Chapter 65
ခန်းဆီးကြားမှ မနက်ခင်းနေရောင်တို့ ဝင်ရောက်နေ၏။ ကုမြောင်က အိပ်ချင်မူးတူးနှင့်မျက်လုံးဖွင့်လိုက်သောအခါ သူ့လက်မောင်းပေါ်တွင် ချန်ချူရှိမနေသော်လည်း နွေးထွေးမှုလေးတစ်ခုကျန်ရစ်နေသေးသည်ကို သတိထားမိလိုက်သည်။ မနေ့ညကအကြောင်းအရာများကို စိတ်ထင်ယောင်ထင်မှားဖြစ်ခြင်းလို့ထင်နေပြီး သူဖိနပ်ပါးကိုစီးကာ အောက်ထပ်သို့ဆင်းသွားလိုက်သည်။
ဆောင်းတွင်းမနက်ခင်းနေရောင်မှာ နွေးထွေးနေပြီး ထမင်းစားခန်းပြတင်းပေါက်မှ ဖြာကျနေ၏။ စားပွဲပေါ်မှပန်းအိုးတွင် ရေစက်များတင်နေသည်။ အနီးနားမှမီးဖိုချောင်တွင် အသံအချို့ကိုကြားလိုက်သဖြင့် ကုမြောင် မြန်မြန်သွားကြည့်လိုက်၏။ နေရောင်ကိုကျောပေးထားသည့် ချန်ချူ့ပုံစံမှာ နွေးထွေးညင်သာနေသည်။ ထိုအခိုက် ဤဆောင်းရာသီတွင်တောင် ကုမြောင်နှလုံးသားထဲ၌ ပန်းတစ်ပွင့် ပွင့်လန်းသွားသလိုခံစားလိုက်ရ၏။ သူ အမြန်လမ်းလျှောက်ကာ ချန်ချူ့ခါးကို ပြေးဖက်လိုက်လေတော့သည်။
“ဘာလို့အစောကြီးထသွားတာလဲ။”
သူ ချန်ချူ့ပခုံးပေါ်မေးတင်ထားရင်း တီးတိုးပြောလိုက်၏။ ချန်ချူက ပြုံးကာ
“ဒီနေ့ သတင်းစာရှင်းလင်းပွဲရှိတယ်မဟုတ်လား။ ငါနိုးတဲ့အချိန်မှာ နင့်အတွက်မနက်စာလုပ်ပေးရမှာပေါ့။”
သူ(မ)က ကြက်ဥကြော်သည့်ဇွန်းဖြင့် အိုးထဲမှကြက်ဥကိုတစ်ဖက်လှန်လိုက်ပြီး ဆူငေါက်သည့်လေသံအနည်းငယ်ဖြင့်
“နင်ကရော ဘာလို့အစောကြီးထလာတာလဲ။ ဒီမှာ မနက်စာတောင်ပြင်လို့မပြီးသေးဘူး။”
ကုမြောင်က သူ(မ)လက်ထဲမှဇွန်းကိုလှမ်းယူလိုက်ပြီး
“ငါလုပ်လိုက်ပါ့မယ်။ ဟိုမှာသွားထိုင်စောင့်နေ။”
“ငါအရင်တုန်းက တစ်ခါမှမလုပ်ကြည့်ဖူးလို့ လုပ်ကြည့်ချင်တာ။ နင်ဟိုမှာသွားထိုင်စောင့်ပြီး ငါ့ကို လက်စွမ်းပြဖို့အခွင့်အရေးလေးပေးပါလား။”
ချန်ချူက ချိုမြိန်စွာပြုံးကာပြောလာ၏။ ထိုအခါ ကုမြောင်လည်းမကန့်ကွက်တော့ချေ။ သူ(မ)ကို ဇွန်းပြန်ပေးလိုက်ပြီး
“ဆီနည်းနည်းပဲထည့်နော်။ မဟုတ်ရင် ဆီစင်လိမ့်မယ်။”
“အင်းပါ။ ငါသိပါတယ်။”
ချန်ချူက သူ့နောက်ကျောကိုပုတ်လိုက်ပြီး
