Chapter 61
နှင်းကျသည့်နေ့တွင် တစ်လောကလုံးဖြူဖွေးနေ၏။
ချန်ချူ ဖြည်းဖြည်းချင်းမျက်လုံးဖွင့်လိုက်သည့်အခါ ပြတင်းပေါက်မှ အလင်းတချို့ဝင်ရောက်နေသဖြင့် အခန်းကလင်းနေသည်ကိုမြင်လိုက်ရသည်။ သူ(မ)ခေါင်းထဲတွင်တော့ အရာအားလုံးလည်နေသေး၏။ သူ(မ)ဘယ်ကိုရောက်နေလဲဆိုတာ မမှတ်မိတော့ချေ။ တံခါးအပြင်ဘက်တွင် အသံတချို့ကြားနေရသည်။ သူ(မ) ဖြည်းဖြည်းချင်းထလိုက်၏။ ခြေလှမ်းများမှာ ယိုင်တိယိုင်တိုင်ဖြစ်နေသည်။
ဧည့်ခန်းနှင့်မီးဖိုချောင်ကို မှန်တံခါးတစ်ချပ်ဖြင့်သာခြားထားသည်။ သေးငယ်သည့်နေရာလေးတွင် မြူခိုးငွေ့များပြည့်နှက်နေသဖြင့် အရာအားလုံးအိပ်မက်လိုဖြစ်နေ၏။ ချန်ချူ့ခြေလှမ်းများ ရုတ်တရက် တုံ့ဆိုင်းသွားပြီး နှလုံးခုန်မြန်လာသည်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးလူတစ်ယောက်က သူ(မ)ကိုကျောပေး၍ရပ်နေလေသည်။ သူ(မ)လက်တွေတုန်ယင်လာပြီး မျက်ရည်များဝဲလာခဲ့သည်။ ဧည့်ခန်းနံရံပေါ်မှနာရီသံကို ကျယ်လောင်စွာကြားနေရသည်။ သူ(မ)နှလုံးသားမှာ ထိုနာရီအထဲတွင်ရှိနေသကဲ့သို့ ချန်ချူခံစားနေရလေသည်။ နာရီလက်တံတစ်ချက်ရွေ့လျားတိုင်း နှလုံးခုန်သံက မြန်ဆန်လာ၏။
ရုတ်တရက် ကြမ်းပြင်ပေါ်သို့ အိုးတစ်လုံးပြုတ်ကျသွားသည့်အသံကြောင့် သူ(မ)တုန်ယင်သွားပြီး တံခါးကိုတွန်းဖွင့်လိုက်သည်။ အပြင်ဘက်မှမြူခိုးများမှာ နှင်းများကဲ့သို့ လေထဲတွင်ရှိနေ၏။ ထိုအခိုးအငွေ့များ ရှင်းလင်းသွားသည့်အခါ သူ(မ)ရှေ့မှလူကို သေသေချာချာမြင်လိုက်ရသည်။ ထိုအခါ ချန်ချူဝမ်းနည်းသွား၏။
“နိုးပြီလား။”
ထိုလူ တစ်ဖက်လှည့်လာသည့်အခါ ချောမောနေသည့်သွင်ပြင်နှင့် ညင်သာမှုတို့ကိုမြင်တွေ့နေရသည်။ ချိုသာနွေးထွေးနေသည့်သူ့အသံက ဆောင်းရာသီနှင့်လုံးဝမသက်ဆိုင်လှပေ။ သို့သော် ထိုသူမှာ ကုမြောင်မဟုတ်။
အိုးထဲတွင် တစ်ခုခုတည်ထားသောကြောင့် ပွက်သည့်အသံထွက်နေသည်။ ချန်ချူ ခေါင်းငုံ့လိုက်ပြီး စိတ်ပျက်အားလျော့မှုက သူ(မ)တစ်ကိုယ်လုံးကိုပျံ့နှံ့သွားခဲ့သည်။ သူ(မ)က ပုံမှန်မဟုတ်သည့်အသံဖြင့်
