Chapter 70
နွေဦးလေညင်းက ညင်သာနေ၏။ လက်ထပ်ထိမ်းမြားခြင်းက ဤသို့ငြီးငွေ့ဖွယ်ကောင်းလိမ့်မည်ဟု ချန်ချူမထင်ထားခဲ့ပေ။ သို့သော်လည်း ထိုရှုပ်ထွေးမှုအားလုံးမှာ ပျော်စရာကောင်းသည့် ဝန်ထုပ်ဝန်ပိုးများပင်။
ညရောက်လာချိန်မှာ ကောင်းကင်က မှောင်မည်းနေ၏။ မင်္ဂလာပွဲအတွက် ကမ်းရိုးတန်းဟိုတယ်တစ်ခုလုံးကို သူတို့ ငှားထားခဲ့ကြသည်။ တစ်မြို့လုံးတွင်ရှိသော အထင်ကရ၊ နာမည်ကြီးပုဂ္ဂိုလ်များကို မျက်စိရှေ့တွင်မြင်တွေ့နေရ၏။ ပန်းအပြင်အဆင်များမှအစ ဧည့်သည်တစ်ယောက်ချင်းစီ၏ စိတ်တိုင်းကျမှုအဆုံး ပွဲအပြင်အဆင်အားလုံးကို ကုမြောင်က သေသေချာချာပြင်ဆင်ထားခြင်းဖြစ်သည်။ ထို့ကြောင့် ထိုနေ့တွင် ကုမြောင်ထက်ပို၍ စိတ်လှုပ်ရှားနေသည့်သူ မရှိနိုင်ပေ။
ထိုနွေဦးညတွင် ပွဲတစ်ခုလုံး၌ ပန်းရောင်နှင့်အပြာရောင်ပန်းတို့ဖြင့် ပြည့်နှက်နေ၏။ တလက်လက်တောက်ပနေသာ မီးဆိုင်းများကလည်း ရောင်ပြန်ဟပ်နေရာ နတ်သမီးပုံပြင်ထဲမှ လှပသောကမ္ဘာတစ်ခုနှင့်တူနေသည်။ ဂီတသံကလည်း စမ်းချောင်းကဲ့သို့စီးဆင်းနေလေ၏။ ကုမြောင်က တောက်ပသည့် suit တစ်စုံကိုဝတ်ဆင်ထားပြီး ဆံပင်ကိုလည်း နောက်လှန်ဖြီးထားသည်။ ယနေ့တွင် သူက မျက်မှန်မတပ်ထားသောကြောင့် သူ့မျက်ဝန်းနက်ထဲတွင် ကြယ်ရောင်များ စုံလင်နေသကဲ့သို့ပင်။ အဝေးမှနေ၍ သူ့ဆီသို့လျှောက်လာသောသတို့သမီးကိုလှမ်းကြည့်လိုက်သည့်အခါ ကုမြောင်မျက်လုံးများ နီရဲလာတော့သည်။ အိပ်မက်ဆန်လှသော ပန်းပင်လယ်ကြီးထဲတွင် မိန်းကလေးက ဖခင်ဖြစ်သူ၏လက်ကိုတွဲကာ ပြတ်သားသောဆုံးဖြတ်ချက်များဖြင့် သူ့ဆီသို့ တစ်လှမ်းချင်းလျှောက်လာနေ၏။
“သူ(မ)ကို သေချာဂရုစိုက်နော်။”
ချန်ရို့ဟိုင်မှာ စီးပွားရေးလောကတွင် နှစ်ပေါင်းများစွာကျင်လည်နေသည့် လူကြီးတစ်ယောက်ဖြစ်သော်လည်း ယခုတွင်မူ ရှိုက်သံဖြင့် မျက်လုံးများနီရဲနေလေသည်။ ကုမြောင်ကလည်း မျက်လုံးထဲတွင် မျက်ရည်စများဖြင့် သေသေချာချာခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်ကဲ့။ ကျွန်တော် သေချာဂရုစိုက်ပါ့မယ်။”
