းနေပြီး တံခါးရှေ့တွင်ရပ်နေသောမိန်းကလေးက ကုမြောင်ကိုကြည့်လိုက်သည်။
“ဘယ်လိုလုပ်ပြီးရောက်လာတာလဲ။”
ကုမြောင်၏အေးစက်စက်မျက်နှာထားတို့ပြေလျော့သွားပြီး သူ(မ)ကိုအိမ်ထဲဝင်စေရန် ဘေးဖယ်ပေးလိုက်သည်။ ချန်ချူ၏မျက်နှာထားမှာ ပြောင်းလဲသွားခြင်းမရှိဘဲ ဖိနပ်ကိုချွတ်ကာ အိမ်တွင်းစီးဖိနပ်အပါးကိုလဲလိုက်သည်။ ကုမြောင်စိတ်ထဲတွင် တစ်မျိုးဖြစ်သွားပြီး ကြောက်စိတ်တစ်ခုဖြစ်တည်လာသည်။
“ဘာဖြစ်လို့လဲ ချူချူ။”
ကုမြောင် တုံ့ဆိုင်းစွာဖြင့်လမ်းလျှောက်သွားပြီး ချန်ချူ့ကို ဖက်ထားရန်ပြင်လိုက်သည်။ သို့သော် ချန်ချူက ဗလာဖြစ်နေသည့်မျက်နှာထားဖြင့် သူ့ကိုတွန်းလိုက်၏။ သူ့လက်များက ချန်ချူ့ပခုံးပေါ်တွင်ကျန်နေပြီး ဆက်ကိုင်ထားရမလား ဖယ်လိုက်ရမလားမသိတော့ချေ။ သူ့စိတ်ထဲတွင် အဆင်မပြေမှုတို့ ပို၍ကြီးမားလာသည်။
အခန်းတစ်ခုလုံးတိတ်ဆိတ်နေ၏။ computer run နေသည့်အသံကိုသာကြားနေရသည်။ ချန်ချူက လက်သီးဆုပ်လိုက်ပြီး ကုမြောင်ကိုကြည့်ကာ
“ငါနင်နဲ့ စကားပြောဖို့လိုတယ်။”
ထိုအခိုက်အတန့်တွင် ကုမြောင်၏နှလုံးခုန်သံတို့ ရပ်တန့်သွားသည်။ TV drama တစ်ခုထဲတွင် မင်းသမီးက မင်းသားကို ထိုစကားဖြင့်လမ်းခွဲစကားပြောခဲ့ကြောင်း ကုမြောင်ရုတ်တရက်မှတ်မိသွားလေသည်။ နွေရာသီတွင်တိုက်ခတ်သောလေမှာ အပူနှင့်ရောနေသော်လည်း ကုမြောင်ရင်ဘတ်တစ်ခုလုံးပွင့်ထွက်သွားသကဲ့သို့ ခံစားနေရသည်။ တိုက်ခတ်နေသည့်လေက မီးတောက်အဖြစ်ပြောင်းသွားပြီး ကုမြောင်ကို ခေါင်းကိုက်သွားစေသည်။ ကုမြောင် ထိုနေရာတွင်သာရပ်နေမိပြီး ခန္ဓာကိုယ်တွင်းမှသွေးခုန်နှုန်းတို့ ရပ်တန့်သွားသလိုပင်။ ချန်ချူလည်း မျက်လုံးကိုမှိတ်လိုက်ပြီး ခက်ခက်ခဲခဲ စကားစလိုက်သည်။
“ကုမြောင်။ ငါ…”
“ဘာမှမပြောနဲ့ ချူချူ။”
ကုမြောင်က ကြားဖြတ်ဝင်ပြောလိုက်၏။ သူ့အသံတို့က တုန်ယင်နေသည်။
“ဘာမှမပြောပါနဲ့။”
သူ့အသံကတိမ်ဝင်သွားပြီး မျက်လုံးများလည်း နီရဲလာသည်။ သူ့စကားသံများက တုန်ယင်နေဆဲပင်။
“ငါဒီနောက်ပိုင်း အလုပ်တွေအရမ်းများပြီး နင့်ခံစားချက်တွေကို လျစ်လျူရှုမိလို့မဟုတ်လား။ ငါတောင်းပန်ပါတယ်။ ငါတကယ်ကို တောင်းပန်ပါတယ် ချူချူ။”