“ဟမ်။ ငါမနေ့က အိပ်တာနောက်ကျသွားလို့။ နည်းနည်းလောက်အိပ်လိုက်ရင် ကောင်းသွားမှာပါ။”
ကျုံးရန်ရှီကပြုံးလိုက်ပြီး
“နင်ဖျားနေတာလေ။ ငါနင့်ကို ရေပတ်တင်ထားပေးတယ်။ အခုတော့ အဖျားကျလောက်ပြီပေါ့။”
ချန်ချူက သူ(မ)နဖူးပေါ်မှအဝတ်စကိုကိုင်ကြည့်လိုက်ပြီး
“ကျေးဇူးပါပဲ။”
သူ(မ)၏ခန္ဓာကိုယ်အပူချိန်ကြောင့် ထိုအဝတ်စမှာ နွေးနေလေပြီ။ ကျုံးရန်ရှီက ဆန်ပြုတ်တစ်ပန်းကန်ပြုတ်ပေးပြီး နွေးထွေးသည့်အသံဖြင့်
“ဆန်ပြုတ်တစ်ပန်းကန်တော့ အရင်ကုန်အောင်သောက်လိုက်။ ပြီးမှ ဆေးသောက်။”
၎င်းမှာ အရသာမရှိသည့် ဟင်းသီးဟင်းရွက်ဆန်ပြုတ်ဖြစ်သည်။ ဆားထည့်ရန်မေ့ခဲ့သည့်ပုံလည်းပေါ်၏။ ရှုပ်ပွနေသည့်မီးဖိုချောင်ကိုကြည့်လိုက်သည့်အခါ ကျုံးရန်ရှီတွင် မီးဖိုချောင်အတွေ့အကြုံမရှိကြောင်း ချန်ချူသိလိုက်လေသည်။ ကံကောင်းစွာဖြင့် ချန်ချူက ဆန်ပြုတ်ကိုကုန်အောင်သောက်လိုက်ပြီး ပန်းကန်ကိုစားပွဲပေါ်တွင်ချထားလိုက်သည်။
“ကျေးဇူးပါ။”
ချန်ချူ ကျေးဇူးထပ်တင်လိုက်ပြီး ဆေးကိုယူကာ ဘာမှထပ်မပြောတော့ချေ။ ကျုံးရန်ရှီက ပြုံးလိုက်ပြီး
“ဒီတစ်ရက်ထဲနဲ့တင် ကျေးဇူးကို ဘယ်နှခေါက်တောင်ပြောနေမှာလဲ။”
ချန်ချူ့ကို အဖျားကျဆေးပေးလိုက်ပြီးနောက် ရေကျက်အေးကိုသေသေချာချာစပ်ပေးလိုက်သည်။
ထိုနေ့က နှင်းဖွေးဖွေးတို့ ကျဆင်းနေသည်။ ကျုံးရန်ရှီက ပြတင်းပေါက်ရှေ့တွင်ရပ်နေပြီး နှင်းများက သူ့အနီးတွင်ကျနေ၏။ သို့သော် သူ့ပုံစံမှာ ဆောင်းတွင်းတွင်ရှိနေခြင်းနှင့်မတူဘဲ ဧပြီလတွင်တိုက်ခတ်သောလေညင်းကဲ့သို့ အေးဆေးငြိမ်သက်နေသည်။ ချန်ချူက ခေါင်းငုံ့ကာ ပြုံးလိုက်ပြီး
“ကျေးဇူးကလွဲလို့ တခြားဘာပြောရမလဲမသိဘူးလေ။”
“ငါတို့ကသူငယ်ချင်းတွေပဲဆိုတော့ ဒီလောက်ပဲပေါ့။”
သူ့စကားကိုကြားသည့်အခါ ချန်ချူ သက်ပြင်းချမိ၏။ ခွက်ကိုင်ထားသည့်လက်ကလည်း တဖြည်းဖြည်းပြေလျော့သွားသည်။
“ဟုတ်ပါပြီ။”
ချန်ချူက ခေါင်းညိတ်ကာ မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများဖြင့် ပြုံးပြလိုက်သည်။ ထိုအပြုံးတို့မှာ နှင်းကျသောနေ့တွင်လင်းသည့် တစ်ခုတည်းသောအလင်းရောင်ပင်။
