Chapter 66.2
မစ္စလင်းက သူတို့စကားသံများကိုနားထောင်နေရင်း မျက်လုံးများပြူးကာ အံ့ဩလျက်
“အမယ်လေး။ မင်းတို့နှစ်ယောက်က သိနှင့်ပြီးသားကိုး။ တိုက်ဆိုင်လိုက်တာ။”
ဖုရုန်းကလည်း သူတို့စကားဝိုင်းထဲသို့ ဝင်ရောက်လာ၏။
“ဟုတ်ပါ့နော်။ ရန်ရှီက တယောထိုးတယ်လို့ကြားတယ်။ သူတို့နှစ်ယောက်က တစ်ကျောင်းတည်းတက်ကြတာဆိုပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မသိလောက်ဘူးလို့ထင်နေတာ။ တိုက်ဆိုင်လိုက်တာ။”
ချန်ချူက ဘေးမှကျုံးရန်ရှီကိုကြည့်လိုက်သည်။ သူ့ပုံစံမှာ ပေါ့ပေါ့ပါးပါးနှင့် သဘာအတိုင်းဖြစ်နေပြီး ဖုရုန်းကိုလည်း အရိုးသားဆုံးနှုတ်ဆက်လေသည်။ ဖုရုန်းက သူနှင့်ပတ်သက်၍ အတော်လေးစိတ်ကျေနပ်နေပြီး သူတို့နှစ်ယောက်ကို အတူတွဲမြင်ချင်သည့်စကားများကိုသာ မသိမသာပြောနေခဲ့သည်။ ထိုစားသောက်ပွဲမှာ သူတို့(၃)ယောက်အတွက်ပါတီကဲ့သို့ ချန်ချူက ဘေးဘက်တွင်နေရခက်စွာထိုင်နေပြီး အလိုက်သတိသာပြုံးနေရလေသည်။
သီးသန့်ခန်းထဲမှထွက်လာသည့်အခါ မစ္စလင်းက ချန်ချူ့လက်ကိုကိုင်လိုက်ပြီး
“အိုး ဒါနဲ့ ကပွဲအသစ်တစ်ခုရှိတယ်လို့ အန်တီကြားထားတယ်။ လက်မှတ်လည်းနှစ်စောင်ရထားတယ်။ အဲ့ဒါ သမီးတို့နှစ်ယောက် အတူတူသွားကြည့်ကြပါလား။”
ချန်ချူက ငြင်းတော့မည့်အချိန်တွင် ဖုရုန်းက ကြားဖြတ်ဝင်ပြောလိုက်၏။
“ကောင်းတာပေါ့။ လူငယ်တွေ ဒီလိုပွဲမျိုးသွားပြီး လေ့လာသင့်တာ။ ကျုံးလေးကလည်း ကားမောင်းတတ်ပြီမလား။ အတူတူသွားပြီးရင် ချူချူ့ကိုအိမ်ပြန်လိုက်ပို့လို့ရတာပေါ့။”
ကျုံးရန်ရှီက ပြုံး၍ပြန်ဖြေလိုက်၏။
“ဟုတ်ကဲ့ပါ အန်တီ။”
စားသောက်ဆိုင် ပထမထပ်သို့လျှောက်သွားသည်နှင့် ဒရိုင်ဘာကာ ကားအဆင်သင့်ပြင်ထားပြီးဖြစ်သည်။ သူတို့ရောက်လာသည်ကိုမြင်သည့်အခါ ချက်ချင်းဦးညွတ်၍ တံခါးဖွင့်ပေးလေသည်။
ဖုရုန်းနှင့် မစ္စလင်းတို့ကားပေါ်တက်လိုက်ပြီး ကားပြတင်းပေါက်မှတစ်ဆင့် သူတို့နှစ်ယောက်ကိုနှုတ်ဆက်လိုက်ကာ ပြုံးလျက်
“မင်းတို့နှစ်ယောက်က အရမ်းလိုက်တာပဲ။”
