Chapter 62
ယနေ့မှာ တရုတ်နိုင်ငံတွင် နှစ်သစ်ကူးအကြိုနေ့ဖြစ်၏။ ချန်ချူက ကုမြောင်လက်ကိုဆွဲကာ တိုက်ခန်းထဲသို့ခေါ်သွားခဲ့သည်။ ကုမြောင်တစ်ယောက် တရုတ်မှ ပစ္စည်းများစွာ မသယ်လာခဲ့ချေ။ နှလုံးသားတစ်ခုသယ်လာရသည်ကိုပင် အတော်လေးလံနေခြင်းဖြစ်ပေမည်။
တိုက်ခန်းက အလွန်တိတ်ဆိတ်၏။ အလင်းရောင်က သစ်သားပရိဘောဂများကိုရောင်ပြန်ဟပ်ကာ အထီးကျန်သည့်ခံစားချက်ကိုပေးစွမ်းနေသည်။ ချန်ချူကမူ အလွန်ပျော်နေသဖြင့် သူ(မ)မျက်လုံးထဲတွင် ပျော်ရွှင်မှုတို့ပြည့်လျှံနေတော့သည်။
“နင်ဘာမှမစားရသေးဘူးမလား။ ငါနင့်အတွက် တစ်ခုခုလုပ်ပေးမယ်။”
ယခင်က ချန်ချူမှာ ဘာမှမချက်ပြုတ်တတ်သော်လည်း ကုမြောင်နှင့်တွဲပြီးနောက်ပိုင်း အချို့အရာများကို သင်ယူခဲ့သည်။
“ရပါတယ်။”
ကုမြောင်က သူ(မ)ကိုတားလိုက်ပြီး
“နင်ဘာစားချင်လဲ။ ငါနင့်အတွက် ချက်ပေးမယ်လေ။”
ချန်ချူက တုံ့ဆိုင်းနေ၏။ ကုမြောင်လက်ရာကို အမှန်တကယ်စားချင်ပါသော်လည်း ကုမြောင်မှာ လေယာဥ် (၁၀)နာရီကြာစီးလာရသောကြောင့် ပင်ပန်းနေမည်ဖြစ်ရာ သူ(မ)အတွက်မချက်ပြုတ်စေလိုပေ။ ချန်ချူ့စိတ်ကိုနားလည်သည့်ပုံစံဖြင့် ကုမြောင်က သူ(မ)ကိုခေါင်းပုတ်ပေးလိုက်ပြီး
“ငါလေယာဥ်ပေါ်မှာအိပ်လာတာ အခုဆို အတော်လေးအားပြည့်နေပါပြီ။ နင်ဘာစားချင်လဲသာပြော။”
ချန်ချူ မော့ကြည့်လိုက်၏။ သူ(မ)မျက်လုံးထဲတွင် အလင်းရောင်များလက်နေပြီး အသံကလည်း အားအင်ပြည့်ဝကာ တက်ကြွနေတော့သည်။
“ဝက်သားနှပ်စားချင်တယ်။”
ချန်ချူက ရက်အတော်ကြာဖျားနေခဲ့ပြီး ငှားထားသည့်အကူကလည်း သူ(မ)ကိုဆန်ပြုတ်သာပြုတ်ကျွေးသဖြင့် စားသောက်ရသည်မှာစိတ်ကျေနပ်မှုမရှိခဲ့ပေ။
“အိုကေလေ။”
ကုမြောင် သဘောတူလိုက်၏။
“ငါအရင်ဆုံး ကိုယ်လက်သန့်စင်လိုက်ဦးမယ်။”
ကုမြောင်မှာ တစ်ညလုံးလေယာဥ်စီးလာရခြင်းဖြစ်သောကြောင့် မျက်နှာကမလန်းမဆန်းဖြစ်နေသည်။
ချန်ချူက
“ဒါဆို ရေအရင်သွားချိုးလိုက်လေ။ ငါ လိုအပ်တဲ့ပစ္စည်းတွေ ပြင်ထားပေးမယ်။”
