Chapter 71
သူတို့နှစ်ယောက် Greece မှ ပြန်ရောက်သည့်အချိန်တွင် မေလသို့ရောက်နေလေပြီ။ ကမ်းရိုးတန်းမြို့မှရာသီဥတုက နွေအငွေ့အသက်ဖြင့် အနည်းငယ်ပူနေ၏။
ပထမဆုံး ချန်ချူ့မိသားစုဆီသို့ သူတို့အလည်သွားခဲ့ကြသည်။ ဝန်းထဲသို့ရောက်သည်နှင့် လင်းချီဖိန်ကို တွေ့လိုက်ရ၏။ လင်းချီဖိန်က ခွေးကျောင်းရန် အိမ်ထဲမှထွက်လာခြင်းဖြစ်သည်။
“ဟေး။ နင်တို့ပြန်ရောက်ကြပြီလား။”
လင်းချီဖိန်က သူတို့ကိုလက်ပြ၍ နှုတ်ဆက်လိုက်၏။ ထိုအခါ ချန်ချူကလည်းခေါင်းညိတ်လျက်
“မင်ယွဲ့ရော ဘယ်ရောက်နေလဲ။”
လင်းချီဖိန်က လည်ချောင်းရှင်းလိုက်ပြီး
“ကိုယ်ဝန်ရှိနေပြီဆိုတော့ အိမ်မှာပဲနားနေတယ်။”
“ဘာ။ ဒီလောက်ကြီးတဲ့သတင်းကို သူ(မ)က ဘာလို့ငါ့ကိုမပြောရတာလဲ။”
ချန်ချူက အံ့အားသင့်နေ၏။
“ငါတို့လည်း မနေ့ကမှသိတာ။ ဘယ်သူ့ကိုမှတောင်မပြောရသေးဘူး။ နင်အချိန်ရရင် ငါတို့အိမ်ကိုလာပြီး သူ(မ)နဲ့ အဖော်လုပ်လိုက်ပါဦး။”
လင်းချီဖိန်က အကြံပြုလိုက်၏။ ချန်ချူက ထိုသတင်းများကို အံ့အားသင့်နေဆဲဖြစ်သောကြောင့် အမှုမဲ့အမှတ်မဲ့သာ ခေါင်းညိတ်လိုက်သည်။
ကျိမင်ယွဲ့၏ကိုယ်ဝန်မှာ (၂)လရှိပြီဖြစ်သော်လည်း သူ(မ)ဗိုက်က ယခင်အတိုင်းပင်။ သို့သော် စကားပြောသည့်အခါ နူးညံ့သည့်အရိပ်အယောင်ကိုမြင်တွေ့ရပြီး တစ်ခါတစ်ရံ ခေါင်းငုံ့ကာ သူ(မ)ဗိုက်ကိုပွတ်နေတတ်သည်။
ကမ်းရိုးတန်းမြို့၏ညခင်းက အလွန်တိတ်ဆိတ်လှ၏။ ချန်ချူ့အိမ်မှပြန်သည့်အချိန်တွင် (၁၀)နာရီခွဲနေလေပြီ။ ညင်သာသောနွေလေညင်းက တိုက်ခတ်နေရင်း လမ်းမီးအချို့ကြောင့် ထိုမြင်ကွင်းကိုပို၍လှပစေခဲ့သည်။
ရုတ်တရက် ချန်ချူက
“ကလေးလိုချင်လား မြောင်ကော။”
ကုမြောင်က မျက်မှောင်ကြုတ်ကာ တစ်ခဏစဥ်းစားလိုက်ပြီး အသံဩဩဖြင့်
“နင့်သဘောလေ။”
ချန်ချူက ညင်သာစွာပြုံးလိုက်ပြီး
“အခုကိစ္စမှာ ငါ့သဘောဆိုတာကိုခဏဖယ်ထားရအောင်။ နင်လိုချင်လားဆိုတာပဲပြော။”
ကုမြောင်က ဘာမှမပြောသောကြောင့် ကားထဲတွင်တိတ်ဆိတ်သွား၏။ ကားပြတင်းပေါက်ကို အနည်းငယ်ဖွင့်ထားသောကြောင့် လေပြည်တို့ဝင်ရောက်နေလေသည်။ ကုမြောင်က မဖြေရှင်းတတ်သည့်ပုစ္ဆာတစ်ခုကို ရင်ဆိုင်နေရသကဲ့သို့ နှုတ်ခမ်းကိုတင်းတင်းစေ့ထား၏။ ချန်ချူက ခေါင်းစောင်းကာ သူ့ကိုကြည့်လိုက်ရင်း
“ဒီတိုင်း သူ့အလိုလိုဖြစ်သွားမှာပါ။”
ထိုအခါမှ ကုမြောင်သက်ပြင်းချလိုက်တော့၏။ ထိုအကြောင်းအရာမှာ မပြောရမည့်အကြောင်းအရာတစ်ခုဖြစ်သွားသကဲ့သို့ သူတို့နှစ်ယောက်လုံး နောက်တစ်ကြိမ်ထပ်မပြောကြတော့ချေ။
