Chapter 63
တစ်ဖန် ဆောင်းရာသီသို့ ရောက်လာပြန်၏။
ဇန်နဝါရီလအစောပိုင်းတွင် ကမ်းရိုးတန်းမြို့၌ အတော်အေးလေသည်။ တိုက်ခတ်နေသည့်လေကလည်း ဓားသွားများကဲ့သို့စူးရှလှပြီး မှိုင်းညှို့ညှို့ကောင်းကင်တွင်ပျံသန်းနေသည့်ငှက်တို့လည်း အော်မြည်နေကြသည်။
အလင်းရောင်ကောင်းပြီး ကျယ်ပြောသည့်ရုံးခန်းထဲတွင် ဝတ်စုံပြည့်ဝတ်ထားသည့်အမျိုးသားတစ်ဦး လမ်းလျှောက်လာ၏။ လူအများက သူတို့အလုပ်များကိုရပ်လိုက်ပြီး သူ့ကို လေးစားစွာနှုတ်ဆက်လိုက်ကြသည်။
“Good Morning မစ္စတာကျန်း။”
ထိုအမျိုးသားက ရင်းနှီးသည့်အမူအရာဖြင့် ခေါင်းညိတ်ပြ၏။ သူပျောက်သွားသည်နှင့် ရှပ်အဖြူဝတ်ထားသော Programmer အချို့က တွေဝေသွားကြသည်။
“သူ မစ္စတာကုကိုသွားတွေ့တာများလား။”
“ဖြစ်နိုင်တယ်။”
“သူတို့တွေ နောက်တစ်ခါစကားထပ်မများကြရင်ကောင်းမယ်။ အရင်တစ်ခေါက်တုန်းက technical issue တစ်ခုကြောင့်ဆိုပြီး မစ္စတာကျန်းရဲ့ဒေါသက မိုးထိတောင်တက်ခါနီးပဲ။”
“တကယ်တော့လေ မစ္စတာကျန်းက စိတ်အတက်အကျအရမ်းမြန်တာ။ သူ့ပုံစံနဲ့ မစ္စတာကုရဲ့ အေးစက်စက်မျက်နှာနဲ့တော့ ငါစိတ်ပူမိတယ်။”
“ဒါပေမဲ့လည်း မစ္စတာကုက ဒီရက်ပိုင်းစိတ်ခံစားချက်တွေ ကောင်းနေတဲ့ပုံပါပဲ။ မနေ့ကတောင် ငါ့ကိုပြုံးပြသေးတယ်။ သူပြုံးပြလို့ ငါတောင် တစ်ခုခုဖြစ်တော့မလားဆိုပြီး လန့်နေတာ။”
“လာနောက်နေတာလား။ ကြားရုံနဲ့တင်ကို ငါကတော်တော်လန့်နေပြီ။”
“မဟုတ်ဘူး။ ထားလိုက်တော့။ တစ်ယောက်ယောက်လာနေပြီ။ ဒီအကြောင်းတွေ ရပ်လိုက်ရအောင်။”
ကျန်းရှင်းက ပိတ်ထားသည့်ရုံးတံခါးဆီသို့ လျင်မြန်စွာတက်သွားပြီး တံခါးရှေ့သို့ရောက်သည့်အခါ တံခါးခေါက်ရန် တုံ့ဆိုင်းနေခဲ့သည်။
“ဝင်လာခဲ့။”
အခန်းထဲမှအသံက လေးနက်စွာထွက်ပေါ်လာပြီး အေးစက်မှုတို့လည်း ပါဝင်နေသည်။ ကျန်းရှင်းက ပြုံး၍ တံခါးကိုတွန်းဖွင့်လိုက်သည်။
“ဟီးဟီးဟီး။ Good Morning ပါ ခေါင်းဆောင်ကု။”
တံခါးလာခေါက်သည်မှာ လွန်ခဲ့သည့်ရက်အနည်းငယ်ကမှ မိမိနှင့်စကားများထားသည့် ကျန်းရှင်းဖြစ်လိမ့်မည်ဟု ကုမြောင်မထင်ထားခဲ့ပေ။ သူ ကျန်းရှင်းကိုတစ်ချက်ကြည့်ပြီး ဘာမှမပြောလိုက်ချေ။ ကျန်းရှင်းက မျက်နှာလိုမျက်နှာရလုပ်နေသည့်ပုံစံဖြင့် ပြုံးပြလိုက်ပြီး
