Chapter 64
ဆောင်းရာသီ၏နေ့ရက်များမှာ အုံ့မှိုင်းလျက်ရှိသည်။
ကုမြောင်၏ကုမ္ပဏီသို့ ချန်ချူရောက်သောအခါ ကောင်းကင်ကမှောင်နေလေပြီ။ ယနေ့ည ဖျော်ဖြေပွဲသွားမည်ဖြစ်သောကြောင့် သူ(မ) သေသေချာချာဝတ်စားလာ၏။ ကောက်ထားသည့်ဆံပင်လှိုင်းများက ခါးအထိဆင်းကျနေပြီး ဝိုင်းစက်နေသည့်မျက်လုံးများကလည်း ကြယ်များကဲ့သို့တောက်ပနေသည်။ ချန်ချူက ပင်ကိုလှပြီးသားလူဖြစ်သဖြင့် မိတ်ကပ်ဖြင့်ချယ်သလိုက်သည့်အခါ ပို၍ပေါ်လွင်နေသည်။ ဧည့်ကြိုကပင် သူ(မ)အလှကိုငေးကြည့်နေမိပြီးမှ မေးလာ၏။
“ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ။’
ချန်ချူပြုံးလိုက်သည့်အခါ ပါးပေါ်တွင်ပါးချိုင့်လေးပေါ်လာသဖြင့် ပို၍ပင်လှပနေတော့သည်။
“ခေါင်းဆောင် မစ္စတာကုနဲ့တွေ့ချင်လို့လာတာပါ။”
ဧည့်ကြိုက တစ်ခဏတုံ့ဆိုင်းသွားပြီး စိတ်ထဲမှသိချင်စိတ်များကိုထိန်းချုပ်ကာ ယဥ်ကျေးမှုဖြင့်မေးလိုက်သည်။
“ဟုတ်ကဲ့ပါ။ surname လေးတစ်ချက်လောက် ပြောပေးပါရှင့်။ သတင်းပို့ဖို့လိုအပ်လို့ပါ။”
“surname က ချန်ပါ။”
ဧည့်ကြိုစားပွဲဘေးတွင် သားရေဆိုဖာတစ်လုံးရှိသဖြင့် ဧည့်ကြိုမိန်းကလေးက ချန်ချူ့ကို ထိုဆိုဖာတွင်ထိုင်စေပြီး ရေတစ်ခွက်ငှဲ့ပေးလေသည်။ ချန်ချူ ထိုရေကိုတစ်ငုံပင်မသောက်ရသေးခင်တွင် ကုမြောင်က လှေကားမှတံခါးကို အလျင်အမြန်ဖွင့်လိုက်သဖြင့် ဧည့်ကြိုမိန်းကလေးပင် လန့်သွားခဲ့ရသည်။
‘ဘာလို့မစ္စတာကုက သူကိုယ်တိုင်ချက်ချင်းဆင်းလာတာလဲ။ ဓာတ်လှေကားလည်းမသုံးဘူး။’
သူ(မ)က လန့်သွားပြီး ကုမြောင်ကိုရှင်းပြလိုက်သည်။
“မစ္စတာကု။ ဒီမိန်းကလေးက မစ္စတာကုကိုလာရှာတာလို့ပြောပါတယ်။ ကုမ္ပဏီရဲ့စည်းကမ်းအရ ရုံးခန်းထဲကိုတိုက်ရိုက်မလွှတ်လိုက်တာပါ။”
ချန်ချူက တစ်ဖက်လှည့်ကာ သူ(မ)ကိုပြုံးပြလိုက်ပြီး
“ရပါတယ်။”
ထို့နောက် ချန်ချူက မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများဖြင့်ကြည့်ကာ
“ဟုတ်တယ်မလား မစ္စတာကု။”
ကုမြောင်လည်း အသံကိုနှိမ့်လိုက်ပြီး
“ဟုတ်တယ်။ နောက်တစ်ခါဒီမိန်းကလေးလာရင် သူ(မ)ကို ရုံးခန်းထဲ ချက်ချင်းဝင်ခွင့်ပေးလိုက်။”
ဧည့်ကြိုစားပွဲမှမိန်းကလေးက သူတို့နှစ်ယောက်ကိုကြည့်ပြီး ခေါင်းညိတ်ပြလေသည်။