ချန်ချူက အတင်းပြုံးထားရပြီး လက်ပြန်ပြကာ သူတို့ကိုနှုတ်ဆက်လိုက်သည်။
“ဟုတ်ကဲ့။”
မြို့မှာ ညဘက်တွင် အတော်အေး၏။ စားသောက်ဆိုင်ဝင်ပေါက်မှ မီးများလည်း မှိန်လာသည်။ လူလတ်ပိုင်းအရွယ်များက အရက်သောက်ကြပြီး ဗလုံးဗထွေးစကားများ ပြောဆိုနေကြသည်။
သူတို့ထွက်သွားပြီးနောက် ချန်ချူ့မျက်နှာပေါ်မှအပြုံးတို့လည်း ပျောက်ကွယ်သွားလေသည်။ ထို့နောက် သူ(မ)က ပေါ့ပေါ့ပါးပါးဖြင့်
“ဒါဆို ငါအိမ်ပြန်တော့မယ်။”
“ချူချူ။”
ကျုံးရန်ရှီ၏အသံက ခပ်နိမ့်နိမ့်နှင့် သတိထားနေသည့်အသံမျိုးပင်။
“နင် ကပွဲကြည့်ဖို့ မလိုက်ဘူးပေါ့။”
ချန်ချူက နှုတ်ခမ်းကိုစေ့ကာ သူ့ကိုတည့်တည့်ကြည့်လိုက်ပြီး
“ရန်ရှီ… မိဘတွေက ဘာဖြစ်စေချင်လို့ ဒီလိုလုပ်တယ်ဆိုတာကို နင်သိပါတယ်။ ပြီးတော့ ဒီနေ့ နင်တွေ့ရမဲ့သူက ငါဆိုတာလည်း နင်သိထားပြီးသားပဲ။ ဒါကို ဘာလို့ လက်ခံလိုက်ရတာလဲ။”
သူ(မ) နားမလည်နိုင်တော့ပေ။ တက္ကသိုလ်စတက်သည့်အချိန်တုန်းကရော K တက္ကသိုလ်နောက်ဆုံးနှစ်တုန်းကပါ ချန်ချူ သူ့ကို သေသေချာချာငြင်းခဲ့ပြီးလေပြီ။
မြို့ကြီး၏ ညမြင်ကွင်းမှာ အတော်လှပ၏။ မီးအလင်းရောင်များက ချန်ချူ့မျက်လုံးထဲတွင် အလင်းပြန်နေသည်။ သို့သော် ထိုမျက်လုံးများတွင် စိတ်လှုပ်ရှားမှုမရှိနေရုံသာမက အားတင်းဟန်ဆောင်သည့် အပြုံးတစ်ခုပင်မရှိနေခဲ့ပေ။ ကျုံးရန်ရှီ၏စိတ်ထဲတွင် ဗလာဖြစ်သွားသည်။ သူ့နှုတ်ခမ်းများ တုန်ယင်နေသော်လည်း မည်သည့်စကားကိုမျှ သူ မပြောနိုင်ခဲ့ပေ။ မိဘများ၏ ရည်ရွယ်ချက်ကိုလည်း သူသိနေပြီး ချန်ချူ ယနေ့လာမည်ကိုလည်း သူသိနှင့်ပြီးသားဖြစ်လေသည်။ သို့သော် သူ၏ဆင်ခြင်တုံတရားကို နှလုံးသားက အနိုင်ယူသွားသလိုပင်။ သူ့ထံ၌ အခွင့်အရေးအလင်းရောင်တစ်ခု ရှိနေလိမ့်ဦးမည်ဟု သူ မဝံ့မရဲမျှော်လင့်မိခဲ့လေသည်။ သူတို့နှစ်ယောက်၏ မိသားစုနောက်ခံများက ဆင်တူပြီး စိတ်ဝင်စားမှု ဝါသနာကလည်း ဆင်တူနေသည်။ ဂီတအကြောင်းကိုပြောကြလျှင် သူတို့အတွက် မဆုံးနိုင်သည့်စကားဝိုင်းပင်။ သို့သော် သူ(မ)ကောင်လေးနှင့်ဆိုလျှင် မည်သည့်အကြောင်းအရာများကိုပြောကြမည်နည်း။ ဂိမ်းအကြောင်း သို့မဟုတ် ပိုက်ဆံမည်မျှရှာနိုင်သည့်အကြောင်း။ တစ်ခုခုပင်ဖြစ်လိမ့်မည်လား။