ကုမြောင် သူ(မ)လက်ကို ညင်သာစွာဆုပ်ကိုင်လိုက်၏။ နူးညံ့သည့်အထိအတွေ့က သူ့နှလုံးသားကိုလည်း ရိုက်ခတ်သွားလေသည်။ သူ့လက်များတုန်ယင်လာပြီး တစ်ခဏလောက် မှင်တက်မိသွားသည်။ ထိုမိန်းကလေးက သူ အသက်(၁၇)နှစ်အရွယ်ကတည်းက တောင့်တခဲ့ရသောမိန်းကလေးပင်။
ထိုအချိန်တွင် ပတ်ဝန်းကျင်တစ်ခုလုံးငြိမ်သက်သွား၏။
“မစ္စတာကုမြောင်။ မိန်းကလေးချန်ချူကို လက်ထပ်ဖို့ ဆန္ဒရှိပါသလား။ ဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည်ဖြစ်စေ၊ ကျန်းမာသည်ဖြစ်စေ၊ နာမကျန်းသည်ဖြစ်စေ၊ သက်ဆုံးတိုင်အထိ သူ(မ)ကို သစ္စာရှိရှိချစ်မြတ်နိုးသွားပါမည်လား။”
ကုမြောင်က သူ့ရှေ့မှမိန်းကလေးကိုကြည့်ရင်း ရင်ခုန်သံမြန်ကာ အိပ်မက်တစ်ခုကဲ့သို့ခံစားနေရလေသည်။ ခန်းမကြီးတစ်ခုလုံးတိတ်ဆိတ်နေပြီး အားလုံးကလည်း သူတို့နှစ်ယောက်ကိုသာအာရုံစိုက်နေကြသည်။ ကုမြောင်က မှင်တက်ကာ တိတ်ဆိတ်နေပြန်သဖြင့် ချန်ချူက သူ့ကိုလှမ်းပုတ်လိုက်ရလေသည်။ ထိုအခါမှသာ ကုမြောင်အသိပြန်ဝင်လာပြီး ချက်ချင်းဆိုသလို နားရွက်များနီရဲသွားတော့သည်။
ဟိုတယ်ထဲတွင် ရေမွှေးနံ့များမွှေးကြိုင်နေ၏။ အာဏာရှိသူများနှင့် ကျော်ကြားသူများစုဝေးနေကြလေရာ မီးဆိုင်းများထက်ပင် လင်းလက်တောက်ပနေတော့သည်။ တစ်မြို့လုံးတွင်ရှိသော နာမည်ကြီး၊ မျက်နှာကြီးသူများက ကုမြောင်ကိုကြည့်နေကြသဖြင့် ကုမြောင်၏ဖြစ်ပုံအစအဆုံးကို သဘောပေါက်ကြလေသည်။ ခဏအကြာမှ ကုမြောင်က စကားအ,ထစ်ထစ်နှင့်
“ကျ-ကျွန်တော် သစ္စာရှိရှိ ချစ်-ချစ်မြတ်နိုးသွားမှာပါ။”
ပရိတ်သံထံမှ ရယ်သံတစ်ခုကိုကြားလိုက်ရသဖြင့် ကုမြောင် ရှက်သွားမိသည်။ သူ့မင်္ဂလာဆောင်တွင် စကားထစ်နေမိခြင်းပင်။ ရုတ်တရက် အသက်(၁၇)နှစ်အရွယ်တုန်းက စင်မြင့်ရှေ့တွင်ရပ်ကာ လူအများ၏လှောင်ပြောင်သရော်ခြင်းခံခဲ့ရသည့် နာကျင်စရာအတိတ်ကို ပြန်သတိရသွားသည်။ သို့သော် ထိုအခိုက်အတန့်တွင်ပင် နူးညံ့သောလက်တစ်စုံက သူ့ကိုလှမ်းထိလိုက်၏။ ခေါင်းငုံ့နေရာမှ မော့ကြည့်လိုက်သည့်အခါ ကြည်လင်တောက်ပနေသည့် မက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများက အချစ်များဖြင့်ပွင့်လန်းနေသည်ကို သူ တွေ့လိုက်ရသည်။ သူ(မ)မျက်တောင်ခတ်လိုက်သည့်အခါ မျက်ရည်စအချို့က ပို၍သိသာလာလေသည်။
