Chapter 60
ထိုနိုင်ငံတွင် ဆောင်းရာသီက စော၏။ နိုဝင်ဘာလကတည်းက ကောင်းကင်တွင် နှင်းပွင့်များဖြင့်ပြည့်နှက်နေပြီဖြစ်သည်။ ချန်ချူက ထီးကိုဆောင်းလျက် ပုဝါထူထူပတ်ထားပြီး တိုက်ခန်းသို့ပြန်လာနေခဲ့သည်။ အဝင်ပေါက်တွင် ကျုံးရန်ရှီနှင့်တွေ့၏။
“မောနင်း။ အတန်းပြီးသွားပြီလား။”
ကျုံးရန်ရှီက ဓာတ်လှေကားထဲမှထွက်လာသောအခါ ချန်ချူ့ကိုတွေ့သဖြင့် ရပ်၍နှုတ်ဆက်လာခြင်းဖြစ်သည်။ ချန်ချူက ခေါင်းညိတ်လျက်
“အင်း။ ခုပဲပြီးတာ။ အိမ်ပြန်ပြီးနားတော့မလို့။ နေ့လည်ကျရင် ဖျော်ဖြေပွဲတစ်ခုလည်းရှိသေးလို့လေ။”
လွန်ခဲ့သောတစ်နှစ်က Haiyin မှ ကျောင်းသား(၃)ယောက် K တက္ကသိုလ်သို့ exchange program လာရသည့်အထဲတွင် ကျုံးရန်ရှီလည်းပါ၏။ တိုက်တိုက်ဆိုင်ဆိုင် သူနှင့်ချန်ချူမှာ တိုက်တစ်တိုက်တည်းတွင် တိုက်ခန်းငှားနေသူများဖြစ်ကြလေသည်။ အစပိုင်းတုန်းက ချန်ချူ သူနှင့်ခပ်ကပ်ကင်းနေခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ကျုံးရန်ရှီဘက်မှမရိုးမသားမရှိတော့ဘဲ သူ(မ) သာမန်အတန်းဖော်ကဲ့သို့သာဆက်ဆံသည်ကိုသိလာရသည်။ ထို့ကြောင့် သူတို့တွေ့ဖြစ်သည့်အချိန်တိုင်း သာမန်သူငယ်ချင်းများကဲ့သို့ စကားပြောတတ်ကြလေသည်။
“ဒါနဲ့ နင်တို့အဖွဲ့ပရောဂျက်ကရော ဘယ်လိုရှိလဲ။”
ကျုံးရန်ရှီကမေးလိုက်၏။ တစ်ယောက်က စန္ဒရားတီးကာ အခြားတစ်ယောက်က တယောတီးခြင်းဖြစ်သော်လည်း ယခုစာသင်နှစ်တွင် သူတို့နှစ်ယောက်အတူတူတက်ရသည့်အတန်းများ များစွာရှိခဲ့သည်။ ထိုအတန်းများထဲမှတစ်ခုတွင် နောက်ဆုံးစာမေးပွဲမရှိဘဲ အဖွဲ့ပရောဂျက်သာရှိခြင်းဖြစ်သည်။ အဖွဲ့ဝင်များကို random ချမှတ်ခြင်းဖြစ်သောကြောင့် ချန်ချူက ကံမကောင်းစွာဖြင့် သူ(မ)နှင့်မသိကျွမ်းသော နိုင်ငံခြားကျောင်းသားများနှင့်တစ်ဖွဲ့ကျခဲ့သည်။ ထို့ကြောင့် သူ(မ)အနည်းငယ်စိတ်ပူနေဟန်ရှိပြီး စကားပြောသည်မှာလည်း သာမန်ထက်မြန်ဆန်နေလေသည်။
“ပြီးတော့မယ်လို့တော့ထင်တာပဲ။ ငါ့အပိုင်းကတော့ ပြီးသွားပြီ။”
ကျုံးရန်ရှီက အတည်ပေါက်ဖြင့်
“လာမဲ့တနင်္လာနေ့ deadline နော်။ တစ်ခုခုအကူအညီလိုတယ်ဆိုရင် ငါ့ကိုပြောလို့ရတယ်။”
“အင်းပါ။ ကျေးဇူးပဲ။”