“အိုကေ။”
ကုမြောင်က ပြုံးကာခေါင်းညိတ်၏။
ရှည်လျားသောညမှာ တိတ်ဆိတ်လှသည်။ ပင်ပန်းနွမ်းနယ်မှုများကိုဆေးကြောပြီးနောက် ကုမြောင် ရေချိုးခန်းထဲမှထွက်လာခဲ့လိုက်သည်။ မီးဖိုချောင်အခန်းထဲတွင် ရေငွေ့များဖြင့် ပြည့်နှက်နေ၏။ မှန်တံခါးမှတစ်ဆင့် ချန်ချူ့ပုံရိပ်ကို သူတွေ့နေရသည်။ မီးရောင်လင်းနေသောမီးဖိုခန်းထဲတွင် ချန်ချူတစ်ယောက် ခေါင်းငုံ့ကာ အလုပ်များနေ၏။ စန္ဒရားပေါ်တွင် ကျက်သရေရှိစွာ ကခုန်ခဲ့သောသူ(မ)လက်ချောင်းများက အနည်းငယ် ပျာယာခတ်နေသည်။
ထောင့်တစ်နေရာတွင် ရေဆူနေပြီး အခိုးအငွေ့များတဖြည်းဖြည်းမြင့်တက်နေကာ လေကိုစိုစွတ်စေခဲ့သည်။ ထိုအချိန်တွင် လေထဲမှအခိုးအငွေ့များက ကုမြောင်မျက်လုံးထဲသို့ဝင်သွား၏။ သူ့မျက်လုံးထဲတွင် အရောင်တစ်ခုလက်သွားပြီး နှလုံးသားထဲတွင်လည်း မီးတောင်ကဲ့သို့ ခံစားချက်များပေါက်ကွဲလာသည်။ ပူပြင်းနေသည့်ကျောက်ရည်ပူများက သူ့သွေးကြောထဲကိုစီးဝင်လာပြီး လားရာပေါင်းစုံသို့ပျံ့နှံ့သွားလေတော့သည်။ တစ်နှစ်တာလုံးလွမ်းဆွတ်ခဲ့သည့်ခံစားချက်များကို နွေးထွေးငြိမ်သက်သည့်ညလေးက ဖယ်ရှားပေးလိုက်သည်ပင်။ ကုမြောင် တုံ့ဆိုင်းခြင်းမရှိဘဲ ရှေ့သို့လျှောက်သွားပြီး ချန်ချူ့ကိုဖက်ထားလိုက်သည်။ ချန်ချူက ရုတ်တရက်လန့်သွားသော်လည်း တစ်ခဏကြာသော် တောင့်တင်းနေသည့်သူ(မ)ခန္ဓာကိုယ်လည်း ပြေလျော့သွားတော့သည်။
“ငါအသားလှီးနေတာကို။ လန့်သွားတာပဲ။”
ချန်ချူက နှုတ်ခမ်းစူကာပြောလိုက်သော်လည်း သူ(မ)အသံထဲတွင် စိတ်ပျက်မှုတစ်စုံတစ်ရာပါဝင်နေခြင်းမရှိဘဲ ကုမြောင်ကိုရင်ခုန်စေသည့် နူးညံ့မှုတို့သာပါဝင်လေသည်။ ကုမြောင်က သူ(မ)လည်ပင်းပေါ်တွင် မှီထားရင်း
“ချူချူ။ ငါနင့်ကို အရမ်းလွမ်းတာပဲ။”
သူ့အသံမှာ ခပ်ဩဩဖြစ်နေသော်လည်း ငှက်မွေးကဲ့သို့ပေါ့ပါးနေပြီး ချန်ချူကို နှလုံးခုန်မြန်သွားစေခဲ့သည်။ ထိုအခိုက်အတန့်တွင် သူ(မ)ခြေထောက်များ အားလျော့လာပြီး နွေးထွေးသည့်သူ့ရင်ခွင်ထဲသို့ မှီထားလိုက်မိသည်။ သူ(မ)နှလုံးသားထဲတွင် ချိုမြိန်မှုတို့ကိုခံစားနေရ၏။
