Chapter 66.1
ချန်ချူက အသစ်ဖွင့်ထားသောဟော့ပေါ့ဆိုင်တွင် reservation လုပ်ထားခဲ့သည်။ သူတို့ရောက်ကြသောအခါ အပြင်ဘက်တွင်မှောင်နေပြီဖြစ်ပြီး ဝင်ပေါက်မှထိုင်ခုံများတွင်လည်း လူအပြည့်ဖြစ်နေသည်။ ဝန်ထမ်းက သူတို့နှစ်ယောက်ကို သီးသန့်ခန်းတစ်ခုဆီသို့ ခေါ်သွားပေးသည်။
“ဒီနေ့ညစာကို ငါဝယ်ကျွေးမယ်။”
ချန်ချူက menu ကိုလှန်ကြည့်ရင်းပြောလိုက်သည်။ သူ(မ)မျက်နှာပေါ်မှ ပျော်ရွှင်မှုတို့ကိုမြင်ရသည့်အခါ ကုမြောင်လည်း ဝမ်းသာနေလေသည်။
“သတင်းကောင်းရှိလို့လား။”
ချန်ချူက ခေါင်းမော့လာပြီး မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများထဲတွင် အလင်းရောင်များလက်၍
“ငါ တစ်ကိုယ်တော်ဂီတပွဲလုပ်ရတော့မှာတဲ့။”
K တက္ကသိုလ်တွင် တက်ရောက်ခဲ့စဥ် ပရော်ဖက်ဆာကြီးက ချန်ချူ၏အရည်အချင်းကို သဘောကျခဲ့သဖြင့် ဖျော်ဖြေရန်အခွင့်အရေးများစွာ ပေးခဲ့ရုံမက အချိတ်အဆက်များစွာဖြင့်လည်း သူ(မ)ကိုမိတ်ဆက်ပေးခဲ့လေသည်။ နိုင်ငံရပ်ခြားမှ ဂီတနယ်ပယ်တွင် ချန်ချူက နာမည်တစ်ခုတည်ဆောက်လာနိုင်ပြီဖြစ်သောကြောင့် တရုတ်သို့ပြန်ရောက်သည့်အခါ အရာအားလုံး ပို၍လွယ်ကူသွားခဲ့သည်။
စိတ်လှုပ်ရှားနေသည့်မိန်းကလေးကိုကြည့်ကာ ကုမြောင်လည်းပြုံးလာပြီး မျက်လုံးများအရောင်လက်လာတော့သည်။
“မိုက်တာပေါ့။”
ကုမြောင်က ကျေနပ်မှုအပြည့်ပါဝင်နေသည့်အသံဖြင့် ပြောလိုက်သည်။ သူကိုယ်တိုင် ရာထူးတိုးသည့်သတင်းထက်ပင် ပို၍ဝမ်းသာနေသေးသည်။
ချန်ချူက ခေါင်းညိတ်လိုက်ပြီး
“ဒါပေမဲ့ ငါအလုပ်တော့များနေဦးမှာ။ ပြီးတော့ အိမ်လည်းပြန်ရဦးမယ်။”
“ရပါတယ်။”
ကုမြောင်က နူးညံ့နေသည့်သူ(မ)လက်လေးကို ညင်သာစွာကိုင်လိုက်ပြီး
“အရင်တုန်းက ငါအလုပ်များတော့ နင်ကစောင့်ခဲ့တာ။ အခုတော့ ငါနင့်ကိုစောင့်ရမယ့်အလှည့်ပေါ့။”
ချန်ချူ ရယ်လိုက်မိတော့သည်။
သူတို့နှစ်ယောက်ကြားတွင် နွေးထွေးမှုတို့ရှိနေလေ၏။ သူ(မ)အတွက်အမြဲရှိနေပေးသည့်ထိုအမျိုးသားကိုကြည့်ကာ ချန်ချူ့ရင်ထဲတွင် နွေးထွေးနေတော့သည်။