“ခေါင်းဆောင်ကု။ ကျွန်တော် မှားသွားပါတယ်။ မနေ့ညက သေသေချာချာစဥ်းစားကြည့်လိုက်မှ ခေါင်းဆောင်ပြောချင်တဲ့အကြောင်းအရာက မှန်တယ်ဆိုတာကို ကျွန်တော်သိလိုက်ပါပြီ။”
ကုမြောင်က “အင်း” ဟုသာပြန်ပြောလိုက်ပြီးနောက် ကျန်းရှင်းကိုကြည့်ကာ ထပ်ပြောလိုက်သည်။ ကုမြောင်နှင့် ကျန်းရှင်းမှာ လုပ်ဖော်ကိုင်ဖက်များပင်။
“ဘာမဟုတ်တာလေးပါ။”
“ဝိုး။ ဒီနေ့တော့ စကားပြောရတာ အဆင်ပြေနေပါလား။”
ကျန်းရှင်းက ပြောလိုက်ပြီး တံခါးနားတွင်နေနေရာမှ ကုမြောင်ရှေ့ကထိုင်ခုံဆီသို့ အပြေးရောက်လာသည်။ ထို့နောက် သူကဆက်ပြော၏။
“ငါပြောပြမယ်။ လာမဲ့သတင်းစာရှင်းလင်းပွဲအတွက် ပြင်ဆင်ထားရင် ပိုကောင်းလိမ့်မယ်နော်။ အဲ့ဒါက CTO တစ်ယောက်အနေနဲ့ မင်းရဲ့ ပထမဆုံးပွဲဦးထွက်ဆိုတော့ သေသေချာချာလေး ပြင်ဆင်မှရမယ်။”
စကားအတော်များများပြောလိုက်ပြီးနောက် ကျန်းရှင်းက ရုတ်တရက်ရေဆာလာသဖြင့်
“သောက်စရာတစ်ခုခုရှိလား။”
ကုမြောင်က ဖုန်းပေါ်မှနံပါတ်တစ်ခုကိုနှိပ်ကာ အပြင်ဘက်မှ အတွင်းရေးမှူးကိုလှမ်းပြောလိုက်သည်။
“သောက်စရာတစ်ခုခုယူခဲ့ဦး။”
ကုမြောင်၏လုပ်ဆောင်ပုံတို့ကို ကျန်းရှင်းအံ့ဩသွားပြီး မေးလိုက်၏။
“မင်းဒီနေ့ဘာဖြစ်နေတာလဲ။ နေမကောင်းဘူးလား။ ဘာလို့ငါ့အပေါ်အရမ်းကောင်းနေရတာလဲ။”
ကုမြောင်က နှုတ်ခမ်းကိုစေ့ထားပြီး “အကူအညီတစ်ခုတောင်းစရာရှိတယ်။”
“ဘာအကူအညီလဲ။” ကျန်းရှင်းက စိတ်ဝင်စားလာ၏။
ကုမြောင်က လည်ချောင်းရှင်းလိုက်ပြီး
“ငါဒီရက်ပိုင်း အရေးကြီးတဲ့ event တစ်ခုရှိတယ်။ ဒါပေမဲ့ ငါအဝတ်အစားကိစ္စ စဥ်းစားစရာရှိနေလို့။”
“ဘာများလဲလို့။ ဒါလေးပဲလား။ ရတယ်လေ ငါကူညီပေးမယ်။ မင်းကို သေသေချာချာထောင့်စေ့အောင် ပြင်သွားဖို့ပြောနေတာကို ဝတ်စရာအင်္ကျီမရှိဘူးတဲ့ အဓိပ္ပာယ်မရှိတာ။”
ကျန်းရှင်းက စကားပြောနေရင်းနှင့်ရုတ်တရက် တစ်ခုခုကိုနားလည်သွားသကဲ့သို့ မေးလိုက်သည်။
“အိုး။ ဒါနဲ့ အရေးကြီး event ဆိုတာဘာလဲ။”
သူ့မျက်နှာပေါ်တွင် စနောက်တတ်သည့်အပြုံးတစ်ခုပေါ်လာပြီး ကုမြောင်ကိုထပ်မေးလိုက်သည်။