“ဟုတ်ကဲ့ ဟုတ်ကဲ့။”
ဧည့်ကြိုမိန်းကလေးက သူ(မ)အလုပ်နေရာသို့ချက်ချင်းပြန်သွားပြီး ဖုန်းကိုဖွင့်လိုက်သည်။ အလွန်စိတ်လှုပ်ရှားကာ လက်တုန်နေသဖြင့် စာကိုပင်သေသေချာချာမရိုက်နိုင်ခဲ့ပေ။
“အခုပဲ အထွေထွေမန်နေဂျာကုရဲ့ကောင်မလေးက သူ့ကိုလာတွေ့သွားတယ်။ ငါကိုယ်တိုင် စကားပြောခဲ့တာ။”
ထိုစာတစ်စောင်ထွက်သွားသည်နှင့် group chat တစ်ခုလုံး အုံကြွသွားတော့သည်။
“ဘာ။ တကယ်လား။”
“အထွေထွေမန်နေဂျာကုမှာ ကောင်မလေးရှိတာလား။ ဒီလောက်အေးစက်တဲ့ပုံစံနဲ့ကို သူ့ကောင်မလေးက အေးခဲပြီးမသေသွားဘူးလားမသိဘူး။”
“အနည်းဆုံးတော့ သူကရုပ်ချောတယ်လေ။ အေးစက်ပြီး အလုပ်ကြိုးစားတာလောက်ကတော့ အဆင်ပြေမှာပါ။”
“သူ့ကောင်မလေးက ဘယ်လိုပုံစံလဲဆိုတာ သိချင်နေတာငါတစ်ယောက်တည်းလား။”
ဧည့်ကြိုမိန်းကလေးက ခပ်မြန်မြန်စာပြန်လိုက်သည်။
“အရမ်းကိုလှတာ။ အသားအရေကလည်း ချောမွေ့ပြီး ချွေးပေါက်ဆိုတာတစ်ခုမှကိုမရှိဘူး။ ဆယ်လီတွေထက်တောင် လှတယ်လို့ပြောလို့ရတယ်။ ပြီးတော့ အရမ်းလည်း သိမ်မွေ့တာနော်။”
Message တစ်စောင်ပြီးတစ်စောင်ပို့နေရင်း သူ(မ)ကျေနပ်နေခဲ့သည်။
“ပြီးတော့လေ။ မစ္စတာကုကလည်း သူ့ကောင်မလေးနဲ့ဆို အရမ်းနူးညံ့နေတာ။ ခုလေးတင်ပဲ သူ(မ)အိတ်ကိုကူသယ်ပေးသွားတာ။ ပင်ပန်းနေလား၊ နေ့လယ်ရောအိပ်ရဲ့လားဆိုပြီး သူ့ကောင်မလေးကိုဂရုတစိုက်မေးနေတာတောင် ငါကြားလိုက်သေးတယ်။ သူတို့တွေ အတူတူနေကြတာလားမသိဘူး။”
Group chat တစ်ခုလုံးက စိတ်လှုပ်ရှားမှုများဖြင့် အုံကြွနေ၏။
“အမယ်လေး။ ငါလည်းတွေ့လိုက်တယ်အခုပဲ။ မစ္စတာကုနဲ့ မိန်းမလှလေးနဲ့ ရုံးခန်းထဲကိုဝင်သွားတာ။ (၂)မိနစ်လောက်နေတော့ အိတ်တွေယူပြီးထွက်သွားတာပဲ။”
“သူတို့တွေ သွားဒိတ်နေတဲ့အချိန်မှာ ငါတို့ကဘာလို့ အလုပ်လုပ်နေရသေးတာလဲ။”
ထိုအချိန်တွင် အခြားတစ်ဖက်မှကုမြောင်မှာ Group Chat ထဲတွင်ဖြစ်နေသောဂယက်များကို မသိခဲ့ပေ။ ချန်ချူ့လက်ကို ပျော်ရွှင်စွာတွဲထားပြီး သူ(မ)အတွက် ကားတံခါးဖွင့်ပေးလိုက်လေသည်။
“ငါတို့အရင်ဆုံး တစ်ခုခုသွားစားမယ်မလား။ ငါ reservation လုပ်ထားတယ်။”
ကုမြောင် ကားကိုကွေ့လိုက်ရင်း ပြောလိုက်သည်။ ချန်ချူက ကုမြောင်မျက်လုံးအောက်မှ မျက်ကွင်းညိုကိုကြည့်ကာ
