Chapter 59
ထိုနှစ်က Haishi တွင် နှင်းကျ၏။ နှင်းပွင့်ဖတ်များက မြို့တစ်မြို့လုံးကိုဖုံးလွှမ်းထားပြီး မြေပေါ်သို့ကျသည့်အခါ ရေအဖြစ်ပျော်ကျသွားသည်။
ချန်ချူသွားရမည့်ရက်မှာ သိပ်မလိုတော့ချေ။ ဆောင်းရာသီကျောင်းပိတ်ရက်ဖြစ်သောကြောင့် သူ(မ)နှင့်ကုမြောင်တို့ နေ့တိုင်း တတွဲတွဲရှိနေကြသည်။ မကြာခင်ခွဲရတော့မည့်စုံတွဲဖြစ်သောကြောင့် စက္ကန့်တိုင်းက အလွန်တန်ဖိုးရှိနေလေသည်။
တစ်နေ့သော်။
ညစာစားပြီးနောက် Haishi ၏လမ်းမပေါ်တွင် သူတို့နှစ်ယောက် လက်ချင်းတွဲ၍လမ်းလျှောက်ခဲ့ကြသည်။ လေအေးတို့တိုက်ခတ်နေပြီး နှင်းစက်တို့က အရည်ပျော်ကာ ထိုအစိုဓာတ်က သူတို့အရိုးထဲအထိစိမ့်ဝင်နေခဲ့သည်။ လမ်းထောင့်တွင် မီးမှိန်မှိန်ဖြင့် ရုပ်ရှင်ရုံတစ်ခုရှိ၏။ ချန်ချူက
“ရုပ်ရှင်သွားကြည့်ရအောင်။”
ကုမြောင် သူ(မ)လက်ကိုတွဲကာ ခေါင်းညိတ်လိုက်သည်။ ထိုရုပ်ရှင်ရုံတွင် သီးသန့်အခန်းငယ်များစွာရှိပြီး မိမိကြည့်ချင်သောဇာတ်လမ်းကို မိမိဘာသာရွေးချယ်ကြည့်ရှုနိုင်သည်။ ကုမြောင်က သူတို့ရွေးချယ်ထားသည့်အခန်းတံခါးကိုဖွင့်လိုက်ပြီး ဆိုဒါနှစ်ခွက်၊ ပေါက်ပေါက်ဆုတ်တို့ကိုယူကာ ဝင်သွားသည်။ ချန်ချူက လက်ထဲတွင် remote control ကို ကိုင်ထားပြီး
“နင်ဘာကားကြည့်ချင်လဲ။”
ကုမြောင်က သူကိုင်ထားသည့်စားသောက်စရာများကိုချကာ
“ဘာဖြစ်ဖြစ်ရတယ်။”
ချန်ချူကလည်း ကုမြောင်တစ်ခုခုရွေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
“အိုကေလေ။ ဒါဆို ငါရွေးလိုက်မယ်။”
Screen ပေါ်မှအလင်းရောင်က မိန်းကလေး၏မျက်လုံးထဲတွင် အလင်းပြန်လာသည်။ သူ(မ) မျက်မှောင်ကြုတ်၍ စဥ်းစားနေပြီး ဆုံးဖြတ်ချက်ချရန်ခက်ခဲနေခဲ့သည်။ ကုမြောင်က သူ(မ)ကို Coke တစ်ခွက်လှမ်းပေးလိုက်ပြီး
“ရပါတယ်။ အေးအေးဆေးဆေးရွေးပါ။”
ချန်ချူက Coke တစ်ငုံသောက်လိုက်ပြီး မျက်မှောင်ကြုတ်ထားသည်ကို ဖြေလျှော့လိုက်သည်။
“ဒီမှာ Harry Potter လည်းရှိတာပဲ။ ငါငယ်ငယ်ထဲက ကြည့်လာတာ။ အထူးသဖြင့် အပိုင်း(၃)လေ။ ငါအဲ့အပိုင်းကိုကြည့်တာ ဘယ်နှခါမှန်းတောင်မသိတော့ဘူး။”
