Chapter 72
(အခုအပိုင်းက အရင်ဘဝကအကြောင်းတွေပါ)
Haishi မြို့၏ဆောင်းဦးမှာ အနည်းငယ်အေးနေပြီး ညနေခင်းတွင် ကောင်းကင်က အပြာရင့်ရောင်ဖြစ်နေ၏။ ပိတ်ထားသည့် ရုံးတံခါးရှေ့တွင် ကျန်းရှင်းရပ်နေပြီး တံခါးခေါက်လိုက်သည်။
“ခေါင်းဆောင်ကု။ သွားရတော့မယ်နော်။ ညစာစားပွဲက (၇)နာရီဆိုတော့ စောစောသွားမှရမှာ။”
ထိုင်ခုံတွင်ထိုင်နေသည့်ကုမြောင်က လက်နှစ်ဖက်ကိုစုစည်းလိုက်သည့်အခါ လက်ဖဝါးတွင် ချွေးစများကိုခံစားမိလိုက်သည်။
“လာပြီ။”
သူထလာပြီး အင်္ကျီကိုပြင်ဆင်ကာ တံခါးဖွင့်လိုက်၏။
“အမယ်လေး။”
ကျန်းရှင်းက မျက်လုံးပြူးသွားပြီး ပါးစပ်အဟောင်းသားဖြစ်ရသည်အထိ အံ့အားသင့်သွားခဲ့သည်။
“ဘာဖြစ်တာလဲ။ ဘာလို့ မျက်မှန်မတပ်ထားတာလဲ။ ပြီးတော့ ဒီဝတ်စုံက အရင်တုန်းကထက် ပိုလန်းနေပါလားကွ။”
ကုမြောင်က မုတ်ဆိတ်မွေးများကိုရိတ်ကာ ဆံပင်ကိုသေသေချာချာဖြီးထားပြီး သူ့မျက်နှာတွင် တည်ငြိမ်မှုအရိပ်အယောင်တစ်ခုရှိနေသည်။ ပထမဆုံးအကြိမ် မျက်ကပ်မှန်တပ်ထားခြင်းဖြစ်သောကြောင့် ကျင့်သားမရသေးချေ။ မျက်လုံးထဲတွင် တစ်ခုခုခံနေသကဲ့သို့ခံစားရပြီး နာကျင်စွာဖြင့် မျက်တောင်ခတ်နေရလေသည်။ ကုမြောင်ဆီမှ တုံ့ပြန်ချက်ပြန်မလာသည့်အခါ ကျန်းရှင်းကဆက်၍
“ရုတ်တရက် ငါ့ဝတ်စုံကလည်း ပုံမကျသလိုခံစားရတယ်။ ငါ့ကိုခဏစောင့်ပါလား။ နည်းနည်းလောက် သွားပြင်ဆင်လိုက်ဦးမယ်။”
ကုမြောင်က နှုတ်ခမ်းကိုစေ့လိုက်ပြီး သူ့ကိုတစ်ချက်ကြည့်လိုက်သည်။
“ငါတို့ နောက်ကျတော့မယ်။”
“အေးပါ အေးပါ။”
ကျန်းရှင်းက ကူကယ်ရာမဲ့စွာသက်ပြင်းချလိုက်ပြီး
“ဒါဆိုလည်း သွားကြတာပေါ့။”
ချိန်းထားသည့်နေရာသို့ရောက်သည့်အချိန်တွင် ကောင်းကင်ကမှောင်မည်းနေလေပြီ။ လရောင်က အလွန်ညင်သာ၏။ ကုမြောင်က ကျန်းရှင်းအနောက်မှလိုက်သွားသည်။ ကုမြောင်က ရုံးတွင်သာထိုင်ခဲ့သောကြောင့် ယခုကျင်းပသည့်စားသောက်ပွဲက သူ၏လူမှုရေးကွန်ယက်ကိုချဲ့ထွင်နိုင်ရန် အခွင့်ကောင်းတစ်ခုပင်။