ချန်ချူက ခေါင်းညိတ်လိုက်၏။ ကျုံးရန်ရှီကလည်း ညင်သာစွာပြုံးပြလိုက်ပြီး
“ဟုတ်ပါပြီ။ ဒါဆို ခုတော့ သွားလိုက်ဦးမယ်။”
ကျုံးရန်ရှီက ရုပ်ချောချောကောင်လေးတစ်ယောက်ဖြစ်သဖြင့် သူပြုံးလိုက်သည့်အခါ အခြားသူများအား နွေဦးလေညင်းလေးကဲ့သို့ ခံစားရစေလေသည်။
အိမ်ပြန်ရောက်သောအခါ ချန်ချူက လွယ်အိတ်ကိုဆိုဖာပေါ်ပစ်တင်လိုက်ပြီး ပုဝါပင်မချွတ်အားတော့ဘဲ computer ရှေ့သို့ပြေးကာ video call ခလုတ်ကိုနှိပ်တော့သည်။ တိတ်ဆိတ်နေသည့်တိုက်ခန်းထဲတွင် ဖုန်းခေါ်နေသည့်အသံကိုသာကြားနေရသည်။ နှစ်စက္ကန့်လောက်ဖုန်းဝင်သံကြားရပြီးနောက် ရပ်သွားတော့သည်။ screen မှောင်ကျသွားပြီး တစ်ခဏကြာသည့်အခါ ကုမြောင်၏မျက်နှာကိုမြင်လိုက်ရသည်။
“ချူချူ။”
သူက ညင်သာစွာခေါ်လိုက်ရင်း သူ့မျက်နှာတွင်လည်း နွေးထွေးမှုအရိပ်အယောင်တို့ကိုမြင်လိုက်ရသည်။ ချန်ချူက ပုဝါကိုချွတ်ပြီး
“ဆောရီးပါ ကုမြောင်ရေ။ အခုမှအတန်းပြီးတာနဲ့ အကြာကြီးစောင့်ခိုင်းမိသလိုဖြစ်သွားတယ်။ အခု တရုတ်မှာဆို ညဥ့်နက်နေလောက်ရောပေါ့။”
“ရပါတယ်။”
ကုမြောင်က စိတ်ရှည်ရှည်ဖြင့်ပြုံးပြလိုက်ပြီး
“တစ်နာရီခွဲကျော်ကျော်လောက်ပဲရှိသေးတာပါ။ ပြီးတော့ ငါလည်းခုထိအလုပ်လုပ်နေတုန်းဆိုတော့ အထူးတလည်ပင်ပန်းတာမရှိပါဘူး။”
ယခင်တစ်နှစ်ကဘွဲ့ယူခဲ့ပြီးနောက် ကုမြောင် ထိုကုမ္ပဏီတွင် အလုပ်လုပ်နေခဲ့သည်။ သို့သော် မကြာသေးမီက ကုမ္ပဏီတွင် အခြေအနေမတည်ငြိမ်မှုတစ်ခုဖြစ်ခဲ့သောကြောင့် စီနီယာအဖွဲ့ဝင်များစွာ အလုပ်ထွက်ခဲ့၏။ ကုမြောင်လည်း အလုပ်ထွက်ခဲ့ရန်စဥ်းစားခဲ့သော်လည်း အကျိုးအပြစ်များကိုချိန်ဆကြည့်ပြီးနောက် ကုမ္ပဏီတွင်ဆက်နေရန်သာဆုံးဖြတ်ခဲ့သည်။ ယခုတွင် ကုမ္ပဏီက ပြန်လည်ထူထောင်လာပြီဖြစ်သဖြင့် ကုမြောင်လည်း ရာထူးတိုးလာပြီး နှစ်စဥ်လစာလည်း အတော်များများတိုးလာခဲ့သည်။ သို့သော် ကုမြောင်အနေဖြင့် မလုံလောက်သေးချေ။