(၈)လကြာသော် ကျိမင်ယွဲ့က သမီးလေးမွေး၏။ ဆေးရုံ၏သီးသန့်ခန်းက နေရာကျယ်ပြောပြီး သီးသန့် reception ရှိသည်။ အပြင်ဘက်တွင် အေးစိမ့်နေသည့်ဆောင်းရာသီဖြစ်နေသော်လည်း အခန်းထဲတွင်မူ နွေးထွေးကာ သက်သောင့်သက်သာရှိနေသည်။ ကလေးငယ်လေးက အနှီးထုပ်ထဲတွင်ရှိနေပြီး မျက်နှာလေးသာမြင်ရ၏။ သူ(မ)က လူစိမ်းကိုကြောက်လန့်ခြင်းမရှိဘဲ ရှည်လျားသောမျက်တောင်များကိုခတ်ကာ ချန်ချူနှင့်ကုမြောင်ကို စိတ်ဝင်တစားကြည့်နေသည်။
“ချစ်စရာကောင်းလိုက်တာ။”
ကလေးကအလွန်ငယ်သေးသောကြောင့် စကားကျယ်ကျယ်မပြောရဲသဖြင့် ချန်ချူက ဖြည်းဖြည်းသာပြောလိုက်သည်။ ကျိမင်ယွဲ့ကမူ အိပ်ရာပေါ်တွင်လှဲလျောင်းနေ၏။ သူ(မ)မျက်နှာတွင် မောပန်းသည့်အရိပ်အယောင်တို့ရှိနေသော်လည်း သူ(မ)က ပြုံးလျက်
“ကလေးကို ချီကြည့်ချင်လား။”
“အင်း ချီမယ်။”
ချန်ချူက တုံ့ဆိုင်းခြင်းမရှိ ပြန်ပြောလိုက်သော်လည်း တို့ဖူးကဲ့သို့နူးညံ့နေသည့်ကလေးငယ်ကို ပြန်ငုံ့ကြည့်လိုက်သည့်အခါ သူ(မ)တုံ့ဆိုင်းသွားပြန်၏။
“ဘယ်လိုချီရမှာလဲ။ နင် သင်ပေးပါလား။”
သူ(မ) လက်လှမ်းလိုက်သော်လည်း ကလေးကိုတစ်ခုခုလုပ်မိမည်စိုးသဖြင့် မထိရဲခဲ့ချေ။ ထိုမြင်ကွင်းကိုမြင်သည့်အခါ ဘေးတွင်ရပ်နေသောလင်းချီဖိန်က ရယ်လေ၏။ သူ့အနောက်တွင်ရှိနေသော ကုမြောင်က ခပ်တိုးတိုးဖြင့်
“လက်တစ်ဖက်ကို ရှေ့မှာထားပြီး နောက်လက်တစ်ဖက်ကို အနောက်ဘက်မှာပွေ့လိုက်။”
ချန်ချူက အံ့အားသင့်စွာဖြင့် “အဲ့လိုလား။”
ဖခင်မဖြစ်ဖူးသည့်ကုမြောင်က ထိုအကြောင်းကိုသိနေတယ်ဆိုတာ ချန်ချူမယုံနိုင်ခဲ့ပေ။ ဆောင်းတွင်း၏နေရောင်ခြည်က ပြတင်းပေါက်မှဖြာကျနေသည်။ ကျိမင်ယွဲ့က အံ့ဩစွာဖြင့် ကုမြောင်ကိုကြည့်လိုက်ပြီး
“ဟုတ်တယ်။ သူပြောသလိုပဲ။ ချီကြည့်လိုက်။”
နောက်ဆုံးတွင် ချန်ချူယုံသွားပြီး ကလေးကိုဖြည်းဖြည်းချင်းချီကြည့်သည်။ ကလေးငယ်က နတ်သမီးလေးကဲ့သို့ ပါးစပ်ဖွင့်ကာ ပျော်ရွှင်စွာပြုံးပြနေ၏။ ကျိမင်ယွဲ့ဆီသို့အလည်သွားသည့် နာရီပိုင်းခဏတွင် ထိုကလေးလေးကြောင့် ချန်ချူ့နှလုံးသားတစ်ခုလုံး အရည်ပျော်သွားသလိုပင်။ ကလေးက အနည်းငယ် ငိုက်မျဥ်းလာသည့်အခါမှသာ သူ(မ) အင်တင်တင်နှင့်ပြန်လာခဲ့လေသည်။
ညတွင် မှောင်မည်းနေပြီး ပြတင်းပေါက်မှတစ်ဆင့် ကြယ်များကိုမြင်နေရသည်။ အိပ်ခန်းထဲမှလေထုမှာ ပူနွေးစိုစွတ်နေပြီး ရေအသံနှင့်အတူ ပလတ်စတစ်အိတ်ဖောက်သံတစ်ခုကိုကြားလိုက်ရသည်။ ချန်ချူ့ပါးပြင်များနီရဲနေပြီး ကုမြောင်ကို သူ(မ)တားလိုက်သည်။ သူ(မ)၏ချယ်ရီနှုတ်ခမ်းများတွင်လည်း ရေစိုနေသကဲ့သို့ ပြောင်လက်နေလေသည်။
“မြောင်ကော။ ဒီညတော့ အဲ့ဒါမစွပ်နေနဲ့တော့။”