“ငါလည်းနင့်ကို အရမ်းလွမ်းနေတာ။”
မီးဖိုချောင်ထောင့်တစ်နေရာတွင် ရေနွေးအိုးဆူသံကိုကြားလိုက်ရသည်။ ကုမြောင်၏နှလုံးခုန်သံတို့ မြန်ဆန်နေပြီး ထိန်းချုပ်မရသောခံစားချက်တို့က ဦးနှောက်ကိုလှုံ့ဆော်လာသည်။ တစ်ခဏကြာသော် သူခေါင်းငုံ့လိုက်ပြီး ချန်ချူ့နှုတ်ခမ်းများကို နမ်းလိုက်တော့သည်။ ထိုအခိုက်အတန့်တွင် အနီးနားမှလေတို့က နွေးထွေးသွား၏။ အချိန်နာရီတို့လည်း ရပ်တန့်သွားသလိုပင်။ လွမ်းဆွတ်ခဲ့ရသော ခက်ခဲမှုတို့မှာ ထိုအနမ်းအောက်တွင် အားလုံးပျောက်ကွယ်သွားသည်။
ကုမြောင် အချိန်အတော်ကြာသည်အထိ သူ(မ)ကိုဖက်ထားမိသည်။ လေးနက်နေသည့်သူ့မျက်လုံးများတွင် ခံစားချက်တို့ပြည့်နှက်နေသော်လည်း စိတ်ကိုထိန်းကာ လက်သီးဆုပ်ထားမိသည်။
“ငါ ဟင်းချက်ပေးမယ်။”
တိတ်ဆိတ်နေသောအခန်းထဲတွင် သူ့အသံကလည်း ခပ်တိုးတိုးပင်။ အပြင်ဘက်မှကြယ်အရောင်တို့က အခန်းထဲတွင်ဖြာကျနေ၏။ စားကောင်းသည့်အစားအစာကိုမစားရသည်မှာ အချိန်အတော်ကြာပြီဟု ချန်ချူခံစားလိုက်ရသည်။ သက်သောင့်သက်သာဖြစ်စေသည့်နွေးထွေးမှုက သူ(မ)ခန္ဓာကိုယ်ထဲသို့ ဖြည်းဖြည်းချင်းပျံ့နှံ့သွားသည်။ သူ(မ) ကုမြောင်ရင်ခွင်ထဲတွင် ငြိမ်ငြိမ်လေးနေနေပြီး သူ့နှလုံးခုန်သံကို ဂရုတစိုက်နားထောင်နေမိသည်။ အပြင်ဘက်တွင်ကျနေသည့်နှင်းများကပင် နွေးထွေးနေသလိုရှိ၏။
ကုမြောင် သူ(မ)ခေါင်းကို ညင်သာစွာပွတ်သပ်ပေးလိုက်ပြီး နွေးထွေးသည့်အသံဖြင့်
“မနက်ဖြန်နှစ်သစ်ကူးအကြိုနေ့နော်။ နင်ဘာစားချင်လဲ။”
အချိန်ကွာခြားချက်ကြောင့် ထိုနိုင်ငံက တရုတ်ထက် တစ်ရက်နောက်ကျပေသည်။ အခန်းထဲမှ မီးအလင်းရောင်တို့က ချန်ချူ့မျက်လုံးတွင် အလင်းပြန်နေ၏။ သူ(မ) ပြုံးကာ ကုမြောင်ကိုမော့ကြည့်လိုက်သည်။
“ဟော့ပေါ့စားချင်သလိုပဲ။”
ထို့နောက် သူ(မ) တစ်ခုခုကိုသတိရသွားသကဲ့သို့ အသံက ရုတ်တရက်တိုးသွားလေသည်။