“ကောင်မလေးနဲ့ သွားတွေ့ဖို့လား။”
ဆောင်းရာသီ၏နေရောင်က ရုံးခန်းထဲသို့ဝင်ရောက်ကာ လင်းလက်နေစေသည်။ အတည်ပေါက်ပြောနေသည့် ကုမြောင်၏မျက်နှာကြောင့် ကျန်းရှင်းလန့်သွားခဲ့သည်။ မယုံကြည်နိုင်မှုတို့ဖြင့် တစ်ခဏငြိမ်သက်နေခဲ့ပြီးနောက် ကျန်းရှင်းက
“ဟ။ တကယ်ကြီးလား။ မင်းဘယ်တုန်းက ကောင်မလေးရသွားတာလဲ။”
ဘောပင်ကိုတင်းကျပ်စွာကိုင်ထားရင်း ကုမြောင်က ကျန်းရှင်း၏အံ့အားသင့်နေသောအကြည့်ကိုရင်ဆိုင်ကာ ပုံမှန်တည်တံ့နေကျမျက်နှာပေါ်တွင် ဂုဏ်ယူသည့်မျက်နှာထားတစ်ခုပေါ်လာသည်။
“ကောင်မလေးရှိတာ အတော်ကြာပြီ။”
ထိုနေ့က ကုမြောင်ကိုအဝတ်စားလိုက်ရွေးရန် အဖော်လိုက်ပေးခဲ့ရသည့်ကျန်းရှင်းတစ်ယောက် ကမ္ဘာကြီးလဲပြိုသွားသကဲ့သို့ ခံစားလိုက်ရလေသည်။
~~~
ဇန်နဝါရီလလယ်တွင် ပြင်းထန်သည့်ဆောင်းရာသီ ကျရောက်လာ၏။ ကောင်းကင်တစ်ခုလုံးမလင်းခင် ကုမြောင်နိုးလာပြီး သူ့မျက်လုံးထဲမှအိပ်ချင်စိတ်တို့ ချက်ချင်းပျောက်ကွယ်သွားသည်။
ထိုနေ့သို့ရောက်လာပြီပင်။
တစ်ပတ်လောက်ကြိုတင်ပြင်ဆင်ထားသည့် အဝတ်အစားများကိုဝတ်ကာ လေဆိပ်သို့ကိုယ်တိုင်ကားမောင်းသွားလေရာ မနက် (၅)နာရီတွင် လေဆိပ်သို့ရောက်လေသည်။ လေဆိပ်မှာ အေးစိမ့်၍ ခြောက်ကပ်နေ၏။ အလိုအလျောက်ပွင့်သော တံခါးများမှတစ်ဆင့် လေများလည်းတိုက်ခတ်နေသည်။ လေယာဥ်ဆင်းရန် (၃)နာရီလိုသေးတာကြောင့် ကုမြောင်က လေဆိပ်ဘေးမှ McDonald ဆိုင်တွင် ထိုင်လိုက်သည်။ အေးလှသောဆောင်းရာသီဖြစ်သဖြင့် သူ့လက်ထဲမှကော်ဖီကလည်း ခဏနှင့်အေးသွား၏။ သို့သော် သူ့မျက်လုံးထဲတွင်မူ မီးတောက်များတောက်လောင်နေသကဲ့သို့ အရောင်တလက်လက်ဖြစ်နေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ ကောင်းမွန်စွာဝတ်စားကာ McDonald’s ရှေ့တွင်ထိုင်နေသည့် သူ့အား ဖြတ်သွားဖြတ်လာသူများက ကြည့်လာကြသည်။ သူ့ဆံပင်ကို သေသေချာချာဖြီးထားသဖြင့် ချောမွတ်နေသည့်နဖူးပြင်ကိုမြင်နေရ၏။ ခြေထောက်ကိုကွေး၍ ထိုင်နေသည့်ပုံစံဖြင့်ပင် ပြီးပြည့်စုံသောခန္ဓာကိုယ်အချိုးအစားက ထင်ရှားသိသာနေလေသည်။ (၈)နာရီတိတိတွင် သူထလိုက်၏။ မနက်ခင်းနေရောင်ကို ကောင်းမွန်စွာခံစားနေရသည်။ ဝတ်စုံကို သေသေချာချာပြင်လိုက်ပြီး နက်မှောင်လေးနက်သည့်မျက်လုံးများကလည်း နေရောင်ထဲတွင် တောက်ပနေတော့သည်။