~
ကမ်းရိုးတန်းမြို့၏ဆောင်းရာသီမှာ အလွန်မှန်းရခက်၏။
ချန်ချူပြန်လာမည်ကိုသိသဖြင့် ဖုရုန်းက အိမ်ထိန်းအဒေါ်ကြီးအား ဟင်းလျာမျိုးစုံကို စားပွဲအပြည့်ပြင်ဆင်ထားခိုင်းခဲ့သည်။
“သမီးရဲ့ တစ်ကိုယ်တော်ဂီတပွဲက ဘယ်တော့လဲ။”
ဖုရုန်းက ဝက်နံရိုးတစ်ချောင်းကိုကိုင်လျက် ချန်ချူ့ကို သဘောကျသည့်အမူအရာဖြင့်ကြည့်နေရင်း မေးလိုက်သည်။
“အမေ့ကို လက်မှတ်တွေချန်ထားပေးဦးနော်။ အမျိုးတွေကိုလည်း ပေးချင်သေးလို့။”
“အင်းပါ။ အင်းပါ။”
ချန်ချူက သူ(မ)ကိုဟင်းထည့်ပေးနေသည့် ဖုရုန်း၏လက်ကိုတားလိုက်ပြီး
“သမီး ကိုယ့်ဘာသာကိုယ်ထည့်စားတတ်ပါတယ် အမေရဲ့။”
“အေးပါ။ အေးပါ။”
ဖုရုန်းက စိတ်မကျေနပ်စွာဖြင့် စောဒကတက်၏။
“သမီးက အချိန်အကြာကြီးထွက်သွားပြီး အခုတော့ အမေဟင်းထည့်ပေးတာတောင် မကြိုက်တော့ဘူးပေါ့။”
ချန်ချူက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်ပြီး
“ဒါဆိုလည်း ထည့်ပေးပါ။ အမေ့စိတ်ကြိုက်။”
“အိုကေ။”
နောက်ဆုံးတွင် ဖုရုန်းက ပြုံးလိုက်ပြီး ချန်ချူ့ပန်းကန်ထဲကို ဟင်းများတစ်ခုပြီးတစ်ခု အပြည့်အလျှံထည့်ပေးလေတော့သည်။
ထမင်းဝိုင်းက အလွန်တိတ်ဆိတ်နေ၏။ ချန်ချူက အထက်တန်းကျကျ စနစ်ကျစွာစားသောက်ခြင်းဖြစ်သောကြောင့် မည်သည့်ဆူညံသံမျှမကြားရချေ။
ဖုရုန်းက
“သမီး မနက်ဖြန်အားလား။”
“ဘာလို့လဲ။” ချန်ချူက သူ(မ)ကိုကြည့်ကာ မေးလိုက်သည်။ မနက်ဖြန်တွင် ကုမြောင်နှင့် ညစာအတူစားရန် ချိန်းထားခြင်းပင်။
“ဟိုရက်တုန်းက မစ္စလင်းက အမေတို့မိသားစုကို ညစာလာစားဖို့ဖိတ်ထားတာ။ သမီးလည်းပြန်လာပြီဆိုတော့ အမေတို့နဲ့လိုက်ခဲ့ပါလား။”
ချန်ချူက မျက်မှောင်ကြုတ်ကာ တုံ့ဆိုင်းစွာဖြင့်
“သမီး မလိုက်လည်းရလား။”
“မရဘူး။”
ဖုရုန်းက ခိုင်မာစွာပြော၏။