ခံစားချက်များကိုထိန်းထားသည့်မျက်လုံးမှ မျက်ရည်များစီးကျလာပြီး သူပြောသည့်စကားလုံးများမှာ အစီအစဥ်မကျဖြစ်နေတော့သည်။
“နောက်ဆုံးတစ်ခေါက်က နင်ဖုန်းခေါ်တာကို ငါမကိုင်လိုက်မိလို့မဟုတ်လား။ ငါတောင်းပန်ပါတယ်။ ငါ အစည်းအဝေးခန်းထဲရောက်နေလို့ပါ။ ငါတကယ် တမင်လုပ်တာမဟုတ်ပါဘူး။”
ဝရန်တာမှပန်းများကို သူတို့နှစ်ယောက်အတူစိုက်ပျိုးထားခြင်းဖြစ်သည်။ ညင်သာသောလေက ထိုပန်းရနံ့တို့ကိုသယ်ဆောင်ကာ အခန်းထဲသို့ဝင်လာသည်။ သို့သော် ထိုရနံ့များက ဓားသွားများကဲ့သို့ ကုမြောင်ရင်ကိုထိုးနှက်နေသလို အသက်ရှူလိုက်တိုင်း နာကျင်နေတော့သည်။ အစောပိုင်းက ချန်ချူအဖက်မခံခဲ့သည်ကိုပင်မေ့သွားပြီး သူ(မ)ကိုတင်းကျပ်စွာဖက်ထားလိုက်တော့သည်။
“ချန်ချူ။ ငါတောင်းပန်ပါတယ်။ ငါ့ကိုမထားခဲ့ပါနဲ့။”
ကုမြောင်က တောင်းပန်၏။ ပူပြင်းနေသည့်ထွက်သက်လေတို့က သူ(မ)လည်ပင်းအနီးတွင်ရိုက်ခတ်နေရာ သူ(မ) တစ်ခဏလောက် အသက်ရှူရန်မေ့သွားခဲ့သည်။ ချန်ချူ သူ့နောက်ကျောကိုပုတ်ကာ သူ့ကိုနှစ်သိမ့်ပေးရန်ကြိုးစားလိုက်သည်။
“ငါစိတ်မဆိုးပါဘူး။ ငါကဘာလို့စိတ်ဆိုးရမှာလဲ။ နင်ဘာတွေပြောနေတာလဲ။ အရင်ဆုံး ငါတို့ မျက်နှာချင်းဆိုင်ပြီးစကားပြောရအောင်။ ဟုတ်ပြီလား။”
သို့သော် ကုမြောင်က ပို၍ပင်တင်းကျပ်စွာဖက်ထားလိုက်ပြီး
“နင်စိတ်ဆိုးနေတာဖြစ်မှာပါ။ ငါမှားသွားပါတယ်။ ငါ့ကိုခွင့်လွှတ်ပါနော်။”
ချန်ချူ စိတ်လည်းပျက်၊ ရယ်လည်းရယ်ချင်ဖြစ်နေသည်။ သူ(မ)စိတ်ထဲမှ ဝမ်းနည်းမှုနှင့် နေရခက်မှုတို့ကို ကုမြောင်မျက်ရည်များက ဖယ်ရှားပေးခဲ့လေသည်။ သူ(မ) ကုမြောင်၏ကျောကိုပုတ်၍ နှစ်သိမ့်ရပြန်သည်။
“ငါနင့်ကိုခွင့်လွှတ်ပါတယ်။ ငါ့ကိုလွှတ်ပါဦး။ အသက်ရှူလို့မရတော့ဘူး။”
ကုမြောင် ကြောက်လန့်၍ လက်များတောင့်တင်းနေပြီး သူ(မ)ကိုလွှတ်ပေးလိုက်သည်။ ထို့နောက် ခေါင်းကိုငုံ့ထားပြီး သူ့မျက်လုံးများတွင် မျက်ရည်စများကျန်နေသေးလေသည်။
“ငါတောင်းပန်ပါတယ် ချူချူ။”
“ရပါတယ်။”
ချန်ချူက ပြုံးလိုက်ပြီး သူ(မ)မျက်လုံးများတွင် နားလည်မှုတို့ပြည့်နှက်နေခဲ့သည်။ သူ(မ)အပြုံးကိုမြင်သည့်အခါ ကုမြောင် သူ(မ)ကိုကြည့်လိုက်ပြီး သူ၏ရှက်စရာအပြုအမူများကို ရုတ်တရက်သတိရသွားသဖြင့် နားရွက်များနီရဲသွားတော့သည်။
“ငါ-ငါမငိုပါဘူး။”
