Chapter 69
Haishi မြို့ ဆောင်းဦးရာသီတွင် လေပြည်တို့စတင်အေးမြနေ၏။ သူတို့နှစ်ယောက်လုံးက တည်ငြိမ်အေးဆေးသည့် မင်္ဂလာပွဲကိုကျင်းပလိုသောကြောင့် အချိန်အတော်ယူခဲ့ပြီးမှ လာမည့်နှစ် မတ်လလယ်တွင်ကျင်းပရန် ဆုံးဖြတ်လိုက်ကြသည်။
ကောင်းကင်က ကြည်လင်နေပြီး လေကလည်း လတ်ဆတ်နေ၏။ ထိုနေ့က သူတို့၏ CTO ကြီး အလုပ်စောစောဆင်းသောကြောင့် Changyu မှ ဝန်ထမ်းများ အလွန်အံ့ဩနေကြသည်။ ကျန်းရှင်း၏ သတင်းဖြန့်ဝေပေးမှုကြောင့် ထိပ်တန်းအမှုဆောင်များမှ သန့်ရှင်းရေးဝန်ထမ်းအထိ ကုမြောင်မင်္ဂလာဆောင်တော့မည့်သတင်းကို သိသွားကြလေသည်။
“ဒီနေ့ ငါတို့ရဲ့ CTO ကြီးက သူ့ကောင်မလေး မင်္ဂလာဝတ်စုံဝတ်တာကို သွားကြည့်ပေးမှာလို့ကြားတာပဲ။”
ကျန်းရှင်းက အတည်ပေါက်မျက်နှာနှင့် သတင်းလိုက်ဖြန့်နေခဲ့သည်။ ကုမြောင်ရောက်လာသည်နှင့် ဝန်ထမ်းများက ကျန်းရှင်းကိုဝိုင်း၍ သတင်းအကြောင်းဆွေးနွေးနေကြသည်ကိုတွေ့လိုက်ရသည်။ ကုမြောင်က နှုတ်ခမ်းကိုစေ့ကာ လမ်းလျှောက်လာနေပြီး သူ့ခြေသံကြားသည့်အခါမှ အဆောက်အအုံတစ်ခုလုံးတိတ်ဆိတ်သွားသည်။ ကျန်းရှင်းက အလွန်လန့်သွားသော်လည်း ကြိုးစား၍ပြုံးလိုက်ပြီး
“သူဌေးကု။ အလုပ်ဆင်းပြီလား။”
ကုမြောင် ခေါင်းညိတ်လိုက်ပြီး အားလုံးကိုအေးစက်စက်ကြည့်လိုက်လေရာ သူတို့အားလုံး တုန်ယင်သွားကြတော့သည်။ ဆောင်းဦးလေက အေးစိမ့်နေသော်လည်း ညင်သာမှုရှိ၏။ ကုမြောင်က နွေးထွေးသည့်အသံဖြင့်
“မင်္ဂလာပွဲ သကြားလုံးတွေ၊ ဖိတ်စာတွေနဲ့ လက်ဆောင်ပစ္စည်းတွေကို လက်ထောက်ကျုံးဆီမှာ ထားခဲ့တယ်။ သူ့ဆီမှာသွားယူလိုက်ကြ။ လက်ဖွဲ့တွေ စာအိတ်နီတွေ မလိုပါဘူး။ ကျွန်တော့်မင်္ဂလာဆောင်ကိုတက်ရောက်ဖို့ အားလုံးကိုဖိတ်ပါတယ်။”
ဆောင်းဦးလေက ညင်သာစွာတိုက်ခတ်သွား၏။ ကုမြောင်ထွက်သွားသည့်အချိန်တွင် အားလုံးက တွေဝေစွာဖြင့် တုံ့ပြန်လာကြသည်။
“ဟ။ ခုနက ခေါင်းဆောင်ကုပြောသွားတဲ့စကားတွေက ညင်သာနေတာပဲ။ ကြားလိုက်တယ်မဟုတ်လား။”
“ငါတို့တွေကတော့ ဘာများလဲလို့လန့်သွားတာ။ ဒါနဲ့ လက်ထောက်ကျုံးဆီကို သွားကုန်ကြပြီလား။”
“သိပြီသိပြီ။ အမယ်လေး။ ဒီရေမွှေးက အရမ်းစျေးကြီးတယ်။ ငါ့ကောင်မလေးက ငါ့ကိုပူဆာနေတာကြာပြီ။”