“သွား အပြင်ထွက်တော့။ ငါ့မျက်လှည့်ကို ငါ့ဘာသာငါလုပ်မယ်။”
သည်တစ်ကြိမ်တွင် ကုမြောင်က သူ(မ)စကားနားထောင်ကာ ပါးစပ်ပိတ်လိုက်သော်လည်း ထွက်သွားသည့်လမ်းတွင် ခဏခဏနောက်ပြန်လှည့်ကြည့်နေခဲ့သည်။ ကံကောင်းစွာဖြင့် ချန်ချူမှာ ပျာယာခတ်မနေခဲ့ပေ။ မိနစ်အနည်းငယ်အတွင်း အာဟာရပြည့်ဝသည့်မနက်စာဖြစ်သည့် ကြက်ဥကြော်၊ ကြက်အူချောင်း၊ နွားနို့နှင့် ပေါင်မုန့်တို့ကို သူ(မ)ပြင်ဆင်ခဲ့လေသည်။ သူ(မ)က ကြွေပန်းကန်ပြား အဖြူတစ်ချပ်ကိုသယ်ကာ ကုမြောင်ကိုပေးလိုက်ရင်း ပြုံး၍မေးလိုက်သည်။
“ဘယ်လိုလဲ။ မွှေးတယ်မလား။”
ကုမြောင်က တောက်ပနေသည့်မျက်ဝန်းနက်များဖြင့် သူ(မ)ကိုမော့ကြည့်လိုက်ပြီး သူ့အသံကလည်း ညကောင်းကင်မှလတစ်စင်းကဲ့သို့ ညင်သာနေခဲ့သည်။
“မွှေးတယ်။ ငါတို့ချူချူက တကယ်တော်တာပဲ။”
“ဒါဆို စားကြည့်လေ။”
ချန်ချူ့မျက်လုံးထဲတွင် မျှော်လင့်ချက်အပြည့်ဖြင့် ကုမြောင်ကိုကြည့်နေသည်။ ကုမြောင်က ကြက်ဥကြော်ကို တစ်ကိုက်ကိုက်လိုက်ပြီး
“စားကောင်းသားပဲ။”
ကုမြောင်က ကြက်ဥကြော်ကို ဝါးနေရင်း ရိုးရိုးသားသားပြောလိုက်ခြင်းကြောင့် ချန်ချူ အလွန်ကျေနပ်သွားခဲ့သည်။ ပြုံးလိုက်သည့်အခါ သူ(မ)မျက်လုံးများက လခြမ်းသဏ္ဌာန်ကွေးသွားလေတော့သည်။
“ကြည့်ရတာ ငါလည်း အချက်အပြုတ်ပါရမီပါတယ်ထင်တယ်။ နောက်ဆို နင့်အတွက် ချက်ပေးလို့ရပြီပေါ့။”
သူ(မ)က မေးစေ့ပေါ်လက်တင်လိုက်ရင်း သေချာတွေးတော၍ပြောလိုက်သည်။ ကုမြောင်စိတ်ထဲတွင်မူ တစ်မျိုးလေးဖြစ်သွားပြီး သွေးစီးစင်းမှုများ မြန်ဆန်နေတော့သည်။ သို့သော် သူ့ကိုယ်သူ သေချာထိန်းလိုက်ပြီး
“တစ်ခါတလေလောက်ဆိုရင် ရပါပြီ။ ငါက ဟင်းချက်ရတာကြိုက်တော့ ငါပဲချက်ကျွေးပါ့မယ်။”
ကုမြောင် သူ(မ)လက်ချောင်းများကိုငေးကြည့်လိုက်သည်။ ထိုလက်ချောင်းများမှာ ရှည်လျားသွယ်လျပြီး ခပ်ဝိုင်းဝိုင်းလက်သည်းများရှိလေရာ စန္ဒရားတီးရန်အတွက်သာ သင့်တော်ပေသည်။ ထိုလက်ချောင်းများက ဟင်းချက်သည့်နေရာတွင် ရှိမနေသင့်ချေ။
ချန်ချူပြုံးလိုက်သဖြင့် မျက်လုံးများတစ်ဖန်မှေးသွားပြန်တော့သည်။