ပြတင်းပေါက်အပြင်ဘက်မှလေအေးတို့က နှင်းနှင့်ရောယှက်နေကာ ပြတင်းပေါက်ကိုအက်ကွဲစေခဲ့သည်။ စားပွဲပေါ်မှဖုန်းက အကြိမ်အနည်းငယ်တုန်ယင်လာသဖြင့် ချန်ချူ့မျက်လုံးများ အရောင်လက်သွားခဲ့သည်။ ရှက်နေသည့်အရိပ်အယောင်ဖြင့် ကျုံးရန်ရှီကိုကြည့်ကာ သူ(မ)က
“အမ်။ ငါဖုန်းကိုင်လိုက်ဦးမယ်နော်။”
သူက ခေါင်းညိတ်၍ “အင်း ဟုတ်ပြီ။”
အားနည်းနေသည့်ချန်ချူ့ပုံစံက အနည်းငယ်သက်သာလာသယောင်။ သူ(မ)က ဖုန်းကိုကိုင်ကာ အိပ်ခန်းထဲသို့ပြေးသွားတော့သည်။ သူ(မ)နောက်ကျောကိုလှမ်းကြည့်လျှင်ပင် စိတ်လှုပ်ရှားမှုကိုမြင်တွေ့နိုင်သည်။
အခန်းက တိတ်ဆိတ်နေ၏။ ထိန်းချုပ်မရနိုင်သောပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည့်ချန်ချူ့အသံကို ကျုံးရန်ရှီကြားနေရသည်။ သူ့မျက်လုံးထဲတွင်ရှိနေသော အရောင်တို့က ဖြည်းဖြည်းချင်း မှိန်ကျသွားတော့သည်။ တိုက်ခန်းတွင် အပူပေးစက်ရှိသောကြောင့် ချန်ချူ ဖိနပ်မပါဘဲလမ်းလျှောက်သွားလျှင်ပင် အေးမနေချေ။ သူ(မ)က အသံကိုနှိမ့်ထားပြီး
“မြောင်ကော…”
တရုတ်တွင် ညသန်းခေါင်အချိန်ရှိပြီဖြစ်သောကြောင့် တိတ်ဆိတ်နေ၏။ ကုမြောင်အသံက လေးနက်နေလေသည်။
“နင်ဘာလို့ video မဖွင့်တာလဲ။”
“ငါ့ကင်မရာပျက်သွားလို့။ မနက်ဖြန်မှပဲ ပြန်ပြင်ရမှာ။”
ဖျားနာနေသည့်သူ(မ)ပုံစံကိုတွေ့လျှင် ကုမြောင်စိတ်ပူနေမည်ကိုစိုးရိမ်သဖြင့် ချန်ချူလိမ်ပြောလိုက်သည်။ ကုမြောင်ကလည်း သံသယမဝင်ဘဲ ဝမ်းနည်းသည့်အရိပ်အယောင်ဖြင့်သာ စကားပြန်ပြောလိုက်သည်။
“ဟုတ်ပါပြီ။”
တိတ်ဆိတ်နေသောအခန်းထဲတွင် ဖုန်းထဲမှကြားရသောကုမြောင်အသံမှာ ခပ်ဩဩဖြစ်နေသဖြင့် ချန်ချူ့ကို လုံခြုံမှုအပြည့်ခံစားရစေလေသည်။ ရုတ်တရက် ကုမြောင်ကိုလွမ်းဆွတ်သည့်ခံစားချက်များကြီးစိုးလာသဖြင့် သူ(မ)၏မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများတွင် မျက်ရည်လည်လာခဲ့သည်။
“ဒီနေ့ အတန်းပြီးသွားပြီလား။ မနက်စာရောစားပြီးပြီလား။”
