Chapter 67.1
နေရောင်ခြည်တို့ ဖြာကျနေ၏။ အခန်းတစ်ခုလုံးလည်း တိတ်ဆိတ်နေသည်။ ချန်ချူက ကုမြောင်ရင်ခွင်ထဲရှိနေတုန်း ပခုံးပေါ်တွင် စိုစွတ်မှုတစ်ခုကိုခံစားလိုက်ရသည်။ သူ(မ)နှလုံးသား တင်းကျပ်သွားပြီး အားနည်းနေသည့်ကုမြောင်ကို နမ်းလိုက်၏။ ထို့နောက် ညင်သာသည့်အသံဖြင့် သူ့ကိုချော့ကာ
“ငါနင့်ကိုထားခဲ့မယ်လို့ ဘယ်သူပြောလို့လဲ။”
“နင်ငါ့ကိုလိမ်တယ်။”
ချန်ချူ့အနမ်းကြောင့် သူ့နားရွက်များ နီရဲသွားသော်လည်း စိတ်ထဲတွင်ကိန်းအောင်းနေသောဝမ်းနည်းမှုက သူ့အသံထဲတွင်သိသာနေသည်။ ချန်ချူက နှုတ်ခမ်းကိုစေ့ကာ ညင်သာသောအသံဖြင့်
“ငါက ဘာကိုလိမ်လို့လဲ။”
သူက အသံခပ်တိုးတိုးဖြင့်
“မနေ့က နင်ပြောတော့ နင့်မိသားစုနဲ့ညစာစားတာဆို။ တကယ်တမ်းကျ ကျုံးရန်ရှီနဲ့ အပြင်ထွက်သွားတာကို။”
“ငါ..”
ချန်ချူ အနည်းငယ်တုံ့ဆိုင်းသွားပြီး အပြစ်ရှိသလိုခံစားလိုက်ရသည်။ ချန်ချူ့အသံထဲတွင် တုံ့ဆိုင်းမှုကိုတွေ့လိုက်ရသည့်အခါ ကုမြောင် သူ(မ)ကို ပို၍တင်းကျပ်စွာဖက်ထားလိုက်မိတော့သည်။ ပြတင်းပေါက်က အနည်းငယ်ပွင့်နေသဖြင့် အေးစက်သောလေက ကုမြောင်၏နှလုံးသားကို ဓားသွားကဲ့သို့နာကျင်စေသည်။ တစ်ညလုံး အိပ်မရဖြစ်နေခဲ့သည့်နှလုံးသားကို လေကဖြိုခွင်းလိုက်သကဲ့သို့ စူးရှသည့်နာကျင်မှုက သူ့သွေးကြောများထဲသို့ စိမ့်ဝင်သွားသည်။ ဆောင်းရာသီမှာ အလွန်အေးစက်ပြီး ပြတင်းပေါက်အပြင်ဘက်မှသစ်ပင်များကလည်း လေနှင့်အတူယိမ်းနေ၏။ ကုမြောင်၏နီရဲနေသောမျက်လုံးများမှ မျက်ရည်များစီးကျလာသည်။ သူက မျက်ရည်များကိုသုတ်လိုက်ပြီး အားနည်းနေခြင်းကိုအထင်သေးကာ စိတ်ပျက်မိနေလေသည်။ သို့သော် သူ့နှလုံးသားတွင်မူ မျှော်လင့်ချက်လေးတစ်ခု ကပ်ညိနေသေး၏။
‘ငါ့ကိုလိမ်ထားရဲ့သားနဲ့ လာတွေ့ချင်စိတ်ရှိသေးတယ်ဆိုတော့ သူ(မ)က ငါ့ခံစားချက်တွေကို နည်းနည်းလောက်တော့ ဂရုစိုက်သေးတယ်ဆိုတဲ့သဘောပဲမလား။’