“အဲ့လိုဆိုတော့လည်း ဟုတ်ပါပြီလေ။ နင်ချက်တာက ငါချက်တာထက်အများကြီးပိုစားကောင်းတာလည်း သိနေတာပဲဟာ။”
ကုမြောင် သူ(မ)ကိုဟင်းမချက်စေချင်မှန်း သူ(မ)သိလေသည်။
သူတို့ မနက်စာမြန်မြန်စားလိုက်ပြီးနောက် ကုမြောင်က အပေါ်ထပ်သို့တက်ကာ အဝတ်အစားလဲလိုက်သည်။ အနက်ရောင် suit က သူနှင့်အလွန်လိုက်ဖက်ပြီး အရပ်မြင့်မြင့်ဖြစ်သောကြောင့် ပို၍လည်း ကြည့်ကောင်းသွားစေခဲ့သည်။
“ငါနင့်ကို tie ချည်ပေးမယ်။”
ချန်ချူက နွေးထွေးစွာပြောလိုက်၏။ ကုမြောင် တုံ့ဆိုင်းစွာဖြင့် သူ(မ)ကို tie လှမ်းပေးလိုက်သည်။
“ခေါင်းနည်းနည်းလောက်ငုံ့ပေးပါလား။”
ချန်ချူက သူ့ကိုမော့ကြည့်ရင်းပြောလာသည်။ ကုမြောင်တစ်ယောက် နှလုံးခုန်မြန်နေပြီး သူ့မျက်လုံးများထဲတွင် အလင်းရောင်တစ်ခုရှိနေသည်။ ထို့နောက် သူ(မ)စကားကိုနားထောင်ကာ သူ ခေါင်းငုံ့ပေးလိုက်သည်။ အာရုံစူးစိုက်နေသည့်ချန်ချူ့ပုံစံလေးက လွန်စွာလှပနေကာ လေညင်းကဲ့သို့ ကုမြောင်၏နှလုံးသားကိုတိုက်ခတ်သွားတော့သည်။ နေရခက်သည့်ခံစားချက်ဖြစ်သော်လည်း နွေဦးကဲ့သို့ နွေးထွေးနေလေသည်။
“အိုကေ။”
သွယ်လျသောချန်ချူ့လက်ချောင်းများက သူ့အင်္ကျီကော်လံကို တင်လိုက်၏။ ကုမြောင် သူ(မ)ကိုငုံ့ကြည့်နေရင်း လက်ဖျားများတုန်ယင်နေခဲ့သည်။ ပြတင်းပေါက်အပြင်ဘက်မှနွေးထွေးသည့်နေရောင်တို့ ဖြာကျနေသဖြင့် အေးဆေးငြိမ်သက်သည့်အနွေးဓာတ်တစ်ခုကို နေရာတိုင်း၌ ခံစားနေရသည်။ သူ့ရှေ့မှမိန်းကလေးကိုကြည့်လိုက်သောအခါ သူ့မျက်ဝန်းနက်များထဲတွင် လှုင်းများထသွားသလိုပင်။ ယခုလက်ရှိတွေ့ကြုံနေရသည့်အရာတိုင်းက သူအမြဲတမ်းအိပ်မက်မက်ခဲ့သော ဘဝမျိုးဖြစ်ပေလိမ့်မည်။
အခန်းတစ်ခုလုံးတိတ်ဆိတ်နေသဖြင့် သူ့နှလုံးခုန်သံမြန်နေသည်ကို ကုမြောင်ခံစားမိနေသည်။ ချစ်မြတ်နိုးစိတ်လှိုင်းတို့က သူ့နှလုံးသားထဲတွင် ဒီရေကဲ့သို့ဖြစ်နေ၏။ Villa ကလည်း အတော်အေးချမ်းသည်။ တံခါးဖွင့်လိုက်သည်နှင့် အပြင်ဘက်မှသစ်ပင်တို့တွင်ရှိသော ကျေးငှက်တို့၏အသံကိုကြားလိုက်ရ၏။ ကုမြောင် ခေါင်းငုံ့ကာ ချန်ချူ့နှုတ်ခမ်းကိုညင်သာစွာနမ်းလိုက်လေသည်။