“စားပြီးရင် အိမ်ပြန်ပြီးခဏလောက်အိပ်လိုက်ပါလား။ ငါ့ဘာသာငါ သွားလိုက်လို့ရပါတယ်။”
ကုမြောင်က ဂိမ်းကုမ္ပဏီတစ်ခုတွင်အလုပ်လုပ်၏။ ဤရက်ပိုင်းတွင် ဂိမ်းတစ်ခုထွက်ရန်အတွက် အလုပ်ရှုပ်နေကြသဖြင့် ကုမြောင်တွင် အချိန်မရှိခဲ့ပေ။ သို့သော် ချန်ချူနှင့်ဂီတပွဲသွားနိုင်ရန် သူအတတ်နိုင်ဆုံးကြိုးစားခဲ့သည်။ ချန်ချူကတော့ သူ့ကို မလိုက်ခိုင်းဘဲ ပြန်နားစေချင်သည်။
“ရပါတယ်။”
မီးနီနေချိန်တွင် ကုမြောင်က ချန်ချူ့ခေါင်းကိုလှမ်းပုတ်ပြီး နွေးထွေးစွာပြောလိုက်သည်။
“အလုပ်ရဲ့ အပိုင်းတချို့ကိုပြီးထားပြီဆိုတော့ ဒီရက်ပိုင်း အိမ်စောစောပြန်လို့ရတယ်။”
ချန်ချူ သူ့ကို ဘာမှဆက်မပြောခဲ့သော်လည်း စိတ်ပူနေသည့်သူ(မ)မျက်လုံးများက ကုမြောင်နှလုံးသားကို အရည်ပျော်သွားစေခဲ့သည်။ သူ့လည်စေ့က အပေါ်အောက်ဆက်တိုက်လှုပ်ရှားနေပြီး ခပ်ဩဩအသံတစ်ခုဖြင့်
“နင်နဲ့အတူ ဖျော်ဖြေပွဲသွားပြီးရင် သေသေချာချာလေးပြန်နားမယ်လို့ ငါကတိပေးပါတယ်။”
“ဟုတ်ပါပြီ။”
ထိုအခါမှသာ ချန်ချူသက်ပြင်းချနိုင်တော့သည်။
အနက်ရောင်မာစီးဒီးကားတစ်စီးက ညအမှောင်ထဲသို့မောင်းနှင်နေ၏။ Private Kitchen Restaurant မှ ဟင်းလျာများအားလုံးက စားကောင်းတာကြောင့် ချန်ချူ ချီးကျူးမဆုံးတော့ချေ။ စားသောက်ဆိုင်ထဲမှ ထွက်လာသည့်အချိန်တွင် ကောင်းကင်၌ လသာနေလေပြီ။
“ငါတို့တော့ ခပ်မြန်မြန်လေးသွားရမယ်ထင်တယ်။”
ချန်ချူက ဖုန်းကိုထုတ်ကြည့်လိုက်၏။
“ကျောင်းကျောင်းနဲ့ မင်ယွဲ့ကစောင့်နေပြီတဲ့။”
“အိုကေ။ မြန်မြန်မောင်းလိုက်မယ်။”
ကုမြောင်လည်း အနည်းငယ်စိတ်ပူနေမိသည်။ ကံကောင်းစွာဖြင့် သူတို့လမ်းခရီးက ချောမွေ့နေပြီး ကားပိတ်မှုတို့မကြုံခဲ့ရပေ။ ဖျော်ဖြေပွဲရှေ့မှလူအုပ်ကြီးမှာ ပြည့်ကျပ်လျက်ရှိ၏။ ထိုတီးဝိုင်းမှာ နိုင်ငံတကာ၌လူသိများသဖြင့် tour ပြုလုပ်ရာတွင် Shenghai ကိုလည်းလာရောက်ခဲ့ခြင်းပင်။ ဂီတကိုချစ်မြတ်နိုးသူများက ထိုအခွင့်အရေးကိုလက်လွှတ်မခံနိုင်ကြဘဲ ထိုသတင်းကိုကြားသည်နှင့် လက်မှတ်များကိုဝယ်ယူကြလေသည်။ ကံကောင်းစွာဖြင့် ကျိမင်ယွဲ့တွင် အချိတ်အဆက်ကောင်းကောင်းရှိသောကြောင့် လက်မှတ်(၄)စောင်ကို ကြိုတင်ဝယ်ယူလိုက်နိုင်ခဲ့သည်။ မူလက လင်းချီဖိန်ကိုခေါ်လာရန်အတွက် လက်မှတ်(၄)စောင်ဖြတ်ထားခြင်းဖြစ်သော်လည်း လင်းချီဖိန်ကမလာချင်သောကြောင့် ကုမြောင်ကို ထိုလက်မှတ်ပေးလိုက်ခြင်းဖြစ်သည်။
