Chapter 58
ပန်းခြံထဲမှသဲတွင်းတစ်ခုထဲတွင် စုဝေးကစားနေသောကလေးအုပ်စုတစ်ခုဆီသို့ ဆောင်းဦးလေညင်းတို့ တိုက်ခတ်နေသည်။
“ရဲတိုက်ကြီးဆောက်ရအောင်။”
ကလေးတစ်ယောက်က အကြံပေး၏။ အခြားကလေးများကလည်း သဘောတူကြသည်။
“ကောင်းတယ်။ ရဲတိုက်ကြီးဆောက်ကြမယ်။”
“ငါတို့နဲ့အတူတူလာဆော့ဖို့ ဟိုစာဂျပိုးလေးကိုရော ခေါ်လိုက်မလား။”
ကလေးတစ်ယောက်က မေးလိုက်သောအခါ အခြားကလေးတစ်ယောက်က ဆန့်ကျင်၏။
“ဟင့်အင်း။ သူ့ကိုမခေါ်နဲ့။ အဲ့ကောင်က စာအုပ်ဖတ်ဖို့ပဲသိတာ။ ရဲတိုက်ဘယ်လိုဆောက်ရလဲဆိုတာ သိမှာမဟုတ်ဘူး။”
အနီးနားမှဒန်းတစ်ခုပေါ်တွင် ကောင်လေးတစ်ယောက်က တစ်ယောက်တည်းထိုင်နေ၏။ သူက ခေါင်းငုံ့ထားပြီး သူ့လက်ထဲတွင် ခဲတံတစ်ချောင်းကိုကိုင်ကာ ပေါင်ပေါ်မှစာအုပ်ပေါ်တွင်သာ အာရုံရှိနေသည်။ ဆောင်းဦးလေညင်းတို့တိုက်ခတ်နေသဖြင့် သူ့နံဘေးမှဒန်းက အနည်းငယ်ရွေ့လျားနေလေသည်။
“နင်ဘာလုပ်နေတာလဲ။” ကလေးအသံတစ်ခုက မေးလိုက်ခြင်းပင်။
ခဲတံကိုင်ထားသည့်လက်က ရပ်တန့်သွားပြီး ကုမြောင် မော့ကြည့်လိုက်သည်။ Haishi ၏ဆောင်းဦးမှာ အေးမြသော်လည်း နေရောင်ရှိနေသေးသည်။ ကုမြောင်ရှေ့တွင်ရပ်နေသည်မှာ ပုလဲလုံးများပါသည့် အဖြူရောင်အမွေးပွစကတ်ကိုဝတ်ထားသော မိန်းကလေးတစ်ယောက်ပင်။ သူ(မ)၏ပါးဖောင်းဖောင်းမှာ ဖြူဖွေးနေပြီး သူ(မ)မျက်လုံးများမှာ ကြယ်လေးများကဲ့သို့တောက်ပနေသည်။ သူ(မ)လက်ထဲတွင် အဝါရောင်ခွေးလေးတစ်ကောင်ကိုချီထား၏။ နေရောင်ကဖြာကျနေသောအခါ နတ်သမီးပုံပြင်ထဲမှမင်းသမီးလေးကဲ့သို့ သူ(မ)၏ပုလဲစကတ်ကို ပို၍တောက်ပသွားစေခဲ့သည်။ ကုမြောင်က ထိုမင်းသမီးလေးကိုကြည့်လိုက်ပြီး သူ(မ)၏မေးခွန်းကိုပြန်ဖြေလိုက်သည်။
“စာအုပ်ဖတ်နေတာ။”
“အိုး။”
မင်းသမီးလေးက မျက်တောင်ခတ်လိုက်ပြီး သိချင်စိတ်ကြောင့် သူ(မ)မျက်လုံးများက အရောင်လက်နေသည်။
“ငါကြည့်ကြည့်လို့ရလား။”
“ရော့။”