“သွားတော့မယ်နော်။”
ချန်ချူ သူ့လည်ပင်းကိုလက်ဖြင့်သိုင်းဖက်လိုက်ပြီး ပန်းနုရောင်နှုတ်ခမ်းဖြင့် သူ့ပါးကိုတစ်ဖန်နမ်းကာ
“အင်း။ နင်အိမ်ပြန်လာတာကိုစောင့်နေမယ်။”
ယနေ့ရာသီဥတုက အလွန်လှပနေ၏။ ယခင်က အချိန်ပိုအလုပ်ဆင်းလေ့ရှိသော ခေါင်းဆောင်ကုမှာ ယခုရက်ပိုင်းတွင် အချိန်မှန်ရုံးဆင်းနေကြောင်း ကုမ္ပဏီမှဝန်ထမ်းများ သတိထားမိလာကြသည်။ နေ့လယ်ရောက်သော် ချန်ချူက ကုမြောင်ကိုဖုန်းခေါ်၏။ အလုပ်ထဲတွင်အာရုံစိုက်ထားသည့်ကုမြောင်က ဖုန်းသံကြားသည့်အခါ အလိုအလျောက်မျက်မှောင်ကြုတ်သွားခဲ့သည်။ သို့သော် screen ပေါ်တွင် ဖုန်းခေါ်လာသည့်သူကိုမြင်လိုက်သည့်အခါ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြတ်သန်းသွား၏။ ထို့နောက် ညင်သာသည့်အသံနက်နက်ဖြင့် ဖုန်းဖြေလိုက်တော့သည်။
“ချူချူ။”
ဖုန်းထဲမှချန်ချူ့အသံကလည်း အလွန်ကြည်လင်နေလေသည်။
“မြောင်ကော။ ရုံးကလူတွေအတွက် ကိတ်နဲ့ကော်ဖီ ပို့ခိုင်းလိုက်တယ်နော်။ နင့်အတွက်ကတော့ Hot Cocoa မှာထားတယ်။ နင့်ဗိုက်က sensitive ဖြစ်တာမို့ ကော်ဖီသောက်လို့မရဘူးနော်။”
ကုမြောင်စိတ်ထဲတွင်နွေးထွေးသွား၏။
“အင်းပါ။ ကျေးဇူးပါ ချူချူ။”
ချန်ချူ့စိတ်ထဲတွင် တစ်ခုခုတွေးနေသည့်ဟန်ဖြင့် စကားအနည်းငယ်သာပြောပြီး ဖုန်းချလိုက်သည်။
ရုံးအဆောက်အအုံမှာ အလွန်ကျယ်ပြောပြီး ပြတင်းပေါက်များမှတစ်ဆင့် ကျယ်ပြောသည့်မြစ်ပြင်မြင်ကွင်းကိုမြင်ရသည်။ နေဝင်သည့်အခါ အေးစက်သည့်ဆောင်းတွင်းဖြစ်သော်လည်း ကုမြောင်ရင်ထဲတွင် နွေးထွေးမှုကိုခံစားနေရပြီး သူ့တစ်ကိုယ်လုံး ပေါ့ပါးနေတော့လေသည်။ ချန်ချူပို့လိုက်သည့် ကော်ဖီနှင့်ကိတ်များ မကြာခင်ရောက်လာ၏။ ဖုန်းချလိုက်ပြီးနောက် ကုမြောင် အခန်းထဲမှထွက်သွားသည်။ ရှည်လျားနေသည့်လူတန်းကြီးကိုမြင်သည့်အခါ ချန်ချူက တစ်ရုံးလုံးစာအတွက် ပို့လိုက်ခြင်းဖြစ်ကြောင်း ကုမြောင်သိလိုက်တော့လေသည်။