“ပရိသတ်ဘက်ကို ကြည့်ဦး။”
သူ(မ)က ခပ်တိုးတိုးပြောလာသည်။ ကုမြောင်ကလည်း သူ(မ)စကားကိုနားထောင်ကာ ပရိသတ်ဘက်သို့ လှည့်ကြည့်လိုက်သည်။ ပရိသတ်တို့၏ နူးညံ့ညင်သာပြီး ကောင်းချီးပေးနေသောမျက်ဝန်းများမှာ ခန်းမတစ်ခုလုံးကိုလင်းလက်သွားစေပြီး စမ်းရေကဲ့သို့အေးချမ်းစေလေသည်။ သူ (၁၇)နှစ်အရွယ်တုန်းက ကြုံခဲ့ရသည်နှင့် လုံးဝခြားနားနေသည်။ ထိုနွေဦးညမှာ နွေးထွေးလှပြီး သူ့ကြောက်စိတ်နှင့် နာကျင်မှုများအားလုံးကို ဖယ်ရှားပေးလိုက်တော့သည်။ ထိုအချိန်တွင် သူ့လည်ချောင်း၌မွန်းကျပ်လာပြီး စကားမပြောနိုင်တော့ပေ။ ကံကောင်းစွာဖြင့် နောက်တစ်ပိုင်းမှာ သတို့သမီး၏အပိုင်းဖြစ်သောကြောင့် စကားပြောစရာမလိုလိုက်ချေ။
“ကဲ။ သတို့သားက သတို့သမီးကိုနမ်းလို့ရပါပြီ။”
သူ ချန်ချူ့အနားသို့တိုးလိုက်ပြီး အချိန်အကြာကြီးချစ်ခဲ့ရသောသူ(မ)ကို နမ်းလိုက်လေတော့သည်။ ထိုအခိုက်အတန့်မှာ ကောင်းကင်က သူ့ကိုမျက်နှာသာပေးသည့်အခိုက်အတန့်ပင်။ အချိန်ကြာလာသည်နှင့်အမျှ အတိတ်မှနာကျင်မှုတွေ တဖြည်းဖြည်းပျောက်ကွယ်သွားပြီး ကောင်းသောအရာများရောက်ရှိလာခြင်းဖြစ်သည်။
တဖြည်းဖြည်းနှင့် ညမှောင်လာပြီး ဧည့်သည်များကလည်း သူတို့အချင်းချင်း စကားပြောနေကြသည်။ ချန်ချူနှင့်ကုမြောင်တို့ အိမ်ပြန်ရောက်သည့်အချိန်မှာ အတော်လေးနောက်ကျနေလေပြီ။ ချန်ချူက မင်္ဂလာဝတ်စုံမလဲရသေးသောကြောင့် ကုမြောင်က သူ(မ)ကိုကူညီပေးလိုက်သည်။
“ငါ ရေအရင်ချိုးလိုက်မယ်နော်။”
ချန်ချူက နာကျင်ကိုက်ခဲနေသည့် သူ(မ)ပခုံးကိုပွတ်လိုက်သည်။ ယနေ့ညမှာ သူတို့၏မင်္ဂလာဦးညဖြစ်သောကြောင့် ကုမြောင်က အတော်သောက်ထားလေရာ မျက်လုံးများဝေဝါးနေသည်။ သူ့မျက်လုံးများထဲတွင် ပြင်းထန်သောမီးတောက်များရှိနေသော်လည်း ချန်ချူကမူ အမြဲတမ်းအခြေအနေကိုဖန်တီးသူဖြစ်သောကြောင့် သူတို့နှစ်ယောက်မှာ မီးနှင့်ရေခဲလိုဖြစ်နေခဲ့သည်။ ယခုတွင် မီးက ရေခဲကိုအရည်ပျော်သွားစေလေသည်။
အခန်းတစ်ခုလုံးတိတ်ဆိတ်နေ၏။ ချန်ချူက မျက်ခုံးကိုပင့်ကာ အသံတိုးတိုးဖြင့်