ဖျော်ဖြေပွဲထဲမှအလင်းရောင်မှာ အလွန်မလင်းဘဲ သင့်တင့်မျှတစွာရှိနေသည်။ ပဏာမတေးကိုဖျော်ဖြေပြီးနောက် သံစုံစပ်တေးသွားဖြစ်သော “Ninth Symphony” ကိုဖျော်ဖြေခဲ့သည်။ ထိုတီးဝိုင်း၏တေးဂီတတို့မှာ အလွန်လက်ရာပြောင်မြောက်သဖြင့် ချန်ချူက အလွန်စိတ်လှုပ်ရှားကာ ပျော်ရွှင်နေခဲ့သည်။ ကျိမင်ယွဲ့နှင့် လုကျောင်းကျောင်းတို့ကလည်း စိတ်လှုပ်ရှားစွာဖြင့် စင်မြင့်ကိုသာငေးကြည့်နေကြသည်။ မြူးကြွသည့်ဂီတသံကြားတွင် ချန်ချူ ရုတ်တရက် သူ(မ)ပခုံးကိုပုတ်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။ ထိုအခိုက်အတန့်တွင် ကုမြောင် သူ(မ)ဘေးတွင်ထိုင်နေသည်ကို သူ(မ)မေ့နေခဲ့ပြီး လှည့်ကြည့်လိုက်မှသာ သိတော့လေသည်။ မီးရောင်အောက်တွင် သူ(မ)ဘေးတွင်ထိုင်နေသည့်ကောင်လေးမှာ မျက်လုံးတစ်ဝက်သာပွင့်တော့ပြီး သူ့မျက်ခုံးတို့မှာ မောပန်းမှုများစွာဖြင့် မျက်မှောင်ကြုတ်လျက် သူ့ကိုယ်သူပင်မသိလိုက်ဘဲ သူ(မ)ပေါ်သို့ မှီမိနေသည်။ ရုတ်တရက် ချန်ချူစိတ်မကောင်းဖြစ်သွားပြီး သူ့ခေါင်းကို အသာအယာထိန်းပေးလိုက်သည်။ အိပ်ပျော်နေသည့်အခြေအနေတွင်ရောက်နေသဖြင့် ရုတ်တရက် ထိလိုက်သည်ကိုသိသည့်အခါ ကုမြောင်ချက်ချင်းနိုးလာ၏။ ကျိမင်ယွဲ့နှင့် လုကျောင်းကျောင်းတို့ကလည်း လှည့်ကြည့်နေကြသဖြင့် မိန်းကလေး(၃)ယောက်လုံး၏အကြည့်တွေက သူ့ထံတွင်သာရောက်နေခဲ့သည်။ ထိုအခိုက်အတန့်တွင် ကုမြောင် ထိုနေရာမှ သေးသေးလေးဖြစ်ကာ ပျောက်ကွယ်သွားချင်နေ၏။ ကံကောင်းစွာဖြင့် ကုမြောင်နေရမခက်စေရန်အတွက် ကျိမင်ယွဲ့နှင့် လုကျောင်းကျောင်းတို့က အလိုက်တသိပြန်လှည့်သွားပြီး ဖျော်ဖြေပွဲကိုသာအာရုံစိုက်လိုက်ကြသည်။
ကုမြောင် လက်သီးဆုပ်ထားမိပြီး စိတ်ထဲတွင်ဆောက်တည်ရာမရဖြစ်နေခဲ့သည်။ ထို့နောက် သူ ချန်ချူ့ကိုကြည့်လိုက်၏။
‘သူ(မ)သူငယ်ချင်းတွေရှေ့မှာ သူ(မ)ကိုအရှက်ခွဲမိသွားပြီလား။’
ထို့နောက် ကုမြောင် ဆက်ပြီးအိပ်မပျော်တော့ချေ။ ချန်ချူကိုသာကြည့်နေပြီး စိတ်ပူပန်နေခဲ့သည်။ ကံကောင်းစွာဖြင့် နားချိန်ရောက်လာ၏။ ချန်ချူက ကုမြောင်လက်ကိုပုတ်ကာ တိုးတိုးလေးကပ်ပြောလိုက်သည်။