ကုကျုံးက နှုတ်ခမ်းကိုစေ့ကာ တန်းစီလိုက်ပြီး
“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ကု။”
ဝန်ထမ်းများစွာက ကော်ဖီနှင့်ကိတ်ကိုယူလိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ကုမြောင်ကိုကျေးဇူးတင်နေကြသည်။ ထို့နောက် တန်းစီနေသည့်ဝန်ထမ်းများက မြန်မြန်ဘေးဖယ်လိုက်ပြီး သူ့အတွက်လမ်းဖယ်ပေးကြသည်။ တည်ငြိမ်နေသည့်မျက်နှာဖြင့် ကုမြောင် ရှေ့သို့လျှောက်သွား၏။ စားပွဲပေါ်တွင် တြိဂံပုံစံသေချာလှီးထားပြီး ပလတ်စတစ်ဖြင့်သေချာထပ်ပိုးထားသည့် အရသာစုံကိတ်များစွာရှိနေသည်။
“Hot Cocoa က ဘယ်မှာလဲ။”
ကုမြောင် ရှာဖွေကြည့်သော်လည်း ချန်ချူသူ့အတွက် အထူးမှာထားပေးသည့် Hot Cocoa ကို ရှာမတွေ့ခဲ့ပေ။ ထိုအခါ အနီးနားမှဝန်ထမ်းကို လှမ်းမေးလိုက်၏။ ထိုဝန်ထမ်းက ကြောက်လန့်၍ တုန်ယင်နေပြီး
“ခုလေးတင်ပဲ ခေါင်းဆောင်ကျန်းယူသွားတယ်ထင်တယ်။”
သူမော့ကြည့်လိုက်ပြီး ကုမြောင်၏အေးစက်စက်မျက်နှာကိုမြင်သည့်အခါ အလွန်လန့်သွားလေသည်။
“အမ်။ ဒီမှာ Caramel macchiato ရှိသေးတယ်။ ဒါယူလိုက်မလား ခေါင်းဆောင်ကု။”
သူက အထစ်ထစ်နှင့်ပြောလာသည်။ ကုမြောင်က ချက်ချင်းပင်
“တော်ပြီ။ မင်းတို့တွေ ကိုယ့်ဘာသာကိုယ်ခွဲဝေစားပြီး မြန်မြန်အလုပ်ပြန်လုပ်ကြ။”
ကုမြောင် ရုံးကိုအုပ်ချုပ်သည်မှာ မကြာသေးသောကြောင့် သူ၏လွှမ်းမိုးမှုကိုတည်ဆောက်ရန် ချန်ချူကကူညီပေးခြင်းဖြစ်ကြောင်း ကုမြောင်နားလည်လေသည်။ ကုမြောင်ထွက်သွားသည့်ပုံစံကိုမြင်မှသာ သူ့ဘေးကလူတွေအကုန် သက်ပြင်းချလိုက်ကြတော့သည်။
“ဟေး။ မစ္စတာကုက ဘာလို့ Hot Cocoa ကိုမှ လိုချင်ရတာလဲ။”
“ဘယ်သိမလဲ။ အရင်တုန်းကတော့ အမြဲတမ်းကော်ဖီပဲသောက်တာကို။”
“ကြည့်ကြည့်။ သူအခု မစ္စတာကျန်းရဲ့ ရုံးခန်းဆီကိုသွားလိုက်ပြီ။ Hot Cocoa ကို သွားပြန်ယူတာများလား။”
“မသိဘူးလေ။ Hot Cocoa တစ်ခွက်က အဲ့လောက်တောင်တန်လို့လား။”
“အေးလေ။ ဟုတ်ချင်မှလည်းဟုတ်မှာပါ။ အလုပ်အကြောင်းပြောဖို့ သွားတာလည်းဖြစ်ရင်ဖြစ်မှာပေါ့။”