လူအုပ်ထဲတွင် ကုမြောင်က waiting area ၌ ရပ်နေပြီး မျှော်လင့်ချက်များပြည့်နှက်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် အချိန်ကလည်း ကုန်တာနှေးနေ၏။ တဒုတ်ဒုတ်နှင့် စည်းချက်ကျကျခုန်နေသော သူ့နှလုံးခုန်သံကို ကုမြောင်ကိုယ်တိုင်ပြန်ကြားနေရသည်။ လူအုပ်ကြီးကိုခြုံကြည့်ကာ ရှာဖွေလိုက်ပြီးနောက် တစ်မူထူးခြားစွာ ကွဲထွက်တောက်ပနေသည့်မိန်းကလေးကို သူတွေ့လိုက်ရသည်။ သူ(မ)က အဖြူရောင်ဆွယ်တာခပ်ပွပွကိုဝတ်ထားပြီး လေဆိပ်မှမီးအလင်းရောင်များကြောင့် ပါးပြင်ကလည်းဝင်းလက်နေသည်။
ရုတ်တရက် ကုမြောင်နှလုံးခုန်မြန်လာခဲ့သည်။ မိန်းကလေးက မော့ကြည့်လိုက်သည့်အခါ သူတို့အကြည့်ချင်းဆုံသွားကြ၏။ သူ(မ)က အပြုံးတစ်ပွင့်ဖြင့် လက်ကိုဖြန့်ကျက်ကာ ကုမြောင်ရင်ခွင်ထဲသို့ ချက်ချင်းဝင်လာတော့သည်။ ကုမြောင်၏နှလုံးသားထဲတွင် ပျားရည်လောင်းလိုက်သကဲ့သို့ခံစားရလေသည်။ မိန်းကလေးကို ရင်ခွင်ထဲတွင်ဖက်ထားရင်း ကုမြောင် မျက်ရည်စိုလာခဲ့သည်။
“နင်ပြန်လာပြီပဲ။”
သူ(မ)နဖူးကိုနမ်းကာ သူ ခပ်ဖွဖွပြောလိုက်၏။ သူ(မ)မော့ကြည့်လာသည့်အခါ မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများက အရောင်လက်နေခဲ့သည်။
“အင်း။”
သူ(မ)က ခြေဖျားထောက်ကာ သူ့နှုတ်ခမ်းကိုနမ်းလိုက်ပြီး
“နောက်တစ်ခါထပ်မသွားတော့ဘူး။”
အိမ်ပြန်လာသောခရီးသွားများနှင့် လူရှုပ်နေသည့်လေဆိပ်မနက်ခင်းတွင် သူတို့နှစ်ယောက်၏နှလုံးသားများကတော့ နွေးထွေးနေလေတော့သည်။
~~~
“မနက်စာစားပြီးပြီလား။”
ကုမြောင်က ကားမောင်းနေရင်းမေးလိုက်၏။
“မစားရသေးဘူး။”
ကားထဲတွင် Heater ဖွင့်ထားသဖြင့် အနွေးဓာတ်တစ်ခုရှိနေသည်။ ချန်ချူ့လက်ထဲတွင် အိတ်တစ်လုံးကိုင်ထား၏။
ကုမြောင်က
“ငါဒါလေးဝယ်လာတာ။ အခုနည်းနည်းစားထားလိုက်။ နေ့လယ်စာကျမှ ငါနင့်ကို စားကောင်းတဲ့ဟာ သေချာချက်ကျွေးမယ်။”