သူ(မ)က စိတ်လှုပ်ရှားမှုများစွာဖြင့် ကုမြောင်ဘက်သို့လှည့်ကာ
“ငါတို့ Harry Potter ကြည့်ကြမလား။”
“ကြည့်မယ်လေ။”
ကုမြောင်က ညင်သာစွာခေါင်းညိတ်၏။
“ဒါပေမဲ့။”
ချန်ချူ့အသံက တဖြည်းဖြည်းတိုးသွားပြီး
“သူတို့မှာ ပထမပိုင်းနဲ့ ဒုတိယပိုင်းမရှိဘူး။”
ရုပ်ရှင်ရုံတွင် မီးမှိန်မှိန်သာရှိပြီး ပတ်ဝန်းကျင်က တိတ်ဆိတ်နေသည်။
“နင်က တတိယတစ်ပိုင်းကိုကြိုက်တာမလား။ တတိယတစ်ပိုင်းကနေပဲ စကြည့်လိုက်မယ်လေ။”
ကုမြောင်က အကြံပေး၏။
ချန်ချူက သူ့ဘက်သို့လှည့်လာသည်။ Cola သောက်ထားသောကြောင့် သူ(မ)နှုတ်ခမ်းက စိုစွတ်နေ၏။
“နင် Harry Potter ကြည့်ဖူးလား။ တတိယတစ်ပိုင်းကနေစကြည့်ရင် နင်နားမလည်မှာစိုးလို့။”
ကုမြောင် နှလုံးခုန်မြန်လာပြီး သူ၏အေးစက်စက်မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။
“ငါကြည့်ဖူးတာပေါ့။”
သူလိမ်ပြောလိုက်၏။ ချန်ချူ့မျက်လုံးများက စိတ်လှုပ်ရှားစွာဖြင့်အရောင်လက်သွားပြီး
“ဒါဆိုကောင်းတာပေါ့။ ငါတို့ တတိယတစ်ပိုင်းကနေ စကြည့်လို့ရပြီ။”
Screen က ရုတ်တရက်မှောင်ကျသွားသဖြင့် တစ်ခန်းလုံးမှောင်သွား၏။ သူတို့နှစ်ယောက်၏ အသက်ရှူသံတို့သာရှိနေသည်။ ချန်ချူ့ခန္ဓာကိုယ်၏အနွေးဓာတ်ကို ကုမြောင်ခံစားမိပြီး ထိထားသောလက်မောင်းများမှတစ်ဆင့် ထိုအနွေးဓာတ်က သူ့နှလုံးသားထဲသို့ဖြန့်ကျက်နေလေသည်။ ၎င်းမှာ သူ့ကိုစွဲလမ်းစေပြီး အေးဆေးတည်ငြိမ်စေသောအနွေးဓာတ်မျိုးပင်။ သူ့လက်ချောင်းများ အနည်းငယ်တုန်ယင်နေပြီး နောက်ဆုံးတွင် ကုမြောင် သူ(မ)ကိုဖက်ထားလိုက်သည်။
ထို့နောက် ရုပ်ရှင်စပြီဖြစ်၍ screen ပေါ်တွင် အလင်းတစ်ခုပေါ်လာသည်။ ကုမြောင် သတိမပြုမိဘဲ ချန်ချူ့ဘက်သို့လှည့်ကြည့်လိုက်မိသည့်အခါတွင် သူ့ရင်ခွင်ထဲမှမိန်းကလေးမှာ ရုပ်ရှင်ကို အလွန်အလေးအနက်ကြည့်နေကြောင်း သိလိုက်ရလေသည်။ Harry Potter ၏ တတိယတစ်ပိုင်းတွင် ဇာတ်လမ်းအလှည့်အပြောင်းတစ်ခုရှိ၏။ ၎င်းကို ချန်ချူအကြိမ်ပေါင်းများစွာကြည့်ပြီးသားဖြစ်သော်လည်း ထိုဇာတ်ဝင်ခန်းက သူ(မ)နှလုံးသားကို လှိုက်ဖိုစေတုန်းပင်။