ထိုအချိန်တွင် ကုမြောင်က မစ္စတာကျန်း၏အလုပ်စားပွဲရှေ့တွင်ရပ်ကာ သူ့ကိုအေးစက်စက်စိုက်ကြည့်နေခဲ့သည်။ မစ္စတာကျန်းက ထိုင်ခုံနောက်ကျောတွင်မှီကာ hot Cocoa ကိုကိုင်ထားပြီး ပြုံးရွှင်လျက်
“ကျေးဇူးပဲနော် မစ္စတာကု။ မင်းကတကယ်ကို တွေးတတ်တာပဲ။ ငါကော်ဖီမကြိုက်တာသိလို့ ငါ့အတွက် hot cocoa ကို သေချာမှာထားပေးတယ်။”
သူက ရယ်မောနေပြီး
“မင်းက အေးစက်စက်လို့ထင်ရပေမဲ့ တကယ်တမ်းကျ နှလုံးသားနွေးထွေးတဲ့သူပဲကွ။”
နှုတ်ခမ်းကိုစေ့ထားလျက် ကုမြောင်က ကျေနပ်မှုပြည့်နှက်နေသည့်မျက်နှာဖြင့် သူ့ရှေ့မှလူကိုကြည့်ကာ စိတ်ထဲမှဝမ်းနည်းမှုကို ထိန်းချုပ်ထားလေသည်။
‘အဲ့ဒါ ချူချူ ငါ့အတွက်မှာထားပေးတာ။’
သို့သော်လည်း သူတို့နှစ်ယောက် လုပ်ဖော်ကိုင်ဖက်ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သဖြင့် Hot cocoa တစ်ခွက်အတွက်နှင့် စိတ်ဆိုး၍လည်းမကောင်းလှပေ။ ခံစားချက်တို့ကို စိတ်ထဲတွင်သာထားလိုက်ပြီး သူ့ကိုအေးစက်စက်သာကြည့်လိုက်လေသည်။
“မင်းကြိုက်တယ်ဆိုတော့ ကောင်းတာပေါ့။”
ထိုသို့ပြောပြီးနောက် ကုမြောင်တံခါးကိုဖွင့်ကာ ပြန်ထွက်သွားခဲ့သည်။
ညနေ နေဝင်သွားသည့်အချိန်တွင် ကုမြောင်အလုပ်ပြီးသွားပြီဖြစ်သောကြောင့် ညနေတိုင်း အချိန်မှန်မှန်ရုံးဆင်းလေသည်။ အတွင်းရေးမှူးကို အနည်းငယ်မှာကြားခဲ့ပြီးနောက် ဓာတ်လှေကားထဲသို့ဝင်တော့မည့်အချိန်တွင် သူ့ဖုန်းထဲ၌ စာတစ်စောင်ဝင်လာသည့် vibrate မြည်လာသည်။
“စားသောက်ဆိုင်တစ်ခုမှာ booking ယူထားပြီးပြီ။ ငါအခု နင့်ကုမ္ပဏီအောက်မှာ စောင့်နေတယ်။ လုပ်စရာအလုပ်ရှိနေတယ်ဆိုရင်လည်း မလောနဲ့။ အေးဆေးလုပ်ပြီးမှလာနော်။”
‘ဘယ်လိုလုပ် မလောလို့ရမလဲ။’
ကုမြောင်မျက်လုံးများ အရောင်လက်သွားပြီး ဓာတ်လှေကားထဲသို့ ပြေးဝင်သွားတော့သည်။ ပထမထပ်မှာ ဧည့်ကြိုနေရာမှာ အလွန်ကျယ်ပြန့်သော်လည်း ဓာတ်လှေကားနှင့် အနည်းငယ်သာဝေးလေသည်။ ဓာတ်လှေကားတံခါးပွင့်သည်နှင့် ချန်ချူနှင့် ကျန်းရှင်းတို့ waiting area တွင်ထိုင်နေသည်ကို ကုမြောင်တွေ့လိုက်ရသည်။