ကုမြောင်၏လှုပ်ရှားမှုများရပ်တန့်သွားပြီး တံတွေးမျိုချလိုက်မိလေသည်။ အခန်းတစ်ခုလုံးတိတ်ဆိတ်နေ၏။ ကုမြောင်၏ နက်မှောင်သောမျက်လုံးများထဲတွင် စိတ်ဆန္ဒတို့ကိုမြင်တွေ့ရပြီး နဖူးပေါ်တွင်လည်း ချွေးစက်များတင်နေလေသည်။ ချန်ချူ သူ့ချွေးများကိုလှမ်းသုတ်ပေးလိုက်ပြီး
“မြောင်ကော။ လုပ်ကြည့်ရအောင်။”
အမှောင်ထဲတွင် ချန်ချူ့မျက်လုံးများမှာ ကြယ်ပွင့်များကဲ့သို့လင်းလက်နေ၏။ ကုမြောင်က ခေါင်းငုံ့ထားပြီး မှင်တက်မိနေသည်။ အချိန်ကလည်း နှေးသွားသကဲ့သို့ပင်။ ပြတင်းပေါက်အပြင်ဘက်မှ လေငြိမ်သွားသည့်အခါမှသာ ကုမြောင် စတင်လှုပ်ရှားလိုက်တော့သည်။ ဖောက်ပြီးသားဖြစ်သွားသည့် ပလတ်စတစ်အိတ်ကို အမှိုက်တောင်းထဲသို့ထည့်လိုက်၏။ သူ၏ပူပြင်းနေသောခန္ဓာကိုယ်က သူ(မ)ပေါ်သို့ ဖိလာသည်ကို ချန်ချူခံစားမိလိုက်သည်။ အတားအဆီးမရှိသောခံစားချက်မှာ ထူးဆန်း၍ အလွန်အံ့ဩစရာကောင်းနေ၏။ သူ(မ)ခန္ဓာကိုယ်နှင့် အတွေးများအားလုံး လေထဲသို့မျောလွင့်သွားသည်ဟု ချန်ချူခံစားနေရလေသည်။ သူ(မ) နှုတ်ခမ်းကိုသာကိုက်ထားပြီး နာကျင်မှုနှင့် သာယာမှကြားတွင် ဝေခွဲမရနိုင်သော်လည်း အသက်ရှူသံများကတော့ ပြင်းထန်လာသည်။ ထိုညက သူတို့ကုတင်မှာ တစ်ညလုံး ပြင်းထန်စွာလှုပ်ရှားနေခဲ့လေသည်။
~
ချန်ချူ၏ကိုယ်ဝန်ဆောင်ကာလမှာ အေးအေးချမ်းချမ်းမရှိလှပေ။ ညဘက်တွင် ကလေးကြောင့် ခြေလက်များကိုက်ခဲကာ အိပ်မရဖြစ်နေသည်။ ကုမြောင်၏ရင်ခွင်ထဲတွင် သူ(မ) အံကိုကြိတ်ကာ နာကျင်မှုကိုတင်းခံထားရလေသည်။ တစ်ခဏကြာသော် ကုမြောင်ပါနိုးလာပြီး စိတ်ပူနေသည့်အသံဖြင့်
“ဘာဖြစ်လို့လဲ။ ခြေထောက်တွေ ကြွက်တက်လို့လား။”
ချန်ချူ မဖြေလိုက်ခင်တွင် သူ(မ)၏ကိုက်ခဲမှုမှာ သက်သာသွားပြီဖြစ်သည်။ ညဘက်တွင် အလင်းရောင်အချို့ရှိနေ၏။ ချန်ချူ လှမ်းကြည့်လိုက်သည့်အခါ သူ(မ)အမျိုးသားက သူ(မ)ခြေထောက်ကို သေသေချာချာ နှိပ်နယ်ပေးနေသည်ကိုတွေ့လိုက်ရသည်။
“သက်သာပြီလား။”
သူ့အသံမှာ တိတ်ဆိတ်ငြင်သာနေ၏။
“အများကြီးကောင်းသွားပြီ။”
ချန်ချူက ညင်သာစွာဖြင့် ထပ်မံ၍
“ရပါပြီဆိုနေ။ တော်တော့။”
ကုမြောင်ကမူ ခေါင်းငုံ့ကာ နှိပ်နယ်နေသဖြင့် သူ(မ)၏မျက်နှာကိုမမြင်နိုင်ဘဲ အသံကိုသာကြားကာ ဇွဲမလျှော့ဘဲဆက်နှိပ်နေလေသည်။
“မတော်ပါဘူး။ နည်းနည်းလောက်ထပ်နှိပ်ပေးဦးမယ်။ လှဲနေလိုက်။”