စားသောက်ပွဲတွင် မီးအရောင်မှိန်မှိန်သာထွန်းထားပြီး လေအေးတို့ကို ပိတ်ဆို့ထားသည်။ ကုမြောင်တစ်ဖက်သို့လှည့်လိုက်သည်နှင့် လူသူတို့ကိုဖြတ်ကာ အလင်းရောင်မှိန်နေသည့်ထောင့်တစ်နေရာကို ငေးကြည့်လိုက်မိသည်။ အကြည့်တစ်ချက်ဖြင့်ပင် သူ(မ)ကို သူ မှတ်မိ၏။ သူ့မျက်လုံးထဲမှနာကျင်မှုက ပိုမိုပြင်းထန်လာသကဲ့သို့ မျက်တောင်များတုန်ယင်လာပြီး လည်ချောင်းလည်းခြောက်ကပ်လာသည်။ လူတစ်ယောက်က သူ့ပခုံးကိုလာပုတ်သည့်အချိန်မှသာ သူ အသိပြန်ဝင်လာ၏။
“ကုမြောင်။ ရောက်တာတောင်မှ နှုတ်မဆက်ဘူး။”
သူ့ကိုချဥ်းကပ်လာသည့်သူမှာ ဆံပင်ဖြူနေသည့် အသက်(၅၀)ဝန်းကျင်လူတစ်ယောက်ပင်။ ကုမြောင် စကားပြန်မပြောလိုက်ခင်တွင် ထိုလူကြီးက သူ့ဘေးမှလူကိုခေါ်လိုက်သည်။
“ရို့ဟိုင်။ ဒီကိုလာပါဦး။ ဒါက ငါအရင်တစ်ခါကပြောဖူးတဲ့ Chuangyu ရုံးကို လက်လွှဲယူလိုက်တဲ့ CTO လေးဆိုတာပေါ့။”
ကုမြောင်က ရိုသေလေးစားစွာဖြင့် “မင်္ဂလာပါ ခေါင်းဆောင်ချန်။”
ချန်ရို့ဟိုင်က ခေါင်းညိတ်၍ “မင်္ဂလာပါ။”
ကုမြောင်အကြောင်းကို သူ့မိတ်ဆွေကြီးထံမှ ကြားဖူးပြီးသားဖြစ်ပြီး လူကိုယ်တိုင်တွေ့လိုက်ရသည့်အခါလည်း ဂုဏ်သရေရှိသည့်ပုံစံဖြစ်သောကြောင့် လူကောင်းလေးဟုသတ်မှတ်လိုက်လေသည်။ သူ့သမီးအကြောင်းကို တွေးမိသွားပြီး ချန်ရို့ဟိုင်က ပို၍တက်ကြွလာ၏။
“ကောင်လေးကု။ မင်းက ဒီနှစ်ဆိုရင် အသက်ဘယ်လောက်ပြည့်မှာလဲ။”
ကုမြောင်က တစ်ခဏရပ်လိုက်ပြီး ပြန်ဖြေလိုက်သည်။
“(၂၄)နှစ်ပါ။”
သူ့ဘေးတွင် ဝမ်ရင်က
“ခင်ဗျားသမီးချူချူနဲ့ သူက အသက်တူတူလောက်ပဲ။ နှစ်ယောက်လုံးက လူငယ်လေးတွေဖြစ်ပြီး ဘာလို့အချင်းချင်းမသိကြတာပါလိမ့်။ မိတ်ဆက်လိုက်ပါလား။”
ရင်းနှီးသည့်နာမည်တစ်ခုကိုကြားလိုက်သည့်အခါ ကုမြောင် ရင်ခုန်သွား၏။ သူ့လက်ဖဝါးတွင်လည်း ချွေးများဆက်တိုက်ပြန်နေခဲ့သည်။ ဖန်ခွက်တိုက်သံများ၊ အသက်ဝင်နေသည့်စကားများဖြင့် ဆူညံနေသည့်စားသောက်ပွဲကြီးမှာ တစ်ခဏတိတ်ဆိတ်သွားသလိုပင်။ သူ့ခန္ဓာကိုယ်ထဲမှ သွေးကြောများက ထိန်းချုပ်မရစွာ စီးဆင်းနေသည့်အသံကိုလည်း ကုမြောင်ကြားနိုင်လေသည်။ သူ နှုတ်ခမ်းကိုကိုက်လိုက်ရင်း အသံဩဩဖြင့်
“ဟုတ်ကဲ့။”
ချန်ရို့ဟိုင်က ပြုံးလျက် သူ့ဘေးမှလက်ထောက်ကိုခေါ်လိုက်သည်။
“ချူချူ့ကို ဒီကိုခေါ်လာခဲ့။”