မှိန်ပျပျအလင်းရောင်က သစ်ရွက်များပေါ်သို့ ဖြာကျနေသည်။ ထိုအချိန်တွင် ချန်ချူ့ဖုန်းက နှစ်ကြိမ်တုန်ခါလာ၏။ ထိုအခါ သူ(မ)က ဖုန်းကိုငုံ့ကြည့်လိုက်ပြီး
“ငါ့ကောင်လေးခေါ်နေပြီ။ နင်အရင်ပြန်နှင့်လိုက်တော့။ ငါနောက်မှပဲ ကိုယ့်ဘာသာကိုယ်ပြန်လိုက်မယ်။”
ကျုံးရန်ရှီ၏အသံက ခပ်တိုးတိုးဖြစ်နေသည်။
“ဒါဆိုလည်း ဖုန်းအရင်ကိုင်လိုက်လေ။”
ချန်ချူက ဒေါက်ဖိနပ်ဖြင့် ထောင့်တစ်နေရာသို့လျှောက်သွားပြီး ဖုန်းကိုင်လိုက်သည်။
“ဟယ်လို မြောင်ကော။”
စားသောက်ဆိုင် ဒုတိယထပ်မှပြတင်းပေါက်က ဖြည်းဖြည်းချင်းပွင့်လာပြီး လေအေးတို့ ဝင်ရောက်သွားတော့သည်။ ကုမြောင်က ထိုပြတင်းပေါက်ရှေ့တွင်ရပ်နေပြီး အေးစက်စက်အရိပ်အယောင်ရှိနေသည့်လေသံဖြင့်
“မိသားစုတွေ့ဆုံပွဲက ဘယ်လိုလဲ။”
ချန်ချူ့အသံက ပုံမှန်အတိုင်းညင်သာနေဆဲပင်။
“ကောင်းပါတယ်။”
ကုမြောင်လက်တို့ တုံ့ဆိုင်းသွားပြီး မျက်လုံးထဲမှအလင်းရောင်တို့ မှိန်သွားခဲ့သည်။ ထို့နောက် သတိထားနေသည့်အနေအထားဖြင့် ကုမြောင်ထပ်မေးလိုက်၏။
“နင်တို့မိသားစုပဲလား။ တခြားဘယ်သူတွေပါသေးလဲ ဒီနေ့။”
ချန်ချူက စက္ကန့်အနည်းငယ်ရပ်တန့်သွားပြီး
“အရင်တုန်းကသိခဲ့ဖူးတဲ့ အန်တီတစ်ယောက်လည်းပါသေးတယ်။ နင်ဘာလို့ ရုတ်တရက်ကြီး ဒါကိုမေးတာလဲ။”
ကုမြောင်၏အသံမှာ ကွဲအက်အက်ဖြစ်သွားတော့သည်။
“ဘာမှမဟုတ်ပါဘူး။ ဒီတိုင်းမေးတာပါ။”
ချန်ချူ နောက်လှည့်ကြည့်လိုက်သည့်အခါ ကျုံးရန်ရှီရှိနေသေးသည်ကိုတွေ့လိုက်ရသည်။ ကျုံးရန်ရှီနှင့် စာရင်းရှင်းရန် သူ(မ)စိတ်လောနေမိသည်။
ချန်ချူ နှုတ်ခမ်းကိုက်လိုက်ရင်း အသံခပ်တိုးတိုးဖြင့်
“မြောင်ကော။ အမေ ငါ့ကိုခေါ်နေပြီမို့ နောက်မှပြန်ခေါ်လိုက်မယ်နော်။”