ကုမြောင်နှိပ်ပေးနေသည်မှာ အတော်နေလို့ကောင်းပြီး အလွန်သက်သောင့်သက်သာရှိနေသည်။ ချန်ချူက ပင်ပန်းနေပြီဖြစ်သောကြောင့် မျက်လုံးမှိတ်ထားမိသည်။ သူ(မ) ညတိုင်းအိပ်မရဖြစ်ရသည်။ သူ(မ)မျက်လုံးပြန်ဖွင့်သည့်အချိန်တွင် မှောင်မည်းနေပြီး ငှက်တို့၏အသံအချို့ကိုသာကြားရသည်။ ယခင်ရှိနေသောအနွေးဓာတ်တစ်ခုမရှိတော့သောကြောင့် သူ(မ)ခံစားချက်များဗလာဖြစ်သွား၏။ ကိုယ်ဝန်ဆောင်ခြင်းက မိန်းမသားတို့၏စိတ်အခြေအနေတို့ကို ပြောင်းလဲစေခြင်းမျိုးဖြစ်တတ်သော်လည်း ချန်ချူ့စိတ်ထဲတွင် ကြောက်လန့်စိတ်တို့သာရှိနေလေသည်။
သူ(မ) အခန်းထဲမှထွက်လာ၏။ ဆောင်းညမှာ အလွန်အေးပြီး ဝရန်တာတွင်လေအေးများတိုက်ခတ်နေသဖြင့် သူ(မ)နှလုံးသားတွင်အေးစိမ့်လာတော့သည်။ အောက်ထပ်မှဧည့်ခန်းတွင် မီးအလင်းရောင်တစ်ခုရှိနေသောကြောင့် ချန်ချူအောက်ထပ်သို့ အလျင်အမြန်ဆင်းသွား၏။ ကြမ်းပြင်မှာ သမံတလင်းဖြစ်သောကြောင့် ခြေသံမကြားရချေ။ သို့သော် ရုတ်တရက် ချန်ချူ့ခြေလှမ်းများရပ်တန့်သွား၏။ အမှောင်ထုက ယောက်ျားတစ်ယောက်၏ပုံရိပ်ကို ဖုံးကွယ်ထားလေသည်။ သူက ဆိုဖာပေါ်တွင်ထိုင်နေပြီး အထီးကျန်သည့်ပုံစံရှိနေသည်။ သူ့မျက်ဝန်းနက်များတွင်ပင် နီမြန်းနေသည့်အရိပ်အယောင်ကိုတွေ့ရသည်။ ညလေညင်းက ညင်သာနေပြီး ချန်ချူ၏မသက်မသာဖြစ်မှုတို့ကိုဖယ်ရှားပေးလိုက်သည်။ ကုမြောင်က လက်ထဲတွင် စာအုပ်တစ်အုပ်ကိုင်ထားပြီး အာရုံစိုက်နေသောကြောင့် သူ(မ)ရှိနေသည်ကိုပင် သတိမပြုမိချေ။ ချန်ချူက သူ့ထံသို့လျှောက်သွားလိုက်ပြီး သူ့လက်ထဲမှစာအုပ်ကိုယူကာ ညင်သာစွာဖြင့်
“ဘာတွေဖတ်နေတာလဲ။”
ရုတ်တရက်မော့ကြည့်လိုက်သည့်အခါ သူ့မျက်နှာက ပျာယာခတ်သွားပြီး စာအုပ်ကိုပြန်လုယူလေသည်။ ချန်ချူကလည်း နောက်ဆုတ်လိုက်သောကြောင့် ထိုစာအုပ်ကို လှမ်းမမိလိုက်ချေ။ စာအုပ်မှာ “ကိုယ်ဝန်ဆောင်ကျမ်း” ဖြစ်၏။ ချန်ချူရယ်လိုက်မိပြီး
“ဘယ်လိုဖြစ်လို့ ဒီစာအုပ်ကိုဖတ်နေတာလဲ။”
ကုမြောင်က နှုတ်ခမ်းကိုစေ့လိုက်ပြီး
“ပြန်ပေး။”
ချန်ချူက မျက်ခုံးပင့်လျက် “မပေးပါဘူး။”
သူ(မ) စာအုပ်ကိုငုံ့ကြည့်လိုက်ပြီး စာအုပ်ထဲမှ မာတိကာများကိုပင်မဖတ်လိုက်နိုင်ခင်တွင် ကုမြောင်က စာအုပ်ကိုပြန်လုသွား၏။
“နင်ဘာလုပ်တာလဲ။”
ချန်ချူက ခုခံ၏။ ချန်ချူ့ဒေါသကြောင့် ကုမြောင်အနည်းငယ်လန့်သွားဟန်ရှိသော်လည်း စာအုပ်ကိုတင်းကျပ်စွာဆုပ်ကိုင်ထားသည်။ စာအုပ်ထဲတွင်ဖော်ပြထားသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးများ ကြုံတွေ့နိုင်သည့်အန္တရာယ်များကို သူ(မ)အား မမြင်တွေ့စေချင်ပေ။ သူ(မ)လန့်သွားမည်ကို သူစိုးရိမ်မိသည်။ ချန်ချူက ထိုစာအုပ်ကိုဖတ်ပြီးသားဖြစ်ပြီး သူ(မ)၏ ပူပန်မှုကိုဖုံးကွယ်ထားခြင်းဖြစ်ကြောင်း ကုမြောင်မသိခဲ့ချေ။ ကုမြောင်၏ မျက်လုံးနီများကိုမြင်လိုက်ပြီး စာအုပ်ထဲမှအကြောင်းအရာများကိုပြန်တွေးကြည့်လိုက်သည့်အခါ ချန်ချူ တစ်ခုခုကိုသဘောပေါက်သွားတော့သည်။