“ဝိုး။ ဒီ box လေးက မိုက်တယ်ဟ။”
“ချောကလက်က Godiva ပဲ။”
“ဪ။ ရုတ်တရက်တွေးမိတာက မစ္စတာကုက တကယ့်ကိုလူကောင်းပါပဲလား။”
ထိုအချိန်တွင် အလုပ်စောဆင်းသွားသည့်မစ္စတာကုမှာမူ ချန်ချူ့အိမ်သို့ အပြေးအလွှားသွားနေခဲ့လေသည်။
“ရောက်ပြီလား။”
ချန်ချူက ဖုရုန်းနှင့်အတူထိုင်ကာ လက်ဖက်ရည်သောက်နေသော်လည်း သူ့ကိုတွေ့သည့်အခါ မတ်တတ်ရပ်၍ နှုတ်ဆက်၏။ ဆောင်းဦးနေ့တစ်နေ့ဖြစ်သော်လည်း ကုမြောင်၏နဖူးတွင် ချွေးစတို့စိုနေပြီး အနည်းငယ်မောပန်းနေသည့်လေသံဖြင့်
“ငါ နောက်ကျသွားလား။”
“ဟင့်အင်း။ နောက်မကျပါဘူး။ မင်္ဂလာဝတ်စုံတောင် မရောက်လာသေးဘူး။”
ချန်ချူက ပြုံး၍ပြန်ပြောလိုက်သည်။ မနေ့က မင်္ဂလာဝတ်စုံရောက်ပြီဟု ဆိုင်ကဖုန်းဆက်သော်လည်း ချန်ချူကအလုပ်များနေခဲ့သောကြောင့် စမ်းဝတ်ကြည့်ရန် သူ(မ)အိမ်သို့သာပို့ခိုင်းခဲ့သည်။ တစ်ခဏကြာသော် မင်္ဂလာဝတ်စုံလာပို့သည့် တာဝန်ရှိသူတစ်ဦးရောက်လာပြီဟူသည့်အကြောင်းကို အိမ်ထိန်းအန်တီက လာပြော၏။
ဒုတိယထပ်မှအဝတ်လဲခန်းသို့ ချန်ချူနှင့်အတူ ကုမြောင်လိုက်သွားသော်လည်း ဝင်ပေါက်တွင်ရပ်နေလိုက်သည်။
“ဒီမှာစောင့်နော်။ မိတ်ကပ်ပြင်ပြီး အားလုံးပြင်ဆင်ဖို့ဆို အချိန်ကြာမှာ။”
သူ(မ)က ထိုသို့ပြောသည့်အခါ ကုမြောင်က ခေါင်းညိတ်၍ ဒုတိယထပ်တစ်နေရာတွင် ထိုင်စောင့်နေခဲ့သည်။ ဆောင်းဦးနေရောင်က ညင်သာနေပြီး မည်သည့်ဆိုးကျိုးမျှမရှိချေ။ ကုမြောင်က အလွန်ပျော်ရွှင်နေသဖြင့် သူ့နှလုံးသားတစ်ခုလုံး တိမ်တိုက်များထဲတွင်မျောနေသည်ဟုခံစားရလေသည်။ သူနှစ်ပေါင်းများစွာချစ်ခဲ့သောမိန်းကလေးက သူ့သတို့သမီးဖြစ်လာပြီး ကျန်ရှိသောဘဝတစ်လျှောက်တွင် သူ(မ)နှင့်အတူဖြတ်သန်းရတော့ပေမည်။ မည်သည့်အခါမျှ ဝေးကွာသွားတော့မည်မဟုတ်။
သူ့အနောက်မှ “click” ဟူသောအသံကြားသည့်အခါ ကုမြောင် လှည့်ကြည့်လိုက်၏။ ချက်ချင်းပင် သူ့မျက်နှာက နီရဲသွားလေသည်။ ဥယျာဥ်ထဲတွင် ငှက်များအော်မြည်နေပြီး အခန်းထဲတွင်လည်း နေရောင်က ဖြာကျနေသည်။ ချန်ချူက ထိုနေရာတွင်ရပ်နေပြီး သူ(မ)၏ခန္ဓာကိုယ်မှာ ကမ္ဘာလောကကြီးတစ်ခုလုံး၏ အလင်းရောင်ကဲ့သို့ ဖြာထွက်နေတော့သည်။