ကမ်းရိုးတန်းမြို့တွင် ညအချိန်၌ အလွန်အေးကာ တိတ်ဆိတ်၏။ တိုက်ခတ်နေသည့်လေတို့က ပြတင်းပေါက်မှ စိမ့်ဝင်လာတတ်သည်။ အိပ်ခန်းထဲတွင် အပူပေးစက်မရှိဘဲ ဆောင်းညများတွင်မူ ကုမြောင် အချိန်နောက်ကျသည်အထိအလုပ်လုပ်ရလေသည်။ ကုမြောင်၏လေးနက်သောမျက်လုံးများက video call ထဲမှမိန်းကလေးကို တိတ်ဆိတ်ငေးကြည့်နေခဲ့သည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက်မတွေ့ရသည်မှာ တစ်နှစ်နီးပါးရှိပြီဖြစ်သော်လည်း အချိန်နှင့်အမျှ သွေးအေးသွားခြင်းမျိုးမရှိခဲ့ပေ။ ချစ်မြတ်နိုးစိတ်နှင့် လွမ်းဆွတ်တမ်းတမှုတို့က သွေးသားထဲတွင်စိမ့်ဝင်နေပြီး အရိုးနှင့်ကြွက်သားများအထိပါ ရုန်းထွက်မရဖြစ်နေခဲ့သည်။
ချန်ချူက နှုတ်ခမ်းကိုစေ့လိုက်ပြီး
“ညတိုင်း နောက်ကျတဲ့အထိမနေနဲ့လေ။ ကြာရင် ရုပ်ကျပြီး အိုလာရင် မချောတော့ဘဲနေမယ်နော်။”
ကုမြောင် လက်ထိပ်များတောင့်တင်းသွားပြီး မျက်လုံးထဲတွင် ခံစားချက်အချို့ဖြတ်ပြေးသွားသည်။ ထို့နောက် သူ အနည်းငယ်ပြုံးလိုက်ပြီး
“သိပါတယ်။”
“နေ့တိုင်း အလုပ်ကိုပဲအာရုံစိုက်မနေဘဲ အားကစားလေးလည်း ပိုလုပ်ပေး။”
နှုတ်ခမ်းထောင့်မှအပြုံးက တဖြည်းဖြည်း သူ့မျက်လုံးများဆီသို့ကူးစက်သွားသည်။ အေးစက်နေသည့်လက်ချောင်းများတွင်လည်း ဆောင်းတွင်းနှင့်မသက်ဆိုင်သည့် အနွေးဓာတ်တို့ရှိနေခဲ့သည်။
“အင်းပါ။”
မည်သည့်စကားကိုမဆိုနားထောင်မည့်လေသံမျိုးဖြင့် ကုမြောင် လိမ်လိမ်မာမာပြန်ပြောလိုက်သည်။
“အပြင်လေးဘာလေးထွက်ပြီး သူငယ်ချင်းတွေနဲ့ လျှောက်သွားဦး။ အိမ်မှာပဲနေမနေနဲ့။”
အေးစက်နေသောညတွင် ချန်ချူ့အသံမှာ ထူးထူးခြားခြားနွေးထွေးနေ၏။ ကုမြောင်က ခေါင်းညိတ်လိုက်ပြီး ချန်ချူ့ကိုလည်း ထိုစကားသာပြန်ပြောလိုက်သည်။
“အင်းပါ။ နင်လည်း သူငယ်ချင်းတွေနဲ့တွေ့ဦးလေ။”
ထိုစကားများမှာ သူက သူ(မ)ကိုသတိပေးသင့်သောစကားလုံးများဖြစ်သော်လည်း သူ(မ)ကဦးအောင်ပြောသွားခဲ့လေသည်။ နားပူနားဆာလုပ်သည်ဟု သူ(မ)ထင်သွားမည်ကိုလည်းစိုးရိမ်သောကြောင့် သူ(မ)ပြောပြီးနောက်မှ လိုက်ပြောလိုက်ခြင်းဖြစ်သည်။ ထင်ထားသည့်အတိုင်း စကားများနေသည့်မိန်းကလေးက ချက်ချင်းတိတ်သွား၏။
“သိပါတယ်။”
သူ(မ)ကဆက်ပြောလိုက်၏။
“နင်ငါ့ကိုပို့ထားတဲ့ sauce ကုန်သွားပြီ။”
ကုမြောင်က ချက်ချင်းပင် “ ငါထပ်ပို့လိုက်မယ်။”
“အင်း။”
ချန်ချူက မျက်လုံးကိုပင့်လိုက်ပြီး အချိန်အတော်ကြာသွားပြီးမှ ကုမြောင်ကိုလွမ်းနေသည့်အသံဖြင့် စကားပြောလာသည်။
“ကုမြောင် တစ်နှစ်တောင်ကျန်သေးတယ်နော်။”