လက်ထောက်ကလည်း သူ့ညွှန်ကြားချက်အတိုင်း ထွက်သွားပြီး တစ်ခဏကြာသော် စိတ်ပူနေသည့်အမူအရာဖြင့် ပြန်ရောက်လာသည်။
“မိန်းကလေးချန်က နေလို့သိပ်မကောင်းလို့တဲ့။ အစောကြီးပြန်သွားပါပြီ။”
ချန်ရို့ဟိုင်က အနည်းငယ်ရှက်သွားပြီး
“ငါ့သမီးကတော့ ခေါင်းမာတယ်။”
ထိုအခြေအနေကို ဝမ်ရင်က လျင်မြန်စွာဖျန်ဖြေပေးလိုက်သည်။
“အင်းပေါ့လေ။ ကျန်းမာရေးက အဓိကပါပဲ။ နောက်ကျရင် တွေ့ဖို့အခွင့်အရေးတွေရှိပါသေးတယ်။”
သို့သော် နေသိပ်မကောင်းဘူးဟူသောဆင်ခြေမှာ ကောင်းမွန်သည့်ဆင်ခြေတစ်ခုမဟုတ်ကြောင်း လူတိုင်းသိလေသည်။ ရုံးအလုပ်ကိုလက်လွှဲယူလိုက်ကတည်းက မိန်းကလေးချန်မှာ သတိလက်လွတ်ဖြစ်လာပြီး ကုမ္ပဏီကိုလည်း အလေးအနက်မထားဘဲ လူမှုရေးပွဲများကိုလည်း တတ်နိုင်သလောက်ရှောင်ရှားခဲ့သည်။ ကုမြောင်က အဝေးမှသာ ငေးကြည့်နေလိုက်၏။ အရောင်မှိန်နေသည့်ထောင့်တစ်နေရာတွင် လူမရှိတော့ချေ။ သူ့နှလုံးသားထဲတွင် နာကျင်သကဲ့သို့ခံစားလိုက်ရပြီး အရောင်လက်နေသည့်မျက်လုံးများလည်း ပြန်လည်မှိန်ကျသွားပြန်တော့သည်။
~
သိပ်မကြာခင်တွင် သူ(မ)ကို နောက်တစ်ကြိမ်ပြန်တွေ့ရမည်ဟု ကုမြောင်မထင်ထားခဲ့ပေ။ ထို့ပြင် တွေ့ရမည့်အကြောင်းအရင်းမှာလည်း ကုမြောင်ကိုရှက်သွေးဖြာကာ နှလုံးခုန်မြန်စေသည့် “Blind Date” ဟူသော အကြောင်းအရင်းဖြစ်နေခဲ့သည်။
အထက်တန်းကျောင်းပြီးခဲ့ပြီးနောက် သူတို့နှစ်ယောက်လုံး တက္ကသိုလ်တစ်ခုထဲတွင် တက်ရောက်ခဲ့ကြသည်။ တစ်ယောက်က Computer Science မေဂျာယူ၍ တစ်ယောက်က စီးပွားရေးမေဂျာယူခဲ့၏။ တစ်ခါတစ်ရံတွင် သူ(မ)က စာလုပ်ရန် အရှေ့ဘက်ဆောင်သို့သွားတတ်သည်ကိုကုမြောင်သိသောကြောင့် အကြောင်းအရင်းရှာကာ သူ(မ)ကိုသွားကြည့်တတ်သည်။ သို့သော် သူ(မ)အနီးတွင် ယောက်ျားလေးများစွာရှိနေသဖြင့် ကုမြောင်က စာသင်ခန်း၏နောက်ဆုံးခုံတွင်သာထိုင်၍ သူ(မ)နောက်ကျောကိုသာငေးကြည့်ခဲ့ရသည်။ အထက်တန်းကျောင်းတက်ခဲ့တုန်းကနှင့် အတူတူပင်။
သို့သော် အချိန်နှင့်အမျှ သူ၏ထင်ယောင်ထင်မှားဖြစ်ခြင်းတို့က ပို၍ကြီးထွားလာ၏။ ကုမြောင် သူ(မ)ကဲ့သို့ သန်မာပြီး တောက်ပချင်လာသည်။ အကြောင်းမှာ ထိုသို့အရည်အချင်းအများနှင့်ပြည့်စုံမှသာ သူ(မ)ကို ပွင့်ပွင့်လင်းလင်းစကားပြောနိုင်မည်ကို သူသိသောကြောင့်ပင်။ သို့သော် အပြောသာလွယ်၍ လက်တွေ့တွင်ခက်ခဲလှသည်။ ထိုနေ့သို့ရောက်နိုင်ရန်အတွက် ကုမြောင် (၅)နှစ်တာကာလလုံး ကြိုးစားခဲ့ရလေသည်။