ထိုအခိုက်အတန့်တွင် ပြိုကျလုနီးပါး သူ့နှလုံးသားမှာ တဖြည်းဖြည်းငြိမ်ကျလာသည်။ အပြင်ဘက်တွင် လေအေးတို့ငြိမ်သက်သွားသောကြောင့် အခန်းကလည်း တဖြည်းဖြည်းနွေးလာ၏။ ချန်ချူက သူ့ရင်ခွင်ထဲမှထွက်လာချိန်တွင် မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများနှင့် ကုမြောင်၏နီရဲနေသောမျက်လုံးတို့ အကြည့်ချင်းဆုံသွားကြသည်။
သူ(မ)က လက်လှမ်းလာပြီး ကုမြောင်၏မျက်လုံးထောင့်ကို ညင်သာစွာထိကာ မျက်ရည်သုတ်ပေးလိုက်သည်။ ကုမြောင်၏နှလုံးသားထဲတွင်ရှိနေသော မျှော်လင့်ချက်ကင်းမဲ့သည့်ခံစားချက်တို့က ဖြည်းဖြည်းချင်းအရှိန်မြင့်လာပြန်၏။
‘ငါ့ရဲ့ဒီလိုပုံစံက အရမ်းအားနည်းနေပြီး ယောက်ျားမဆန်ဘူးလို့ သူ(မ)ထင်သွားပြီလား။’
ကုမြောင် မငိုသင့်ပေ။ သို့သော် သူကိုယ်တိုင်လည်း မျက်ရည်များကိုမထိန်းချုပ်နိုင်ခဲ့။ သူ(မ)ထွက်သွားတော့မည်ဟူသည့်အတွေးကြောင့် သူ့မျက်ရည်များကို တားဆီးမရနိုင်ခဲ့ချေ။ သူ ခေါင်းငုံ့ကာ နှုတ်ခမ်းကိုစေ့ထားပြီး သူ့ကိုယ်သူလှည့်စားရင်း မျက်လုံးမှိတ်ထားမိသည်။ မျက်လုံးမှိတ်ထားပါက နီရဲနေသောသူ့မျက်လုံးများကို သူ(မ)မြင်နိုင်တော့မည်မဟုတ်ပေ။
ချန်ချူ့လက်များက အေးစက်နေပြီး သူ(မ)၏အထိအတွေ့ကလည်း အလွန်ညင်သာနေသည်။
‘သူ(မ)က ဘာလို့ဒီလောက် ညင်ညင်သာသာဆက်ဆံနေရတာလဲ။’
ကုမြောင် မျက်လုံးမှိတ်ထားရင်း ချန်ချူ့လှုပ်ရှားမှုများကို ခံစားကြည့်နေခဲ့သည်။ တဖြည်းဖြည်းနှင့် မှိတ်ထားသောမျက်လုံးထဲမှ မျက်ရည်များ စိမ့်ထွက်လာတော့သည်။ သူ မထိန်းထားနိုင်ခဲ့ပေ။ သူ(မ)ကို ထွက်သွားခွင့်လည်း မပေးနိုင်ပါ။ သူ့ခံစားချက်များကို ထိန်းနိုင်ရန်ကြိုးစားရင်း မျက်ရည်များ အဆက်မပြတ်ကျဆင်းလာတော့သည်။ မျက်ရည်သုတ်ပေးနေသည့်ချန်ချူက စိတ်မကောင်းဖြစ်လာသော်လည်း သူ့မျက်ရည်များကတော့ တာကျိုးသကဲ့သို့ ရပ်တန့်သွားခြင်းမရှိဘဲ ဆက်တိုက်ကျဆင်းနေလေသည်။
“မငိုပါနဲ့။”
သူ(မ) ကုမြောင်ကိုနှစ်သိမ့်လိုက်၏။ ထိုအခါ ကုမြောင်က တစ်ဖက်သို့ချက်ချင်းလှည့်သွားပြီး ကွဲအက်နေသောအသံဖြင့် တောင်းပန်လိုက်သည်။