“နင်အိမ်ပြန်ပြီး နားလိုက်ပါလား။”
လွန်ခဲ့သောရက်များက ကုမြောင် အလုပ်များနေခဲ့သဖြင့် ညဘက်အိပ်ရာဝင်နောက်ကျခဲ့သည်။ သို့သော် ချန်ချူက သူ့ကိုထိုအတိုင်းဆက်မနေစေချင်ပေ။ ကုမြောင်က အမြဲတမ်း သူ့ကျန်းမာရေးကိုဂရုမထားဘဲ ချန်ချူ့လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန် အလုပ်ကိုသာအာရုံစိုက်နေခြင်းပင်။ ကုမြောင် နှုတ်ခမ်းစေ့လိုက်ပြီး သူ့မျက်နှာကလည်း အနည်းငယ်ဖျော့တော့သွားသည်။ ထို့နောက် အသံကိုနှိမ့်ကာ စိတ်ပူနေသည့်အသံဖြင့်
“ငါတောင်းပန်ပါတယ် ချူချူ။ အိပ်ပျော်သွားဖို့ တကယ်မရည်ရွယ်ပါဘူး။ အခုကစပြီး သေသေချာချာနားထောင်ပါ့မယ်လို့ ကတိပေးပါတယ်နော်။”
“ငါနင့်အတွက် ဒရိုင်ဘာတောင်ခေါ်ထားပြီးပြီ။”
ချန်ချူ့စကားသံမှာ သေချာနေ၏။
“အခုချက်ချင်းအိမ်ပြန်ပြီး အိပ်ရာထဲတန်းဝင်အိပ်လိုက်တော့။ ငါပြောတာကြားတယ်မလား။”
ကုမြောင်မျက်နှာမှာ ပို၍ပင်ဖျော့တော့သွားပြီး ချန်ချူ့လက်ကိုလှမ်းကိုင်ကာ အားနည်းနေသည့်အသံဖြင့်
“ငါတောင်းပန်ပါတယ် ချူချူ။”
သူ့အသံထဲတွင် သနားစရာကောင်းသည့် tone ကိုကြားရသဖြင့် ချန်ချူ စိတ်မကောင်းဖြစ်သွားပြန်၏။ သူ(မ) သူ့လက်ကိုသေသေချာချာကိုင်လိုက်ပြီး ညင်သာသောအသံဖြင့်
“ငါစိတ်ဆိုးတာမဟုတ်ပါဘူး။ တကယ်ပါ။ ငါနင့်ကျန်းမာရေးကိုစိတ်ပူလို့။ ကျေးဇူးပြုပြီး အိမ်ပြန်နားလိုက်ပါနော်။ ပွဲပြီးရင် သူတို့က BBQ စားကြဦးမှာဆိုတော့ အရမ်းနောက်ကျသွားမှာ။”
ဂီတပွဲသို့လာကြသူများမှာ အလွန်ယဥ်ကျေးမှုရှိကြ၏။ နားချိန်တွင်ပင် အသံကျယ်ကျယ်စကားမပြောကြချေ။
ကုမြောင်က ခေါင်းငုံ့လိုက်ပြီး “အင်းပါ။ နင့်စကားနားထောင်ပါ့မယ်။”
“ကောင်းတယ်။” ချန်ချူက သက်ပြင်းချလိုက်ပြီးမှ သူ့ကိုထပ်၍ သတိပေးလိုက်သည်။
“အိမ်ပြန်ရောက်တာနဲ့ ချက်ချင်းအိပ်နော် ကြားလား။”
အရပ်ရှည်ရှည်ကောင်လေးက လိမ္မာစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။
“အိုကေ။ ဒရိုင်ဘာရောက်နေပြီတဲ့။ မြန်မြန်သွားတော့။”
အနီးနားမှလူတွေ သတိမထားမိသည့်အချိန်တွင် ချန်ချူ သူ့ကိုမှီကာ သူ့နှုတ်ခမ်းကို ခပ်ဖွဖွနမ်းလိုက်သည်။