ညနေခင်းသို့ရောက်လာသည်နှင့် ကောင်းကင်တွင် တိမ်ရောင်တို့ပြောင်းလဲလာသည်။ ကုမြောင်က ကော်ဖီဆိုင်တွင်ထိုင်နေပြီး မီးအလင်းရောင်များက သူ၏အေးစက်စက်ပုံစံကို ရောင်ပြန်ဟပ်စေခဲ့သည်။ ထိုအချိန်တွင် တံခါးတွင်ရှိနေသော ခေါင်းလောင်းက မြည်လာ၏။ သူ့အိပ်မက်ထဲမှမိန်းကလေးကလည်း ဆိုင်ထဲသို့ဝင်လာသည်။ စားပွဲထိုးက မလှမ်းမကမ်းတွင်ရပ်နေ၏။ ပတ်ဝန်းကျင်က တိတ်ဆိတ်နေသဖြင့် ကုမြောင် သူ့နှလုံးခုန်သံကိုပင် ပြန်ကြားနေရသည်။ လည်ချောင်းကလည်းခြောက်ကပ်နေပြီး မျက်ကပ်မှန်၏နာကျင်မှုထက်ပိုသော စိတ်လှုပ်ရှားမှုများရှိနေခဲ့သည်။
“မင်္ဂလာပါ မစ္စတာကု။”
မိန်းကလေး၏အသံမှာ ဆောင်းဦးညတွင်တိုက်ခတ်သည့် လေပြည်အေးကဲ့သို့ ကြည်လင်နေသည်။ ကုမြောင် လက်သီးဆုပ်လိုက်ပြီး အသံဩဩဖြင့်
“မင်္ဂလာပါ မိန်းကလေးချန်။”
ကုမြောင် သူ(မ)ကိုငေးကြည့်နေမိသည်။ မှိန်ဖျဖျအလင်းရောင်က ချန်ချူ့ကိုပို၍ပင်လှပနေစေ၏။ သူ(မ)က သာမန်ဆွယ်တာတစ်ထည်ကိုသာဝတ်ထားသော်လည်း ဖြူဖွေးနေသောအသားအရေနှင့် လိုက်ဖက်နေသည်။ သူ့အိပ်မက်ထဲတွင်ပေါ်လာနေကျဖြစ်သော မျက်မွန်ပွင့်ပုံသဏ္ဌာန်မျက်လုံးများက သူ့ကိုကြည့်နေ၏။ ကုမြောင် ရုတ်တရက် သူ(မ)ကိုပထမဆုံးတွေ့ခဲ့သည့်အချိန်ကို ပြန်သတိရသွားသည်။ ထိုစဉ်တုန်းက သူ(မ)မျက်လုံးထဲတွင် အနွေးဓာတ်တစ်ခုရှိနေခဲ့လေသည်။
ကော်ဖီ၏ခါးသက်မှုက သူ့နှလုံးသားထဲသို့ဝင်ရောက်သွားသကဲ့သို့ ကုမြောင်ချက်ချင်းအကြည့်လွှဲလိုက်ပြီး စားပွဲထိုးကိုခေါ်လိုက်သည်။
“ဘာသောက်မလဲဗျ။”
စားပွဲထိုးကမေးသောအခါ ချန်ချူက
“သူ့လိုမျိုးပဲ ချပေးပါ။”
သူ(မ)ရှေ့တွင်ထိုင်နေသည့်လူကိုကြည့်ရင်း အဖေဖြစ်သူ၏အကြံပြုချက်ကိုပြန်တွေးမိသည့်အခါ ချန်ချူအနည်းငယ်စိတ်ပျက်သွား၏။ ကော်ဖီလာချပြီး စားပွဲထိုးပြန်ထွက်သွားသည်နှင့် ချန်ချူက စကားစလိုက်သည်။
“ကျွန်မမှာ သဘောကျတဲ့သူရှိတယ်။”