“ခုနကစကားကို ငါပြောလိုက်ဖို့မရည်ရွယ်ပါဘူး။ မပြောခဲ့ဘူးလို့ပဲ ထားလိုက်ပါ။”
သူ အလျင်စလို ထပ်တောင်းပန်လိုက်သည်။
“နင်ငါ့ကိုမထားခဲ့သရွေ့ ငါဒါတွေကို အာရုံမထားမိအောင် ကိုယ့်ကိုယ်ကိုယ်ပြောပါ့မယ်။ နင်ငါ့ကို မထားခဲ့သရွေ့ပေါ့။”
သူ့မျက်လုံးထဲတွင် တောင်းဆိုချက်များနှင့်ပြည့်နှက်နေသဖြင့် ချန်ချူ အလွန်ဝမ်းနည်းသွားပြီး
“နင်ဘာတွေတွေးနေပြန်တာလဲ။ ငါ မနေ့က ငါ့အမေရယ် အန်တီလင်းရယ်နဲ့ ညစာသွားစားတာ။ ဒါပေမဲ့ သူတို့နှစ်ယောက်ကအရင်ပြန်သွားတယ်။ ဖြစ်ချင်တော့ ကျုံးရန်ရှီက အန်တီလင်းရဲ့တူလေးဖြစ်နေတယ်။ အဲ့တော့ ငါတို့နှစ်ယောက်ကို သူတို့ကထားခဲ့လိုက်တာ။”
ကုမြောင် ယခုမှသာ အသက်ရှူနိုင်သကဲ့သို့ခံစားရလေသည်။ ပေါက်ကွဲလုနီးပါးနှလုံးသားကလည်း ဖြည်းဖြည်းချင်း ပြေလျော့လာ၏။ သူ ချန်ချူ့ကိုကြည့်လိုက်ပြီး မဝံ့ရဲသောအသံဖြင့် မေးလိုက်မိပြန်သည်။
“ဒါဆို နင်ငါ့ကိုဘာလို့လိမ်တာလဲ။”
အခန်းတွင်းမှအပူချိန်က မြင့်တက်သွားသဖြင့် သူတို့နှစ်ယောက်၏နှလုံးသားများ အရည်ပျော်သွားလုမတတ်ပင်။
“နင်နောက်ထပ်အတွေးလွန်နေမှာစိုးရိမ်လို့။ အခုလည်းကြည့်ဦးလေ။ Drama တွေကို စိတ်ကူးနဲ့ဖန်တီးနေပြန်ပြီမဟုတ်လား။”
သူ(မ) ကုမြောင်ကိုဆူလိုက်ပြီး သူ့ရင်ခွင်ထဲသို့ဝင်သွားလိုက်သည်။ သူ့ရင်ခွင်က နွေးထွေးနေ၏။ ချန်ချူ သူ့ရင်ဘတ်ပေါ်တွင်မှီကာ သူ့နှလုံးခုန်သံကို အနီးကပ်နားထောင်လိုက်သည်။
“ငါတောင်းပန်ပါတယ်။”
သူ မိန်းကလေးကိုဖက်ထားလိုက်သည်။ သူ့နားရွက်များလည်းနီလာပြီး ရှက်နေသဖြင့် စကားလည်းထစ်နေခဲ့သည်။
“ငါ-ငါ မရည်ရွယ်ပါဘူး။”
ချန်ချူက မော့ကြည့်ပြီး ခြေဖျားထောက်ကာ သူ့နှုတ်ခမ်းကိုနမ်းလိုက်သည်။
“ဒါက ငါ့အမှားပါ။ ငါနင့်ကိုမလိမ်ခဲ့သင့်ဘူး။”
“မဟုတ်ပါဘူး။ နင်မမှားပါဘူး။”
သူ့မျက်လုံးများထဲတွင် ပျော်ရွှင်မှုများပြည့်နှက်သွားသည်။ ချန်ချူ သူ့ပခုံးကိုမှီလိုက်ပြီး
“မြောင်ကော ငါနင့်အနားမှာဖြစ်တည်နေတာတွေက မလုံလောက်သေးလို့လား။ အမြဲတမ်း တစ်ခုခုဖြစ်တာနဲ့ အရမ်းစိတ်ပူပြီးတော့ ကိုယ့်ကိုယ်ကိုယ် insecure ဖြစ်နေတယ်နော်။”