ကုမြောင်က ခေါင်းကိုငုံ့ကာ ပထမထပ်၏ ထောင့်တစ်နေရာတွင်ရပ်နေသောမိန်းကလေးကို တိတ်တဆိတ်ကြည့်နေခဲ့သည်။ ယနေ့တွင် သူ(မ)ဆံပင်ကို လှိုင်းတွန့်ပုံစံကောက်ထားပြီး စိန်ကလစ်လေးများတပ်ထားသဖြင့် အတော်လှနေလေ၏။ ဆောင်းညဖြစ်သောကြောင့် ဂါဝန်အရှည်နှင့် အသားရောင်ကုတ်တစ်ထည်ကိုဝတ်ထားလေရာ ချစ်စဖွယ်ကောင်းပြီး ကျက်သရေလည်းရှိနေသည်။
ကုမြောင် လည်ချောင်းများခြောက်ကပ်သွား၏။ စိတ်ထဲမှ ဝမ်းနည်းမှုတို့က သူ့ကိုလွှမ်းခြုံလိုက်တော့သည်။ ည၏အအေးဓာတ်ကြောင့်လားမသိ သူ့လက်ချောင်းတို့တောင့်တင်းသွားပြီး စိတ်ကိုထိန်းကာ စကားတစ်ခွန်းပြန်ပြောလိုက်သည်။
“အင်း။ ဟုတ်ပါပြီ။”
တုံ့ဆိုင်းခြင်းမရှိဘဲ ဖုန်းချလိုက်သည်မှာ သူ့ဘဝတွင် ယခုအကြိမ်သာ ပထမဆုံးပင်။ ထိုအချိန်တွင် ကျန်းရှင်းရောက်လာပြီး သူ့ပခုံးကိုပုတ်ကာ အလျင်စလိုစကားပြောလာသည်။
“နောက်ဆုံးတော့ မင်းကိုတွေ့ပြီပဲ။ Yuehong က ခေါင်းဆောင်ကျောင်းက မင်းဘယ်မှာလဲလို့မေးနေတာ။ မင်းပြောတော့ ရက်အနည်းငယ်လောက် မလာနိုင်ဘူးဆိုပြီး မနေ့ကပဲ စိတ်ပြောင်းသွားပြန်တယ်လေ။ ဒါပေမဲ့ ဒီကိုရောက်တော့ ငါတို့တွေမင်းကိုရှာလိုက်ရတာ အကြာကြီးပဲ။”
သူက နီရဲနေသည့်ကုမြောင်၏မျက်လုံးများကိုကြည့်ကာ ပြောရမည့်စကားများ လည်ချောင်းထဲတွင်ခံသွားတော့သည်။
“အယ်။ ခေါင်းဆောင်ကု။ ငါပြောလိုက်တာလေးနဲ့ ငိုသွားတာတော့မဟုတ်ဘူးမလား။”
ကျန်းရှင်းက တုန်ယင်ပြီး ပျာယာခတ်သွား၏။
“မင်းရူးသွားပြီလား။”
ကုမြောင်က ခေါင်းငုံ့လိုက်သည်။ သူ့မျက်လုံးများ တဖြည်းဖြည်းအေးစက်လာသော်လည်း သူ့အသံက ဂရုမစိုက်သည့်လေသံမျိုးပင်။
“ဘာမှမဟုတ်ပါဘူး။ ပြတင်းပေါက်နားမှာရပ်နေရင်းနဲ့ လေတိုက်တာကြမ်းလို့ပါ။”
“ဪ အေးပါ။”
ကျန်းရှင်းက ရှေ့သို့တိုးလိုက်ပြီး ပြတင်းပေါက်ကိုပိတ်လိုက်ရင်းနှင့် ရေရွတ်လိုက်ပြန်သည်။
“ဒီလောက်အေးတဲ့နေ့မှာ ဘယ်သူကများ ပြတင်းပေါက်ကိုဖွင့်ထားလဲမသိဘူး။”
ကုမြောင်က အေးစက်စက်အသံဖြင့် ကြားဖြတ်ပြောလိုက်၏။
“သွားမယ်လေ။ ခေါင်းဆောင်ကျောင်းက ငါတို့ကိုမေးနေတာဆို။”
“အေး ဟုတ်တယ်။ သွားစို့။”