“အင်းပါ။ ငါမဖတ်တော့ပါဘူး။”
ချန်ချူက သူ့ခါးကိုဖက်လိုက်ပြီး အသံတိုးတိုးဖြင့်
“နင်လည်းမဖတ်နဲ့တော့။ အပေါ်ထပ်ကိုပြန်လိုက်ခဲ့ပြီး ငါနဲ့အတူတူလာအိပ်။”
ကုမြောင်က သူ(မ)ခေါင်းကိုခပ်ဖွဖွပုတ်ပေးလိုက်သည်။ ချန်ချူကိုယ်ဝန်ဆောင်သည့်အချိန်တွင် များစွာပြောင်းလဲသွားခြင်းမရှိသော်လည်း ယခင်ကထက်ပို၍ နူးညံ့လာပြီး သူ(မ)မျက်နှာလေးမှာ ပို၍ဆွဲဆောင်မှုရှိလာသည်။
“ငါနိုးလာလို့ နင့်ကိုမတွေ့ရင် အရမ်းကြောက်လို့။”
ချန်ချူက သူ့အနားသို့ကပ်လိုက်ပြီး ချိုမြိန်သောအသံဖြင့်ပြောလိုက်လေသည်။ သူ(မ)၏ဆံပင်ကို ပွတ်သပ်နေသည့်ကုမြောင်၏လက်က တစ်ခဏရပ်တန့်သွားပြီး အပြစ်ရှိသလိုခံစားလိုက်ရသည်။
“ငါတောင်းပန်ပါတယ်။”
သူက ခါးညွတ်ကာ ချန်ချူ့ကိုချီလိုက်၏။
“ငါနင့်ကို အပေါ်ထပ်ကိုချီသွားပေးမယ်။”
ထိုအချိန်တွင် ကောင်းကင်၌ ရောင်ခြည်တန်းအချို့ပေါ်လာ၏။ ချန်ချူက သူ့ရင်ခွင်ထဲတွင်နေကာ သူ့မေးရိုးကိုငေးကြည့်နေရင်း ညင်သာစွာဖြင့်
“မြောင်ကော။ မိန်းကလေးလိုချင်လား ယောက်ျားလေးလိုချင်လား။”
ကုမြောင်က တစ်ခဏတုံ့ဆိုင်းနေပြီးမှ
“မိန်းကလေးပေါ့။”
ချစ်စရာကောင်းသည့်သမီးလေးတစ်ယောက်ကို ကုမြောင်လိုချင်မိသည်။
“သိသားပဲ။”
ချန်ချူက ရေရွတ်လိုက်ပြီး
“ယောက်ျားလေးဆိုရင်ရော မြောင်ကောက မချစ်ဘူးလား။”
ထိုအခါ ကုမြောင်က နှစ်သိမ့်ပေးသည့်အသံဖြင့်
“ယောက်ျားလေးဆိုလည်း ချစ်ပါတယ်။”
“အင်းပါ။ အဲ့လောက်ဆိုရင် ရပါပြီ။”
ချန်ချူက စိတ်ကျေနပ်စွာဖြင့်ပြုံးလိုက်တော့သည်။
~
မိန်းကလေးဟူသည် ချိုမြိန်သည့်နတ်သမီးလေးဖြစ်သော်လည်း ယောက်ျားလေးမှာမူ အာရုံစိုက်ခံရရန်ကြိုးစားတတ်သည့် နတ်ဆိုးလေးဖြစ်ပေသည်။ ကုလေးအသက်(၃)နှစ်ပြည့်သွားသည့်တိုင် ထိုသဘောတရားကို ကုမြောင်ကယုံကြည်နေဆဲပင်။ အထူးသဖြင့် သူတို့၏မင်္ဂလာနှစ်ပတ်လည်ဖြစ်သော ယနေ့တွင်ဖြစ်သည်။
ကုမြောင်က စားသောက်ဆိုင်တစ်ခုတွင် ကြိုတင်ချိတ်ထားပြီးဖြစ်၍ ပန်းစည်းနှင့် လက်ဆောင်များကိုပြင်ဆင်ကာ ကလေးကိုလည်း နာနီနှင့်အပ်ခဲ့ပြီးဖြစ်သည်။ ထိုမှသာ သူတို့နှစ်ယောက်တည်း အေးအေးဆေးဆေးအချိန်ကုန်ဆုံးနိုင်မည်ပင်။ မီးဆိုင်းကြီးမှာလင်းလက်နေပြီး သာယာသည့်တယောသံကလည်း ဖြည်းဖြည်းညိမ့်ညိမ့်ရှိနေသည်။ ကုမြောင်က စကားပြောတော့မည့်အချိန်တွင် ချန်ချူ့ဖုန်းက vibrate မြည်လာ၏။ ထိုအခါ ကုမြောင်က သူ(မ)ကလက်ကိုလှမ်းကိုင်လိုက်ပြီး
“စိတ်မပူပါနဲ့။ ဒီနေတော့ အေးအေးဆေးဆေးနေပါ။”