သူ(မ)ပခုံးကိုဆုပ်ကိုင်ထားသည့်လက်များက ရုတ်တရက် ရပ်တန့်သွား၏။ ပြတင်းပေါက်အပြင်ဘက်မှ သစ်ကိုင်းများပေါ်တွင် ငှက်များတကျည်ကျည်အော်မြည်နေကြသည်။ ကုမြောင်က တစ်ခဏငြိမ်သွားပြီးမှ
“ချူချူ နင်ကမလုံလောက်တာမဟုတ်ပါဘူး။ ငါက မလုံလောက်တာပါ။”
ကုမြောင်တွင် မိသားစုမရှိဘဲ အခက်အခဲများစွာကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့ရလေသည်။ သူ၏မှောင်မိုက်နေသည့်ဘဝတွင် ချန်ချူကသာ တစ်ခုတည်းသောအလင်းရောင်လေးဖြစ်ခဲ့သည်။ သူ(မ)ကသာ သူ၏သတ္တိ၊ သူ၏အိပ်မက်နှင့် သူတောင်းတသည့်အရာဖြစ်လေသည်။ ချန်ချူက သူချစ်ရသောသူဖြစ်ရုံသာမက သူ့နှလုံးသားထဲမှ တစ်ဦးတည်းသောမိသားစုဝင်တစ်ဦးလည်းဖြစ်သည်။ ထိုအလင်းရောင်နှင့် ချစ်ခြင်းမေတ္တာတို့မရှိသည့်နေ့ရက်ကို သူဘယ်လိုမှစိတ်ကူးမကြည့်နိုင်ချေ။ ထို့ကြောင့် အမြဲတမ်း သိမ်ငယ်စိတ်၊ မလုံခြုံစိတ်တို့ဖြစ်ကာ ကြောက်လန့်နေခဲ့ရသည်။ ကုမြောင်က ခေါင်းငုံ့ထားပြီး ချန်ချူ့မျက်လုံးများကိုကြည့်ကာ အသံတိုးတိုးဖြင့်
“ချူချူ ငါပြောင်းလဲဖို့ ကြိုးစားပါ့မယ်နော်။”
ချန်ချူက ညင်သာစွာပြုံးလိုက်ပြီး
“ငါသိပါတယ်။ နင်ပြောင်းလဲလာမယ်ဆိုတာ။”
သူ(မ)၏ မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများမှာ လခြမ်းကွေးကဲ့သို့ဖြစ်သွားပြီး သူ(မ)အသံကလည်း ပျားရည်ကဲ့သို့ ချိုသာနေသည်။
“နင်ကငါ့ကို အရမ်းချစ်တာလေ။ ဟုတ်တယ်မလား။”
ကုမြောင် နှလုံးခုန်မြန်လာပြီး လေထုထဲတွင်လည်း ချစ်မေတ္တာအရိပ်အယောင်တို့ ပျံ့လွင့်နေသည်။ ကုမြောင်တစ်ယောက် လည်ချောင်းခြောက်နေသဖြင့် တစ်ခဏရပ်လိုက်ပြီးမှ “အင်း။” ဟုပြန်ဖြေလိုက်သည်။
ချန်ချူကရယ်လိုက်ပြီး
“အရမ်းချစ်လို့ပြောင်းလဲချင်တယ်ဆိုရင်တော့လည်း လုပ်ပေါ့လေ။ ဒါပေမဲ့ မပြောင်းလဲနိုင်ရင်လည်း ဘာမှမဖြစ်ဘူးနော်။”
သူ(မ) ကုမြောင်လည်ပင်းကိုဖက်ကာ သူ့နှုတ်ခမ်းကိုနမ်းလိုက်တော့သည်။