ကုမြောင်က စာအုပ်ကို လက်နှစ်ဖက်ဖြင့်ကိုင်၍ သေသေချာချာလှမ်းပေးလိုက်သည်။ မင်းသမီးလေးက သူ့လက်ထဲမှခွေးလေးကို ဘေးမှတိုင်တွင်ခဏချည်ထားလိုက်ပြီး စာအုပ်ကိုယူကြည့်လိုက်သည်။
“အိုး။ ဒါ Sudoku ပဲ။”
စာမျက်နှာအချို့ကိုလှန်လိုက်ပြီး သူ(မ)က
“နင်က Sudoku ကို ကောင်းကောင်းဆော့တတ်တာပဲ။ ငါမူကြိုတုန်းကလည်း သင်ဖူးပေမဲ့ ငါက မတော်ဘူး။ နင်က အများကြီးတော်တယ်။”
ထိုအခိုက်အတန့်တွင် ကုမြောင်မျက်လုံးများ နီရဲသွားတော့သည်။ အရည်အချင်းရှိသည့်ကုမြောင်ကို မင်းသမီးလေးက ချီးကျူးလိုက်ခြင်းပင်။ သဘောကျသည့်သကြားလုံးတစ်လုံးကိုရလိုက်သကဲ့သို့ ကုမြောင်မျက်လုံးများ အရောင်လက်သွားလေသည်။
“ငါနင့်ကိုသင်ပေးမယ်လေ။”
ကုမြောင်က ထိုသို့ပြောလိုက်သည့်အခါ မင်းသမီးလေးက မျက်တောင်ခတ်လိုက်ပြီး
“အိုကေ။ ငါ့ဟူလေးကိုလည်း နားထောင်ခိုင်းလို့ရတယ်မလား။ သူက ဉာဏ်သိပ်မကောင်းဘူး။ တစ်ရက်လုံးပတ်ပြေးတာနဲ့ ငါလည်းမောနေတာ။”
ထိုအခါ ကုမြောင်က “ဟူလေးဆိုတာ ဘယ်သူလဲ။”
ထိုမေးခွန်းကိုဖြေလိုက်သကဲ့သို့ ဘေးနားမှခွေးအဝါလေးက လှမ်းဟောင်လိုက်လေသည်။ ခွေးဟောင်သံကြားသည့်အခါ သဲနှင့်ဆော့ကစားနေသောကလေးများကလှည့်ကြည့်လာပြီး သံပြိုင်အော်လိုက်ကြသည်။
“ဟိုမှာခွေးလေး။ ချစ်စရာကောင်းလိုက်တာ။”
“အဲ့ဒါကောင်မလေးလား။ အရမ်းလှတာပဲ။ ငါတို့နဲ့ကစားဖို့ ခေါ်လိုက်မယ်လေ။”
“ကောင်းတယ် ခေါ်လိုက်။”
သတ္တိကောင်းသောကောင်လေးတချို့က ပြေးလာကြ၏။ သူတို့လက်များတွင် သဲများဖြင့်ပေနေပြီး ပါးများကလည်း နီရဲနေသည်။ ထို့နောက် သူတို့ကလှမ်းအော်၍
“ငါတို့နဲ့ လာကစားချင်လား။”
ကုမြောင် ဝမ်းနည်းသွားပြီး ခေါင်းငုံ့ကာ နှုတ်ခမ်းစေ့ထားခဲ့သည်။ သူ(မ)မှာ ရဲတိုက်ဆောက်နေသည့်ကောင်လေးများနှင့်အတူ သွားဆော့တော့မည်ဟု သူထင်လိုက်သည်။
ဆောင်းလေညင်းက အလွန်ညင်သာစွာတိုက်ခတ်နေ၏။ မင်းသမီးလေးက ခေါင်းထောင်လိုက်ပြီး ကလေးအသံလေးဖြင့်
“သဲတွေနဲ့မဆော့ချင်ပါဘူး။ ညစ်ပတ်တယ်။”