ချန်ချူက သဘောတူလိုက်သော်လည်း ဖုန်းကိုကြည့်လိုက်သည့်အခါ ကုမြောင်၏လက်ကိုဖယ်လိုက်လေသည်။
“အန်တီဆက်တာ။ ဟန်လေးတစ်ခုခုဖြစ်တာ မဟုတ်ပါစေနဲ့။”
ကုမြောင် မျက်မှောင်ကြုတ်လိုက်၏။ အနီးနားမှဂီတတူရိယာတီးနေသူများလည်း ရပ်လိုက်ကြသောကြောင့် စားသောက်ဆိုင်တစ်ခုလုံးငြိမ်ကျသွားသည်။
“ဟယ်လို အန်တီ။ ဘာဖြစ်လို့လဲ။ ဟန်လေးငိုနေတယ် ဟုတ်လား။ ဘာလို့တဲ့လဲ။ သူ့ကို ဖုန်းပေးလိုက်ပါလား။”
နာရီဝက်အချိန်အတွင်းတွင် သူတို့၏ညစာစားပွဲမှာ သုံးယောက်ပါတီအဖြစ်ပြောင်းလဲသွား၏။ ကုမြောင်က ဘာမှမပြောဘဲ အသားကိုသာလှီးနေခဲ့သည်။ သူတို့၏ဘေးတွင် ကလေးအသံတစ်ခုထွက်ပေါ်လာ၏။
“မေမေ။ သား ချိုချဥ်စားချင်တယ်။”
“ဒီမှာ ချိုချဥ်မရှိဘူးသားရဲ့။ အိမ်ပြန်တဲ့ခါကျမှ လမ်းမှာဝင်ဝယ်မယ်နော်။ ဟုတ်ပြီလား။”
“ဟုတ်။”
ကလေးက ချန်ချူ့ဘေးခုံတွင်ထိုင်ပြီး နူးညံ့ဖောင်းအိသောပါးဖြင့် ချန်ချူ့လက်မောင်းကိုပွတ်သပ်နေလေ၏။ ကုမြောင်က လှီးထားပြီးသားအသားကို ချန်ချူအားလှမ်းပေးလိုက်လေသည်။
“မေမေ။ သားစားချင်တယ်။”
ကလေးက အပြစ်ကင်းစင်စွာဖြင့် မျက်တောင်ပုတ်ခတ်ပြ၏။
“အွန်းအွန်း။ ဒါပေမဲ့ အသားကအရမ်းကြီးနေတယ်။”
ချန်ချူက ထိုသို့ပြောလိုက်ပြီးနောက် ကုမြောင်ကို ပန်းကန်လှမ်းပေးလိုက်ပြီး
“အသားကို နည်းနည်းပိုသေးအောင်လှီးပေးပါလား။”
ပြုံးနေသောကလေးကိုကြည့်ရင်း ကုမြောင်စိတ်ထဲတွင်တစ်မျိုးဖြစ်သွားသော်လည်း ချန်ချူ့စကားကိုနားထောင်ကာ အသားကိုလှီးပေးလေသည်။ သူတို့မိသားစု နွေးထွေးသောအချိန်လေးကိုကုန်ဆုံးခဲ့သော်လည်း ကုမြောင်ကမူ နှစ်ယောက်တည်းကမ္ဘာကို ပို၍ခုံမင်လေသည်။
ညကမှောင်မည်းနေသဖြင့် ကုမြောင် တံခါးပိတ်ကာ သူ(မ)ကိုထွေးပွေ့ထားလိုက်သည်။
“နောက်ဆုံးတော့ အိပ်လို့ရပြီပေါ့။”
ချန်ချူက သူ့နောက်ကျောကိုပွတ်သပ်ရင်း အပြုံးဖြင့်နှစ်သိမ့်လိုက်သည်။
“ကလေးကိုစိတ်မဆိုးပါနဲ့။ သူက ကလေးဆိုတော့ အဲ့လိုပဲပေါ့။”
ကုမြောင်က နှုတ်ခမ်းကိုတင်းတင်းစေ့ထားရင်း
“ငါသူ့ကို သဝန်တိုနေတာမဟုတ်ပါဘူး။”
“အင်းပါ အင်းပါ။”
ချန်ချူက သူ့ကိုဖက်ထားရင်း
“မတိုဘူးဆိုတော့လည်း မတိုဘူးပေါ့။”
ကောင်းကင်တွင် လခြမ်းကွေးတစ်ခုလင်းနေပြီး အခန်းထဲတွင် အလင်းရောင်ဖြာကျနေ၏။ ချန်ချူက ပြုံးလိုက်ပြီး
“သဝန်မတိုဘူးဆိုရင် ဘာလို့သူ့ကိုချိုချဥ်မဝယ်ကျွေးလိုက်တာလဲ။”
ကုမြောင်က ခေါင်းမာစွာဖြင့်
“ကလေးတွေက သကြားလုံးတွေအများကြီးမစားသင့်ဘူးလေ။”
ကုမြောင်အလွန်ချစ်စရာကောင်းနေသဖြင့် ချန်ချူက သူ့ပါးကိုလှမ်းဆွဲလိုက်ပြီး