“ငါ့ကို မင်္ဂလာဝတ်စုံ ကူချွတ်ပေးပါလား။”
ချန်ချူက တစ်ဖက်သို့လှည့်ကာ ဖြူဖွေးနေသည့်ကျောဘက်ကိုပြသလိုက်သည်။ သူ(မ)အရေပြားမှာ မီးရောင်အောက်တွင် ကျောက်စိမ်းကဲ့သို့ဖြစ်နေ၏။ ကုမြောင်၏စိတ်ထဲတွင် အရက်တို့အစွမ်းပြနေသကဲ့သို့ သူ့မျက်နှာနှင့်လည်ပင်းတို့နီရဲလာသည်။ ထိုနီရဲမှုမှာ ရှက်စိတ်ကြောင့်လား၊ သို့မဟုတ် အရက်ကြောင့်လားတော့ ချန်ချူမပြောတတ်ချေ။ တုံ့ဆိုင်းခြင်းမရှိဘဲနှင့် ကုမြောင်တစ်ယောက် ရှေ့သို့လျှောက်လာသော်လည်း သူ့လက်ဖျားများက တုန်ယင်နေလေသည်။
“မြန်မြန်လုပ်။”
ချန်ချူက နှုတ်ခမ်းစူ၍ပြောလိုက်သည်။ ထိုစကားလုံးများကြောင့် ကုမြောင် နှလုံးခုန်သံမြန်လာပြီး ဇစ်ကို သေချာဆွဲချပေးလိုက်သည်။ မီးရောင်ကြောင့် ချန်ချူ့ကျောပြင်ကိုမြင်လိုက်ရပြီး မွှေးပျံ့နေသည့်မွှေးရနံ့ကလည်း ကုမြောင်ကို ရင်ခုန်သံပိုမြန်သွားစေခဲ့သည်။
“ချူချူ။”
“ဟမ်။”
ချန်ချူက သူ့ဘက်သို့လှည့်လာချိန်တွင် မျက်လုံးထဲတွင် အရောင်လက်နေလေသည်။ ပေါက်ကွဲထွက်တော့မည့်ဆန္ဒကို ကုမြောင် ထိန်းမထားနိုင်တော့ဘဲ ရုတ်တရက် ခေါင်းကိုငုံ့ကာ ချန်ချူ့နှုတ်ခမ်းများကိုနမ်းလိုက်သည်။ သူတို့နှစ်ဦး အရောင်စုံလင်သည့် အိပ်မက်ကမ္ဘာထဲသို့ရောက်သွားသည့်အတိုင်း အချင်းချင်းလိမ်ယှက်သွားကြလေသည်။ သူတို့၏ခန္ဓာကိုယ်အပူချိန်နှင့် ရောယှက်သွားသောအခါ လေကလည်း ပူနွေးစိုစွတ်နေ၏။
“မရဘူးထင်တယ်။ ငါရေမချိုးရသေးဘူး။”
ချန်ချူက မဝံ့မရဲဖြင့်ပြောလိုက်သောအခါ ကုမြောင်က အရိုင်းဆန်သောဆန္ဒပြင်းပြမှုဖြင့် သူ(မ)အပေါ်သို့လှဲချလိုက်သည်။ ထို့နောက် သူ(မ)ကိုချီကာ ရေချိုးခန်းထဲသို့ဝင်သွားလေသည်။
“Click”
တံခါးပိတ်သွား၏။ ရေကျနေသောအသံကြားတွင် ကုမြောင်၏အသံက ထွက်ပေါ်လာသည်။
“ရေအတူတူချိုးတာပေါ့။”
ညက မှောင်မည်းနေ၏။ လမင်းကြီးမှာလည်း ရှက်နေသကဲ့သို့ တိမ်များကြားတွင်ပုန်းကွယ်ကာ အတော်နှင့်မထွက်လာတော့ချေ။
~