“ဒါပေမဲ့ ငါတို့မှာ ဟင်းရည်လုပ်ဖို့အတွက် အရသာစပ်ပြီးသားမှမရှိတာ။”
“ရပါတယ်။”
ကုမြောင်က တစ်ခဏစဥ်းစားလိုက်ပြီး ဆက်ပြော၏။
“ငါတစ်ချက် စပ်ကြည့်လိုက်မယ်။”
ထိုစကားကိုကြားသည့်အခါ မှိန်သွားသည့်မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများက ချက်ချင်းအရောင်ပြန်လက်လာသည်။
“တကယ်လား။ ငါမနက်ဖြန် အတန်းမရှိဘူးဆိုတော့ ငါတို့တွေ လိုအပ်တဲ့ပစ္စည်းတွေကို အတူတူသွားဝယ်ကြမယ်လေ။”
“အိုကေ။”
ထို့နောက် ကုမြောင်က တုံ့ဆိုင်းစွာဖြင့်
“ဒါပေမဲ့ ငါတစ်ခါမှ မစပ်ကြည့်ဖူးဘူးဆိုတော့ စားကောင်းပါ့မလားမသိဘူး။”
ချန်ချူကရယ်မော၍
“စိတ်မပူပါနဲ့။ ငါ့မြောင်ကောလုပ်ကျွေးတာဆိုရင် မကောင်းတာမရှိဘူး။”
နူးညံ့သည့်သူ(မ)အသံက လေထဲတွင်ပဲ့တင်ထပ်ကာ ရာသီဥတုကိုပင် ပို၍လင်းသွားစေခဲ့သည်။ ထိုစကားကိုကြားပြီးနောက် ကုမြောင်က ပျားရည်ကိုမျိုချလိုက်ရသကဲ့သို့ လည်ချောင်းမှတစ်ဆင့် နှလုံးသားတစ်ခုလုံး ချိုမြိန်မှုကိုခံစားလိုက်ရလေသည်။ ထို့ပြင် အချိန်ကြာကြာငြိမ်သက်နေခဲ့သည့် သူ့နားရွက်များကလည်း ချန်ချူ့ကိုတွေ့သည့်အခါ တစ်ဖန်ပြန်၍နီရဲလာသည်။
ချန်ချူက လက်လှမ်းကာ စနောက်သည့်ပုံစံဖြင့် သူ့နားရွက်ကိုထိလိုက်လေသည်။
“ငါတို့မြောင်ကောကတော့ ရှက်နေပြန်ပြီ။”
ကုမြောင် နှုတ်ခမ်းကိုစေ့ကာ ချန်ချူ့မျက်လုံးများကိုသာငေးကြည့်နေပြီး ဘာမှပြန်မပြောလိုက်ချေ။ ချန်ချူကလည်း အသည်းယားလွန်းသဖြင့် ခြေဖျားထောက်ကာ နီနေသည့်သူ့နားရွက်ကို နမ်းလိုက်မိသည်။ ထိုအခါ ကုမြောင်တစ်ကိုယ်လုံးတောင့်တင်းသွားပြီး လည်စေ့က အပေါ်အောက်လှုပ်ရှားကာ စိတ်လှုပ်ရှားမှုကိုမထိန်းထားနိုင်တော့ပေ။
“ငါ-ငါ သန့်စင်ခန်းသွားလိုက်ဦးမယ်။”
သူ့စကားသံထဲတွင် ထိန်းချုပ်မရတော့သည့်ခံစားချက်တို့ပါဝင်နေသည်။ ချန်ချူက ထွက်ပြေးသွားသည့်သူ့ပုံစံကိုကြည့်ပြီး ရယ်နေတော့သည်။