“စကားနားထောင်တာ လိမ္မာတယ်။ ငါပြန်လာလို့ မအိပ်ဘဲငါ့ကိုစောင့်နေတာတွေ့ရင်တော့ တကယ်စိတ်ဆိုးမှာနော်။”
ကုမြောင်က ခေါင်းညိတ်လိုက်ပြီး “အင်းပါ။ ပြန်ပြီး ချက်ချင်းအိပ်လိုက်ပါ့မယ်။”
နားချိန်အတွင်း လူတချို့က ဟိုဟိုသည်သည် တစ်ခဏလမ်းလျှောက်ကြ၏။ ကုမြောင်ထွက်သွားပြီးနောက် လုကျောင်းကျောင်းက ချန်ချူ့နားကပ်လာပြီး
“အမယ်လေး ချူချူ။ ငါကတော့ နင့်ကိုလေးစားတယ်။ ခေါင်းဆောင်ကုက တကယ် နင့်စကားတစ်ခွန်းပါပဲလား။”
ကျိမင်ယွဲ့ကလည်း ခေါင်းညိတ်ကာ သဘောတူ၏။
“ဟုတ်တယ်။ ခုနက နင့်ကိုတောင်းပန်နေတာ ငါကြားလိုက်တယ်။ သူက အရမ်းလိမ္မာတာပဲဟယ်။ အရင်တစ်ခါတုန်းက လင်းချီဖိန်ဆို တစ်ပွဲလုံးအိပ်တာ။ ငါသူ့ကိုနည်းနည်းဆူလိုက်တာနဲ့ နောက်ဆို ဒီလိုပျင်းစရာကောင်းတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး သူ့ကိုမနှောင့်ယှက်နဲ့တဲ့။”
ချန်ချူက ခေါင်းရမ်းလိုက်ပြီး
“ငါတို့တွေနောက်ဆို ဒီလိုပွဲမျိုးကို ကိုယ့်ဘာသာကိုယ်လာတာပဲကောင်းပါတယ်။ သူတို့ကို အနှောင့်အယှက်မပေးကြရအောင်။”
“ဟုတ်တယ်။”
ကျိမင်ယွဲ့ကလည်း ထောက်ခံလိုက်သည်။
ကုမြောင်ထွက်သွားပြီးနောက် သူတို့(၃)ယောက်သား ဖျော်ဖြေပွဲထဲတွင် အာရုံစိုက်ထားကြ၏။ ဒုတိယပိုင်းပြီးသည့်အခါ hall ထဲမှထွက်ခဲ့ကြသော်လည်း စိတ်ကျေနပ်မှုမရှိကြပေ။
ဆောင်းညမြင်ကွင်းမှာ အလင်းရောင်များဖြင့် တလက်လက်တောက်ပနေ၏။ သူတို့သုံးယောက် သွားနေကျဖြစ်သော စားသောက်ဆိုင်သို့သွား၍ အသားကင်စားကာ ဘီယာသောက်ကြသည်။ လွန်ခဲ့သောတစ်နှစ်က ကျိမင်ယွဲ့နှင့် လင်းချီဖိန်တို့စေ့စပ်ခဲ့ကြသောကြောင့် ယခုတွင် သူတို့က မင်္ဂလာအိမ်ပင် အဆင်သင့်ဖြစ်နေလေပြီ။ ကျိမင်ယွဲ့၏စကားလုံးများမှာ အမြဲတစေ မကျေမနပ်နှင့် စောဒကတက်နေခြင်းမျိုးဖြစ်နေသော်လည်း သူ(မ)မျက်လုံးထဲမှပျော်ရွှင်မှုများကို ဖုံးမထားနိုင်ခဲ့ပေ။
ထိုစားသောက်ဆိုင်ပိုင်ရှင်မှာ မုတ်ဆိတ်မွေးဖြင့် အသက်အလတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး ချန်ချူတို့(၃)ယောက်နှင့်လည်း ရင်းနှီးလေသည်။ သူတို့(၃)ယောက်ကိုတွေ့သည့်အခါ ဝက်သားကင်များ ပိုထည့်ပေး၏။
“ကောင်လေးနဲ့လာစားခဲ့တာ ဘယ်လောက်တောင်ကြာသွားပြီလဲ။”