ကျန်းရှင်းက ကုမ္ပဏီ၏ နာမည်ကြီးအမှုဆောင်များထဲမှ တစ်ယောက်ဖြစ်၏။ ကောင်းမွန်စွာ ဝတ်စားရသည်ကိုနှစ်သက်ပြီး ပေါ့ပေါ့ပါးပါး personality ရှိသည်။ ဟာသဉာဏ်လည်းရှိသောကြောင့် ကုမ္ပဏီမှမိန်းကလေးများကြားတွင် အထူးရေပန်းစားသူဖြစ်သည်။ သူတို့မည်သည့်အကြောင်းအရာကို ပြောဆိုနေကြသည်မသိသော်လည်း ချန်ချူက ပါးစပ်ကိုလက်ဖြင့်အုပ်၍ရယ်မောနေသည်ကို သူတွေ့လိုက်လေသည်။ ကုမြောင်က ခေါင်းရမ်းကာ သူတို့ထံသို့လျှောက်သွားရင်း ချန်ချူ့ကို ညင်သာစွာခေါ်လိုက်သည်။
“ချူချူ။”
ကုမြောင်ရောက်လာသည်ကိုသိလိုက်သည့်ချန်ချူက ချက်ချင်းပင် တစ်ဖက်လှည့်ကာ ပြုံးပြလိုက်လေသည်။
“အလုပ်ဆင်းပြီလား။ ဒီနေ့စောတယ်နော်။”
“ဟုတ်တယ်။ နောက်ပိုင်း လုပ်စရာတွေသိပ်မရှိလို့လေ။”
ကုမြောင်က ချန်ချူ့လက်ကို ညင်သာစွာကိုင်လိုက်ပြီး
“တစ်ခုခုသွားစားရအောင်လေ။”
“သွားလိုက်ပါဦးမယ်နော် ခေါင်းဆောင်ကျန်း။”
ချန်ချူက သူတို့ဘေးမှ ကျန်းရှင်းကိုနှုတ်ဆက်လိုက်သည်။ ကျန်းရှင်းက မျက်လုံးပြူးသွားပြီး သူ့ရှေ့မှနှစ်ယောက်ကို ခေါင်းအစခြေအဆုံးကြည့်နေခဲ့သည်။ လက်ချင်းတွဲထားသည့်မြင်ကွင်းကိုကြည့်ကာ သူအလွန်အံ့အားသင့်နေပြီး
“မင်း-မင်းက သူ့ကောင်မလေးလား။”
ချန်ချူက ခေါင်းညိတ်၍
“ဟုတ်တယ်။”
ထိုအခါ ကျန်းရှင်းက နောင်တရသွား၏။ ကုမ္ပဏီအပြင်ဘက်အဆောက်အအုံတွင် သူနှင့်စကားကောင်းနေခဲ့သော မိန်းမလှလေးမှာ ကုမြောင်၏ကောင်မလေးဖြစ်နေမည်ဟု မည်သူကထင်ထားလိမ့်မည်နည်း။
ဆောင်းရာသီတွင် ကုမ္ပဏီဝင်ပေါက်ရှိ အလိုအလျောက်ပွင့်သည့်တံခါးများမှ ဆောင်းလေတို့ဝင်ရောက်လာသည်။ ကျန်းရှင်းက နာကျင်စွာဖြင့်ပြုံးလိုက်ပြီး
“အင်းပါ။ ကောင်းကောင်းသွားကြ။”
သူကျောပေးလိုက်သည့်အချိန်တွင် ကုမြောင်က မျက်လုံးနက်များဖြင့် သူ့ကို scan ဖတ်လိုက်သော်လည်း ချန်ချူကိုစကားပြောသည့်လေသံမှာ ညင်သာနေခဲ့သည်။
“သွားမယ်လေ။ ဒီညဘာစားချင်လဲ။”
ချန်ချူက သူ့အနားသို့ကပ်လိုက်ပြီး
“ဟော့ပေါ့ဆိုရင်ရော။”
“နင်စားချင်တာစားကြတာပေါ့။”