သူ(မ)ကခေါင်းငုံ့လိုက်ပြီး လိပ်ပြာကဲ့သို့မျက်တောင်များတွင်လည်း မျက်ရည်များစိုလာလေသည်။ ကုမြောင်လည်း လည်ချောင်းထဲတွင်တင်းကျပ်သွားပြီး နာကျင်နေသည့်အသံဖြင့် ချန်ချူ့ကိုနှစ်သိမ့်လိုက်ရသည်။
“မကြာတော့ပါဘူး ချူချူရယ်။”
ညရောက်သော် သိသိသာသာအေးလာ၏။ သူတို့စကားအနည်းငယ်ပြောလိုက်ရုံနှင့်ပင် အချိန်ကုန်မြန်ကာ (၂)နာရီထိုးသွားပြီဖြစ်သည်။ ချန်ချူက တုံ့ဆိုင်းနေသည့်မျက်လုံးများကို ထိန်းထားပြီး သတ္တိမွေးကာ
“တရုတ်မှာ (၂)နာရီတောင်ထိုးပြီပဲ။ အိပ်တော့လေ။”
ကုမြောင်က ခေါင်းငုံ့ကာ သူ့လက်ချောင်းများကို laptop ပေါ်တွင် တင်ထား၏။ သို့သော် ချန်ချူ့ကို ညင်သာစွာဖြင့်သာပြန်ပြောလိုက်သည်။
“အင်းပါ။ နင်လည်းနားဦး။ နေ့လည်ကျရင် ဖျော်ဖြေပွဲရှိသေးတယ်မလား။”
“အင်း။ တာ့တာ မြောင်ကော။”
ချန်ချူက ညင်ညင်သာသာပြန်ပြောလိုက်၏။ screen ပေါ်မှ mouse မျှားလေးကို end call ဟူသည့်ခလုတ်ပေါ်တွင်တင်ထားခဲ့သည်။ ကုမြောင်ဘက်ကဖုန်းအရင်ချရန် သူ(မ)စောင့်နေလိုက်၏။ သို့သော် ကုမြောင်ကလည်း သူ(မ)အရင်ဖုန်းချသည်ကိုစောင့်နေပုံပင်။ အခန်းတစ်ခုလုံးတိတ်ဆိတ်နေ၏။ ဖုန်းလည်းမချသေးဘဲ သူတို့နှစ်ယောက်လုံး စကားမပြောကြတော့ချေ။ ဆောင်းည၏အအေးဓာတ်က အခန်းထဲသို့စိမ့်ဝင်လာပြီး ထူထဲသောဆွယ်တာများမှတစ်ဆင့် အရိုးထဲထိဝင်ရောက်နေသည်။ ချန်ချူ နှလုံးခုန်မြန်နေပြီး touchpad ပေါ်ရှိသူ(မ)လက်ချောင်းများကလည်း တောင့်တင်းနေခဲ့သည်။
“မြောင်ကော ဖုန်းချလိုက်တော့မယ်နော်။”
သူ(မ) ဖြည်းဖြည်းချင်းပြောလိုက်၏။ ညကောင်းကင်တွင် လကိုတိမ်များဖုံးသွားသဖြင့် အမှောင်ထုသာကျန်ရစ်တော့သည်။ computer screen လည်း မှိန်ကျသွား၏။ ကုမြောင် အချိန်အတော်ကြာကြာထိုင်နေပြီးမှ ချန်ချူ့စကားကိုရုတ်တရက်သတိရကာ မြန်မြန်ထပြီး အိပ်ရာဝင်လိုက်တော့လေသည်။
~~~
K တက္ကသိုလ်မှ uni life မှာ အလွန်ပြီးပြည့်စုံ၏။ စန္ဒရားမေဂျာတွင် လတိုင်းကျင်းပသောဂီတဖျော်ဖြေပွဲရှိပြီး ကျောင်းမှဆရာ၊ဆရာမများနှင့် ကျောင်းသားများအားလုံး လာကြည့်ကြသည်။ သို့သော် လူအနည်းငယ်သာ စင်မြင့်ပေါ်တွင်ဖျော်ဖြေနိုင်ပြီး စန္ဒရားမေဂျာတွင်လည်း လူအနည်းငယ်ကိုသာရွေးချယ်ခြင်းဖြစ်သည်။