နှစ်သစ်ကူးအကြိုနေ့ နေ့လယ်ခင်းတွင် သူတို့နှစ်ယောက်သား အနီးဆုံး supermarket သို့သွားကာ ငရုတ်ကောင်းစေ့၊ ငရုတ်သီးနှင့် ငရုတ်ကောင်း စသည့်လိုအပ်ပစ္စည်းများဝယ်ယူကြသည်။ သူတို့လုပ်စားသည့်ဟော့ပေါ့ကလည်း အောင်မြင်ခဲ့လေသည်။
ထိုညက နှင်းဆဲသွားပြီး ဖြူဖွေးနေသည့်လောကကြီးမှာ တိတ်ဆိတ်အေးချမ်းနေခဲ့သည်။ သူတို့နှစ်ယောက် နွေးထွေးစွာပွေ့ဖက်ထားရင်း ပြတင်းပေါက်နားတွင်ထိုင်နေကြသည်။ မီးအလင်းရောင်များဖြင့် တိတ်ဆိတ်နေသည့်မြို့က အသက်ဝင်နေ၏။ ရုတ်တရက် ကုမြောင်က ချန်ချူ့လက်ထဲသို့ ကတ်တစ်ကတ်ထည့်ပေးလိုက်သည်။ ထိုအခါ ချန်ချူ အံ့အားသင့်သွားပြီး သူ့ရင်ခွင်ထဲမှထလိုက်သည်။
“credit card လား။”
သူ(မ) အံ့အားသင့်စွာမေးလိုက်၏။
တိတ်ဆိတ်နေသည့်ညတွင် ကောင်းကင်၌ မီးရောင်တချို့ပေါက်ကွဲလာသည်။ ထိုမီးရောင်များက လေးနက်နေသည့်ကုမြောင်မျက်လုံးထဲတွင် အလင်းပြန်နေ၏။
“အင်း။”
သူ့အသံထဲတွင် ပျော်ရွှင်မှုအရိပ်အယောင်တို့ရှိနေသည်။
“နင့်အတွက် New Year လက်ဆောင်။”
ချန်ချူက သူ(မ)လက်ထဲမှကတ်လေးကိုငုံ့ကြည့်ရင်း ငြိမ်သက်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် အရာအားလုံးရပ်တန့်သွားသကဲ့သို့ပင်။ ကုမြောင်မျက်လုံးထဲမှအလင်းရောင်များလည်း တဖြည်းဖြည်းမှိန်သွားသည်။ ယခုချိန်အထိ ချန်ချူ့ကို တန်ဖိုးကြီးသည့်လက်ဆောင် မပေးခဲ့ဖူးပေ။ ယခုမှသာ ပထမဆုံးအကြိမ်ဖြစ်သဖြင့် ကုမြောင်စိတ်ထဲတွင် သံသယများနှင့် ပျော်ရွှင်မှုတို့ရောယှက်နေသည်။ သူပေးသည့်လက်ဆောင်မှာ သူ၏ချစ်လှစွာသောမင်းသမီးလေးအတွက် ထိုက်တန်သည်ဟုထင်မိသော်လည်း ချန်ချူ့ကိုကြည့်လိုက်သည့်အခါ မျက်တောင်များတုန်ယင်နေပြီး အချိန်အတော်ကြာကြာ စကားပြန်မပြောသဖြင့် ပျော်ရွှင်နေသည့်စိတ်တို့ ငြိမ်သက်လာသည်။