“ကြိုက်ရဲ့လား။”
မက်မွန်ပွင့်ကဲ့သို့သော သူ(မ)မျက်လုံးများက မျှော်လင့်ချက်များစွာဖြင့် သူ့ကိုမော့ကြည့်လာသည်။ ကုမြောင်လက်ဖျားများတုန်ယင်လာပြီး ထူးဆန်းသည့်ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။ သူ့သတို့သမီးကိုငေးကြည့်နေစဉ် သူ့မျက်လုံးများက နူးညံ့၍ အချစ်များဖြင့်ပြည့်နှက်နေလေည်။
“လှတယ်။”
ကုမြောင် တစ်ဖက်သို့လှည့်ကာ မျက်ရည်သုတ်လိုက်သည်။ ပြန်လှည့်လာသည့်အချိန်တွင် သူ့အသံက ခံစားချက်ကြောင့် ရှိုက်သံပါနေခဲ့သည်။
“အရမ်းလှတယ်။”
ပုံမှန်အားဖြင့် စကားနည်းသည့်အေးစက်စက်ကောင်လေးက အ,ထစ်ထစ်နှင့် ထပ်မံပြောလိုက်ခြင်းဖြစ်သည်။ ဝတ်စုံအတွက် တာဝန်ရှိသည့်ဝန်ထမ်းကလည်း ညင်သာစွာပြုံးမိသွားပြီး
“သတို့သမီးကို မင်္ဂလာဝတ်စုံနဲ့မြင်တဲ့အခါတိုင်း သတို့သားတွေက ငိုကြတာချည်းပါပဲ။”
ချန်ချူ ပြုံးသာပြုံးလိုက်ပြီး ဘာမှဆက်မပြောလိုက်ချေ။ စကားနည်းသည့်ခေါင်းဆောင်ကုမှာ သူ(မ)ကို မင်္ဂလာဝတ်စုံနှင့်မြင်သည့်အခါမှသာ မျက်ရည်ကျခြင်းမဟုတ်ဘဲ အခြားအချိန်များတွင်လည်း မျက်လုံးနီတတ်ကြောင်း သူ(မ)မှလွဲ၍ မည်သူမျှယုံလိမ့်မည်မဟုတ်ပေ။
ဝန်ထမ်းက ချန်ချူ့ဝတ်စုံ၏အနားကွတ်များကို သေသေချာချာပြင်ဆင်ပေးလိုက်ပြီး
“ဒီဝတ်စုံကို သဘောကျရဲ့လား။ သိပ်ပြီးသဘောမတွေ့ရင် နောက်ထပ်ရွေးလို့ရသေးတယ်နော်။”
မင်္ဂလာဝတ်စုံရောက်လာရန်ပင် အလွန်ကြာလေရာ ထိုဝတ်စုံတစ်စုံ၏တန်ဖိုးမှာ သာမန်လူတစ်ယောက်၏ ဆယ်နှစ်လစာထက်များနေမည်မှာ သေချာပေသည်။ မင်္ဂလာဝတ်စုံက ကြယ်များဖြင့်ဝန်းရံထားသည့် လမင်းတစ်စင်းကဲ့သို့ နေ့အချိန်တွင်ပင် အလင်းရောင်ဖြာနေ၏။ ချန်ချူက ဂါဝန်ကိုမ,ကာ ရှေ့သို့လျှောက်လာပြီး တစ်ဖက်သို့လှည့်ပြလိုက်သည်။
“နောက်တစ်စုံနဲ့ လဲကြည့်ဦးမလား။ နောက်တစ်စုံကလည်း တော်တော်လေးကောင်းတယ်။”
သူ(မ)ဘေးမှလူတို့ကလည်း သဘောတူလိုက်၏။
“မိန်းကလေးချန်က ခန္ဓာကိုယ်လည်းရှိပြီး လှလည်းလှတော့ ဘယ်ဝတ်စုံနဲ့ဖြစ်ဖြစ် ထင်းနေမှာပဲ။ ဒါပေမဲ့ နောက်တစ်စုံလဲချင်ရင်တော့ တစ်လနှစ်လလောက် ထပ်စောင့်ရမှာ။”