ကုမြောင်တစ်ယောက် မျက်ရည်များကိုစမ်းတဝါးဝါးသုတ်လိုက်၏။ နက်မှောင်လေးနက်နေသောမျက်လုံးတို့မှာ ယခုတွင် သခင်၏စွန့်ပစ်ခြင်းခံရသော ခွေးလေးတစ်ကောင်၏မျက်လုံးများကဲ့သို့ နီရဲနေတော့သည်။ သနားစရာကောင်းနေသည့်သူ့ပုံစံမှာ အလွန်ချစ်စရာကောင်းနေသည်ကို ချန်ချူသိလိုက်ရသည်။ ထိုအခါ သူ့ကိုချော့ရပြန်သည်။
“မျက်လုံးကိုတအားမပွတ်နဲ့လေ။ နီရဲကုန်ပြီ။”
ကုမြောင်က ချက်ချင်းပင် ခေါင်းကိုငုံ့လျက် လက်နှစ်ဖက်ကိုဘေးသို့ချလိုက်ပြီး ငြိမ်ငြိမ်နေလိုက်သည်။ ဧည့်ခန်းတစ်ခုလုံး တိတ်ဆိတ်နေ၏။ ကုမြောင်၏နှလုံးသားက ပြင်းထန်စွာခုန်ပေါက်နေသည်။ ချန်ချူပြောသည့် “ရပါတယ်။”ဟူသောစကားကို သူ သိပ်နားမလည်ချေ။
‘ရပါတယ်ဆိုတာ လမ်းမခွဲတော့ဘူးလို့ပြောတာလား။’
ကုမြောင် နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး သတ္တိမွေးကာ ချန်ချူ့ကိုမေးလိုက်သည်။
“ချူချူ။ နင်ငါ့ကိုခွင့်လွတ်တယ်ဆိုတာက ငါတို့ လမ်းမခွဲတော့ဘူးလို့ပြောတာလား။”
ထိုအခိုက်အတန့်တွင် အချိန်နာရီတို့ရပ်တန့်သွားသလိုပင်။ သူ့လည်ချောင်းတစ်ခုလုံး ခြောက်ကပ်နေပြီး သူ့မျက်လုံးထဲမှနီရဲမှုတို့က ပျောက်မသွားသေးဘဲ သူ(မ)ကို သနားစရာကောင်းစွာကြည့်နေမိသည်။ ချန်ချူက မျက်လုံးပြူးသွားပြီး
“ငါတို့လမ်းခွဲမယ်လို့ နင့်ကိုဘယ်သူပြောလို့လဲ။”
ကုမြောင် ရုတ်တရက် စိတ်သက်သာရာရသွား၏။ သူ့ခန္ဓာကိုယ်ထဲတွင်ကိန်းအောင်းနေသော ဝန်ထုပ်ဝန်ပိုးတို့ ပေါ့ပါးသွားလေသည်။
“ငါ-ငါထင်တာ…”
သူ့မျက်လုံးများက အောက်ကိုကြည့်နေပြီး သနားစရာကောင်းသည့်အသံဖြင့်
“မနေ့က TV ဇာတ်လမ်းထဲမှာ မင်းသမီးက ‘ငါနင်နဲ့စကားပြောဖို့လိုတယ်။’လို့ပြောပြီးသွားတော့ မင်းသားနဲ့လမ်းခွဲသွားတာ။”
ချန်ချူ မတတ်နိုင်တော့ဘဲ ရယ်လိုက်မိ၏။ ထိုအခါ ပါးပေါ်မှပါးချိုင့်တို့က လှပစွာထွက်ပေါ်လာသည်။
“နင်ကလေ အရမ်းချစ်စရာကောင်းတယ်။ အမြဲတမ်း စိတ်ထဲမှာလျှောက်တွေးနေတာ။ ငါက ဘယ်လိုလုပ် နင်နဲ့လမ်းခွဲနိုင်မှာလဲ။”
ကုမြောင်မျက်လုံးထဲတွင် ပျော်ရွှင်မှုအရိပ်အယောင်တို့ဖြတ်ပြေးသွားပြီး ထိုအရိပ်အယောင်လေးက သူ့မျက်ခုံးနှင့်နှုတ်ခမ်းတို့ဆီ ကူးစက်သွားတော့သည်။ ထိုအခါချန်ချူက
“နောက်ဆို TV ဇာတ်လမ်းတွေလျှော့ကြည့်နော်။”