ကုမြောင်က လှမ်းမေးလိုက်၏။ ညင်သာနေသည့်သူ့အသံက ချန်ချူ့နားထဲသို့ဝင်သွားသော်လည်း ချန်ချူ့စိတ်ထဲတွင်မူ ထိုစကားလုံးများကပင် မျက်ရည်မခိုင်နိုင်အောင်စွမ်းဆောင်နေတော့သည်။ ရုတ်တရက် သူ(မ)မျက်လုံးများထဲမှ မျက်ရည်တို့ တစ်စက်ချင်းကျလာပြီး ကော်ဇောကို စိုသွားစေခဲ့သည်။
“ဘာဖြစ်လို့လဲ ချူချူ။”
အချိန်အတော်ကြာ စကားပြန်မပြောသည်ကိုသတိထားမိသည့်ကုမြောင်က စိတ်ပူစွာဖြင့်မေးလာသည်။ ချန်ချူက နှာခေါင်းရှုံ့လိုက်ပြီး ငိုချင်နေသည့်အသံဖြင့် ကုမြောင်ကိုခေါ်လိုက်တော့သည်။
“မြောင်ကော။”
ဖုန်း၏အခြားတစ်ဖက်တွင် ရုတ်တရက်ထိုင်ခုံပေါ်မှထလိုက်သည့်အသံကိုကြားလိုက်ရ၏။ တိတ်ဆိတ်နေသောညက ပြိုကွဲသွားပြီး ကုမြောင်အသံထဲတွင် ဆောင်းတွင်း၏အေးစက်မှုနှင့် လေအေး၏တုန်ခါမှုတို့ ရောယှက်သွားတော့သည်။
“နင်ငိုနေတာလား ချူချူ။ ဘာဖြစ်လို့လဲ။ ဘာလို့ငိုနေတာလဲ။”
“ဘာမှမဖြစ်ပါဘူး။”
ချန်ချူ စိတ်ကိုတင်းကာပြုံးလိုက်သော်လည်း သူ(မ)၏ရှိုက်သံကို ဖုံးထား၍မရခဲ့ချေ။ ကုမြောင်ခမျာ စိတ်ပူ၍ရူးသွားတော့မည့်အတိုင်း လက်သီးကိုဆုပ်ကာ တစ်ကိုယ်လုံးလည်း ဖျော့တော့သွားသည်။
“ချူချူ။ ဘာဖြစ်တာလဲ။ ငါ့ကိုပြော။ ဒီလိုမျိုးမပြောဘဲနေရင် ငါတစ်ညလုံး စိတ်ပူလွန်းလို့အိပ်လို့ပျော်မှာမဟုတ်ဘူး။”
ချန်ချူက နှုတ်ခမ်းကိုစေ့ကာ တစ်ခဏလောက်တုံ့ဆိုင်းနေပြီးမှ အဖွဲ့ဝင်များကသူ(မ)ကိုအနိုင်ကျင့်သည့်အကြောင်း အစအဆုံးကို ကုမြောင်အားပြောပြလိုက်တော့သည်။ သို့သော် ကုမြောင်အလွန်စိတ်ပူနေမည်ကိုစိုးသဖြင့် သူ(မ)ဖျားနေသည့်အကြောင်းကိုတော့ ထည့်မပြောလိုက်ချေ။ ဖုန်း၏အခြားတစ်ဖက်တွင် အချိန်တစ်ခဏတိတ်ဆိတ်သွား၏။ ထို့နောက် ခံစားချက်ကိုချုပ်တည်းထားသည့်အသံတစ်ခုဖြင့် ပြန်ပြောလာသည်။
“ချူချူ။ ငါတောင်းပန်ပါတယ်။”
“ဘာလို့တောင်းပန်တာလဲ။” ချန်ချူက ပြန်မေးလိုက်၏။
“နင်အဆိုးဝါးဆုံးခံစားနေရတဲ့အချိန်မှာ ငါကနင့်အနားမှာ ရှိမနေပေးနိုင်လို့လေ။ ပြီးတော့ ငါနင့်ကို ဘာမှမလုပ်ပေးနိုင်လို့။”
ချန်ချူက နှုတ်ခမ်းကိုစေ့ထားပြီး
“မြောင်ကောရယ်… ဒါက နင်နဲ့မှမဆိုင်တာ။ ငါတို့တွေက တစ်နေရာစီမှာရောက်နေမှတော့ နင်ငါ့ကိုအလိုအပ်ဆုံးဖြစ်နေတဲ့အချိန်မှာလည်း ငါကနင့်ဘေးမှာ မရှိပေးနိုင်ဘူးလေ။”