သူတို့၏မင်္ဂလာပွဲနေ့မှာ ဝေးကွာနေသေးသောကြောင့် အချိန်ရှိသေး၏။ ချန်ချူက ကုမြောင်ကိုလှမ်းကြည့်ကာ မေးမြန်းလိုက်သည်။ ညနေခင်းနေရောင်က သူ့ပေါ်သို့ဖြာကျနေပြီး သူ့မျက်လုံးထဲမှ အေးစက်မှုတို့ပျောက်ကွယ်သွားခဲ့သည်။ သူက ထိုနေရာတွင်သာရပ်နေပြီး လေးနက်သောမျက်လုံးများဖြင့် မျက်တောင်မခတ်ဘဲ ချန်ချူ့ကိုသာငေးကြည့်နေသည်။ ချန်ချူက ရုတ်တရက်ပြုံးလိုက်ပြီး တစ်ဖက်သို့လှည့်ကာ
“ထားလိုက်ပါတော့။ မလဲတော့ဘူး။ ဒီဝတ်စုံက အတော်ပြည့်စုံနေသလိုပါပဲ။”
‘အနည်းဆုံးတော့ ကုမြောင်သဘောကျနေတဲ့ပုံပဲ။’
ထိုဝန်ထမ်းပြန်သွားပြီးသည့်နောက် ကောင်းကင်တွင် လခြမ်းကွေးလေးထွက်လာပြီဖြစ်သည်။ ဖုရုန်းကလည်း ကိစ္စတစ်ခုကြောင့် အပြင်ထွက်သွား၏။ ချန်ချူက မင်္ဂလာဝတ်စုံလဲပြီးဖြစ်သော်လည်း မိတ်ကပ်တော့မဖျက်ရသေးပေ။ သူ(မ) မိတ်ကပ်ဖျက်ရန် ရေချိုးခန်းထဲဝင်တော့မည့်အချိန်တွင် နွေးထွေးနေသည့်ရင်ခွင်တစ်စုံက သူ(မ)ကိုဆွဲငင်လာသည်။ ကုမြောင်က ချန်ချူ့ဆံပင်ကို ညင်သာစွာသပ်ပေးလိုက်ပြီး
“နင်အရမ်းလှတာပဲ။”
ချန်ချူ မနေနိုင်တော့ဘဲ ရယ်လိုက်မိလေသည်။
“အဝတ်အစားလဲလိုက်တာ ဘယ်လောက်တောင်ကြာနေပြီလဲ။ ခုထိပြောတုန်းလား။”
သူက ကြည့်မဝနိုင်သည့်အကြည့်များဖြင့် သူ(မ)ကိုငေးကြည့်ကာ
“ဒီလိုမျိုး အရမ်းလှနေတာလေ။”
ထိုသို့ပြောပြီးနောက် သူ(မ)၏ ချယ်ရီနှုတ်ခမ်းများကို ဖိနမ်းရန်ခေါင်းကိုငုံ့လိုက်တော့သည်။ သို့သော် ချန်ချူက သူ့ကိုတားလိုက်၏။ ဖြူဖွေးသွယ်လျနေသည့် ချန်ချူ့လက်ချောင်းများက ကုမြောင်နှုတ်ခမ်းပေါ်တွင်တင်ကာ
“မရဘူးလေ။ နှုတ်ခမ်းနီတွေဆိုးထားတာကို။”
ကုမြောင်က အနည်းငယ်စိတ်ညစ်ကာ ခေါင်းငုံ့လိုက်ပြီး
“ဟုတ်ပါပြီ။”
ချန်ချူက ကုမြောင်၏မျက်လုံးရှေ့သို့ သူ(မ)လက်ကောက်ဝတ်ကိုမြှောက်ပြလိုက်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက ကုမြောင် သူ(မ)ကိုပေးထားသည့် လခြမ်းပုံလက်ပတ်လေးကို သူ(မ) ဝတ်ထားခြင်းပင်။ ကုမြောင်က အံ့အားသင့်စွာဖြင့်
“ဒါလေးကို ဝတ်ထားတုန်းလား။”
ထိုလက်ပတ်လေးကိုကြည့်လိုက်သည့်နှင့် ကောင်းမွန်စွာ ဂရုတစိုက်သိမ်းထားခြင်းဖြစ်ကြောင်း သိသာနေသည်။ လွန်ခဲ့သောနှစ်များက ထိုသို့သောလက်ပတ်များမှာ ချန်ချူနှင့်မလိုက်ဟု ကုမြောင်ထင်ခဲ့ဖူးလေသည်။ ယခုတွင်တော့ သူပေးခဲ့သည့်လက်ဆောင်လေးမှာ အကောင်းဆုံးဖြစ်နေပြီး သူ(မ)၏လက်ကောက်ဝတ်တွင် ယခုချိန်အထိရှိနေသေးသည်ကို ငေးကြည့်နေမိတော့သည်။