ထို blind date ကို မြန်မြန်အဆုံးသတ်ချင်သောကြောင့် သူ(မ)လိမ်ပြောလိုက်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်သွားပြီး ကုမြောင်၏မျက်နှာကလည်း အေးစက်သွားသည်။ သာမန်ဟုထင်ရသော အလွန်နာကျင်စရာကောင်းသည့်စကားတစ်ခွန်းက ဆောင်းဦးရွက်ကြွေသကဲ့သို့ ကုမြောင်ကိုခံစားလိုက်ရစေ၏။ သို့သော် ထိုအေးစက်စက်မျက်နှာအောက်တွင် လှိုင်းများထန်သွားခဲ့သည့်အကြောင်းကို သူ(မ)မသိလိုက်ချေ။ ကုမြောင် ခေါင်းငုံ့လိုက်ပြီး လက်သီးကိုဆုပ်ထားမိသည်။ ကုမြောင်က နှစ်ပေါင်းများစွာကြာအောင် သူ(မ)ကို အဝေးမှငေးကြည့်နေခဲ့ပြီး သူ(မ)အကြောင်းတွေးလိုက်ရုံနှင့်ပင် ချိုမြိန်မှုကိုခံစားခဲ့ရဖူးသည်။ သို့သော် ယခုတွင်မူ သူ(မ)က သူ့ရှေ့တွင်ထိုင်ကာ သူ(မ)တွင်ချစ်သူရှိသည့်အကြောင်းကို အေးအေးဆေးဆေးပြောထွက်ခဲ့လေသည်။ စကားလုံးတစ်လုံးချင်းစီက ဓားသွားကဲ့သို့ သူ့နှလုံးသားကိုထိုးစိုက်လာ၏။ သူ့နှလုံးသားတွင် ထင်ယောင်ထင်မှားဖြစ်မှုနှင့် မျှော်လင့်ချက်တို့က လေတိုက်ခတ်လိုက်သည့်အခါ လွင့်သွားသောအမှုန်များအဖြစ်ပျောက်ကွယ်သွားတော့သည်။
အေးစိမ့်နေသောညတွင် သစ်ပင်မှ ရွက်ဝါများကြွေကျနေ၏။ ကုမြောင် လက်သီးဆုပ်ကိုဖြည်လိုက်သည့်အခါ သူ့လက်ထိပ်များတွင် သွေးများစိုနေခဲ့သည်။ ကုမြောင်က ၎င်းကိုသတိမထားမိဘဲ ခေါင်းမော့ကာ
“မိန်းကလေးချန်။ ကျွန်တော်တို့ ပူးပေါင်းလို့ရပါတယ်။”
၎င်းမှာ သူ(မ)နှင့်အနီးကပ်ရှိနေနိုင်ရန် နောက်ဆုံးအခွင့်အရေးဖြစ်သောကြောင့် တုံ့ဆိုင်းခြင်းမရှိဘဲ ကုမြောင်လိမ်ပြောလိုက်သည်။ ထိုအခါ ချန်ချူ့လက်ချောင်းများ ရပ်တန့်သွားပြီး သူ(မ)မျက်လုံးတွင် သံသယအရိပ်အယောင်များသန်းလာခဲ့သည်။
ကုမြောင်က ဆက်၍
“မိန်းကလေးချန်ရဲ့မိသားစုက ဖိအားတွေပေးနေမယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ကျွန်တော့်ဘဝနဲ့ ကျွန်တော့်အလုပ်မှာကလည်း ဒီလိုပြဿနာတွေကြုံနေရတာဆိုတော့။ ဘာမှဝင်ရောက်စွက်ဖက်တာမလုပ်ဘဲ ပူးပေါင်းလိုက်တာက ဒုက္ခအတော်များများကို လျော့သွားစေနိုင်မလားလို့ပါ။”
ချန်ချူ ရုတ်တရက် နှလုံးခုန်မြန်သွား၏။ သူ(မ)မျက်တောင်များ တုန်ယင်လာပြီး တုံ့ဆိုင်းစွာဖြင့်