အလင်းရောင်များ တလက်လက်တောက်ပနေ၏။ ဂီတခန်းမထဲတွင် စန္ဒရားသံတို့ပဲ့တင်ထပ်နေပြီး အနိမ့်အမြင့်သံတို့ကိုကြားရသည်။ သီချင်းပြီးခါနီးတွင် စန္ဒရားတီးနေသောမိန်းကလေးက ဖြည်းဖြည်းချင်းမတ်တတ်ရပ်လိုက်၏။ ဆောင်းရာသီတွင် ဂီတခန်းထဲ၌ မအေးနေပေ။ ချန်ချူက အဖြူရောင်ဂါဝန်ကိုဝတ်ထား၏။ အလင်းရောင်များဖြာကျသည့်အခါ သူ(မ)ခန္ဓာကိုယ်မှာ လရောင်ကဲ့သို့အေးချမ်းစွာလင်းနေပြီး သူ(မ)အသားအရေကလည်း နှင်းကဲ့သို့ဖြူဖွေးနေလေသည်။
စင်အောက်ပရိတ်သတ်ထံမှ နွေးထွေးသည့်လက်ခုပ်သံကိုကြားလိုက်ရ၏။ ဖျော်ဖြေသူအနည်းငယ်သာရှိသောကြောင့် ဖျော်ဖြေပွဲက ခဏနှင့်ပြီးဆုံးသွားသည်။
ချန်ချူနှင့် စန္ဒရားမေဂျာမှလူတိုင်းကို ပရော်ဖက်ဆာက စင်အနောက်တွင်စောင့်နေခိုင်းလေသည်။ ပရော်ဖက်ဆာ Philip က စန္ဒရားလောကတွင် လူသိများ၏။ ယနေ့ခေတ်တွင်အောင်မြင်ကျော်ကြားနေသော ထိပ်တန်းစန္ဒရားပညာရှင်များမှာ တစ်ချိန်တစ်ခါက သူ့တပည့်ဖြစ်ဖူးသူများပင်။ ထိုပရော်ဖက်ဆာကြီးမှာ စည်းကမ်းတင်းကျပ်သူလည်းဖြစ်ပြီး သူ့ထံမှချီးကျူးခံရသည်မှာ ခပ်ရှားရှားပင်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူ့မျက်လုံးများထဲတွင် ပြုံးရိပ်တစ်ခုပါဝင်နေခဲ့လေသည်။
“တော်တယ် ကောင်မလေး။”
ထိုရိုးရှင်းသည့်ချီးကျူးမှုတစ်ခုကြောင့် ချန်ချူ့ကို လူအများအားကျစွာငေးကြည့်ကြပြီး ချန်ချူလည်း တစ်နေ့လုံးပျော်ရွှင်နေခဲ့သည်။
ချန်ချူ ဂီတခန်းမမှာထွက်လာသည့်အချိန်တွင် ကောင်းကင်တွင် လပြည့်ကြီး သာနေလေပြီ။ ချန်ချူက နှင်းကျနေသည့်ရာသီဥတုကိုဖြတ်၍ အိမ်သို့ပြန်၏။ စားပွဲပေါ်မှစားစရာများမှာ အေးနေပြီဖြစ်ပြီး စားချင်စရာမကောင်းတော့ချေ။ ချန်ချူ ရေနွေးတစ်ခွက်ငှဲ့လိုက်ပြီး စန္ဒရားလေ့ကျင့်ရန်ထိုင်လိုက်၏။ ရေနွေးအနည်းငယ်သောက်လိုက်ပြီးမှ စန္ဒရားကိုစတင်လေ့ကျင်ရန်ပြင်လိုက်လေသည်။