“စိတ်မဆိုးပါနဲ့ဆိုမှ။ ငါ့နှလုံးသားထဲမှာတော့ နင်ကအမြဲပထမပါနော်။ သူက ဒုတိယပါပဲ။”
ကုမြောင်က လည်ချောင်းရှင်းလိုက်ရင်း နှုတ်ခမ်းထောင့်လေးကွေးသွားပြီးနောက် နားရွက်တို့နီရဲသွားတော့သည်။ သူက နှုတ်ခမ်းကိုစေ့ထားပြီး
“ငါ့နှလုံးသားထဲမှာလည်း နင်ကအမြဲပထမပါပဲ။”
ကောင်းကင်တွင်သာနေသည့်လခြမ်းကွေးမှာ ချန်ချူ့မျက်လုံးထဲတွင်ကျရောက်လာသကဲ့သို့ ချိုမြိန်မှုတို့ပြည့်နှက်နေပြီး အပြုံးမျက်လုံးများဖြစ်သွားခဲ့လေသည်။ သူ(မ)က ကုမြောင်၏အောက်ပိုင်းသို့ လက်လှမ်းလိုက်ပြီး
“သူအိပ်နေတာကိုအခွင့်ယူပြီးတော့ ငါတို့တွေတစ်ခုခုလုပ်ကြမလား။”
သူ့မျက်ဝန်းနက်များမှာ ချက်ချင်းလင်းလက်လာ၏။ ထိုညက လှပနေပြီး သူတို့နှစ်ယောက်၏ခန္ဓာကိုယ်တွင် ပြင်းပြသောဆန္ဒများဖြင့် တောက်လောင်နေခဲ့သည်။ ကုမြောင်မျက်လုံးများနီရဲလာပြီး ထွက်သက်ဝင်သက်များတွင် လေပူများကိုခံစားမိလာသည်။ တိတ်ဆိတ်နေသောညတွင် သူတို့၏ ပြင်းထန်သောအသက်ရှူသံတို့သာတည်ရှိနေတော့သည်။ သို့သော် ရုတ်တရက် တံခါးတွင်တံခါးခေါက်သံကြားရသဖြင့် ကုမြောင်ချက်ချင်းရပ်တန့်သွားခဲ့သည်။
“အဖေနဲ့အမေ။ အိပ်ပြီလား။”
ချန်ချူက ပြန်ဖြေတော့မည့်အချိန်တွင် ကုမြောင်က သူ(မ)ပါးစပ်ကို လက်ဖြင့်လှမ်း၍အုပ်လိုက်လေသည်။
“သူ့ကိုဂရုမစိုက်နေနဲ့။ ခဏနေလောက်ကျရင် သူ့ဘာသာသူပြန်အိပ်လိမ့်မယ်။”
ခပ်ဩဩအသံကိုထိန်း၍ ကုမြောင်ကပြောလိုက်ခြင်းပင်။ သို့သော် တံခါးခေါက်သံမှာ ပို၍စိပ်လာပြီး ကလေး၏အသံက ပို၍ခံစားချက်ပါဝင်လာလေသည်။
“အမေ။ အဖေ။ သားကြောက်တယ်။ တံခါးဖွင့်ပါဦး။”
ကုမြောင်ဘာမှမပြောသည့်ခဏတွင် ချန်ချူက အခွင့်ကောင်းယူလိုက်ပြီး
“အမေတို့မအိပ်သေးပါဘူး။ ခဏလေးနော်။”
တံခါးဖွင့်လိုက်သည်နှင့် ကလေးမှာ ဝက်ဝံရုပ်လေးကိုကိုင်ကာ ပါးတွင်မျက်ရည်များရွှဲစိုနေတော့လေသည်။
“မေမေ။ သား အိပ်မက်ဆိုးကြီးမက်တာ။ အရမ်းကြောက်တယ်။”
သူက ချန်ချူ့ရင်ခွင်ထဲသို့ပြေးဝင်ကာ အော်ငိုတော့လေသည်။ ချန်ချူကလည်း အလွန်စိတ်မကောင်းဖြစ်သွားပြီး ကလေးကိုချီကာ ညင်သာသောအသံဖြင့်ချော့လိုက်သည်။
“မငိုနဲ့နော်။ အဖေနဲ့အမေနဲ့ ဒီမှာရှိနေတာပဲဟာ။ မကြောက်နဲ့တော့။”
ကလေးက အငိုတိတ်သွားသော်လည်း ရှိုက်သံကကျန်ရစ်နေလေသည်။ မျက်ရည်ဝဲနေသည့်မျက်လုံးများဖြင့် ချန်ချူ့ကိုမော့ကြည့်ကာ သနားစရာအသံလေးဖြင့်
“မေမေ။ ဒီည သားနဲ့အတူအိပ်လို့ရလားဟင်။”
“ရတာပေါ့။”
ချန်ချူက ကလေးခေါင်းကိုပွတ်သပ်လိုက်ပြီး
“အမေနဲ့အဖေ့ကြားမှာအိပ်ချင်လား။”
“ဟုတ်။”