“ကျွန်မမှာ သဘောကျတဲ့သူရှိနေတာကို ရှင်က ဘယ်လိုမှမနေဘူးပေါ့။”
ကုမြောင်၏နှလုံးသားထဲတွင် ပြင်းထန်စွာနာကျင်နေသော်လည်း သူ့မျက်နှာပေါ်တွင်မပေါ်လာစေရန် ဖုံးကွယ်ထားလိုက်လေသည်။ တုန်ယင်နေသည့်အသံကိုလည်း အကောင်းဆုံးထိန်းချုပ်ကာ
“ဘာမှမဖြစ်ပါဘူး။”
ထိုအခါ ချန်ချူက “ပူးပေါင်းရမယ်ပေါ့။”
အနည်းငယ်စဥ်းစားလိုက်ပြီးနောက် ချန်ချူ ခေါင်းညိတ်လိုက်သည်။
“အိုကေလေ။”
လူမှုရေးပိုင်းတွင် ပြီးပြည့်စုံနေသည့် ကုမြောင်လိုအမျိုးသားတစ်ယောက်က သူ(မ)၏မိဘများကို ကျေနပ်စေနိုင်ရန် အကောင်းဆုံးအကြောင်းပြချက်တစ်ခုဖြစ်လိမ့်မည်ဆိုတာ ချန်ချူနားလည်သည်။ သို့သော် ထိုဆောင်းဦးနေ့တွင် ပုံမှန်ဆို အနေအေးသည့်အမျိုးသားက ဒူးတစ်ဖက်ထောက်လိုက်ပြီး သူ(မ)ကိုလက်စွပ်တစ်ကွင်းကမ်းလှမ်းသောကြောင့် ချန်ချူလန့်ကာ နှလုံးခုန်မြန်ခဲ့ရသည်။
‘ပူးပေါင်းတာက ဒီလောက်ထိလုပ်စရာလိုလို့လား။’
သူတို့အချင်းချင်း အကြိမ်အနည်းငယ်သာတွေ့ဖူးသေးသော်လည်း ထိုသို့သောလက်ထပ်ပွဲမျိုးမှာ သူ(မ)လိုအပ်သော၊ သူ(မ)မိဘများ အလိုရှိသောလက်ထပ်ပွဲမျိုးဖြစ်ကြောင်း သူ(မ)လည်းနားလည်ထားသည်။ ထို့ကြောင့် ကြယ်စုံသောဆောင်းဦးညတွင် ချန်ချူက ကုမြောင်လက်ထပ်ခွင့်တောင်းသည်ကို လက်ခံလိုက်၏။ ကုမြောင်မှာတော့ အိပ်မက်မက်နေသကဲ့သို့ ခံစားနေရလေသည်။ သူတို့လက်ထပ်ပြီးနောက် ချန်ချူက သူ့ villa သို့လိုက်လာပြီး အပြင်လူများ၏မျက်စိရှေ့တွင် ချစ်သူ၊ လင်မယားကဲ့သို့ ဟန်ဆောင်ခဲ့ကြသည်။ သို့သော် သူတို့၏အမှန်တကယ်ဆက်ဆံရေးမှာ အချင်းချင်းမသိကျွမ်းကြသည့် မိတ်ဆွေများလောက်သာရှိကြောင်း ကုမြောင်သာသိလေသည်။ သို့သော်လည်း ထိုဆက်ဆံရေးကပင် ကုမြောင်အတွက် စိတ်ကျေနပ်စရာဖြစ်ခဲ့ပေသည်။ သူ(မ)က ညစာစားဖို့ကိုတောင် တစ်ခါတစ်ရံ အိမ်ပြန်မလာတတ်သော်လည်း ကုမြောင်ကမူ သူ(မ)နှင့်အတူ စားပွဲတစ်ခုတည်းတွင်ညစာစားနိုင်ရန်အတွက် နေ့တိုင်း ရုံးဆင်းချိန်မှန်မှန်အိမ်ပြန်လာခဲ့သည်။