သူ(မ)ရှေ့သို့ပြေးလာသည့်ကောင်လေးက ချက်ချင်းစိတ်ဆိုးကာ ဖျော့တော့သွားပြီး
“အဲ့ဒီစာဂျပိုးနဲ့ ဘယ်သူမှမဆော့ချင်ပါဘူး။ အဲ့ကောင်မှာ သူငယ်ချင်းလည်းမရှိဘူး။”
“မရှိဘူးလို့ ဘယ်သူပြောလဲ။”
မင်းသမီးလေးက ချက်ချင်းထလိုက်ပြီး ဒန်းပေါ်မှခုန်ဆင်းကာ
“ငါက သူ့သူငယ်ချင်းပဲ။ ငါ သူနဲ့ဆော့ရတာပဲကြိုက်တယ်။”
ထိုအခါ မလှမ်းမကမ်းမှကလေးတစ်ယောက်က လှမ်းအော်ပြောလိုက်သည်။
“ထားလိုက်တော့ ရှောင်ချန်း။ ငါတို့တွေ စာဂျပိုးနဲ့လည်းမဆော့ဘူး။ သူ့သူငယ်ချင်းနဲ့လည်း မဆော့တော့ဘူး။”
ထိုကောင်လေးက တစ်ဖက်လှည့်သွားပြီး သဲတွင်းဆီသို့ပြန်ပြေးသွားတော့သည်။
ချန်ချူ့မျက်နှာမှာ ဒေါသကြောင့်နီနေ၏။ ကုမြောင်ဘက်သို့လှည့်ကာ သူ(မ)က
“သူတို့ကိုအရေးစိုက်မနေနဲ့။ အရူးကောင်တွေ။”
ကုမြောင်ကလည်း သူ(မ)စကားကိုနားထောင်ကာ ခေါင်းညိတ်၍
“အွန်း။”
လွန်ခဲ့သောတစ်လက သူ့မိဘများနှင့်အတူ ကမ်းရိုးတန်းမြို့ကိုပြောင်းရွှေ့လာခြင်းဖြစ်သောကြောင့် ကုမြောင်တွင် သူငယ်ချင်းမရှိပေ။ သူ့အမေက ကုမြောင်ကို ညနေတိုင်းပန်းခြံသို့သွားစေပြီး သူငယ်ချင်းအသစ်ရှာနိုင်ရန်မျှော်လင့်သော်လည်း တစ်လကြာသည်အထိ ကုမြောင်တွင်သူငယ်ချင်းရှိမလာခဲ့ပေ။ မင်းသမီးလေးမှာ သူ့အတွက် ပထမဆုံးသူငယ်ချင်းဖြစ်၏။ သူ့ကိုသဘောကျရုံမျှမက Sudoku ကစားနည်းကိုလည်း သူ(မ)က သဘောကျလေသည်။ ကုမြောင် စိတ်လှုပ်ရှားနေသဖြင့် မျက်နှာကအရောင်လက်သွားပြီး
“နင်ငါနဲ့အတူ Sudoku လိုက်ဆော့မလား။”
ပန်းခြံအနောက်မှသစ်ပင်များကို ဆောင်းဦးလေတို့က တိုက်ခတ်နေ၏။ မင်းသမီးလေးက စကတ်ကိုမ,ကာပြေးလာပြီး ခွေးကိုချည်ထားသည့်ကြိုးကိုလည်း ဖြေလျှော့ပေးကာ လွှတ်ပေးလိုက်သည်။
“အင်း ငါ့ကိုသင်ပေးနော်။”
သူ(မ)က ဒန်းပေါ်တွင်ထိုင်ကာ မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများဖြင့် သူ့ကိုငေးကြည့်နေသည်။ သူ(မ)စကတ်ကလည်း အနည်းငယ်လွင့်မျောနေ၏။ ကုမြောင်က ရှက်သွားပြီး စကားစပြောလိုက်သည်။