အိတ်ကိုဖွင့်ကြည့်လိုက်သောအခါ အာလူးကိတ်များနှင့်ဆန်ပြုတ်ကို တွေ့လိုက်ရသည်။ ချန်ချူက မြန်မြန်စားလိုက်ပြီး
“ငါတို့အခု နင့်အိမ်အသစ်ကိုသွားမှာလား။”
ကုမြောင်က ကားကိုသေချာမောင်းနေရင်း ပြန်ဖြေလိုက်၏။
“ဟုတ်တယ်။”
သူ(မ)ကြိုက်မကြိုက် သူ မသိပေ။ ချန်ချူက အိတ်ကိုဖွင့်ကာမုန့်စားနေသဖြင့် ကားတစ်စီးလုံးတွင် မုန့်နံ့များမွှေးနေတော့သည်။
လမ်းဘေးမှသစ်ပင်များကလည်း စိမ်းစိုနေ၏။ လမ်းတစ်လျှောက်မှမြင်ကွင်းများကိုကြည့်ရင်း ချန်ချူ နှလုံးခုန်မြန်လာသည်။ ထိုလမ်းများကို သူ(မ)ရင်းနှီးနေသည်။ ကုမြောင်က ကားကိုသေသေချာချာမောင်းနေသဖြင့် မတည်ငြိမ်မှုများမရှိသော်လည်း ချန်ချူ့လက်များက ထိန်းမရအောင်တုန်ယင်နေခဲ့သည်။ လက်ထဲတွင်ကိုင်ထားသည့် အာလူးကိတ်တစ်ဝက်က အဖြူရောင်ဆွယ်တာပေါ်သို့ပြုတ်ကျသွားပြီး ဆီအချို့စွန်းထင်းသွားလေသည်။
“ငါသုတ်ပေးမယ်။”
ကုမြောင်က သူ(မ)ကို tissue တစ်စလှမ်းပေးလိုက်ပြီး စိတ်ပူနေသောလေသံဖြင့်
“စိတ်နဲ့ကိုယ်နဲ့မကပ်ဘူးဖြစ်နေတာလား။ ကောင်းကောင်းမအိပ်ရလို့လား။”
“မဟုတ်ပါဘူး။”
ချန်ချူ ပြုံး၍ပြန်ပြောလိုက်၏။ အနက်ရောင် မာစီးဒီးဗန်ကားလေးက လူရှုပ်သောလမ်းများကိုဖြတ်ကာ တဖြည်းဖြည်းတိတ်ဆိတ်လာခဲ့သည်။ ဆောင်းလေကလည်း ညင်သာစွာတိုက်ခတ်နေ၏။
ကုမြောင် ကားရပ်လိုက်သောအခါ ချန်ချူလည်း ကားထဲမှထွက်လိုက်သည်။ သူ(မ)ရှေ့တွင်ရှိသော villa တစ်ခုကိုမြင်ပြီး စိတ်ထဲတွင် ခံစားချက်များရောထွေးကုန်တော့သည်။ ၎င်းမှာ သူတို့ယခင်ဘဝက အတူတူနေခဲ့သော villa ဖြစ်လေသည်။ သူ(မ)ကို အထဲခေါ်သွားသည့်ကုမြောင်ကမူ မျှော်လင့်ချက်များဖြင့်ပြည့်နှက်နေ၏။
ဧည့်ခန်းမှာ အလွန်ကျယ်ပြီး ကြမ်းပြင်ကလည်းချောမွေ့ကာ ပြတင်းပေါက်များမှတစ်ဆင့် နေရောင်ခြည်ကောင်းမွန်စွာဝင်ရောက်နေသည်။ ထောင့်တစ်နေရာတွင် ရှေးဟောင်း သစ်သားစန္ဒရားတစ်လုံးရှိ၏။ ချန်ချူ့လက်များအေးစက်နေသည်ကိုသတိထားမိသဖြင့် ကုမြောင်က heater ကိုမြှင့်ပေးရန် အိမ်ထိန်းကိုအမြန်ပြောလိုက်သည်။
“အပေါ်ထပ်ကိုခေါ်သွားပေးမယ်။”