အခန်းက တိတ်ဆိတ်နေ၏။ ညင်သာသည့်လရောင်ကလည်း ဖြာကျနေသည်။ ချန်ချူက ရွှန်းလဲ့နေသည့်မျက်လုံးများဖြင့် သူ့ကိုမော့ကြည့်လိုက်ပြီး ပြုံးလျက်
“အင်းပေါ့။ နင်ပေးတဲ့လက်ပတ်လေးမို့ သေချာဝတ်ထားတာလေ။”
ကုမြောင် ချန်ချူ့လက်ကိုညင်သာစွာကိုင်လိုက်ပြီး
“ငါတို့အတူ စျေးဝယ်ထွက်တဲ့အခါကျရင် ဒီထက်ပိုကောင်းတာလေး ငါဝယ်ပေးမယ်။”
ချန်ချူက မျက်တောင်ခတ်လိုက်ပြီး
“ဘယ်သူကအဲ့လိုပြောလို့လဲ။”
သူ(မ)ဆိုလိုချင်သည်မှာ သူ(မ)လက်ဖမိုးကို နမ်းလိုက်၍ရသည်ဟူ၍ပင်။ သို့သော် ကုမြောင်က မှင်တက်လျက် နားမလည်ဘဲရှိလေသည်။
“နင်ဘာကိုပြောချင်တာလဲ။”
“ထားလိုက်တော့။”
ချန်ချူ မျက်တောင်အနည်းငယ်ခတ်လိုက်ပြီး
“စောင့်ဦးနော်။”
ထိုသို့ပြောပြီးနောက် ချန်ချူ ရေချိုးခန်းထဲသို့ဝင်သွားသည်။ ကုမြောင်ကတော့ ထိုနေရာတွင်သာ ရပ်ကျန်နေပြီး ရေချိုးခန်းထဲမှရေကျသံကို နားထောင်နေခဲ့သည်။ သူ့စိတ်ထဲတွင်မူ ချန်ချူပြောခဲ့သည့်စကားကို တွေးနေမိ၏။
‘သူ(မ) တကယ်ပဲ ဘာပြောချင်တာများလဲ။’
အတွေးများနေရင်း ကုမြောင် ရုတ်တရက် တံခါးဖွင့်သံကိုကြားလိုက်ရသည်။ ထိုဆောင်းဦးညတွင် ကောင်းကင်၌ ကြယ်အချို့လင်းနေ၏။ ချန်ချူက သူ့ရှေ့တွင်ရပ်နေပြီး သူ(မ)မျက်နှာပေါ်တွင် ရေစက်လေးများတင်နေသည်။ ထိုရေစက်များက သူ(မ)၏ချောမွေ့နေသောပါးပြင်ပေါ်တွင်စီးကျကာ လည်ပင်းမှတစ်ဆင့် သူ(မ)အဝတ်အစားများကြားတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။ ကုမြောင် လက်သီးဆုပ်လိုက်မိပြီး တံတွေးမျိုချမိလိုက်သည်။ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး သူ့ရင်ဘတ်ထဲမှနှလုံးသားကလည်း နှလုံးခုန်သံကျယ်လောင်လာတော့သည်။
“ချူချူ သွားစို့။”
ထိုစဉ် ချန်ချူက ခြေဖျားထောက်လိုက်ပြီး ကုမြောင်လည်ပင်းကိုလှမ်းဖက်လိုက်သည်။ သူ(မ)၏လက်ချောင်းများကမူ သူ့လည်ပင်းအနောက်ဘက်သို့ လျှောဆင်းသွားလေသည်။ ထို့နောက် သူ(မ)က သူ့အနားသို့တိုးလာပြီး