ကုမြောင်တစ်ယောက် လက်သီးကိုကျစ်ကျစ်ဆုပ်ထားသဖြင့် လက်များပင်ဖျော့တော့နေခသည်။ ထို့နောက် သူ ပြတင်းပေါက်နားမှ ခပ်မြန်မြန်ထွက်လာလိုက်တော့သည်။
ညလေအေးတို့ တိုက်ခတ်လာချိန်တွင် ပန်းရနံ့များလည်း ပါဝင်လာ၏။ ဖုန်းချလိုက်ပြီးနောက် ချန်ချူက ကျုံးရန်ရှီဘက်သို့လှည့်လိုက်ပြီး
“ငါပြန်ရောက်ရင် အမေ့ကိုအားလုံးရှင်းပြလိုက်မယ်။ ခုတော့ သွားပြီနော်။”
သူ(မ) တက်စီငှားကာ တက်စီပေါ်တက်လိုက်ပြီး သူ့ကိုပင်ပြန်လှည့်မကြည့်ချေ။ ကောင်းကင်တွင် အထီးကျန်နေသည့်ငှက်များစွာပျံသန်းနေပြီး သူတို့၏အော်သံများက တိတ်ဆိတ်မှုကိုဖြိုခွင်းခဲ့လေသည်။ တက်စီပေါ်ရောက်ပြီးသည်နှင့်ချက်ချင်းဆိုသလို ကုမြောင်ကိုဖုန်းခေါ်လိုက်သော်လည်း အကြိမ်များစွာခေါ်သည့်တိုင်း ကုမြောင်က ဖုန်းမကိုင်ခဲ့ပေ။
‘အလုပ်များနေတာဖြစ်မှာပါ။’
လမ်းဘေးမှမီးအလင်းရောင်များကိုငေးကြည့်ရင်း ချန်ချူ အတိတ်ကိုပြန်တမ်းတနေခဲ့မိသည်။ ထိုသို့ဖြင့် အိမ်ပြန်ရောက်သည့်တိုင် ကုမြောင်က သူ(မ)ဖုန်းကိုပြန်မခေါ်လာသေးပေ။ ညဘက်တွင် Villa က တိတ်ဆိတ်နေ၏။ ဖုရုန်းနှင့် မစ္စလင်းတို့က ကတ်ကစားနေသောကြောင့် ပြန်မရောက်ကြသေးချေ။ ချန်ချူ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားခဲ့သည်။ Alarm နာရီမှ အသံကိုကြားသည့်အခါမှသာ သူ(မ) နိုးလာလေ၏။
မနက်ခင်းနေရောင်က ခန်းဆီးစများပေါ်တွင် ဖြာကျနေလေပြီ။ ချန်ချူ အိပ်ချင်မူးတူးနှင့် ဖုန်းကိုယူကြည့်လိုက်သော် ကုမြောင်ခေါ်ထားသည့် missed call များစွာကိုတွေ့လိုက်ရသည်။ ထိုအခါ သူ(မ) ချက်ချင်းပျာယာခတ်သွားပြီး ပြန်ခေါ်လိုက်၏။ စက္ကန့်အနည်းငယ်ကြာသည့်အခါ အခြားတစ်ဖက်မှ ဖုန်းပြန်ဖြေလာသည်။
“ကုမြောင်… ဘာဖြစ်လို့လဲ။”
ချန်ချူ စိတ်ပူစွာဖြင့်မေးလိုက်သည်။ ချန်ချူမှာ အိပ်ရာနိုးနိုးချင်းဖြစ်တာကြောင့် အသံက အနည်းငယ်လေးလံနေသည်။ ဖုန်းကိုင်ထားသည့် ကုမြောင်၏လက်များက ဖျော့တော့နေပြီး အသံကလည်း ကွဲအက်အက်နှင့်
“ငါဖျားနေတယ်။”
“ဘာ။”
ချန်ချူ လန့်သွားပြီး အလောတကြီး မေးမြန်းလိုက်သည်။