ရင့်ကျက်ခြင်းဟူသည် အမှီအခိုကင်းမဲ့ခြင်းဖြစ်ပေမည်။ သူ(မ)သည် အမြဲတမ်း အခြားသူများကိုမှီခိုနေ၍မရတော့ပေ။ ချန်ချူက ကော်ဇောပေါ်တွင်ထိုင်ကာ ပြတင်းပေါက်လိုက်ကာကိုဆွဲလိုက်ပြီး အပြင်ဘက်မှနှင်းပွင့်များကိုကြည့်လိုက်သည်။
“မြောင်ကော။ အခုနှင်းကျနေတယ်သိလား။ နှစ်သစ်ကူးကလည်း မကြာခင်ရောက်လာတော့မှာ။”
ချန်ချူရောက်နေသည့်နိုင်ငံတွင် တရုတ်နှစ်သစ်ကူးမကျင်းပချေ။ အပြင်ဘက်မှနှင်းကျနေသည့်မြင်ကွင်းကိုကြည့်ကာ အမိနိုင်ငံကိုလွမ်းဆွတ်မိလေသည်။ သူ(မ)အသံမှာ အလွန်နူးညံ့စွာဖြင့် ကုမြောင်၏နားထဲသို့ စီးဝင်လာသည်။
“မြောင်ကော။ Happy New Year ပါနော်။”
ကမ်းရိုးတန်းမြို့တွင် နှင်းမကျဘဲ အဝေးမှမီးအလင်းရောင်တို့ကိုသာမြင်နေရသည်။ ထိုအလင်းရောင်တို့က တိတ်ဆိတ်သောညကိုဖြတ်ကျော်လာပြီး ကုမြောင်၏မျက်လုံးထဲသို့ ဝင်ရောက်လာသည်။ တစ်စုံတစ်ခုကိုတွေးလိုက်မိသည်နှင့် သူ့မျက်လုံးများအရောင်လက်သွားပြီး သူ့အသံကလည်း အစောပိုင်းကနှင့်မတူတော့ချေ။
“ချူချူ။ Happy New Year ပါ။”
သူက တီးတိုးပြောလိုက်လေသည်။
~~~
ထိုနိုင်ငံတွင် နွေဦးပွဲတော်မရှိသော်လည်း တရုတ်လူမျိုးအတော်များများရှိသည်။ Shopping Mall နှင့် စတိုးဆိုင်များတွင် နွေဦးပွဲတော်ကျင်းပရန် တရုတ် customer များကိုဆွဲဆောင်ထားသည့် ဆိုင်းဘုတ်များလည်းရှိသည်။
ချန်ချူ စန္ဒရားခန်းထဲမှထွက်လာသည့်အချိန်မှာ အတော်နောက်ကျနေလေပြီ။ ယနေ့ညတွင် လမရှိသောကြောင့် ကောင်းကင်တွင် အထီးကျန်နေသောကြယ်တချို့သာရှိနေသည်။ တစ်နေ့လုံး စန္ဒရားလေ့ကျင့်ပြီးနောက် ချန်ချူ့လက်ချောင်းများနာကျင်နေပြီး ကောင်းစွာပင်မလှုပ်ရှားနိုင်တော့ချေ။
လမ်းက အလွန်တိတ်ဆိတ်နေ၏။ အဝါရောင်လမ်းမီးက ညင်သာစွာဖြာကျနေသဖြင့် ဖြူဖွေးနေသောနှင်းများပေါ်တွင် အနွေးဓာတ်တစ်ခုကဲ့သို့တည်ရှိနေသည်။ တိုက်ခန်း၏ရှေ့တွင် အရပ်မြင့်မြင့်ကောင်လေးတစ်ယောက် ရပ်နေ၏။ ဆောင်းညထဲတွင် အနွေးဓာတ်တစ်ခုရောက်ရှိလာသကဲ့သို့ ချန်ချူ နှလုံးခုန်မြန်လာသည်။ အဝေးမှနေ၍ ရင်းနှီးနေသည့်ပုံရိပ်တစ်ခုကိုလှမ်းကြည့်နေရချိန်တွင် သူ(မ)၏ခံစားချက်များ ဝေဝါးလာခဲ့သည်။ ၎င်းမှာ ထင်ယောင်ထင်မှားဖြစ်နေခြင်းဖြစ်မည်ကိုစိုးရိမ်သဖြင့် သူ(မ) အနီးနားသို့မကပ်သွားရဲပေ။