“နေပါဦး။ မပြီးသေးတာတစ်ခု ကျန်နေသေးတယ်မလား။”
ပြတင်းပေါက်မှ လေတို့ဝင်ရောက်လာ၏။ ကုမြောင်ကတော့ နှလုံးခုန်မြန်နေပြီး ခန္ဓာကိုယ်အပူချိန်မြင့်ကာ မူးနောက်လာခဲ့သည်။ နောက်တစ်ကြိမ် မျက်နှာမနီလာစေရန် သူ နှုတ်ခမ်းကိုက်ထားမိလေသည်။ သို့သော် တစ်ခဏတွင် နူးညံ့သည့်နှုတ်ခမ်းတစ်စုံက သူ့အတွေးများကိုငြိမ်သက်သွားစေပြီး မိန်းကလေး၏ နူးညံ့သောအနံ့က သူ့နှာခေါင်းထဲတွင်ပြည့်နှက်သွားတော့သည်။ ကုမြောင် သက်ပြင်းရှိုက်လိုက်ပြီး သူ့လက်များက မိန်းကလေး၏ခါးကိုကိုင်ကာ အနမ်းထဲတွင်အားပြုနေလေ၏။ အခန်းတစ်ခုလုံး စိတ်အားထက်သန်မှုများဖြင့်ပြည့်နှက်နေသည်။ မင်္ဂလာပွဲကလည်း မကြာခင်ကျင်းပတော့မည်ဖြစ်သောကြောင့် သူတို့နှစ်ယောက် တစ်ခါတစ်ရံအတူနေခြင်းကို ဖုရုန်းက မသိချင်ယောင်ဆောင်၍ လက်ခံထားပေးခဲ့သည်။ သို့သော် မင်္ဂလာပွဲမကျင်းပမီ ရက်အနည်းငယ်တွင် ဓလေ့ထုံးတမ်းအချို့ကြောင့် သူတို့ကို တစ်ခဏခွဲထားခဲ့လေသည်။
ဖုရုန်းက မျက်နှာတည်ဖြင့်
“လက်ထပ်တော့မဲ့ဇနီးမောင်နှံက မင်္ဂလာပွဲမတိုင်ခင် ရက်အနည်းငယ်မှာ အချင်းချင်းမတွေ့ရဘူး။ မဟုတ်ရင် မင်္ဂလာသက်တမ်းတိုတတ်တယ်။”
ချန်ရို့ဟိုင်က ထိုသို့သောစကားလုံးများကို မလန့်သွားဘဲ ပြုံးသာပြုံးလိုက်သည်။ သို့သော် ထိုစကားကိုကြားသည့်အခါ ကုမြောင်က ချန်ချူ့ကို အိမ်ပြန်လိုက်ပို့သည်မှအစ အချိန်တိုင်းအတူရှိချင်သည့်ဆန္ဒအဆုံး အရာအားလုံးကိုပြောင်းလဲရတော့သည်။ ရက်အနည်းငယ်ကြာ သူတို့အချင်းချင်းမတွေ့ရဘဲ ဖုန်းဖြင့်သာ အလွမ်းဖြေခဲ့ရလေသည်။ မင်္ဂလာပွဲအကြိုနေ့တွင် ကောင်းကင်၌လမရှိသော်လည်း ကြယ်များက ညကောင်းကင်တစ်ခုလုံးကို လင်းထိန်နေစေခဲ့သည်။ မနက်ဖြန်တွင်လည်း ရာသီဥတုသာယာလိမ့်မည်ဟု ရာသီဥတုခန့်မှန်းချက်များ ထုတ်ပြန်ထားသည်။
Villa ၏ လှေကားရင်းတွင်ရပ်နေရင်း ကုမြောင်က အဝေးမှကောင်းကင်ကိုငေးကြည့်နေ၏။ ထို့နောက် သူ ချန်ချူ့ကို ဖုန်းခေါ်လိုက်သည်။
“ဟေး မြောင်ကော။ လွမ်းနေပြီလား။ ငါရေချိုးနေတာနဲ့ ခုနက ဖုန်းလာတာမသိလိုက်ဘူးဖြစ်သွားတယ်။”