အေးဆေးနေသည့်သူ့အသံတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်တို့ပါဝင်နေ၏။ လမ်းလျှောက်သွားရာတွင် သစ်သားကြမ်းပြင်မှမြည်သည့်ခြေသံတို့က အတိတ်ဘဝကိုပြန်အမှတ်ရစေခဲ့သည်။ သူတို့လမ်းလျှောက်နေရင်း ကုမြောင်၏ခန္ဓာကိုယ်အပူချိန်က ချန်ချူ့ကိုပါတဖြည်းဖြည်းနွေးထွေးလာစေသည်။
စင်္ကြံလမ်းက အနည်းငယ်ရှည်လျား၏။ တင်းကျပ်စွာပိတ်ထားသည့်တံခါးကို ကုမြောင်တွန်းဖွင့်လိုက်သည်။
“ဒါက နင့်အတွက်ပြင်ထားတဲ့အခန်းလေ။”
အချိန်အတော်ကြာကြာ မှေးမှိန်သွားခဲ့ပြီဖြစ်သော နာကျင်စရာမှတ်ဉာဏ်များက သူ(မ)စိတ်ထဲသို့ပြန်လည်ရောက်ရှိလာတော့သည်။
“ဒါဆို နင်ကဘယ်မှာအိပ်တာလဲ။”
ချန်ချူက တံခါးရှေ့တွင်ခံစားချက်မဲ့စွာရပ်ပြီး ကုမြောင်ကိုသာတည့်တည့်ကြည့်ကာ မည်သည့်အရာကိုမျှစိတ်မဝင်စားခဲ့ချေ။ ကုမြောင်က ရုတ်တရက်မှင်တက်သွားသော်လည်း ချက်ချင်းပင် စင်္ကြံလမ်းအဆုံးမှအခန်းကို ညွှန်ပြလိုက်သည်။
“ဟိုမှာ။”
ချန်ချူက နှုတ်ခမ်းကိုစေ့လိုက်ပြီး
“ငါဒီအခန်းမှာ မအိပ်ချင်ဘူး။”
“ဒါဆိုလည်း အခြားအခန်းတွေလိုက်ကြည့်တာပေါ့။ နင်ကြိုက်တဲ့အခန်းမှာနေလေ။”
ချန်ချူက သူ့စကားကိုဖြတ်၍
“ငါက နင်နဲ့အတူတစ်ခန်းတည်းအိပ်ချင်တာ။”
ကုမြောင်မှာ လန့်သွားသကဲ့သို့ ချက်ချင်း ရပ်တန့်သွားလေသည်။
“ငါနဲ့တစ်ခန်းတည်း အိပ်-အိပ်ချင်တာ ဟုတ်လား။”
ကုမြောင် စကားပါထစ်ကုန်၏။ ချန်ချူက မော့ကြည့်လိုက်သည့်အခါ မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများက မျက်ရည်စအချို့ဖြင့် တောက်ပနေသည်။
“မြောင်ကော ငါကြောက်တယ်။”
ကုမြောင်နှလုံးခုန်မြန်နေပြီး သူ(မ)မျက်ရည်များကိုသုတ်ပေးလိုက်ကာ သူ(မ)ကိုချော့လိုက်သည်။
“ဘာကိုကြောက်တာလဲ။ မကြောက်နဲ့နော် ငါရှိတယ်။”
မိန်းကလေးမှာ ယခင်ကကဲ့သို့ သူ့ကိုစနောက်နေခြင်းမဟုတ်ဘဲ အမှန်တကယ်ကြောက်လန့်နေခြင်းဖြစ်သည်ကို ကုမြောင်သိလိုက်ရသည်။ စင်္ကြံလမ်းတွင် တိတ်ဆိတ်နေ၏။ ကုမြောင်က ချန်ချူ့ကိုဖက်ထားရင်း အသံတိုးတိုးဖြင့် ချော့လိုက်သည်။
“ကြောက်တယ်ဆိုရင် ငါ့အခန်းထဲမှာနေလို့ရတယ်နော်။ ဟုတ်ပြီလား။”