“အရင်နှစ်တွေတုန်းက လင်းမိသားစုက အမေတို့မိသားစုနဲ့ စီးပွားရေးရင်းနှီးမှုတွေ ရှိခဲ့ကြတာ။ သမီးပြန်ရောက်ပြီဆိုတာသိတော့ မစ္စလင်းက သမီးကိုခေါ်လာဖို့ အမေ့ကိုပြောထားတာ။ သမီးကိုကြီးက မသွားချင်တာ ထားလိုက်တော့။ သမီးကတော့ မလိုက်လို့မရဘူး။”
သူ(မ)က ချန်ချူအား အလိုက်မသိသောသမီးတစ်ယောက်ကဲ့သို့ ကြည့်နေသည်။ ထိုအခါ ချန်ချူလည်း အင်တင်တင်ဖြင့်
“အင်းပါ။ ဟုတ်ပါပြီ။”
ထိုအဖြေကိုကြားမှသာ ဖုရုန်းက သက်ပြင်းချလိုက်တော့သည်။ သို့သော် တစ်ခဏကြာသည့်အခါ သူ(မ)က ထပ်ပြောပြန်၏။
“မနက်ဖြန်ကျရင် ကောင်းကောင်းဝတ်နော်။ သာမန်အတိုင်း ဖြစ်သလိုမဝတ်နဲ့ ကြားလား။”
“အင်းပါအမေရဲ့။ သမီးသိပါတယ်။”
ချန်ချူက သူ(မ)ကို ပြေလည်ရာပြေလည်ကြောင်းပြန်ပြောလိုက်သည်။ များပြားလှသောအစားအသောက်များကို စားခဲ့ပြီးနောက် ချန်ချူ အခန်းထဲဝင်လိုက်ပြီး ဖုရုန်း၏နားပူနားဆာလုပ်မှုများမှ လွတ်မြောက်လာခဲ့သည်။ ထိုအချိန်တွင် လောကကြီးတစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ပင်။
ညရောက်နေပြီဖြစ်သဖြင့် ဥယျဥယျာဥ်ထဲမှအလင်းရောင်ကိုမြင်နေရသည်။ ချန်ချူ ပြတင်းပေါက်တွင်ရပ်ကာ ငေးကြည့်လိုက်၏။ အေးစက်သောဆောင်းရာသီတွင် အနီရောင်ပန်းပွင့်များက ကျက်သရေရှိစွာပွင့်လန်းနေခဲ့သည်။ ရုတ်တရက် သူ(မ)အိတ်ကပ်ထဲမှ ဖုန်းကတုန်ခါလာလေ၏။ ၎င်းမှာ ကုမြောင် ဖုန်းခေါ်ခြင်းဖြစ်သဖြင့် ချန်ချူလည်း လျင်မြန်စွာဖုန်းကိုင်လိုက်သည်။
“ဟယ်လို မြောင်ကော။”
အခြားတစ်ဖက်မှအသံက မျှော်လင့်ချက်များပြည့်နှက်နေသည်။
“ချူချူ မနက်ဖြန်ကျရင် ဘာစားချင်လဲ။”
ယနေ့တွင် လမရှိသောကြောင့် ကောင်းကင်တွင် ကြယ်ရောင်သာရှိ၏။
ချန်ချူက တစ်ကိုယ်တော်ဂီတပွဲကိစ္စနှင့် အလွန်အလုပ်များနေသောကြောင့် သူတို့နှစ်ယောက် မတွေ့ဖြစ်ကြသည်မှာ အချိန်အတော်ကြာနေလေပြီ။ သူ့အသံထဲမှ စိတ်လှုပ်ရှားမှုကို သေသေချာချာသိလိုက်သည့်ချန်ချူက တုံ့ဆိုင်းသည့်လေသံဖြင့်
“မြောင်ကော။ ငါတောင်းပန်ပါတယ်။ မနက်ဖြန် ကိစ္စတစ်ခုပေါ်လာလို့ နင်နဲ့အတူ ညစာသွားစားဖို့ မလိုက်နိုင်တော့ဘူး။”