ဆိုင်ရှင်က အသားကင်အပြည့်ပါသော စတီးပန်ကန်းပြားကိုချကာ ကျိမင်ယွဲ့ကိုပြုံး၍မေးလိုက်၏။ လုကျောင်းကျောင်းက အာလူးကင်တစ်လုံးကိုကိုက်လိုက်ပြီး ပြုံးကာ
“အခုဆို သူ့ကောင်လေးတောင်မဟုတ်တော့ဘူး။ သူ့ယောက်ျားဖြစ်တော့မှာ။”
“တကယ်လား။ Congratulations ပါ။”
ဆိုင်ရှင်က ပြုံးပြကာနှုတ်ဆက်လိုက်ပြီး
“ဒါဆိုဒီည အမဲသားကင်လည်း အပိုပေးလိုက်မယ်။ စားသွားဦး။”
အေးစက်နေသောဆောင်းညတွင် ဘီယာသောက်ကာစကားပြောနေသည့်နေရာတစ်ခုမှာ အခြားနေရာများနှင့်မတူဘဲ နွေးထွေးအသက်ဝင်နေခဲ့သည်။ ညရောက်သော် လင်းချီဖိန်က သူတို့ကိုလာကြိုသွား၏။ ဘီယာသောက်ထားသဖြင့် ကျိမင်ယွဲ့၏ပါးမှာ နီးမြန်းနေပြီး သူ(မ)ပြောဆိုသည့်စကားများမှာလည်း အနည်းငယ် ဗလုံးဗထွေးဖြစ်နေခဲ့သည်။
“ချူချူ။ နင်နဲ့ကုမြောင်က ဘယ်တော့လက်ထပ်ကြမှာလဲ။”
ချန်ချူ အတော်များများသောက်ခဲ့သော်လည်း အလွန်မူးမနေခဲ့ပေ။
“မသိဘူး။”
သူ(မ)က ကားပြတင်းပေါက်မှတစ်ဆင့် ဖြတ်သန်းသွားသောအလင်းရောင်များကိုကြည့်၍ ညင်သာစွာပြန်ဖြေလိုက်သည်။
“ဒါဆို ငါ့မင်္ဂလာဆောင်ကျရင် သတို့သမီးအရံလာလုပ်ပေါ့။”
ကျိမင်ယွဲ့က သူ(မ)ကိုဖက်လိုက်ရင်းပြောလိုက်ရာ အရက်နံ့တို့မွှန်ထူသွားသည်။ ချန်ချူ သူ(မ)ကိုဖယ်ထုတ်လိုက်သော်လည်း ညင်သာသောစကားလုံးများဖြင့်သာ ပြန်ပြောလိုက်သည်။
“အင်းပေါ့။ လုပ်မှာပေါ့။”
“ဟီးဟီးဟီး။”
ကျိမင်ယွဲ့က ရယ်လိုက်ပြီး ချန်ချူ့ဘက်သို့မှီကာ
“နင်လည်း မြန်မြန်မင်္ဂလာဆောင်သင့်ပြီ။”
“အေးပါ အေးပါ။ လင်းချီဖိန်။ နင့်မိန်းမကိုလည်း ထိန်းပါဦး။”
ချန်ချူ ကျိမင်ယွဲ့ကို ဘေးသို့ဖယ်လိုက်ပြီး
“ငါဒီမှာပဲ ဆင်းတော့မယ်။ ရောက်ပြီ။”
လင်းချီဖိန်က ကျိမင်ယွဲ့ကိုလှမ်းထိန်းလိုက်ပြီး ချန်ချူအား
“ဂရုစိုက်ပြန်ဦး။”
“အေးပါ။”
ချန်ချူလည်း လက်ပြနှုတ်ဆက်လိုက်သည်။
Villa အပြင်ဘက်တွင်စိုက်ထားသောသစ်ပင်များက ဆောင်းညတွင် စိမ်းစိုနေဆဲပင်။ သူ(မ) ကားထဲကထွက်လိုက်သည်နှင့် လေအေးတို့တိုက်ခတ်လာတော့သည်။ ခြေလှမ်းအနည်းငယ်သာလှမ်းလိုက်ပြီးနောက် အေးစိမ့်သည့်အအေးဓာတ်ကြောင့် သူ(မ)တုန်ယင်သွားတော့သည်။