“ဒီပဟေဠိကိုဖြေရှင်းဖို့ဆိုရင် ငါတို့အရင်ဆုံး…”
နေဝင်စပြုလာလေပြီ။ ကုမြောင်က ပထမဦးဆုံးသင်ကြားမှုကိုပေးစွမ်းနေချိန်တွင် စကားထစ်ထစ်ဖြစ်နေသော်လည်း မင်းသမီးလေးက စိတ်ဝင်စားစွာလိုက်နားထောင်နေခဲ့သည်။
“နင်ကအရမ်းတော်တာပဲ။ ဒါဆို ဒီနေရာမှာ (၅)ကိုဖြည့်ရမှာပေါ့။”
မင်းသမီးလေးက အဖြေကိုပြောလိုက်၏။ တစ်ခဏစဥ်းစားလိုက်ပြီးနောက် ကောင်လေးက
“ဟုတ်တယ်။ (၅)ဖြည့်ရမှာ။”
သူက ခဏရပ်လိုက်သည်။ သူ့နားရွက်များက ပို၍ပင်နီရဲသွား၏။ ရှက်စိတ်ကိုထိန်းထားသဖြင့် သူ စကားထစ်နေမိပြန်တော့သည်။
“နင်-နင်လည်း ဉာဏ်ကောင်းတာပဲ။”
မင်းသမီးလေးက ရုတ်တရက်ရယ်မောလိုက်သောအခါ ဖြူဖွေးနူးညံ့သောမျက်နှာပေါ်တွင် ပါးချိုင့်လေးနှစ်ခုပေါ်လာခဲ့သည်။
“ငါသိပါတယ်။ ငါ့မူကြိုဆရာမဆို ငါ့ကိုနေ့တိုင်းချီးကျူးတယ်။”
သူ(မ)က ဒန်းပေါ်တွင်ထိုင်းရင်းပြောလိုက်၏။ နေဝင်နေသည့်အလင်းရောင်ကြောင့် သူ(မ)ပုံစံမှာ ပန်းချီကားတစ်ချပ်နှင့်တူနေသည်။
“ငါနင့်ကို တွန်းပြီး ဒန်းလွှဲပေးမယ်။”
ကောင်လေးက သူထိုင်နေသည့်ဒန်းပေါ်မှဆင်းလိုက်သည်။
“အိုကေ။”
သူ(မ)က ပျော်ရွှင်စွာသဘောတူလိုက်ပြီး စကားဆက်ပြောလေသည်။
“ငါ့အိမ်မှာလည်း ဒန်းတစ်ခုရှိတယ်။ ဒါပေမဲ့ တွန်းပေးတဲ့သူမရှိတော့ သိပ်ပျော်စရာမကောင်းဘူး။”
ဒန်းက လေထဲတွင်လွှဲနေသည်နှင့် မိန်းကလေး၏စကတ်ကလည်း လေထဲတွင်ဝဲနေသည်။ သူ(မ)က ပျော်ရွှင်စွာရယ်မောနေသဖြင့် ချိုသာသည့်အသံတို့ ပဲ့တင်ထပ်နေခဲ့သည်။
“ကော… အားထည့်ပြီးတွန်းပေးပါဦး။”
ကုမြောင်၏လက်ထိပ်များ ရုတ်တရက်ရပ်တန့်သွား၏။
“ဟုတ်ပြီ။”
သူက ပို၍အားထည့်ကာ တွန်းပေးလိုက်တော့သည်။
တဖြည်းဖြည်းနေဝင်သွားပြီဖြစ်သောကြောင့် မှိန်နေသောလမ်းမီးများ လင်းလာသည်။ သဲနှင့်ဆော့နေသောကလေးများလည်း အိမ်ပြန်သွားပြီဖြစ်ပြီး ဒန်းလွှဲပေးနေသည့်ကောင်လေးကလည်း ရပ်လိုက်ပြီဖြစ်သည်။ သူလည်း အိမ်ပြန်ရမည့်အချိန်ကိုရောက်လေပြီ။