ကလေးက အလွန်ပျော်ရွှင်သွားပြီး ချန်ချူ့ရင်ခွင်ထဲမှထွက်ကာ အိပ်ရာပေါ်တွင်နေရာယူလိုက်သည်။ ကုမြောင်က ကူကယ်ရာမဲ့စွာဖြင့်သက်ပြင်းချလိုက်ပြီး ကလေး၏စောင်နှင့်ခေါင်းအုံးကိုယူရန် အခန်းထဲမှထွက်သွားတော့သည်။
မြို့ထဲတွင် ညအချိန်၌ အမြဲတိတ်ဆိတ်သောကြောင့် လေတိုက်သည့်အသံကိုကြားရသည်။ သူတို့(၃)ယောက် တစ်ယောက်ဘေးတွင်တစ်ယောက်လှဲလျောင်းနေရင်း အချိန်ကုန်ဆုံးသွား၏။ ထို့နောက် ကုဟန်လေး၏အသံကို ချန်ချူကြားလိုက်ရသည်။
“မေမေ။ အိပ်ပြီလား။”
“မအိပ်ပါဘူး။”
“ဖေဖေကတော့အိပ်ပြီထင်တယ်။”
သူက အသံတိုးတိုးပြောလိုက်သော်လည်း ကလေးအသံဖြစ်သောကြောင့် အနည်းငယ်ကျယ်နေခဲ့သည်။
ထိုအခါ ချန်ချူက
“အင်း။ အမေတို့လည်း လိမ်လိမ်မာမာအိပ်ကြတော့မလား။”
ကုဟန်လေးက ချန်ချူ့ဘက်သို့လှည့်လိုက်သည့်အခါ ကုမြောင်နှင့်တူသောသူ့မျက်နှာလေးတွင် ကြောက်စိတ်တစ်ခုကိုတွေ့လိုက်ရလေသည်။
“မေမေ။ ခုနကအိပ်မက်အကြောင်းစဥ်းစားလိုက်ရင် သားအရမ်းကြောက်တာပဲ။”
ချန်ချူက သူ့ကိုလှမ်းဖက်ထားလိုက်ပြီး
“ဘယ်လိုအိပ်မက်မျိုးမို့လို့လဲ သားရဲ့။”
ချန်ချူ့ရင်ခွင်ထဲတွင် ကုဟန်လေးက တုန်ယင်နေပြီး နှုတ်ခမ်းကိုကိုက်ကာ
“အိပ်မက်ထဲမှာ ဖေဖေပျောက်သွားတာ။ လိုက်ရှာတာလည်း ရှာလို့မတွေ့တော့ဘူးတဲ့။ သားအရမ်းကြောက်လို့ ငိုနေတာ။”
မှောင်မည်းနေသည့်ညအချိန်တွင် ကုမြောင်ခန္ဓာကိုယ်ကတောင့်တင်းသွားပြီး အသက်ရှူသံကိုထိန်းထားမိလေ၏။ နူးညံ့နေသည့်ကလေးအသံလေးဖြင့် ကုဟန်က ဝမ်းနည်းစွာရှိုက်လျက်
“မေမေ။ သား ဖေဖေ့ကိုအရမ်းချစ်တယ်။ သားက ဖေဖေနဲ့အတူနေချင်တာ။ ဒါပေမဲ့ ဖေဖေက သားကိုမကြိုက်ဘူးလားဟင်။”
ချန်ချူ စိတ်မကောင်းဖြစ်သွားပြီး
“ဘယ်သူကပြောလို့လဲ။ သားဖေဖေက သားကိုအရမ်းချစ်တာပါ။”
“တကယ်လား။”
ကုဟန်လေး၏မျက်လုံးထဲတွင် မေမေက မည်သည့်အခါမျှမလိမ်ပြောတတ်သူဟု သတ်မှတ်ထားလေသည်။
အမှောင်ထုထဲတွင် ချန်ချူ့အကြည့်များက နွေးထွေးနေ၏။
“အင်း။ တကယ်ပေါ့။”
မျက်ဝန်းနက်များတွင်အရောင်တောက်သွားပြီး ကုဟန်လေးက
“သားလည်း ဖေ့ဖေ့ကိုချစ်တယ်။”
“အယ် ဟုတ်ပါဘူး။” ကုဟန်လေးက ရုတ်တရက် ရပ်လိုက်ပြီး ဆက်ပြော၏။
“ဖေဖေနဲ့ မေမေကိုချစ်တယ်။”
ပြတင်းပေါက်အပြင်ဘက်တွင် ညင်သာသောလရောင်က ဖြာနေ၏။ ကုမြောင်၏နှလုံးသားထဲတွင် ချိုမြိန်သည့်ခံစားချက်တစ်ခု ပေါက်ဖွားလာသည်။ ကြယ်များစွာဝန်းရံထားသည့် လမင်း၏ကောင်းကင်ကို ကုမြောင်ငေးကြည့်နေရင်း သူ့ကမ္ဘာတွင် နောက်ထပ်အလင်းရောင်လေးတစ်ခု အမျှင်တန်းလာပြီဖြစ်ကြောင်း ကုမြောင်နားလည်သွားလေတော့သည်။
‘အဖေလည်း သားကိုချစ်ပါတယ်။’
*****
Aurora Novel Translation Team