အိမ်ထဲသို့ရောက်သောအခါ ဧည့်ခန်းထဲတွင် အလင်းရောင်တစ်ခုက နွေးထွေးစွာလင်းနေခဲ့သည်။ ချန်ချူ ပြုံးလိုက်မိပြီး တံခါးကိုဖွင့်ကာကြည့်လိုက်၏။ အခန်းထဲတွင် ကုမြောင်က စောင်ခြုံကာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလေသည်။ သူ့မျက်နှာပေါ်တွင် အလင်းရောင်တချို့ဖြာကျနေသည်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသော်လည်း သူ့မျက်လုံးအောက်မှမျက်ကွင်းညိုတို့ကို မြင်နေရသေး၏။
ချန်ချူက အိပ်ရာထောင့်တွင်ထိုင်ကာ သူ့ကိုငုံ့ကြည့်ရင်း စိတ်ထဲတွင် နွေးထွေးနေသည်။ မီးအိမ်အနီးရှိ ကုမြောင်၏ဖုန်းအောက်၌ စာရွက်လေးတစ်ရွက်ရှိနေ၏။ ချန်ချူ တစ်ခဏတုံ့ဆိုင်းနေပြီးမှ ဖုန်းအောက်မှစာရွက်ကို ယူ၍ဖတ်ကြည့်လိုက်သည်။
“ငါတောင်းပန်ပါတယ် ချူချူ။ (ငိုနေသည့် emoji ပုံစံဖြင့်)။ ငါနင့်စကားနားထောင်ပြီး စောစောအိပ်ရာဝင်လိုက်ပြီ။ အမူးပြေတဲ့လက်ဖက်ရည်ကို ဓာတ်ဗူးထဲမှာထည့်ထားပေးတယ်။ သောက်လိုက်ဦးနော်။”
တိတ်ဆိတ်နေသောညတွင် စာရွက်ပေါ်တွင်တွေ့ရသော ငိုနေသည့်မျက်နှာပုံကိုကြည့်ကာ ချန်ချူရယ်လိုက်မိလေသည်။ ထိုစာရွက်ကို သူ(မ)သေသေချာချာပြန်ခေါက်လိုက်ပြီး မီးအိမ်ဘေးမှဓာတ်ဗူးကို ဖွင့်ကြည့်လိုက်သည့်အခါ အထဲတွင် ပျားရည်နှင့်ရေနွေးရောစပ်ထားသည့် အရည်နွေးနွေးတို့ရှိနေသည်။ ချိုမြိန်သည့်အရသာက သူ(မ)နှလုံးသားထဲသို့စိမ့်ဝင်သွား၏။
အေးစက်သည့်ဆောင်းညတွင် ချန်ချူ ကိုယ်လက်သန့်စင်လိုက်ပြီး အိပ်ရာဝင်သည့်အချိန်မှာ သန်းခေါင်အချိန်ပင်ဖြစ်နေလေပြီ။ မီးပိတ်လိုက်ပြီးနောက် အမှောင်ထုထဲတွင် ကုမြောင်၏အသက်ရှူသံတို့ ပိုမိုကျယ်လောင်လာတော့သည်။ သူ(မ) စောင်ကိုမ,ကာ သူ့အနားသို့ကပ်လိုက်သည်။ ကုမြောင်တစ်ကိုယ်လုံး နွေးထွေးနေလေ၏။ ထိုအချိန်တွင် ချန်ချူက သူ့ရင်ခွင်ထဲသို့တဖြည်းဖြည်းတိုးဝင်သွားတော့သည်။
ကုမြောင်မှာ အိပ်နေရင်းနှင့် “ချူချူ” ဟူ၍ယောင်နေပြီး မိန်းကလေးကို သူ့ရင်ခွင်ထဲ ထွေးပွေ့ထားလေသည်။
တိတ်ဆိတ်နေသည့်ညတွင် ချန်ချူက သူ့ရင်ခွင်ထဲအနားယူကာ သူ့နှလုံးခုန်သံတို့ကိုနားထောင်နေခဲ့သည်။ ထိုနှလုံးခုန်သံတို့က သူ(မ)နားမှတစ်ဆင့် နှလုံးသားထဲသို့ ချိုမြိန်စွာဝင်ရောက်သွားတော့သည်။ သူ(မ) မျက်လုံးမှိတ်လိုက်ရင်း ရုတ်တရက် ကျိမင်ယွဲ့ပြောခဲ့သည့်စကားတို့ကို ပြန်တွေးမိနေလေသည်။
*****
Aurora Novel Translation Team