အနေအေးသည့်ကုမြောင်တစ်ယောက် စကားလမ်းကြောင်းရှာရန် ကြိုးစားခဲ့သော်လည်း အမြဲတမ်းရှုံးနိမ့်ခဲ့လေသည်။ ကုမြောင် သူ(မ)အတွက် အထူးမှာယူထားပေးသည့် ရှေးဟောင်းစန္ဒရားကြီးကိုတောင် သူ(မ)က လက်ဖျားနှင့်ပင်မထိခဲ့ပေ။ ကုမြောင် သူ(မ)အား လက်ဝတ်တန်ဆာများလက်ဆောင်ပေးသည့်အခါတွင်လည်း ကျေးဇူးတင်ကြောင်း ယဥ်ယဥ်ကျေးကျေးပြောကာ မည်သည့်အခါကမျှ ထုတ်မဝတ်ခဲ့ချေ။ မနက်တိုင်းတွင် ကုမြောင်က မနက်စာကိုဂရုတစိုက်ပြင်ပေးထားသည့်အကြောင်းကိုလည်း သူ(မ)စိတ်ထင့်သွားမည်စိုး၍ မပြောပြရဲခဲ့ပေ။ မြေမှုန့်များဖြင့် ဖုံးကွယ်နေခဲ့သောနှလုံးသားမှာ ယခုတွင် ရောင်ခြည်တစ်ခုသန်းလာခဲ့သော်လည်း ပန်းတစ်ပွင့်ပွင့်ရန်တော့ ခေါင်းမာနေသေးလေသည်။ သူ(မ) သူ့ကိုချစ်လာမည့်နေ့ကို စောင့်နိုင်လိမ့်မည်ဟုကုမြောင်ထင်ခဲ့သော်လည်း မုန်တိုင်းထန်သောထိုညမှာ သူ(မ)နှင့်အနီးဆုံးသို့ရောက်သွားခဲ့ပြီး သူ(မ)ကိုကာကွယ်ပေးနိုင်လိမ့်မည်ဟု ကုမြောင် မထင်မှတ်ထားခဲ့ပေ။ ပူနွေးသည့်သွေးများက သူ့နဖူးမှနေ၍ မျက်လုံးများထဲသို့စီးဝင်ကာ စူးရှသည့်နာကျင်မှုကိုဖြစ်စေခဲ့သည်။
“ချူချူ။”
ငုံ့ကြည့်လိုက်သောအခါ သူ့ရင်ခွင်ထဲတွင် ချစ်ရသည့်မိန်းကလေးကို ကာကွယ်ပေးထားနိုင်လိုက်သည်ကို မြင်လိုက်ရ၏။ သူ့ဘဝတွင် ပထမဦးဆုံးအကြိမ် သူ(မ)အမည်ကို ခေါ်လိုက်မိသည်။ နောက်ဆုံးအကြိမ်လည်း ဖြစ်လိမ့်မည်ဟု သူတွေးလိုက်မိ၏။
အုံ့မှိုင်းသောညတစ်ညတွင် ထိုမျက်ဝန်းများနှင့် သူ အကြည့်ချင်းဆုံခဲ့ပြီး နှလုံးခုန်သံများ လျင်မြန်လာသည်။ ရုတ်တရက် အတိတ်ကသူ(မ)ကို ပြန်သတိရသွား၏။ ထိုစဉ်တုန်းက သူ(မ)က အလွန်ပျော်ရွှင်နေပြီး သူ(မ)၏လှုပ်ရှားမှုများကလည်း အသက်ဝင်နေခဲ့သည်။ နာကျင်စရာကောင်းသည့် သူ့ဘဝကြီးတွင် သူ(မ)သည်သာ တစ်ခုတည်းသော သံယောဇဥ်နှင့် နွေးထွေးမှုလေးဖြစ်ခဲ့သည်။ သူ(မ)၏ အတိတ်ကပုံစံလေးကို သတိရမိသော်လည်း လက်ရှိသူ(မ)ကိုတော့ သူလက်မလွှတ်နိုင်ပေ။ သူ၏နောက်ဆုံးထွက်သက်တွင် မိန်းကလေး၏မျက်လုံးကိုကြည့်ပြီး သူ့ဘဝတစ်လျှောက်လုံး ပြောမထွက်ခဲ့သည့်စကားကို ပြောလိုက်လေသည်။
“ကိုယ်မင်းကိုချစ်တယ်။”
‘အဲ့ဒါကြောင့် မငိုပါနဲ့။’
‘မင်းကိုကာကွယ်လိုက်နိုင်တာက ကိုယ့်ဘဝမှာ အကြီးမားဆုံး ပျော်ရွှင်မှုပါပဲ။’
*****
Aurora Novel Translation Team