မည်သည့်အရာပဲဖြစ်စေ ကုမြောင်တောင့်ခံနိုင်ပေသည်။ သန်မာအားကောင်းသည့်သူ့လက်မောင်းများက ချန်ချူ့ကိုဖက်ထားသဖြင့် အေးစက်မှုတို့ပျောက်ကွယ်ကာ နွေးထွေးမှုကိုခံစားလာရသည်။ ချန်ချူကလည်း သူ့ကိုပြန်ဖက်လိုက်ပြီး သူ(မ)နှလုံးသားကို အေးချမ်းသွားစေခဲ့သည်။
ချန်ချူစိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ်အားပေးလိုက်၏။
‘ကြောက်စရာမလိုတော့ပါဘူး။ ဒီဘဝက အရင်ဘဝနဲ့မတူဘူးလေ။’
ချန်ချူ စောစောပြန်လာခြင်းဖြစ်သောကြောင့် သူ(မ)မိသားစုကမသိသေးသော်လည်း သူငယ်ချင်းများက သိထားလေသည်။ နေ့လယ်ရောက်သော် လုကျောင်းကျောင်းနှင့် ကျိမင်ယွဲ့တို့က သူ(မ)ကိုစာပို့ပြီး မနက်ဖြန်ညတွင်ဖျော်ဖြေပွဲသွားရန်ခေါ်ကြ၏။ ထိုသတင်းကိုကြားသည့်အခါ မီးဖိုချောင်ထဲတွင်ဟင်းချက်နေသည့်ကုမြောင်က မှင်တက်သွားခဲ့တော့သည်။ ချန်ချူပြန်ရောက်သည်မှာ နာရီပိုင်းသာရှိသေးသည့်အချိန်တွင် အခြားသူများနှင့်အစီအစဥ်ဆွဲပြီးသားဖြစ်နေခဲ့သည်ပင်။ ကုမြောင် ခေါင်းငိုက်စိုက်ကျကာ သူ့မျက်နှာတွင်စိတ်ပျက်အားလျော့မှုတို့က သိသာနေခဲ့သည်။ ချန်ချူက တက်ကြွစွာဖြင့် သူ့ခါးကိုလှမ်းဖက်လိုက်ပြီး
“နင်ရောလိုက်ခဲ့ပါလား။”
ထိုအခါ ကုမြောင်ကပြုံးသွားပြီး ချက်ချင်းပင်သဘောတူလိုက်တော့သည်။
“လိုက်မှာပေါ့။”
“အရင်ဆုံး schedule လေးဘာလေးတောင် မကြည့်တော့ဘူးလား။ CTO တစ်ယောက်ရဲ့ schedule က အဲ့လောက်တောင်အေးဆေးတာလား။”
ချန်ချူ သူ့ကိုစနောက်လိုက်၏။
ကုမြောင်က ပြုံး၍ “မလိုပါဘူး။” ဟု ပြန်ဖြေလိုက်လေသည်။
‘နင့်အတွက်သာဆိုရင် ငါ့ schedule တွေအားလုံးက အေးဆေးပဲ။’
ချန်ချူက ရယ်မောကာ သူ့နောက်ကျောကိုပွတ်သပ်လိုက်ပြီး
“နင်ကတော့လေ အခုကတည်းက ခပ်မိုက်မိုက်ခေါင်းဆောင်တစ်ယောက်လိုလုပ်နေပါရောလား။”
ကုမြောင်က ထူးဆန်းစွာဖြင့်နှုတ်ခမ်းကိုစေ့လိုက်ပြီး
“နင်ငါ့ကိုဘယ်လိုထင်လဲ။”
“ဟမ်။”
ချန်ချူ ရပ်လိုက်ပြီး နားရွက်များနီလာခဲ့သည်။ သူ့အသံမှာ အေးစက်ကြည်လင်နေသော်လည်း ချိုမြိန်မှုတစ်ခု ပါဝင်နေလေသည်။
“ငါကတော့ နင့်ရဲ့ပုံစံ နှစ်မျိုးစလုံးကိုကြိုက်တယ်။”
ကုမြောင်နှလုံးခုန်မြန်နေသည်ကိုသတိမထားမိဘဲ ချန်ချူကဆက်ပြော၏။