မှိန်ပျပျမီးရောင်က သူ့ခြေထောက်အောက်တွင် အရိပ်ထင်စေခဲ့သည်။ သူ့ပုံစံမှာ အိပ်မက်ထဲကလူတစ်ယောက်ကဲ့သို့ လက်တွေ့နှင့်အတော်ကင်းကွာနေသည်။ ရုတ်တရက် သူက တစ်ဖက်လှည့်လာ၏။ အေးစက်နေသည့်နှင်းတို့ ညင်သာငြိမ်သက်သွားတော့သည်။
“ချူချူ။”
သူ့အသံက လေအေးနှင့်နှင်းတို့ကြားတွင်ဖြတ်သန်းလာပြီး ချန်ချူ့နားထဲသို့ ဖြည်းဖြည်းချင်းဝင်ရောက်လာသည်။ နောက်ဆုံးတွင် သူ့မျက်နှာကို ချန်ချူမြင်လိုက်ရလေသည်။ သူ့ပုံစံမှာ video call ထဲတွင်မြင်ရသည်ထက် ပို၍ပိန်ပါးနေ၏။ သူ့မျက်လုံးများထဲတွင် ပျော်ရွှင်မှုတို့ပြည့်နှက်နေသော်လည်း ဖုံးကွယ်မထားနိုင်သည့် ပင်ပန်းမှုတို့လည်းရှိနေသည်။ ထိုအခိုက်အတန့်တွင် ချန်ချူ့နှလုံးခုန်သံတို့ ရပ်တန့်သွားလေတော့သည်။
“မြောင်ကော။”
ညအလင်းရောင်အောက်တွင် ပင်ပန်းနေသည့်ချန်ချူက ငှက်တစ်ကောင် အသိုက်ထဲသို့ပြန်ရောက်လာသလို ကုမြောင်၏ရင်ခွင်ထဲသို့ ပြေးဝင်သွားလေသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေပြီး နှင်းကျသည့်အသံကိုပင် ရှင်းလင်းစွာကြားနေရသည်။ နှင်းကျသည့်ဆောင်းညတွင် ကုမြောင်က မီးကဲ့သို့ ချန်ချူ့နှလုံးသားကို အနွေးဓာတ်ပေးကာ ပျော်ဝင်သွားစေလေသည်။ ချန်ချူက သူ့ရင်ခွင်ထဲတွင် ပုန်းကွယ်နေပြီး တော်တော်နှင့်ပြန်မထွက်လာတော့ချေ။
“ချူချူ။”
တိုက်ခန်း၏ဝင်ပေါက်မှ သစ်ပင်များကလည်း ဆောင်းရာသီတွင် စိမ်းစိုနေဆဲပင်။ ကုမြောင် သူ(မ)နောက်ကျောကို အသာအယာပွတ်သပ်ပေးလိုက်သည်။ ချန်ချူ့နာမည်ကိုခေါ်လိုက်သည့်သူ့အသံမှာလည်း သူ(မ)ကိုအရည်ပျော်သွားစေနိုင်လောက်လေသည်။
“မငိုပါနဲ့။”
ကုမြောင်က ခေါင်းငုံ့ကာ ချန်ချူ့ဆံပင်ကိုအသာအယာနမ်းလိုက်သည်။
“ငါနင့်ဆီကိုရောက်လာပြီလေ။”
‘မကြောက်ပါနဲ့ချူချူ။ ငါနင့်ကိုကာကွယ်ပေးမယ်။’
*****
Aurora Novel Translation Team