“နင်ဘယ်မှာလဲ။ ဆေးရုံမှာလား။ ငါနင့်ဆီ အခုလာခဲ့မယ်။”
“ငါ-ငါအိမ်မှာပါ။”
ချောင်းအနည်းငယ်ဆိုးပြီးနောက် ကုမြောင် ပြန်ဖြေလိုက်သည်။ ချန်ချူက ချက်ချင်းဖုန်းချလိုက်ပြီး ကုမြောင်အိမ်သို့ အပြေးသွားလိုက်တော့သည်။ ကံကောင်းစွာဖြင့် အိမ်နီးသောကြောင့် ကားနှင့် (၁၅)မိနစ်မောင်းပြီးသည့်အခါ ကုမြောင်အိမ်သို့ ရောက်သွားလေသည်။ ချန်ချူ ကားပေါ်မှဆင်းကာ လှေကားပေါ်သို့အမြန်တက်ပြီး တံခါးကိုတွန်းဖွင့်လိုက်သည်။
မနက်ခင်းနေရောင်တို့ ဝင်ရောက်နေသဖြင့် ခဲရောင်အိပ်ရာခင်းပေါ်တွင် သူ့အရိပ်တို့ ထင်ဟပ်နေသည်။ ကုမြောင်က အိပ်ရာထဲတွင်လှဲလျောင်းနေပြီး မျက်ကွင်းညိုမှတစ်ပါး သူ့မျက်နှာတစ်ခုလုံး ဖျော့တော့နေ၏။ အသံကြားသည့်အခါ သူက ရုတ်တရက် မော့ကြည့်လိုက်သည်။ သူ၏အနက်ရောင်မျက်ဝန်းများက အလင်းရောင်ကြောင့်လက်လာသော်လည်း မျက်လုံးထဲတွင် နီမြန်းမှုတို့ရှိနေသည်။ အခန်းက တိတ်ဆိတ်နေ၏။ သူက စောင်ကိုဖယ်လိုက်ပြီး မိန်းကလေးဆီသို့သွားကာ တင်းကျပ်စွာဖက်ထားလိုက်တော့သည်။
“ဘာဖြစ်လို့လဲဟင် မြောင်ကော။”
ချန်ချူက ကုမြောင် နေမကောင်းဖြစ်နေသောကြောင့် စိတ်အားငယ်နေသည်ဟုထင်ကာ သူ့နောက်ကျောကိုပုတ်ပေးလိုက်သည်။ ကုမြောင်တစ်ကိုယ်လုံး ပူပြင်းနေပြီး ချန်ချူ့ကိုပင် ပြာကျသွားစေနိုင်လောက်သည်အထိ ဖြစ်နေသည်။
“ချူချူ။”
သူက အသံကိုမနည်းထိန်းကာ သူ(မ)ကိုခေါ်လိုက်သည်။
“ငါဒီမှာရှိတယ်နော်။”
ချန်ချူက ညင်သာသောအသံဖြင့် သူ့ကိုနှစ်သိမ့်လိုက်၏။ သူက နှာရှုံ့လိုက်ပြီး သနားစရာကောင်းသောအသံဖြင့်
“နင်ငါ့ကို ဂရုစိုက်သေးတယ်နော်။”
“ဟမ်။”
ချန်ချူ တွေဝေသွား၏။ ကုမြောင်က သူ(မ)ကို ပို၍ပင် တင်းကျပ်စွာဖက်ထားပြီး သူ့မျက်လုံးထဲတွင်လည်း မျက်ရည်လည်နေသည်။ ထို့နောက် တောင်းပန်သည့်အသံမျိုးဖြင့် သူက
“ငါ့ကိုမထားခဲ့ပါနဲ့နော်။”
“ကျေးဇူးပြုပြီး…”
ကုမြောင် တောင်းပန်မိလေသည်။
‘နင်ငါ့ကို ထားခဲ့တော့မှာ မဟုတ်လား။ မထားခဲ့ပါနဲ့။’
*****
Aurora Novel Translation Team