သူတို့ရုပ်ရှင်ရုံထဲမှထွက်လာသည့်အခါ အချိန်က အလွန်နောက်မကျသေးချေ။ ကောင်းကင်တွင် ကြယ်အချို့သာရှိသေး၏။ ချန်ချူက ကုမြောင်ဘက်သို့လှည့်ကာ
“မြောင်ကော။”
“ဟင်။”
ကုမြောင်အသံက အလွန်ညင်သာနေသည်။ ချန်ချူက သူ့ကိုမော့ကြည့်လိုက်ပြီး
“နင့်ရဲ့အစောင့်အရှောက်က ဘယ်လိုဖြစ်မယ်လို့ထင်လဲ။”
ကုမြောင်တစ်ခဏစဥ်းစားလိုက်ပြီးမှသာ ချန်ချူက Harry Potter ထဲမှ ဇာတ်ဝင်ခန်းအကြောင်းကိုပြောနေကြောင်း သိလိုက်တော့သည်။ မှော်ပညာလောကထဲတွင် Dementor ဟူသည် ပျော်ရွှင်စရာကောင်းသည့်မှတ်ဉာဏ်များကိုစုပ်ယူသွားတတ်သည့် သတ္တဝါတစ်မျိုးဖြစ်၏။ သို့သော် လူတိုင်းတွင် ကိုယ်ပိုင်အစောင့်အရှောက်ရှိပြီး Dementor ကို တွန်းလှန်နိုင်မည့်တစ်ခုတည်းသောနည်းလမ်းမှာ Patronus Charm ဖြင့် မိမိ၏အစောင့်အရှောက်ကို ဆင့်ခေါ်လိုက်ခြင်းပင်။
အဝါရောင်လမ်းမီးတို့က ခပ်မှိန်မှိန်လင်းနေ၏။ အေးစက်နေသောလမ်းမတွင် အနွေးဓာတ်လေးတစ်ခုပေးစွမ်းနေသည်။ ကုမြောင် ခေါင်းငုံ့ကြည့်လိုက်သောအခါ ချန်ချူ၏နက်မှောင်နေသောမျက်လုံးများက တလက်လက်တောက်ပနေသည့်ကြယ်ပွင့်များကဲ့သို့လင်းလက်နေသည်ကို တွေ့လိုက်ရသည်။ သူ၏အေးစက်စက်မျက်နှာထားက ချက်ချင်းပြေလျော့သွားပြီး အချစ်များဖြင့်ပြည့်နှက်သွားလေသည်။
“နင်က ငါ့အစောင့်အရှောက်ပဲ ချူချူ။”
အထီးကျန်ဆန်လှသောသူ့ဘဝတွင် ချန်ချူသည်သာ အရောင်စုံခြယ်ပေးသူဖြစ်သည်။ အလင်းရောင်နှင့် အနွေးဓာတ်ကိုပေးစွမ်းသူဖြစ်သည်။ ပျော်ရွှင်မှုတို့ကို သယ်ဆောင်လာပေးသူဖြစ်သည်။ ဆောင်းညမှာ အလွန်အေးနေပြီး ဆောင်းလေတို့က ချန်ချူ့ဆံပင်ကိုတိုးဝှေ့တိုက်ခတ်နေသည်။ ကုမြောင်လက်လှမ်းလိုက်ပြီး ချန်ချူ့ဆံပင်တို့ကို သူ(မ)နားရွက်အနောက်သို့ သေသေချာချာသပ်တင်ပေးလိုက်သည်။ ချန်ချူမော့ကြည့်လိုက်သည့်အခါ လမ်းမီးအရောင်တို့က သူ(မ)မျက်လုံးထဲတွင်အရောင်လက်လာခဲ့သည်။
“နင့်ရဲ့အစောင့်အရှောက်ကတော့ ယုန်လေးတစ်ကောင်ဖြစ်မယ်ထင်တယ်။ အမြဲတမ်းရှက်နေပြီး နားရွက်နီနဲ့လေ။”
သူ(မ)က ညင်သာစွာရယ်မောလိုက်ပြီးနောက် မီးရောင်အောက်တွင် နားရွက်များနီရဲသွားခဲ့သည်။
“ငါမရှက်ပါဘူး။”