မင်္ဂလာပွဲပြီးဆုံးခဲ့ပြီး မကြာခင် သူတို့နှစ်ယောက် Honeymoon ထွက်ကြ၏။ ဧပြီလတွင် ဂရိနိုင်ငံ၏ရာသီဥတုက အတော်သာယာသည်။ Santorini ကျွန်းတွင်လမ်းလျှောက်နေရင်း ကျယ်ပြောသောပင်လယ်ပြင်နှင့်အတူ ၎င်း၏ဆန့်ကျင်ဘက်တွင်ရှိနေသော အဆောက်အအုံတို့ကိုမြင်တွေ့ရသည်မှာ Fairy tale ကမ္ဘာထဲသို့ ဝင်ရောက်သွားသလိုပင်။ စားသောက်ဆိုင်တစ်ဆိုင်တွင် ညစာစားခဲ့ပြီးနောက် သူတို့နှစ်ယောက် ပင်လယ်ဘက်တွင် လေညင်းခံခဲ့ကြသည်။ ညနေခင်းပင်လယ်ပြင်မှာ ငွေရောင်လင်းနေခဲ့ပြီး လကိုတော့ မမြင်ရသေးချေ။ နီရဲနေသည့်နေဝင်ချိန်က ကောင်းကင်တစ်ခုလုံးကို နေရာယူထားသည်။ စားသောက်ဆိုင်၏အလယ်တွင် ဂီတတူရိယာများစွာရှိနေပြီး ညနေခင်းတွင် ဂီတဖျော်ဖြေပွဲအသေးစားများ ကျင်းပလေ့ရှိပုံပေါ်၏။ အချိုပွဲစားပြီးနောက် ပျောက်ကွယ်လာသည့် နေဝင်ဆည်းဆာနှင့်အတူ ဂီတသံကလည်း ဖြည်းညင်းစွာစီးဆင်းနေသည်။ လေတိုက်သဖြင့် ချန်ချူက ဆံပင်တို့ကို သေသေချာချာသပ်တင်နေရ၏။ သူ(မ)၏ ချောမွေ့နူးညံ့နေသောမျက်နှာတွင် ဖော်မပြတတ်သောအလှတရားတို့ရှိနေခြင်းကြောင့် ရုတ်တရက် ကုမြောင် သူ(မ)ကိုနမ်းချင်မိသွားသည်။
“ဘာလို့ အဲ့လိုကြည့်နေတာလဲ။”
ချန်ချူ့မျက်လုံးများက လခြမ်းပုံကွေးတက်လာပြီး မသိချင်ယောင်ဆောင်ကာ ကုမြောင်ကိုမေးလိုက်လေသည်။ ထိုအချိန်တွင် ကုမြောင်က တံတွေးမျိုချပြီး ခေါင်းယမ်းပြလိုက်၏။
“ဘာမှမဟုတ်တာ သေချာလို့လား။”
သူ(မ)က ခေါင်းလေးစောင်းကာ အပြစ်ကင်းစွာပြုံးပြလာသည်။ လက်ချောင်းတွင်ရှိနေသည့် အာရုံတစ်ခုက သူ့နှလုံးသားမှတစ်ဆင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ ဖြန့်ကျက်သွားသည်။ ကုမြောင် ချန်ချူ့ဘေးတွင်ပြောင်းထိုင်လိုက်ပြီး နှလုံးသား၏ဆန္ဒကိုမထိန်းထားနိုင်တော့သဖြင့် အန္တရာယ်များလောက်အောင် ဆွဲဆောင်နေခဲ့သော သူ(မ)နှုတ်ခမ်းများကိုနမ်းလိုက်လေတော့သည်။
ကောင်းကင်မှကြယ်ရောင်တို့က ပင်လယ်ပြင်ပေါ်တွင် ရောင်ပြန်ဟပ်နေ၏။ သီချင်းသံလည်း တဖြည်းဖြည်းပျံ့လွင့်လာသည်နှင့် သူ၏ စိတ်အားထက်သန်သောအနမ်းကို ရပ်တန့်လိုက်သည်။ ချန်ချူက ဘေးဘက်ကိုလှည့်ကြည့်ရင်း အနည်းငယ်ရှက်နေပြီး မည်သူမျှမကြည့်နေသည်ကိုသိလိုက်ရမှသာ စိတ်သက်သာရာရသွားတော့သည်။ စင်ပေါ်မှဖျော်ဖြေမှု ပြီးဆုံးသွားသဖြင့် လူတစ်ယောက်က မိုက်ကိုကိုင်ကာ အင်္ဂလိပ်လိုစကားပြောလာသည်။