ကုမြောင်က လိမ္မာစွာဖြင့် “ဟုတ်။” ဟုသာ ပြန်ပြောလိုက်ပြီး ထိုဇာတ်ကားကိုသူ့အားကြည့်ခိုင်းစေခဲ့သူမှာ သူ(မ)ဖြစ်ကြောင်းထည့်မပြောလိုက်ပေ။
အခန်းထဲတွင် တိတ်ဆိတ်နေပြီး တိုက်ခတ်လာသောလေညင်းက ခန်းဆီးစများကို၀ဲလွင့်စေကာ အလင်းများကိုဝင်ရောက်လာစေသည်။ ကုမြောင်က ညင်သာသောအသံဖြင့်
“ဒါဆို နင်ဘာပြောမလို့လဲ။”
ချန်ချူ့အပြုံးများ ရုတ်တရက်ရပ်တန့်သွားပြီး သူ(မ)မျက်လုံးထဲမှအလင်းရောင်တို့က ချက်ချင်းမှိန်သွားသည်။
“ဘာဖြစ်လို့လဲ။”
ကုမြောင်က မျက်မှောင်ကြုတ်ထား၏။ သူ့မျက်လုံးများက နီရဲနေဆဲဖြစ်သော်လည်း အေးစက်လေးနက်သည့်အဓိပ္ပာယ်ကို ဖော်ဆောင်နေလေသည်။ ချန်ချူတစ်ယောက် အနည်းငယ်စိတ်ထိန်းထားလိုက်ပြီး တစ်ခဏအချိန်ယူကာ ကုမြောင်ကိုခေါ်လိုက်သည်။
“မြောင်ကော။”
ကုမြောင်က အသံတိုးတိုးဖြင့်သာ ပြန်ထူးလိုက်၏။ ထို့နောက် ချန်ချူက
“ဘာပြောမလို့လဲဆိုတော့။ ဒီတိုင်း…”
ချန်ချူက လက်သီးဆုပ်ကာ စိတ်ဖိစီးနေသည့်ပုံစံဖြစ်နေသည်။ ကုမြောင်က သူ(မ)ကိုချော့ပြော၏။
“ဘာဖြစ်လို့လဲ ချူချူ။ ငါ့ကိုပြော။”
လမ်းခွဲမည့်ကိစ္စမဟုတ်ပါက မည်သည့်အရာကိုမဆို ကုမြောင်လက်ခံနိုင်ပေသည်။ ချန်ချူက အသက်ကိုပြင်းပြင်းရှိုက်လိုက်ပြီး မျက်လုံးမှိတ်ကာ
“ငါတို့ကျောင်းမှာ ဒီနှစ် နိုင်ငံခြားသွားရမဲ့ exchange program တစ်ခုရှိတယ်။ K တက္ကသိုလ်ကို (၂)နှစ်သွားတက်ရမှာ။ အဲ့ဒါ ပရော်ဖက်ဆာက ဒီအခွင့်အရေးကို ငါ့ကိုပေးလာတယ်။”
ထိုစကားများကို အချိန်ကြာကြာမျိုသိပ်ထားပြီးနောက် သူ(မ) တစ်ခါတည်းထုတ်ပြောလိုက်တော့သည်။ ထုတ်ပြောလိုက်ရသဖြင့် စိတ်ထဲပေါ့သွားသော်လည်း ပူပန်မှုတို့ရှိနေသေး၏။ အခန်းတစ်ခုလုံး ငြိမ်ကျသွားပြန်သည်။ အပြင်ဘက်တွင် ပုစဥ်းရင်ကွဲတို့ အဆက်မပြတ်အော်မြည်နေကြသည်။ ချန်ချူ အသက်ကိုဖြည်းဖြည်းရှူကာ ကုမြောင်ထံမှအဖြေကို စောင့်ဆိုင်းနေခဲ့သည်။
ထိုအချိန်တွင် သက်ပြင်းချသံတစ်ခုထွက်ပေါ်လာ၏။ ချန်ချူစိတ်ထဲတင်းကျပ်သွားပြီး သူ့ဆီမှ စကားသံတစ်ခွန်းသာကြားလိုက်ရသည်။
“နင်ပြောမယ်ဆိုတာ ဒီကိစ္စလား။”
ချန်ချူ ရုတ်တရက်ခေါင်းမော့လိုက်ရာ သူ့မျက်လုံးများနှင့်အကြည့်ချင်းဆုံသွားသည်။
“နင်ဘယ်လိုထင်လဲ။”
ချန်ချူက မေးလိုက်၏။
“ချူချူ။”