ကုမြောင်က ခေါင်းမာမာဖြင့်ပြန်ငြင်း၏။ ချန်ချူက လက်ကိုနောက်ပစ်ကာ ခြေဖျားထောက်၍ ကုမြောင်နှုတ်ခမ်းကိုခပ်ဖွဖွနမ်းလိုက်ပြီးနောက် ရယ်လိုက်ပြန်သည်။
“နင့်နားရွက်ကိုလည်းကိုင်ကြည့်ဦး။ ပူနေပြီ။”
နူးညံ့နေသော ချန်ချူ့နှုတ်ခမ်းအထိအတွေ့က သူ့နှလုံးသားထဲသို့စိမ့်ဝင်သွားပြီး သွေးကြောများထဲတွင်အရည်ပျော်သွားလေသည်။ ထူးဆန်းသည့်နှလုံးခုန်သံကိုခံစားမိလိုက်ပြီးနောက် ကုမြောင် ချက်ချင်းပင် သူ့နားရွက်များကိုကိုင်ကြည့်လိုက်သည်။ ထိုဆောင်းညတွင် သူ့လက်များက အေးစက်နေသဖြင့် နားရွက်များကို ပို၍ပူသည်ဟုထင်ရစေသည်။
“ဘယ်လိုလဲ။ ပူတယ်မလား။”
ချန်ချူက ပြုံးကာမေးလာ၏။ နားရွက်မှအပူရှိန်တို့က မျက်နှာကိုကူးစက်လာသဖြင့် ကုမြောင်က ချက်ချင်းပင်စကားလမ်းကြောင်းလွှဲလိုက်သည်။
“ဒါဆို နင့်ရဲ့ အစောင့်အရှောက်ဝိညာဥ်ကရော ဘာဖြစ်မယ်လို့ထင်လဲ။”
ချန်ချူ ရယ်လိုက်သောအခါ ကမ်းရိုးတန်းမြို့မှညလေညင်းထဲတွင် အသံတို့ပဲ့တင်ထပ်သွားသည်။
“နင့်ရဲ့အစောင့်အရှောက်ဝိညာဥ်က ယုန်တစ်ကောင်ဆိုရင် ငါလည်းနင့်လိုပဲဖြစ်မှာပေါ့။”
ကုမြောင် သူ(မ)ကိုကြည့်လိုက်၏။ ချန်ချူက ကုတ်အင်္ကျီကြီးတစ်ထည်ကိုဝတ်ထားပြီး ဦးထုပ်တွင် အမွေးပွတို့ရှိနေသည်။ သူ(မ)အသက်ရှူလိုက်တိုင်း မြူငွေ့တို့မြင့်တက်လာပြီး ဦးထုပ်မှအမွေးပွတို့ကို အနည်းငယ်လွင့်သွားစေခဲ့သည်။ မက်မွန်ပွင့်သဏ္ဌာန်မျက်လုံးများကလည်း တောက်ပနေ၏။ ကုမြောင်၏နှလုံးသားထဲတွင် နွေးထွေးမှုတို့စီးဆင်းသွားသော်လည်း ချန်ချူ၏ အသံတိတ်ဝန်ခံချက်ကို သူတကယ်တမ်းနားမလည်ခဲ့ချေ။
ညကောင်းကင်တွင် ကြယ်များတလက်လက်တောက်ပနေ၏။ လူတစ်ယောက်ကို အမှန်တကယ်ချစ်မြတ်နိုးပါက ထိုသူ၏ပုံစံအတိုင်း အစောင့်အရှောက်ဝိညာဥ်ဖြစ်လာတတ်သည်ဟု ဟယ်ရီပေါ်တာကပြောဖူးလေသည်။
~~~
ချန်ချူမသွားခင်တစ်ရက်အလိုတွင် နှင်းဆဲသွား၏။ ကမ်းရိုးတန်းမြို့၏ညနေခင်းတွင် နေဝင်ချိန်အလင်းရောင်နှင့်အတူ လှပနေသည်။ ချန်ချူက ကုမြောင်ကိုနှုတ်ဆက်ရန် သူ့တိုက်ခန်းသို့လာခဲ့သည်။ ထိုနေရာမှာ သပ်ရပ်နေပြီး ကွန်ပျူတာစားပွဲပေါ်တွင် ကုမြောင်လက်ရေးဖြင့်ရေးထားသည့် thesis စာရွက်တစ်ရွက်ရှိသည်။ ဂျူနီယာတစ်ယောက်သာဖြစ်သော်လည်း ကုမြောင်မှာ (၄)နှစ်စလုံး အတန်းစာကြိုးစားခဲ့သောကြောင့် ဇွန်လတွင် ဘွဲ့ယူနိုင်တော့မည်ဖြစ်သည်။ သို့သော် မနက်ဖြန်ချန်ချူသွားတော့မည်ဖြစ်သဖြင့် ထို thesis ကို မနက်ကတည်းက ပြီးအောင်မရေးနိုင်ခဲ့ချေ။ သူ(မ)ရောက်လာသည်ကိုတွေ့သည့်အခါ ကုမြောင်၏ ဝမ်းနည်းနေသောနှလုံးသားတို့ ပြန်၍ အရောင်လက်လာခဲ့သည်။
“ဒီည ညစာကို အပြင်ထွက်စားရအောင်။”
ကုမြောင် ချက်ပြုတ်ရန်စိတ်မပါသဖြင့် ထိုသို့အကြံပြုလိုက်သောအခါ ချန်ချူကလည်း သဘောတူလိုက်သည်။ သူတို့နှစ်ယောက် အထက်တန်းတုန်းကစားခဲ့သော ဟော့ပေါ့ဆိုင်ကိုသာ သွားခဲ့ကြ၏။ ကုမြောင်၏ပုံစံမှာ အရွယ်ရောက်လာပြီဖြစ်ပြီး ခံ့ညားနေသည်။ ချန်ချူ့လက်ကိုကိုင်ကာ ဆိုင်ထဲသို့ဝင်လာသည့်အချိန်တွင် ယခင်ကကဲ့သို့ ရှက်ကြောက်စိတ်များမရှိတော့ချေ။ သာမန်အတိုင်း ပေါ့ပေါ့ပါးပါးဖြစ်နေခဲ့သည်။ လွန်ခဲ့သော (၃)နှစ်ကထိုင်ခဲ့သည့် သီးသန့်ခန်းထဲတွင်ပြန်ထိုင်ရခြင်းမှာ ကံကြမ္မာပင်ဖြစ်ပေလိမ့်မည်။
ဟော့ပေါ့စားပြီးနောက် ချန်ချူက သန့်စင်ခန်းသွားသဖြင့် ကုမြောင်က Bill ရှင်းရန်ထလိုက်သည်။ သီးသန့်ခန်း၏အပြင်ဘက်မှနံရံများတွင် မီးအိမ်များထွန်းထားတာကြောင့် ဆောင်းညတွင် နွေးထွေးနေသည့်ခံစားချက်ကိုရစေသည်။ ကုမြောင်၏ခြေလှမ်းများ ရပ်တန့်သွား၏။ အနီးနားမှဆိုင်ဝန်ထမ်းက ကုမြောင်အား
“ဒါက ကျွန်တော်တို့ဆိုင်မှာလုပ်လာတာကြာပြီဖြစ်တဲ့ activity တစ်ခုပါ။ စာရွက်လေးပေါ်မှာ ဆုတောင်းတစ်ခုရေးပြီး မီးအိမ်ထဲထည့်ချိတ်ရတာပါ။ နှလုံးသားထဲကဆန္ဒတစ်ခု လာမဲ့နှစ်မှာပြည့်၀ဖို့အတွက်ပါခင်ဗျ။”
ထိုမီးအလင်းရောင်များကို ကုမြောင်လှမ်းကြည့်လိုက်သည်။ ရုတ်တရက် လွန်ခဲ့သော(၃)နှစ်ကို ပြန်သတိရသွား၏။ ထိုအချိန်တုန်းက ချန်ချူနှင့်အမြဲအတူရှိရပါစေဟုဆုတောင်းကာ မီးအိမ်ထဲတွင်ချိတ်ဆွဲခဲ့သည်။ ကောင်းကင်က ၎င်းကိုကြားသိပြီး ကုမြောင်၏ဆုတောင်းကိုဖြည့်ပေးလိုက်ခြင်းဖြစ်ပေမည်။