ပြတင်းပေါက်အပြင်ဘက်မှသစ်ကိုင်းများပေါ်တွင် အဖြူရောင်နှင်းတို့စုဝေးနေသဖြင့် လရောင်က ပို၍လင်းနေသလိုပင်။ ချန်ချူ သူ့ကိုမော့ကြည့်လိုက်သောအခါ ကုမြောင်၏ ပြတ်သားနေသည့်အကြည့်တို့ကိုမြင်လိုက်ရသည်။ ငယ်ရွယ်သည့်ပုံရိပ်တို့မရှိတော့ဘဲ ကုမြောင်၏ပခုံးများမှာ ပို၍ကျယ်ပြန့်တောင့်တင်းလာပြီး သူ့မျက်လုံးများကလည်း ပို၍လေးနက်လာသည်။ ကုမြောင်၏ပုံစံမှာ အတော်ပြောင်းလဲသွားသော်လည်း သူ(မ)ကိုချစ်မြတ်နိုးပြီး ကာကွယ်ပေးလိုသည့်နှလုံးသားတစ်စုံကတော့ မပြောင်းလဲဘဲရှိနေလေသည်။
ချန်ချူ ကတ်လေးကိုသေချာဆုပ်ကိုင်လိုက်ပြီး
“ဒါဆိုလည်း ယူထားလိုက်ပါ့မယ်။ ကျေးဇူးပါ မြောင်ကော။”
ကုမြောင်မျက်လုံးများ အရောင်လက်သွားပြီး ပျော်ရွှင်မှုတွေက ပို၍ထင်ရှားလာသည်။ သူ့မျက်လုံးထဲမှအလင်းရောင်တို့မှာ မှောင်နေသောညတွင်းလင်းလာသည့် ကြယ်များကဲ့သို့ပင်။ ထို့နောက် ကုမြောင်က တစ်ခုခုကိုစဥ်းစားမိသွားပြီး
“ယူထားပြီးရင် သုံးရမယ်နော်။”
‘ငါစိတ်ချမ်းသာအောင် ယူထားပြီး မသုံးတာမျိုးမလုပ်နဲ့။’
ချန်ချူက ကတ်ကိုကိုင်ထားရင်း နှလုံးသားတစ်ခုလုံးအရည်ပျော်နေသကဲ့သို့ ခံစားလိုက်ရသည်။
“အင်းပါ။”
နောက်ဆုံးတွင် သူ(မ)လည်း ပြုံး၍သဘောတူလိုက်သည်။
~~~~~
တနင်္လာနေ့ရောက်သော်
ချန်ချူ အိပ်ရာနိုးသည့်အခါ စားပွဲပေါ်တွင် နံနက်စာအဆင်သင့်ဖြစ်နေလေပြီ။ အိပ်ချင်မူးတူးမျက်လုံးများက ချက်ချင်းတက်ကြွလာပြီး မနက်စာကိုပျော်ရွှင်စွာစားခဲ့ပြီးနောက် အတန်းသွားရန်ပြင်လိုက်သည်။ ယနေ့မှာ စာသင်နှစ်၏နောက်ဆုံးအတန်းချိန်ဖြစ်ပေသည်။ ထိုအတန်းအတွက် အဆင့်များလည်းထွက်ပြီဖြစ်၏။
အချိန်မရလိုက်သည့်အခက်အခဲကြောင့် ချန်ချူ၏အဖွဲ့ပရောဂျက်မှာ အမှတ်များများမရခဲ့ဘဲ B သာရခဲ့သည်။ စာသင်ခန်းထဲတွင် အလွန်ဆူညံနေ၏။ နောက်ဆုံးအတန်းဖြစ်သောကြောင့်လည်း ဖြစ်နိုင်သည်။ ကျောင်းသားအများစုက ပျော်ရွှင်နေကြပြီး အချင်းချင်းစကားပြောနေကြသည်။ ချန်ချူက နောက်ခုံတွင်တိတ်ဆိတ်စွာထိုင်နေ၏။ ရုတ်တရက် သူ(မ)ဘေးမှထိုင်ခုံတွင် ကျုံးရန်ရှီနှင့် ရဲ့ရှင်းက ဝင်ထိုင်လိုက်သည်။
“ချူချူ။ ဒါကိုကြည့်ပါဦး။”