သူ(မ) K တက္ကသိုလ်ကိုစရောက်ခဲ့စဥ်က အခက်အခဲတချို့ရှိခဲ့သည်။ အမြဲတမ်းချီးကျူးခံရပြီး အားကျခံရသည့်မိန်းကလေးတစ်ယောက်အနေဖြင့် ကျရှုံးမှုကိုပထမဆုံးအကြိမ် လေ့လာသင်ယူခဲ့ရပြီး “ကိုယ့်ထက်သာတဲ့လူတစ်ယောက် အမြဲတမ်းရှိနေနိုင်တယ်” ဟူသောစကား၏အဓိပ္ပာယ်ကို သေသေချာချာ သဘောပေါက်ခဲ့ရသည်။ သို့သော် မည်သည့်အကြောင်းအရာကမျှ သူ(မ)ကိုစိတ်ဓာတ်မကျစေခဲ့ပေ။ ကျရှုံးမှုတိုင်းတွင် သူ(မ)ကိုယ်သူ(မ)အားပေးကာ ပြန်ထခဲ့ပြီး ရှေ့ဆက်လျှောက်ခဲ့လေသည်။ ထိုသို့တဖြည်းဖြည်းနှင့် ပရော်ဖက်ဆာက သူ(မ)ကိုသတိထားမိလာပြီး ဖျော်ဖြေပွဲများတွင်ပင် ဖျော်ဖြေလာရခြင်းဖြစ်သည်။ နောက်ဆုံးတွင်မူ ပရော်ဖက်ဆာထံမှ ချီးကျူးစကားတစ်ခုကို သူ(မ)ရရှိခဲ့ပြီဖြစ်သည်။ ၎င်း၏အဓိပ္ပာယ်ကိုလည်း ကျောင်းသားတိုင်းနားလည်ကြပေသည်။ ထိုဂီတဆရာကြီး၏ထောက်ခံချက်ဖြင့်ဆိုလျှင် ဂီတလောကတွင် ပို၍အဆင့်မြင့်ကာ ပို၍ကျယ်ပြောသည့်ကွန်ရက်များဖြင့် ချိတ်ဆက်နိုင်မည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုပရော်ဖက်ဆာကြီးမှာ သူတန်ဖိုးထားသောကျောင်းသားတိုင်းကို အခွင့်အရေးပေးရန်လက်မတွန့်သောသူဖြစ်သောကြောင့်ပင်။ ထိုအခွင့်အရေးများကို သေသေချာချာလက်ကိုင်ပြုရမည်ကို ချန်ချူ သေသေချာချာနားလည်လေသည်။
ချန်ချူနေသည့်တိုက်ခန်းမှာ K တက္ကသိုလ်နှင့်ကပ်ရပ်ဖြစ်သောကြောင့် တိုက်ခန်းတွင်နေထိုင်သူအများစုကလည်း ဂီတကျောင်းသားများဖြစ်ကြသည်။ အခန်းတိုင်းတွင်ရှိသော အသံလုံစနစ်ကလည်း အတော်လေးကောင်းမွန်သဖြင့် ညသန်းခေါင်စန္ဒရားလေ့ကျင့်လျှင်ပင် အိမ်နီးချင်းများအနှောင့်အယှက်မဖြစ်ပေ။
စန္ဒရားလေ့ကျင့်နေရင်း အချိန်(၂)နာရီမှာ တစ်ခဏနှင့်ကုန်သွား၏။ စန္ဒရားအဖုံးကိုပိတ်လိုက်ပြီးသည့်အခါမှသာ နေ့လည်က ကျုံးရန်ရှီပြောခဲ့သည့် အဖွဲ့ပရောဂျက် deadline ကို ချန်ချူသတိရလိုက်သည်။ စားပွဲပေါ်တင်ထားသောဖုန်းကိုယူကာ WhatsApp ဖွင့်လိုက်ပြီး Group Chat ထဲသို့ သူ(မ)စာပို့လိုက်သည်။ အဖွဲ့ထဲတွင် ချန်ချူနှင့်အတူပါဝင်သည်မှာ တတွဲတွဲသွားလာလေ့ရှိသော နိုင်ငံခြားသားသူငယ်ချင်းနှစ်ယောက်ဖြစ်၏။ ချန်ချူက စကားလုံးရွေးချယ်ရာတွင်သတိထားပြီး သူတို့အပိုင်းများပြီးမပြီးကို သေသေချာချာမေးလိုက်သည်။ နံရံပေါ်မှနာရီက တစ်ရွေ့ရွေ့ အချိန်ကုန်နေပြီး စားပွဲပေါ်မှရေနွေး အေးစက်သွားသည်အထိ မည်သူမျှပြန်မဖြေကြချေ။ ချန်ချူက ဒေါသကိုထိန်းလိုက်ပြီး မနက်ဖြန်အတွက်လိုအပ်သည့်ဂီတသံစဥ်များကိုသာစိတ်ထဲတွေး၍ အိပ်ရာဝင်လိုက်တော့သည်။