သူက အနားကပ်လာပြီး ချန်ချူ့ပါးကိုထိလိုက်သည်။
“ငါက နင့်အတွေးတွေကို အမြဲအလေးအနက်ထားပြီးသားပါ။”
ကုမြောင်၏လက်ဖဝါးမှာ အချစ်များဖြင့်နွေးထွေးနေသောကြောင့် ချန်ချူ့နှလုံးသားတစ်ခုလုံး တုန်ယင်သွားခဲ့ရသည်။
ချန်ချူက ညင်သာသောအသံဖြင့် ပြန်မေးလိုက်၏။
“ဒါဆို နင်ငါ့ကိုသွားခွင့်ပြုတယ်ပေါ့။ တွေဝေနေတာမျိုး မရှိဘူးပေါ့။ ဟုတ်လား။”
ကုမြောင် သူ(မ)ကိုဖက်လိုက်၏။ သည်တစ်ကြိမ်တွင်မူ တင်းကျပ်စွာဖက်ထားခြင်းမျိုးမဟုတ်ဘဲ မတ်လ၏လေပြည်ညင်းကဲ့သို့ ညင်သာနွေးထွေးစွာဖက်ထားလိုက်ခြင်းပင်။
“နင်နဲ့တော့ သေချာပေါက်မခွဲနိုင်ဘူးပေါ့။”
ကုမြောင်က လေးနက်သောအသံဖြင့် ချန်ချူ့နားအနီးသို့ကပ်ပြောလေရာ ချန်ချူ့ကျောရိုးတစ်လျှောက် တုန်ယင်သွားတော့သည်။ သူ(မ)ထံတွင် ထိုသို့သက်ရောက်မှုများဖြစ်ပေါ်ခဲ့သည်ကိုမသိဘဲ ကုမြောင်က ဆက်၍
“ဒါပေမဲ့ချူချူရယ် နင့်ကိုခွင့်မပြုဘူးဆိုရင် ငါ့ကိုယ်ငါ အရမ်းမုန်းတီးရွံရှာမိမှာတော့အမှန်ပဲ။”
“ငါက သိပ်ကိုတစ်ကိုယ်ကောင်းဆန်တယ်။ စက်ဆုပ်ဖို့ကောင်းတယ်။ နင်နဲ့မထိုက်တန်တဲ့ အမှောင်ထုလိုမျိုး ဖြစ်သွားလိမ့်မယ်။ ဒါမျိုးတွေ ငါမလိုချင်ဘူး။”
သူက ထပ်ဖြည့်ပြောလိုက်၏။ ချန်ချူ့မျက်လုံးများ ဝေဝါးလာပြီး ကုမြောင်ကိုဖက်လိုက်သည်။ သူ(မ)အသံကလည်း စိတ်ခံစားချက်များဖြင့် တုန်ယင်နေ၏။
“ကုမြောင်… ငါလည်း နင်နဲ့မခွဲနိုင်ဘူး။”
ကုမြောင်က သူ(မ)ခေါင်းကိုပုတ်ကာ အသံတိုးတိုးဖြင့်
“ငါတို့အထက်တန်းမှာတုန်းက နင်အထူးတန်းကိုရောက်သွားတဲ့အချိန် ငါပြောခဲ့တဲ့စကားကို မှတ်မိသေးလား။”
ချန်ချူက မျက်တောင်ခတ်လိုက်၏။ လိပ်ပြာတောင်ပံကဲ့သို့မျက်တောင်များတွင် မျက်ရည်များစိုနေဆဲပင်။
“နင်ပြောတာ နင့်ကိုစောင့်ပါတဲ့။”
ကုမြောင်က သူ(မ)မျက်ရည်များကိုသုတ်ပေးလိုက်ပြီး
“ချူချူ။ ငါဒီတစ်ခေါက်တော့ နင်နဲ့မလိုက်နိုင်တော့ဘူး။ ဒါပေမဲ့ နင်ပြန်လာတဲ့အထိ ငါစောင့်နေမှာပါ။”
ကောင်းကင်မှလမင်းကြီးက လင်းလက်တောက်ပနေ၏။ ထိုလမင်းကြီးကိုဆွဲချရန် သူဘယ်တော့မှ တွေးလိမ့်မည်မဟုတ်ချေ။ ထိုလမင်းကြီး၏နံဘေးမှ ကြယ်လေးတစ်လုံးဖြစ်လာပြီး နေ့နေ့ညည သူ(မ)ကိုအဖော်ပြုပေးရန်သာ တိတ်တဆိတ်စိတ်ကူးယဥ်မိတော့သည်။
*****
Aurora Novel Translation Team