“စင်ပေါ်မှာ ဘယ်သူဖျော်ဖြေချင်သေးလဲ။”
ချန်ချူက ရယ်လိုက်လေရာ ပါးချိုင့်များထဲတွင် ချိုမြိန်မှုတို့ပြည့်နှက်သွားလေသည်။
“ငါ့မှာ နင့်အတွက် လက်ဆောင်တစ်ခုရှိတယ်။”
သူ(မ)က ကုမြောင်နားရွက်နားသို့ကပ်ကာ တီးတိုးပြောလိုက်သည်။ ကုမြောင်၏လက်ဖျားများတုန်ယင်လာပြီး
“ဘာကြီးလဲ။”
ချန်ချူက မတ်တတ်ရပ်ကာ ထူးဆန်းစွာပြုံး၍ သူ့ကိုကြည့်လိုက်သည်။ ထို့နောက် သူ(မ)၏ လှိုင်းတွန့်သဖွယ်ဆံနွယ်များကို သေသေချာချာပြင်လိုက်ပြီး စင်ပေါ်သို့တက်သွားလေသည်။ ပတ်ဝန်းကျင်တွင်လည်း အလွန်တိတ်ဆိတ်နေရာ အဝေးမှ လှိုင်းသံတို့ကိုပင်ကြားနေရ၏။ နောက်ဆုံးတွင် သူ(မ)က စန္ဒရားရှေ့တွင်ရပ်လိုက်ပြီး သူ(မ)၏ဂါဝန်ကို သေသေချာချာပြင်ဆင်ကာ ဖြည်းဖြည်းချင်းထိုင်လိုက်လေသည်။ ထိုအချိန်တွင် ပရိသတ်ဆီမှ လက်ခုပ်သံများ ဆူညံစွာထွက်ပေါ်လာ၏။ သူ(မ)က ကုမြောင်ရှိရာဘက်သို့ လက်ပြလိုက်ပြီး မိုက်ဖြင့် စကားတစ်ခွန်းပြောလိုက်သည်။
“ကျွန်မအမျိုးသားအတွက်ပါ။”
မီးအလင်းတို့က ချန်ချူ့ပေါ်သို့ဖြာကျလာ၏။ ထိုအခိုက်အတန့်တွင် သူ(မ)က တစ်ကမ္ဘာလုံးတွင်ရှိသည့် အတောက်ပဆုံးဖြစ်တည်မှုလေးဖြစ်နေခဲ့သည်။ စန္ဒရားသံမှာ လှိုင်းသံနှင့်အတူ လိုက်ဖက်နေသောကြောင့် ဧပြီလတွင် Santorini ၌ တိုက်ခတ်သော လေပြည်နွေးလေးကဲ့သို့ခံစားရစေသည်။ ကုမြောင်မှာတော့ ရင်ခုန်သံတွေမြန်နေ၏။ ချန်ချူတီးနေသည်မှာ Chopin ၏ “Nocturne” ပင်။
စင်ပေါ်မှမိန်းကလေးက အလွန်အာရုံစူးစိုက်၍ စန္ဒရားတီးနေသည်။ ကုမြောင်ကလည်း ပရိသတ်များကိုဖြတ်ကာ သူ(မ)ထံတွင်သာ အကြည့်များစူးစိုက်ထားသည်။ ထို့နောက် အထက်တန်းဒုတိယနှစ်မှ ညတစ်ညကို ကုမြောင် ရုတ်တရက်သတိရမိသွားသည်။ ထိုညက ဂီတခန်းထဲတွင် ချန်ချူက သူတစ်ယောက်တည်းအတွက် စန္ဒရားတီးပြခဲ့ခြင်းဖြစ်သည်။ မြို့၏ဆောင်းရာသီမှာ အေးစက်၍အထီးကျန်နေသော်လည်း ထိုညက ကုမြောင်စိတ်ထဲတွင် ထင်ယောင်ထင်မှားဖြစ်ခြင်းဟု ထင်မှတ်ရလောက်သည်အထိဖြစ်ခဲ့ရသည်။ ညင်သာသည့်စန္ဒရားသံနှင့်အတူ သူ့အကြည့်တို့လည်း တဖြည်းဖြည်းနူးညံ့လာသည်။ စန္ဒရားသံ တဖြည်းဖြည်း ရပ်တန့်သွားသည်နှင့် အခန်းတစ်ခုလုံး တိတ်ဆိတ်သွား၏။