ရဲ့ရှင်းက စိတ်လှုပ်ရှားစွာဖြင့် သူ(မ)ဖုန်းကိုပြလာသည်။ ချန်ချူကြည့်လိုက်သည့်အခါ ပရော်ဖက်ဆာထံမှ email ဖြစ်ကြောင်း သိလိုက်ရ၏။ ချန်ချူနှင့်အတူ တစ်ဖွဲ့တည်းကျသည့်နှစ်ယောက်မှာ အဖွဲ့ပရောဂျက်တွင် ပါဝင်ခဲ့ခြင်းမရှိသောကြောင့် သူတို့၏အဆင့်များကိုဖယ်ရှားလိုက်ပြီး ကျရှုံးသည်ဟုသတ်မှတ်လိုက်သည်ဟူ၍ email ထဲတွင်ရေးထားလေသည်။
“အား! ဒါကြီးက အားရစရာကြီး။ ကျေနပ်လိုက်တာ။”
ရဲ့ရှင်းက အားတက်သရောပြောနေ၏။
“ဒီလိုကပ်ပါးရပ်ပါးလုပ်တဲ့သူတွေကို ငါတော့ လုံးဝသည်းမခံနိုင်ပါဘူး။ ငါတို့က exchange ကျောင်းသားတွေမှန်းသိလို့ တမင်အခွင့်ကောင်းယူတာ။ ခုတော့ကြည့်လေ။ စာမေးပွဲကျပြီမဟုတ်လား။ ဒါမှသူတို့နဲ့တန်တာ။ နင်ကတော့ သေချာလုပ်ခဲ့တယ်။ တော်တယ် ချူချူ။”
ရဲ့ရှင်းက တည့်တိုးပြောတတ်ပြီး ဖြောင့်မတ်သည့်စိတ်ထားရှိသော exchange ကျောင်းသူတစ်ယောက်ဖြစ်ကာ ချန်ချူနှင့်လည်း ကောင်းမွန်သောဆက်ဆံရေးရှိလေသည်။ အဖွဲ့ပရောဂျက်တွင် ချန်ချူတစ်ယောက်တည်းလုပ်ခဲ့ရသည်ကို ချန်ချူကိုယ်တိုင် report တင်လိုက်သည်ဟုထင်နေသောကြောင့် သူ(မ)က ချန်ချူကို ချီးကျူးမဆုံးတော့ပေ။ ထိုအခါမှသာ ချန်ချူက သူ(မ)ကိုယ်တိုင် report တင်ခဲ့ခြင်းမဟုတ်ကြောင်း သိလိုက်ရသည်။
ယနေ့အတန်းမှာ မနက်မှ ညနေအထိဖြစ်၏။ သူတို့ စာသင်ဆောင်ထဲမှထွက်လာသည့်အချိန်တွင် ကောင်းကင်၌ လသာနေလေပြီ။ လွန်ခဲ့သောရက်များကပျောက်နေသည့်လမှာ ယခုမှပေါ်လာသော်လည်း လမ်းများကတော့ တိတ်ဆိတ်လျက်ပင်။ ချန်ချူက နှင်းထဲတွင် ခြေလှမ်းတစ်လှမ်းချင်းလှမ်းကာ လမ်းလျှောက်နေခဲ့သည်။
“ချူချူ။”
ခပ်ဩဩအသံတစ်ခုက ချန်ချူ့နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်လာ၏။ သူ(မ) တွေဝေစွာဖြင့် မော့ကြည့်လိုက်သော် လမ်းမီးရောင်အောက်တွင်ရပ်နေသည့် ကောင်လေးတစ်ယောက်ကိုတွေ့လိုက်ရသည်။ အေးစက်စက်ဖြစ်နေသည့်သူ့မျက်နှာထားက ချန်ချူ့ကိုတွေ့သည့်အခါ ချက်ချင်း ပြောင်းလဲသွားလေသည်။
“ဘယ်လိုလုပ်ပြီးရောက်လာတာလဲ။”