ညသန်းခေါင်တွင် ပိတ်ထားသောခန်းဆီးများက လရောင်ကိုကာဆီးထားသည်။ ချန်ချူ အအိပ်ဆတ်သဖြင့် အိပ်ရာဘေးမှစားပွဲလှုပ်ခါသွားသည့်အခါ သူ(မ)နိုးလာပြီးမျက်မှောင်ကြုတ်လိုက်မိသည်။ အကြောင်းမှာ Group chat ထဲတွင် သူတို့နှစ်ယောက်စာပို့နေခြင်းကြောင့် ဖုန်းကဆက်တိုက် vibrate မြည်နေခြင်းဖြစ်၏။
“ချန်။ ကျန်တဲ့အပိုင်းတွေကို ဘယ်လိုလုပ်ရလဲငါတို့မသိဘူး။”
“ဟုတ်တယ် ချန်။ ဒီရက်ပိုင်း ငါ့မှာအခြားအတန်းတွေရဲ့စာမေးပွဲတွေလည်းရှိနေတော့ ငါ့မှာအချိန်မရှိဘူး။”
“ကျန်တဲ့အပိုင်းတွေကို နင်လုပ်လိုက်တော့။”
အခန်းထဲတွင် Aircon သံမြည်နေ၏။ ထိုအချိန်တွင် ချန်ချူ့ဦးနှောက်၌ လှုံ့ဆော်မှုတစ်ခုဖြစ်လာသည်။ နားထင်တွင် စူးရှစွာနာကျင်လာပြီး စိတ်ထဲတွင်လည်း ဒေါသမီးတို့တောက်လောင်လာလေသည်။ သူ(မ)လက်ထဲတွင် ဖုန်းကဆက်တိုက်တုန်ခါနေသော်လည်း သူတို့နှစ်ယောက်ပို့နေသည့်စာများကို ချန်ချူဂရုမစိုက်ဘဲ တိုက်ရိုက်သာ reply ပြန်လိုက်သည်။
“နင်တို့အပိုင်းဆိုတော့ နင်တို့လုပ်သင့်တာပေါ့။”
ထိုအခါ သူတို့က အလုပ်များခြင်းအရိပ်အယောင်မရှိဘဲ ချက်ချင်းတုံ့ပြန်လာ၏။
“ဘယ်လိုလုပ်ရမလဲငါတို့မသိဘူးလေ။ ပြီးတော့ အချိန်လည်းမရှိဘူး။”
“နင်မလုပ်ချင်ရင်လည်း ဒီတိုင်းပဲထားလိုက်တော့။ ဘာပဲဖြစ်ဖြစ် ငါတို့(၃)ယောက်လုံး အတူတူကျမှာပဲ။”
သူတို့က ခြိမ်းခြောက်လာ၏။ ချန်ချူက exchange program ကျောင်းသားတစ်ယောက်ဖြစ်ကြောင်း သူတို့သိလေသည်။ ထို့ကြောင့် ချန်ချူစာမေးပွဲကျပါက မှတ်တမ်းတွင်ထိခိုက်သွားပြီး မိခင်နိုင်ငံပြန်ရောက်သည်အထိပင် ထိခိုက်နိုင်ပေသည်။ ချန်ချူ့ခမျာ အခြားဖြေရှင်းနည်းမရှိဘဲ ဒေါသကိုချုပ်တည်းထားရန်သာတတ်နိုင်တော့လေသည်။
Heater ဖွင့်ထားသဖြင့် အခန်းက အနည်းငယ်ခြောက်ကပ်နေ၏။ ချန်ချူ ထိုင်ရာမှထကာ စိတ်ထဲမှဒေါသမီးကိုသက်သာစေရန် ရေသောက်လိုက်သည်။ ထို assignment ကိုလုပ်ရန် သူတို့ကို အချိန်တစ်လပေးထားခြင်းဖြစ်သော်လည်း ယခုတွင်မူ တစ်ညတည်းနှင့် ချန်ချူပြီးအောင်လုပ်ရတော့မည်။ သူ(မ)တွင် အချက်အလက်များမရှိ၊ ဘာမှမရှိပေ။ သူတို့နှစ်ယောက်လုပ်ရမည့်အပိုင်းကို သူ(မ) လုံးဝမတွေးကြည့်ခဲ့ဖူးချေ။