စားသောက်ဆိုင်မှပရိသတ်များက ချန်ချူ့စန္ဒရားသံထဲတွင်နစ်ဝင်နေသဖြင့် စက္ကန့်အနည်းငယ်ကြာမှသာ လက်ခုပ်သံတို့ဆူညံသွားကြသည်။ ချန်ချူက စင်အောက်မှ သူ(မ)အမျိုးသားကိုကြည့်ရင်း သူ(မ)ဘဝတွင် အကောင်းဆုံးနှင့် အလှပဆုံးဖျော်ဖြေပွဲဟု ရုတ်တရက်ခံစားလိုက်ရလေသည်။
ကျွန်းငယ်လေးတွင် ည၌ တိတ်ဆိတ်နေ၏။ သူတို့နှစ်ယောက် လက်တွဲကာ လမ်းလျှောက်ထွက်ရင်း ပန်းရနံ့တို့ကိုခံစားနေကြသည်။ နှလုံးသားထဲမှ ပြင်းထန်သည့်ခံစားချက်ကြောင့် ကုမြောင်၏လက်က အနည်းငယ်ပူနေလေသည်။
ထိုစဉ် ချန်ချူက
“ငါနင့်ကို ဘယ်တုန်းကချစ်မိသွားလဲသိလား။”
ကုမြောင် ချန်ချူ့ကိုငုံ့ကြည့်လိုက်ပြီး တွေဝေစွာဖြင့် ခေါင်းယမ်းပြလိုက်သည်။ သူ မသိပေ။ သူ(မ)သဘောကျသည့် သူ့အကြောင်းများကို သူ မည်သည့်အခါကမှလည်း မစဥ်းစားဖူးပေ။ သူ(မ)က လူအများ၏ရင်ထဲတွင်ရှိသော လမင်းတစ်စင်းဖြစ်လျက်နှင့် အမှိန်ဆုံးသောကြယ်တစ်ပွင့်ကို ရွေးချယ်ခဲ့ခြင်းဟုသာ ကုမြောင်ယူဆထားခဲ့သည်။
ညတွင် ပင်လယ်လေတိုက်ခတ်သဖြင့် အနည်းငယ်နွေးထွေးနေ၏။ ချန်ချူက ကုမြောင်ကိုမော့ကြည့်လိုက်ပြီး
“ဘာလို့လဲဆိုတော့ နင်က ငါ့ကိုဆိုရင် အကောင်းမြင်ပေးတယ်၊ ငါ့ရဲ့အပြစ်တွေကို အမြဲတမ်းသည်းခံတယ်၊ ငါ့ရဲ့ စိတ်ကြီးဝင်မှုနဲ့ ဆင်ခြင်တုံတရားမရှိတာတွေကိုရောပေါ့။”
‘အရင်ဘဝမှာတုန်းကလိုမျိုး ခပ်မှိန်မှိန်ကြယ်တစ်ပွင့်ပဲဖြစ်နေမယ်ဆိုရင်တောင် နင်က ငါ့ကိုတွေ့အောင်ရှာပြီး ငါ့ကိုကာကွယ်ပေးမှာ။ ပြီးတော့ ဘယ်တော့မှလက်လွှတ်မှာမဟုတ်ဘူးလေ။’
လမ်းဘေးမှသစ်ပင်များမှာ လေတိုက်သောကြောင့် သစ်ရွက်ချင်းပွတ်တိုက်နေကြသည်။ ကုမြောင် ခေါင်းငုံ့လိုက်၏။ လမ်းမီးများကြောင့် ထိုနေရာက ပို၍နူးညံ့နေသလိုပင်။ ကုမြောင် သူ(မ)ကိုကြည့်နေရင်း အတော်ကြာသည့်အချိန်ကာလတစ်ခုအထိ သူ(မ)ကိုချစ်ခဲ့မိကြောင်း ရုတ်တရက်နားလည်သွားသည်။ နှစ်ဘဝစာလောက် ချစ်နေခဲ့သလိုပင်။
‘အရင်ဘဝမှာတုန်းကရော ငါ သူ(မ)နဲ့အတူရှိခဲ့တာများလား။’
*****
Aurora Novel Translation Team