သို့သော်။
သူက မင်းသမီးလေးကိုကြည့်လိုက်ရင်း အိမ်ပြန်ချင်စိတ်တို့ တုံ့ဆိုင်းနေခဲ့သည်။
“နင့်မိဘတွေ လာကြိုမှာလား။”
သူက ညင်သာစွာမေးလိုက်၏။
‘ဒါမှမဟုတ် နင်ငါနဲ့အတူ အိမ်လိုက်ခဲ့ချင်လား။’
မင်းသမီးလေးက မျက်တောင်ခတ်လိုက်ပြီး ပြန်ဖြေတော့မည့်အချိန်တွင် မီးအလင်းရောင်တစ်ခုက သူတို့ပေါ်သို့ကျရောက်လာသည်။ ဒန်း၏ရှေ့တွင် အနက်ရောင်ကားတစ်စီးရပ်လာပြီး ရုပ်ချောချောလူငယ်တစ်ယောက် ကားထဲမှထွက်လာကာ မင်းသမီးလေးကိုမြန်မြန်ပွေ့ခေါ်လိုက်သည်။
“ဘယ်တွေကို လျှောက်ပြေးသွားတာလဲ။ မိသားစုက ဘယ်လောက်စိတ်ပူနေပြီလဲသိရဲ့လား။ ညီမလေးပျောက်သွားလို့ အမေဆိုအိမ်မှာ မေ့လဲမလိုတောင်ဖြစ်သွားတာ။”
ကုမြောင်မော့ကြည့်လိုက်သောအခါ မင်းသမီးလေးက ထိုလူငယ်လေး၏ပခုံးကိုဖက်ထားပြီး စကားပြန်ပြောနေလေသည်။
“သမီးတောင်းပန်ပါတယ် ကိုကြီး။ ရှောင်ဟူလေးက အရမ်းဆော့တော့ ပြေးပဲပြေးနေတာနဲ့ သမီးသူ့ကို အမှီလိုက်နေရတာ။”
ထိုရှင်းပြချက်ကြောင့် သူ(မ)ကိုထပ်မဆူနိုင်တော့သဖြင့် လူငယ်လေးက သက်ပြင်းချလိုက်သည်။ ထို့နောက် ခွေးကိုခေါ်ရန် သူနှင့်အတူပါလာသောတစ်ယောက်ကို အမူအရာဖြင့်ပြလိုက်ပြီး သူ့ညီမလေးကိုချီကာ ကားထဲဝင်သွားတော့သည်။
ကုမြောင်လေးမှာ လက်ထဲမှ Sudoku စာအုပ်ကိုသာကိုင်ထားဆဲဖြစ်ပြီး ပိတ်သွားသည့်ကားတံခါးကို ငေးကြည့်နေမိသည်။ သူ(မ)အစ်ကိုက သူ(မ)ကိုလာခေါ်သွားပြီပင်။
ညဘက်တိုက်ခတ်သည့်လေမှာ အေးစိမ့်နေသဖြင့် ကုမြောင်၏နှလုံးသားတို့တုန်ယင်နေခဲ့သည်။ထိုစဥ် ကားရှေ့ခုံမှပြတင်းပေါက်မှန်က ဖြည်းဖြည်းချင်းအောက်ကျလာ၏။ မင်းသမီးလေးက ပြတင်းပေါက်မှခေါင်းထုတ်ကာ ကုမြောင်ကိုနှုတ်ဆက်လေသည်။ ဖြူဖွေးနူးညံ့နေသည့်သူ(မ)မျက်နှာလေးမှာ လရောင်ကြောင့် ပို၍လှပနေတော့သည်။
“တာ့တာ ကော။”
သူ(မ)က လက်သေးသေးလေးဖြင့် ဝှေ့ယမ်းနှုတ်ဆက်လာသည်။