ထိုအချိန်တွင် အရာအားလုံးတိတ်ဆိတ်သွား၏။ အချိန်တစ်ခုကြာသွားပြီးနောက် ကုမြောင်စကားပြန်ပြောလာသည်။
“ရပါတယ်။”
သူ့အသံမှာ ဝမ်းနည်းမှုကိုဖုံးကွယ်ထားခြင်းဖြစ်သော်လည်း သေသေချာချာထိန်း၍ ညင်သာစွာသာပြန်ပြောလိုက်သည်။
“မိသားစုနဲ့မတွေ့ရတာလည်း ကြာပြီဆိုတော့ သူတို့နဲ့အချိန်ဖြုန်းရမှာပေါ့။”
ကုမြောင်က တစ်ခဏရပ်သွားပြီးမှ အသံတိုးတိုးဖြင့်
“ငါက ရပါတယ်။”
“တောင်းပန်ပါတယ် မြောင်ကော။”
သူ့စကားကိုကြားသည့်အခါ ချန်ချူက ပို၍စိတ်မကောင်းဖြစ်သွားခဲ့သည်။
“ဒီအလုပ်များတဲ့ကာလကြီးပြီးသွားရင်တော့ ငါနင့်ကိုအချိန်သေချာပေးပါ့မယ်။ နော်။”
ညလေက အေးစက်လှ၏။ ကုမြောင်က ဝရန်တာတွင်ရပ်နေပြီး အဝေးမှမီးရောင်တို့ကိုငေးကြည့်နေသည်။ သူ့လက်ဖျားများက အေးစက်နေသော်လည်း ချန်ချူ့စကားလုံးများကြောင့် အနွေးဓာတ်တစ်ခုကိုခံစားလိုက်ရလေသည်။
“ဟုတ်ပါပြီ။”
ထိုသို့ သေသေချာချာပြန်ပြောလိုက်ပြီးနောက် ကုမြောင် ဖုန်းချလိုက်သည်။
ဒုတိယနေ့တွင် ရာသီဥတုကြည်လင်၏။ ညနေခင်းတွင် ကောင်းကင်၌ အနီရောင်တိမ်တိုက်များရှိနေလေရာ ဆောင်းတွင်းတွင် အအေးဓာတ်တို့ပျောက်ကွယ်သွားသကဲ့သို့ပင်။
ချန်ချူက ဖုရုန်းနှင့်လက်ချင်းချိတ်ကာ စားသောက်ဆိုင်ထဲသို့ဝင်သွားသည်။ စားသောက်ဆိုင်မှစားပွဲထိုးက သူတို့ကို စားပွဲဆီသို့ခေါ်သွားပေး၏။ ဖုရုန်းက ချန်ချူ့လက်ကိုထိလိုက်ပြီး ကျေနပ်မှုအပြည့်ဖြင့်
“ခဏနေကျရင် ဦးလေးနဲ့အန်တီကိုနှုတ်ဆက်ဖို့မမေ့နဲ့နော်။”
ချန်ချူက တိတ်တဆိတ်သက်ပြင်းချလိုက်၏။
“သမီးသိပါတယ်။”
ချန်ချူ အနည်းငယ် ကူကယ်ရာမဲ့နေသကဲ့သို့ ခံစားနေရ၏။ ကလေးမဟုတ်တော့သော်လည်း ထိုအပြုအမူများကို သတိထားနေရသေးလေသည်။
စားသောက်ဆိုင်မှာ နှစ်(၂၀)သက်တမ်းရှိပြီဖြစ်သော ဆိုင်ကောင်းတစ်ဆိုင်ဖြစ်၏။ ချန်ချူ့အဘိုးအဘွားများက သူ(မ)ကို ငယ်ငယ်ကတည်းက ထိုဆိုင်သို့ခေါ်လာလေ့ရှိသည်။ ယခုတွင်မူ နှစ်ပေါင်းများစွာကြာသည့်တိုင် ဆိုင်ကပြောင်းလဲခြင်းမရှိပေ။ ရှေးဟောင်းအပြင်အဆင်များက ဆိုင်၏သမိုင်းကိုဖော်ပြနေသကဲ့သို့ သီးသန့်ခန်းမှ သစ်သားတံခါးများတွင်လည်း အချိန်နှင့်အမျှ အမှတ်အသားများရှိလေသည်။