ချန်ချူ မေးလိုက်၏။ သူက ဖြည်းဖြည်းချင်းလျှောက်လာပြီး ချန်ချူ့လက်ကိုကိုင်လိုက်ကာ
“နင့်ကိုကျောင်းလာကြိုတာလေ။ နှင်းကျနေတဲ့လမ်းတွေဆိုတော့ လမ်းလျှောက်ရတာမလွယ်ဘူးမလား။ ငါနင့်ကိုကျောပိုးပေးမယ်။”
ထိုသို့ပြောပြီးနောက် သူက ထိုင်ချလိုက်ရာ ကျယ်ပြန့်လှသည့်ကျောပြင်ကြီးကိုမြင်လိုက်ရလေသည်။ လမ်းတစ်ခုလုံး နှင်းများဖုံးနေသဖြင့် ချန်ချူလည်း သူ့ကျောပေါ်သို့တက်လိုက်သည်။ သူ့ခန္ဓာကိုယ်အပူချိန်က အတော်မြင့်မားနေ၏။ ချန်ချူ သူ့လည်ပင်းနားသို့ကပ်ပြီး တီးတိုးမေးလိုက်မိသည်။
“မြောင်ကော နင်လုပ်လိုက်တာလား။”
“ဟမ်။”
ကုမြောင်က အနည်းငယ်တွေဝေသွား၏။
“report တင်တဲ့ကိစ္စကိုပြောတာ။ နင်တင်လိုက်တာလားလို့။”
ချန်ချူပြောပြမိသည်မှာ ကုမြောင်တစ်ယောက်တည်းကိုသာ။ ၎င်းမှာ ကျုံးရန်ရှီလည်းမသိသည့်ကိစ္စပင်။
ကောင်းကင်က အနည်းငယ်လင်းနေ၏။ သူတို့နှစ်ယောက် နှင်းထဲတွင်လမ်းလျှောက်လာရင်း အနောက်တွင် နက်ရှိုင်းသည့်ခြေရာများကျန်ခဲ့သည်။
ကုမြောင်က တစ်ခဏရပ်သွားပြီးနောက် ဝန်ခံလိုက်၏။
“အင်း။”
Computer expert တစ်ယောက်အနေဖြင့် သက်သေရှာရန်မှာ mouse ကို တစ်ချက်နှစ်ချက်နှိပ်လိုက်ရုံပင်။ နှင်းကတဖွဲဖွဲကျနေကာ ချန်ချူ သူ့ကျောပေါ်သို့မှီထားရင်း အသက်ကိုဖြည်းဖြည်းရှူသွင်းပြီး စကားပြောလိုက်သည်။
“မြောင်ကော ငါနင့်ကို မပြန်စေချင်ဘူး။”
တရုတ်နှစ်သစ်ကူးပိတ်ရက်က ခဏလေးနှင့်ကုန်သွားမည်ဖြစ်ပြီး ရက်အနည်းငယ်အတွင်း ကုမြောင်ပြန်ရတော့မည်ကို သူ(မ)သိလေသည်။ နှင်းကျသောညတွင် လမ်းပေါ်၌ ကားအသွားအလာသိပ်မရှိပေ။ သူက ချန်ချူ့ကိုကျောပိုးထားကာ တစ်လမ်းလုံးတွင် သူတို့နှစ်ယောက်တည်းသာရှိလေသည်။
ချန်ချူ့စကားကိုကြားသောအခါ မြန်နေသည့်သူ့နှလုံးခုန်သံများ ဖြည်းဖြည်းချင်းငြိမ်ကျသွား၏။
‘ငါလည်း မပြန်ချင်ပါဘူး ချူချူရယ်။’
ကုမြောင် တိတ်တဆိတ်သာတွေးလိုက်ခြင်းပင်။
*****
Aurora Novel Translation Team