“အရင်တုန်းကမြင်ဖူးတဲ့ ရှက်တတ်တဲ့ကုမြောင်ပဲဖြစ်ဖြစ် အခုမြင်နေရတဲ့ ခပ်မိုက်မိုက်ခေါင်းဆောင် မြောင်ကောပဲဖြစ်ဖြစ် နှစ်ခုစလုံးကိုသဘောကျတယ်။”
ကုမြောင်တစ်ယောက် သူ့နှလုံးသားကိုတစ်ယောက်ယောက်ကဆုပ်ကိုင်ထားသကဲ့သို့ခံစားရပြီး အသက်ရှူပင်ရပ်လုမတတ်ဖြစ်သွား၏။ ထိုအချိန်တွင် အာလူးလှီးနေခြင်းဖြစ်ရာ လက်တုန်လာသဖြင့် သူ့လက်ချောင်းများကိုဓားထိလုမတတ်ပင်။ ၎င်းကိုသတိမထားမိသည့်မိန်းကလေးက ရယ်မောနေပြီး ပျော်ရွှင်မှုများပြည့်နှက်နေသည့်အသံဖြင့် စကားဆက်ပြောလေသည်။
“ဒါပေမဲ့ မြောင်ကောကလည်း ကုမြောင်ပါပဲလေ။ အမြဲတမ်း နားရွက်နီပြီးရှက်နေတာဆိုတော့။”
“မဟုတ်ဘူး။ အဲ့လိုမဟုတ်ဘူးနော်။”
ကုမြောင်နားရွက်များ သာမန်နှင့်မတူဘဲနီရဲနေသော်လည်း ကုမြောင်က ငြင်းဆန်ရန်ကြိုးစားနေသေးလေ၏။
“ဝန်မခံဘူးဆိုရင် နီနေတဲ့နားရွက်တွေကိုနမ်းမှာနော်။”
ချန်ချူက စနောက်၍ထပ်ပြောလိုက်၏။ မူလကနှလုံးခုန်မြန်နေဆဲဖြစ်သော ကုမြောင်နှလုံးသားမှာ အထိန်းအချုပ်မဲ့သွားလေတော့သည်။ ဝန်မခံလျှင်အဆင်မပြေနိုင်မည့်အခြေအနေမျိုးပင်။
ကုမြောင်ခေါင်းငုံ့လိုက်၏။ သူ့မျက်လုံးထဲတွင် ရှက်နေသည့်အရိပ်အယောင်တို့ရှိနေသည်။ သူဘာမှမပြောနိုင်ခင်တွင် ချန်ချူကခြေဖျားထောက်လိုက်ပြီး သူ့နားရွက်ကိုလှမ်း၍နမ်းလိုက်တော့သည်။
အေးလှသောဆောင်းရာသီတွင် နွေးထွေးသည့်လေပြည်နှင့် ချိုမြိန်သည့်အနံ့တစ်ခုက ကုမြောင်နားရွက်နားတွင် ဖြတ်သန်းသွား၏။ နှလုံးသားက မည်သည့်အခါနှင့်မျှမတူဘဲ လျင်မြန်စွာခုန်နေသောကြောင့် ကုမြောင်လုံးဝအရှုံးပေးလိုက်လေပြီ။
“ခုထိတောင်ဝန်မခံသေးဘူးပေါ့။”
ချန်ချူ သူ့နားရွက်နားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။
“ငါ-ငါ ဝန်ခံပါပြီ။”
နောက်ဆုံးတွင် ကုမြောင်ဝန်ခံလိုက်ရသည်။ အနိုင်ရသွားသည့်အခါမှသာ မိန်းကလေးကပြုံး၍ သူ့ကိုလွှတ်ပေးတော့လေသည်။
အပြင်ဘက်တွင် ရာသီဥတုသာယာနေ၏။ မီးဖိုချောင်ထဲတွင်လည်း တိတ်ဆိတ်နေသည်။ ပျော်ရွှင်မှုများပြည့်နှက်နေသည့်မိန်းကလေးကို ကုမြောင်လှမ်းကြည့်လိုက်သောအခါ သူ့နှလုံးသားထဲတွင် ကျေနပ်မှုများပြည့်နှက်သွားလေတော့သည်။
*****
Aurora Novel Translation Team