ထိုညက နှင်းများကျနေပြီး လမ်းမီးတိုင်များတွင် နှင်းများဖုံးလွှမ်းကာ နွေးထွေးသည့်အရောင်မှိန်မှိန်သာလင်းနေသည်။ ချန်ချူက စားပွဲတွင်ထိုင်ကာ အမေရီကာနိုတစ်ခွက်ကို ရှေ့ချထားခဲ့သည်။ ခါးသက်မှုက သူ(မ)လည်ချောင်းမှတစ်ဆင့် နှလုံးသားထဲသို့စီးဝင်သွားဟန်ပင်။ တစ်ခဏကြာသော် ပြတင်းပေါက်အပြင်ဘက်မှနှင်းများကိုကြည့်နေရင်း မျက်လုံးထဲတွင် မျက်ရည်များဝဲလာမိသည်။ သို့သော် ငိုနေခြင်းသည် အချိန်သာကုန်၍ဘာမှဖြစ်လာမည်မဟုတ်ချေ။ ထို့ကြောင့် သူ(မ)ပင့်သက်ရှိုက်လိုက်ပြီး စိတ်ထဲမှခါးသက်မှုကိုထိန်းချုပ်ကာ ခေါင်းငုံ့၍ သူတို့အဖွဲ့ပရောဂျက်ကို စတင်လုပ်ဆောင်ရတော့သည်။
တဖြည်းဖြည်းနှင့် အရုဏ်တက်အချိန်သို့ရောက်လာ၏။ မနက်ခင်းလေမှာ အေးစက်နေပြီး ပြတင်းပေါက်တွင် နှင်းပွင့်များလာကပ်နေသည်။ ချန်ချူ့ခေါင်းတစ်ခုလုံး အုံခဲနေ၏။ အိမ်စာပြီးရန် မိမိကိုယ်ကိုတွန်းအားပေးခဲ့ခြင်းကြောင့် အလွန်ခေါင်းကိုက်ကာ မူးဝေနေခဲ့သည်။ သူ(မ) အိပ်ရာထဲတစ်ခဏလှဲနေရင်း တံခါးမှ bell သံကြောင့် နိုးလာခဲ့သည်။ သူ(မ)ခန္ဓာကိုယ်တွင် energy မရှိတော့ဘဲ မည်သည့်အစိတ်အပိုင်းကိုမျှ မလှုပ်ရှားချင်တော့ပေ။ သူ(မ) နံရံကိုမှီ၍အားယူပြီး တံခါးဆီသို့ဖြည်းဖြည်းချင်းလျှောက်သွားခဲ့သည်။ တံခါးဝတွင်ရပ်နေသူမှာ ကျုံးရန်ရှီဖြစ်၏။ သူ့ဆံပင်တွင် နှင်းပွင့်များတင်နေသည်။
ချန်ချူတံခါးလာဖွင့်သည့်ပုံစံကိုမြင်သည့်အခါ သူက စိတ်ပူစွာဖြင့်
“ဘာဖြစ်လို့လဲ။ မနေ့က နင်ဘာလို့ကျောင်းမလာတာလဲ။ ငါနင့်ကိုစာပို့သေးတယ် စာလည်းမပြန်ဘူး။”
နှင်းကျသည့်နေ့တွင် ရာသီဥတုအုံ့ဆိုင်းနေ၏။ စင်္ကြံလမ်းမှအဖြူရောင်မီးက ချန်ချူ့မျက်နှာတွင် အလင်းပြန်နေသည်။ ချန်ချူ့ပုံစံက တစ်ခုခုလွဲနေသည်ကိုသိလိုက်ပြီး ကျုံးရန်ရှီက
“နင်ဘာဖြစ်တာလဲ။ ဖျားနေတာလား။”
ချန်ချူ့နားထဲတွင် ခေါင်းလောင်းသံမြည်နေသည်ကိုသာကြားယောင်နေပြီး သူ့ရှေ့မှလူကိုလည်း သေသေချာချာမမြင်ရချေ။ သူ(မ) စကားပြောရန်ပြင်လိုက်သော်လည်း ဘာမှမပြောလိုက်နိုင်ခင်မှာ ကြမ်းပြင်ပေါ်သို့လဲကျသွားလေတော့သည်။
*****
Aurora Novel Translation Team