“သဝန်တိုတဲ့ပေါက်စီလုံးလေးအတွက်။”
ထိုသဝန်တိုတတ်သည့်ကောင်လေးမှာ သူ(မ)၏နူးညံ့သောအနမ်းအောက်တွင် မေ့မျောသွားခဲ့ပြီး အချိန်အတော်ကြာမှသာ သူနေမကောင်းဖြစ်နေကြောင်း ပြန်သတိရသွားတော့သည်။ ထို့နောက် သူက ချန်ချူ့ကိုဖက်ထားရာမှ ရုတ်တရက်လွှတ်လိုက်ပြီး
“ငါ-ငါက ဖျားနေတာလေ။”
ချန်ချူက နှုတ်ခမ်းဆူလိုက်ပြီး
“ငါတို့တွေနမ်းနေတာတောင် အတော်ကြာသွားပြီကို။ ကူးမဲ့ရောဂါဆိုရင် ငါ့ခန္ဓာကိုယ်ထဲမှာတောင်ပျံ့နေလောက်ပြီ။”
ချန်ချူက နီရဲနေသည့်သူ့မျက်လုံးများကိုကြည့်ကာ
“နင်ကတော့လေ သဝန်တိုတဲ့ပေါက်စီလုံးလေးဖြစ်ရုံမကဘူး ငိုဗြဲလေးပါဖြစ်နေတာပဲ။”
“မဟုတ်ဘူး။ အဲ့ဒီလိုမပြောနဲ့။”
ကုမြောင် ရှက်သွား၏။
“အင်းပါ အင်းပါ။” ချန်ချူက ရယ်လိုက်ပြီး
“ငါ့ရဲ့သဝန်တိုတဲ့ပေါက်စီလုံးလေးက ဖျားနေတာဆိုတော့ ဂရုစိုက်ရမှာပေါ့။”
သူ(မ)က ကုမြောင်ကိုအိပ်ရာပေါ်သို့လှဲခိုင်းလိုက်ပြီး စောင်ခြုံပေးလိုက်သည်။
“နေ့လယ်စာစားပြီးရင် တစ်ရေးအိပ်ရမယ်နော်။”
“အင်း။”
ကုမြောင် မျက်လုံးမှိတ်ထားလိုက်၏။ လေထဲတွင် ချန်ချူ့ဆီမှမွှေးရနံ့တို့ပါဝင်နေသဖြင့် ကုမြောင်ကို ရင်ခုန်သံမြန်နေစေသည်။ ချန်ချူကလည်း ကုမြောင်၏မျက်နှာကိုကြည့်ကာ သဘောကျသဖြင့် စောင်ကိုမ,၍ ဘေးဘက်သို့တိုးဝင်ကာ သူ့ခါးကိုဖက်ထားလိုက်သည်။
“ဂရုစိုက်ပေးတဲ့ package မှာ ဖက်ထားတာလည်းပါပါတယ်ရှင့်။”
ကုမြောင်တွင် အဖျားရှိနေသောကြောင့် ခန္ဓာကိုယ်တစ်ခုလုံးက မီးလိုပူနေသည်။
“ချူချူ။”
သူ့ခန္ဓာကိုယ် တောင့်တင်းသွား၏။ ချန်ချူက သူ့ရင်ခွင်ထဲမှခေါင်းထောင်လာပြီး
“အိပ်တော့လေ။ ဒီလိုမျိုးချွေးတွေထွက်လာမှ နိုးလာရင်နေလို့ကောင်းမှာ။”
ကုမြောင်က သူ့စိတ်ထဲတွင်ရှိနေသည့်ခံစားချက်တို့ကိုထိန်းချုပ်ကာ မျက်လုံးကိုမှိတ်ထားလိုက်တော့သည်။ ဖျားနေသည့်အရှိန်ဖြင့် အားနည်းနေသောကြောင့် စက္ကန့်ပိုင်းအတွင်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားလေသည်။
*****
Aurora Novel Translation Team