တဖြည်းဖြည်းနှင့် ကားဘီးတို့ရွေ့လျားလာ၏။ ကုမြောင်ကလည်း နှုတ်ခမ်းကိုတင်းတင်းစေ့ကာ တုံ့ဆိုင်းစွာဖြင့် သူ(မ)ကိုပြန်နှုတ်ဆက်လိုက်သည်။
“တာ့တာ မင်းသမီးလေး။”
ကားအနက်ရောင်က လရောင်ထဲတွင် တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ပြီး ကုမြောင်လည်း အိမ်ပြန်လာခဲ့သည်။ လက်ထဲတွင် စာအုပ်လေးတစ်အုပ်ကိုကိုင်ရင်း သူ့အိမ်တံခါးကိုခေါက်လိုက်၏။ သူ့အမေက မီးဖိုချောင်ထဲတွင်ချက်ပြုတ်နေသောကြောင့် အိမ်ထဲတွင် အစားအသောက်အနံ့များဖြင့်မွှေးကြိုင်နေတော့သည်။
“အားမြောင်လေး ပြန်လာပြီလား။”
သူ့အမေက သူ့ဘက်သို့လှည့်ကာ
“ဒီနေရော သူငယ်ချင်းအသစ်ရခဲ့လား သား။”
“ဟုတ်ကဲ့။”
နက်မှောင်နေသည့်ကုမြောင်မျက်လုံးများက အရောင်လက်လာသည်။
“သားဒီနေ့ မင်းသမီးလေးနဲ့တွေ့ခဲ့တယ်။”
သူ့အမေက ပျော်ရွှင်စွာဖြင့်ခေါင်းညိတ်လိုက်ပြီး အစာစားရန် ကုမြောင်ကိုလက်ဆေးခိုင်းလိုက်သည်။ ယနေ့ဟင်းမှာ အလွန်ချိုမြိန်ကာ အရသာရှိမည့်ပုံပင်။ ညစာစားပြီးနောက် TV တွင် ကလေး channel ကိုပြောင်းပေးလိုက်သည်။ အဖြူရောင် မင်္ဂလာဆောင်ဂါဝန်ကိုဝတ်ဆင်ထားသည့်မင်းသမီးလေးက မင်းသားလေးနှင့်လက်တွဲကာ ဘုရားကျောင်းထဲသို့ဝင်လာသည်။ ကုမြောင်လေးက သူ့အမေကိုမော့ကြည့်ကာ လေးနက်နေသောမျက်လုံးများဖြင့် မေးခွန်းတစ်ခုမေးလိုက်သည်။
“အမေ။ သားရော မင်းသားလေးဖြစ်လာမှာလားဟင်။”
“သားက အမေတို့ရဲ့မင်းသားလေးပဲပေါ့ သားရဲ့။”
သူ့အမေက ပြုံး၍ပြန်ဖြေလိုက်သည်။ ထိုအခါ သူ့မျက်လုံးများ ချက်ချင်းပင်အရောင်လက်သွားမိပြန်သည်။
‘ဒါဆို ငါကြီးလာရင် မင်းသမီးလေးကိုလက်ထပ်လို့ရတာပေါ့။’
ကောင်းကင်တွင် ကြယ်များမှိတ်တုတ်မှိတ်တုတ်လင်းလက်နေ၏။ ထိုညက ကုမြောင် အိပ်မက်လှလှမက်ခဲ့သည်။ သူ့အိပ်မက်ထဲတွင် အရွယ်ရောက်လာသည့်မင်းသမီးလေးနှင့်အတူလက်တွဲကာ ဘုရားကျောင်းထဲသို့ဝင်နေကြလေသည်။
*****
Aurora Novel Translation Team