စားသောက်ဆိုင်ထဲမှအပူချိန်မှာ အလွန်လည်းမပူ၊ အလွန်လည်းမအေးနှင့် သက်သောင့်သက်သာရှိသည်။ အနီရောင်မီးအိမ်များဖြင့်ပြည့်နှက်နေသည့်နံရံကိုကြည့်လိုက်ရာ ကုမြောင်၏အထီးကျန်နေသောနှလုံးသားများ နူးညံ့သွားတော့သည်။ မီးအလင်းရောင်တို့ကလည်း လင်းလက်နေ၏။ စားပွဲထိုးက ကုမြောင်ထံသို့ချဥ်းကပ်လာပြီး
“ကျွန်တော်တို့ရဲ့ Activity မှာ ပါဦးမလားဗျ။”
အေးစက်စက်ကောင်လေးက ခေါင်းရမ်းလိုက်ပြီး နွေးထွေးစွာဖြင့်
“မပါတော့ပါဘူး။ ကျွန်တော့်ဆုတောင်းတွေအားလုံး အမှန်တကယ်ဖြစ်လာပြီလေ။”
~~~
ဟော့ပေါ့ဆိုင်မှထွက်လာသည့်အခါ ကောင်းကင်တွင် လပြည့်ကြီးသာနေပြီဖြစ်သည်။ အိမ်ပြန်လမ်းတွင် သူတို့နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက်မှီကာ လမ်းလျှောက်ပြန်ကြသည်။ ညလေအေးတို့တိုက်ခတ်နေသော်လည်း သူတို့မအေးခဲ့ပေ။
အိမ်သို့ရောက်သောအခါ ကုမြောင်က ချန်ချူကို အိပ်ခန်းထဲသို့လိုက်ပြပေးခဲ့သည်။ လေအေးတို့လည်း ဝင်ရောက်တိုက်ခတ်နေ၏။ ထောင့်တစ်နေရာတွင် box တစ်ခုရှိနေသည်။ ကုမြောင်ထိုင်ချလိုက်ပြီး Box ကိုဖွင့်ကာ
“ငါနင့်အတွက် ပြင်ဆင်ထားတာရှိတယ်။”
ကုမြောင် သူ(မ)ကိုကျောပေးထား၏။ အရပ်မြင့်မြင့်သူ့ပုံစံကြောင့် သူ့ရှေ့မှအရာကိုမမြင်ရတော့သော်လည်း သူ့အသံက အလွန်ညင်သာနေသည်။
“ဒါက Converter Plug။ နိုင်ငံခြားက လျှပ်စစ်ဗို့အားတွေက တရုတ်နဲ့မတူတာမို့ နင်ဖုန်းအားသွင်းတဲ့အခါတိုင်း သတိရဖို့ပေါ့။”
“ဒါလေးတွေကတော့ ငါလုပ်ထားတဲ့ sauce ပုလင်းလေးတွေ။ နင်က နဂိုထဲကပိန်ပိန်လေးဆိုတော့ diet တွေမလုပ်နေနဲ့ဦးနော်။”
“ပြီးတော့ ဒါတွေက နင်ကြိုက်တဲ့မုန့်တွေ။ နိုင်ငံခြားမှာဆို ဝယ်ဖို့သိပ်အဆင်မပြေလောက်ဘူးမို့ ငါထည့်ထားပေးတာ။ ကုန်သွားရင်ပြော။ ငါထပ်ပို့ပေးမယ်။”
ကုမြောင်၏ပုံစံမှာ အမြဲလိုလို ပင်လယ်၏အဆုံးမဲ့ညကဲ့သို့လေးနက်တည်ငြိမ်ကာ အေးစက်နေခဲ့သည်။ သို့သော် ယခုတွင်မူ အလင်းရောင်ရှိနေသောညတစ်ညကဲ့သို့ အသက်ဝင်လာလေ၏။ ယနေ့ည၏လရောင်မှာ အလွန်ညင်သာနေပြီး ကုမြောင်၏ခန္ဓာကိုယ်ပေါ်သို့ ညင်သာစွာဖြာကျနေသည်။ ကုမြောင်က စကားဆက်တိုက်ပြောနေရင်း သူ့အသံက လေနှင့်အတူ အတက်အကျရှိနေရာ ဆောင်းညထဲတွင် အနွေးဓာတ်တစ်ခုကိုလည်း သယ်ဆောင်ပေးနေလေသည်။ သူတို့နှစ်ယောက်ကြားတွင်ရှိနေသည့် ဝမ်းနည်းမှုတို့ကို အခန်းထဲမှနွေးထွေးမှုတစ်ခုက ဖယ်ရှားပေးလိုက်တော့သည်။ ချန်ချူ့မျက်လုံးများတွင် နွေးထွေးမှုကိုတဖြည်းဖြည်းခံစားလာရ၏။ သူ(မ) ရှေ့သို့တိုးကာ ကုမြောင်၏ခါးသေးသေးလေးကိုဖက်ထားလိုက်တော့သည်။