ကုမြောင်က ပြောလိုက်သည်။
သူတို့နှစ်ယောက် ဓာတ်လှေကားပေါ်တက်လိုက်ပြီး မြေအောက်ကားပါကင်သို့သွားလိုက်သည်။ ချန်ချူက Passenger ခုံတွင်ထိုင်လိုက်ပြီး ပြုံး၍
“နင်နဲ့ ခေါင်းဆောင်ကျန်းနဲ့က ရင်းနှီးကြတယ်ထင်တယ်နော်။ ငါတို့က စကားပြောရုံပါပဲ။ သဝန်တိုမနေနဲ့ဦး။”
“အင်း။”
ကုမြောင်က သူ(မ)အနားသို့ကပ်လိုက်သည့်အခါ ပူနွေးသည့်ထွက်သက်က သူ(မ)နားရွက်သို့ဖြတ်သန်းသွားသည်။
“Click”
သူက ချန်ချူ့ခါးပတ်ကို သေသေချာချာပတ်ပေးလိုက်ပြီး
“ဒီနေ့ ငါ့ရဲ့ hot cocoa ကို သူသောက်သွားတယ်။”
‘နင်ငါ့အတွက်ဝယ်ထားပေးတာကို။’
ကုမြောင်က နှုတ်ခမ်းကိုတင်းတင်းစေ့ကာ သူ့မျက်လုံးများတွင် ဝမ်းနည်းမှုအရိပ်အယောင်တို့ပါဝင်နေပြီး ထပ်ပြောလိုက်သည်။
“ငါဘာမှမသောက်လိုက်ရဘူး။”
“Pfft”
ချန်ချူ မထိန်းနိုင်တော့ဘဲ ရယ်လိုက်မိသည်။
“ငါတို့ခေါင်းဆောင်ကုက အရမ်းကပ်စီးကုပ်တာပဲ။ Hot Cocoa လေးတစ်ခွက်ပဲကို။ နောက်ကျရင် ငါပိုမှာပေးပါ့မယ်နော်။”
‘ငါကပ်စီးကုပ်တာမဟုတ်ပါဘူး။’
မိန်းကလေးကရယ်သည့်အခါ ကုမြောင်က အနည်းငယ် အဆင်မပြေဖြစ်သွားသည်။ သူ ခေါင်းငိုက်စိုက်ကျသွားပြီး မျက်တောင်ကိုဖြည်းဖြည်းချင်းခတ်နေမိတော့သည်။ ချန်ချူက သဘောကျစွာဖြင့် ရယ်မောနေပြီး
“ဒီကိုလာပါဦး။”
သူ(မ)က ကုမြောင်ကိုလှမ်းပုတ်လိုက်၏။ ကုမြောင်မှာ အနည်းငယ်စိတ်ထိခိုက်နေဟန်ရှိသော်လည်း သူ(မ)ထံသို့ချက်ချင်းမှီလိုက်လေသည်။
“ဒါကလျော်ကြေးပေးတာ။”
ချန်ချူက ကုမြောင်၏အေးစက်စက်မျက်နှာကို ဖျက်ခနဲနမ်းလိုက်သည်။ ကားပါကင်က အလွန်တိတ်ဆိတ်နေ၏။ ကုမြောင် တစ်ကိုယ်လုံး တောင့်တင်းသွားပြီးမှ တဖြည်းဖြည်းနှင့် မျက်နှာတစ်ခုလုံး ရှက်စိတ်ကြောင့် နီမြန်းလာတော့သည်။
“ဒီလိုဆိုရင်ရော။ စိတ်မဆိုးတော့ဘူးမလား။”
ချန်ချူက ပြုံး၍မေးလာ၏။ ကုမြောင်၏မျက်ဝန်းနက်များတွင် အလင်းတန်းလေးတစ်ခုလက်လာတော့သည်။
“အင်း။”
‘Hot Cocoa မသောက်လိုက်ရလဲ ဘာမှမဖြစ်ပါဘူး။ ဒါက hot cocoa ထက် ပိုပြီးကောင်းတယ်လေ။’
*****
Aurora Novel Translation Team