သူ(မ)က ယခင်အတိုင်းပွင့်ပွင့်လင်းလင်းသာပြောချလိုက်သည်။ သို့သော် ထိုစကားအချို့က ကုမြောင်ကို နှလုံးခုန်သံမြန်သွားစေခဲ့လေသည်။ ကုမြောင်အတွေးထဲ၌ ဒုတိယထပ်၏ ထောင့်ဆုံးအခန်းတွင် အလင်းရောင်တစ်ခုရှိနေ၏။ အိပ်ရာပေါ်တွင်ထိုင်နေရင်း စိုနေသည့်ဆံပင်များကို ပခုံးပေါ်ချထားသည့်မိန်းကလေးကို ကုမြောင်မြင်ယောင်ကြည့်နေခဲ့သည်။ လေထဲတွင်လည်း မွှေးပျံ့သည့်ရနံ့များဖြင့် ပြည့်နှက်နေပေလိမ့်မည်။ ထိုအခါ ရုတ်တရက် သူ့သတို့သမီးကို သူ အလွန်တွေ့ချင်လာတော့သည်။ သို့သော်လည်း ဖုရုန်း၏စကားများကိုပြန်သတိရသွားသဖြင့် လက်သီးကိုသာဆုပ်ကာ ဆန္ဒများကိုမျိုသိပ်ထားလိုက်ရပေသည်။ ကုမြောင်မှာ သူ(မ)နှင့် ထာဝရအတူရှိသွားချင်ပြီး မည်သည့်အခါမျှ မခွဲခွာလိုပေ။
“မြောင်ကော။ ဘာလို့စကားပြန်မပြောတာလဲ။”
ဖုန်းထဲမှချန်ချူ့အသံမှာ လျှပ်စီးကြောင်းကဲ့သို့ ကုမြောင်၏နားမှတစ်ဆင့် နှလုံးသားထဲသို့ဝင်ရောက်သွားတော့သည်။ ကုမြောင်က သူ့နှလုံးသားထဲတွင်ရှိသော ဆန္ဒတို့ကိုဖုံးကွယ်ကာ
“အင်း။ လွမ်းနေတာ။”
Villa အပြင်ဘက်တွင် အလွန်တိတ်ဆိတ်နေပြီး အဝေးမှကားမီးတို့ကိုလှမ်းမြင်နေရသည်။ ချန်ချူ့အသံတွင် မျှော်လင့်ချက်အပြည့်ပါဝင်နေသော်လည်း စိုးရိမ်မှုအချို့ကိုလည်းတွေ့ရပေသည်။
“ငါတို့ မနက်ဖြန်တွေ့လို့ရပြီပဲ။”
“ဟုတ်ပါပြီ။”
ကုမြောင်က ဒုတိယထပ်မှအလင်းရောင်ကို ပုံဖော်ကြည့်နေရင်း
“စောစောအိပ်တော့နော်။”
ချန်ချူကလည်း ညင်သာစွာဖြင့်
“အင်း။ နင်ရောပဲ။”
ထို့နောက် သူ(မ)က နှုတ်ခမ်းကိုကိုက်ကာ မဝံ့မရဲဖြင့်ထပ်ပြောလိုက်သည်။
“Goodnight ယောက်ျား။”
ထိုအချိန်တွင် ဖုန်း၏အခြားတစ်ဖက်၌ လုံးဝတိတ်ဆိတ်သွား၏။ နွေဦးညမှာ တိတ်ဆိတ်အေးချမ်းနေသော်လည်း ကုမြောင်၏စိတ်ထဲတွင်မူ မီးရှူးမီးပန်းများစွာ ပေါက်ကွဲကုန်တော့သည်။ ထိုအခိုက်အတန့်တွင် ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားသလိုပင်။ နှလုံးခုန်သံလည်းလျင်မြန်နေသောကြောင့် ကုမြောင် ထိုနေရာတွင်သာ အကြာကြီးရပ်နေမိလေသည်။ ညကောင်းကင်မှကြယ်များကလည်း ပျော်ရွှင်စွာ ကခုန်နေသယောင်။ ထိုညတွင် ကုမြောင်အလွန်စိတ်လှုပ်ရှားနေသောကြောင့် အိပ်မရခဲ့သည်ကို မည်သူမျှသိလိမ့်မည်မဟုတ်ချေ။
*****
Aurora Novel Translation Team