သီးသန့်ခန်းထဲသို့ဝင်သွားသည်နှင့် မစ္စလင်းက ချန်ချူ့ကို ပြုံး၍နှုတ်ဆက်ပြီး လက်ကိုဆွဲကာ ခေါ်သွားတော့သည်။
“အမယ်လေး။ ချူချူလေးက အရွယ်ရောက်လာတာနဲ့ ပိုပြီးတော့တောင် လှလာလိုက်တာ။ ငယ်ငယ်တုန်းကတောင် တော်တော်လှတာ။ အခုလိုအရွယ်ရောက်လာတော့ အန်တီ့လိုအဒေါ်ကြီးတောင် မျက်စိမခွာနိုင်တော့ပါလား။”
“မင်္ဂလာပါ အန်တီလင်း။”
ချန်ချူက ပြုံးပြလိုက်ပြီး စကားပြော၏။
“အန်တီလင်းလည်း အရင်အတိုင်းပဲ မပြောင်းလဲတဲ့အပြင် ပိုပြီးတော့တောင်နုလာတယ်နော်။ သမီးနဲ့အပြင်တူတူသွားရင် ညီအစ်မတွေလို့တောင် ထင်ကြမလားပဲ။”
“အမယ်လေး။ ပြောတတ်လိုက်တဲ့ ကလေး။”
မစ္စလင်းက ပြုံးရွှင်လျက် ချန်ချူ့ကိုလက်ဆွဲခေါ်လိုက်သည်။
“လာ လာ ချူချူ။ အန်တီမိတ်ဆက်ပေးမယ်။ ဒါက အန်တီလင်းရဲ့တူလေး။ သူလည်း ဂီတကိုလေ့လာနေတာလေ။ သမီးတို့နှစ်ယောက်က အကြိုက်တွေအတော်လေးတူကြတယ်။ နှစ်ယောက်လုံးကလည်း လူငယ်တွေပဲဆိုတော့ သူငယ်ချင်းတွေဖြစ်သွားကြရင် ကောင်းတာပေါ့။”
တစ်ဖက်လှည့်ကြည့်လိုက်သည့်အခါ ဖုရုန်း၏ မျှော်လင့်စောင့်စားနေသောမျက်နှာကိုမြင်လိုက်ရသဖြင့် ချန်ချူ့အပြုံးများ ရပ်တန့်သွားသည်။ ဖုရုန်းက သူ(မ)ကို blind date တစ်ခုသို့ ဆွဲခေါ်လာခြင်းပင်။
ဒေါသကိုမျိုသိပ်ကာ ချန်ချူတစ်ယောက် အသက်ကိုပြင်းပြင်းရှူလိုက်ပြီး မစ္စလင်း၏တူလေးကို ကြည့်လိုက်သည်။ ညင်သာသည့် ညအလင်းရောင်က သူတို့အပေါ်သို့ဖြာကျနေ၏။ ရုပ်ချောသည့်ကောင်လေးတစ်ယောက်က မလှမ်းမကမ်းတွင်ရပ်နေပြီး သူ့အကြည့်က ညင်သာသည့်လေညင်းကဲ့သို့ ဖြတ်သန်းသွားလေသည်။ ထိုအချိန်တွင် ချန်ချူ့နှလုံးသားများ တင်းကျပ်သွား၏။
“ရန်ရှီ။”
ကောင်လေးက ညင်သာစွာပြုံးပြလိုက်ပြီး
“မတွေ့တာကြာပြီနော် ချူချူ။”
*****
Aurora Novel Translation Team