“အစ်ကိုမြောင်။ ဘာမှမပြောပါနဲ့တော့။”
သူ(မ)မျက်လုံးထဲမှ မျက်ရည်များ အထိန်းအချုပ်မဲ့စွာကျဆင်းလာသဖြင့် ကုမြောင်၏ရှပ်အင်္ကျီပင် စိုစွတ်သွားခဲ့သည်။ ချန်ချူငိုနေသည့်အခါ ကုမြောင်အလွန်လန့်သွားပြီး နှလုံးသားတွင်လည်း နာကျင်သွားလေသည်။ သို့သော် ထိုနာကျင်မှုကိုသည်းခံကာ ခက်ခဲနေသည့်အသံဖြင့် ကုမြောင်က
“ချူချူ။ မငိုပါနဲ့။”
“ငါလည်း နင်နဲ့မခွဲနိုင်ဘူး။”
ချန်ချူက ငိုနေရင်းခေါင်းမော့ကြည့်လိုက်သည့်အခါ ရှည်လျားနေသည့်မျက်တောင်များတွင် မျက်ရည်စများတွယ်ကပ်နေလေတော့သည်။
“မြောင်ကော ငါ့ကိုနေ့တိုင်းဖုန်းခေါ်ရမယ်နော်။”
“အင်းပါ။”
ကုမြောင်က သဘောတူလိုက်၏။ အဝေးကောင်းကင်တွင် လမင်းကြီးသာနေသည်။ ကုမြောင်က ခေါင်းကိုငုံ့ကာ ညင်သာသည့်အသံဖြင့်
“(၂)နှစ်ဆိုတာ ခဏလေးနဲ့ကုန်သွားမှာပါ။”
(၂)နှစ်ဟူသောအချိန်မှာ ကုမြောင်အရွယ်ရောက်လာပြီး ကလေးဆန်မှုကိုဖယ်ရှားကာ သူ(မ)နှင့်ထိုက်တန်သောသူတစ်ယောက်အဖြစ်ပြောင်းလဲရန် လုံလောက်သောအချိန်ဖြစ်ပေသည်။
ချန်ချူပြန်သွားပြီးနောက် အခန်းက အလွန်တိတ်ဆိတ်သွား၏။ ကုမြောင် ပြတင်းပေါက်နံဘေးတွင်ရပ်ကာ ကမ်းရိုးတန်းမြို့၏ အေးစက်အထီးကျန်သောညကို ငေးကြည့်နေမိသည်။ အချိန်အတော်ကြာသွားသည့်အခါ တစ်ဖက်သို့လှည့်လိုက်ပြီး အံဆွဲထဲမှ နက်ပြာရောင်ကတီပါဗူးလေးကိုထုတ်ကာ တိတ်တဆိတ်ဖွင့်ကြည့်လိုက်သည်။ အခန်းက အနည်းငယ်မှောင်နေ၏။ ကတီပါဗူးလေးထဲတွင် အနုစိတ်လှပသောစိန်ပွင့်လေးများရှိနေပြီး လင်းလက်တောက်ပနေသည်။ ကုမြောင် ထိုစိန်ပွင့်များကို ဂရုတစိုက်ကိုင်ကြည့်လိုက်ပြီးနောက် နှုတ်ခမ်းကိုတင်းတင်းစေ့ကာ ဗူးကိုပြန်ပိတ်လိုက်တော့သည်။
‘ငါပိုက်ဆံများများရှာနိုင်တဲ့အခါကျရင် ပိုကြီးတာဝယ်ပေးရမယ်။ ဒါက အရမ်းသေးနေတော့ သူ(မ)နဲ့ သိပ်မလိုက်ဘူးဖြစ်နေတယ်။’
*****
Aurora Novel Translation Team